My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Showing posts with label Life Skills. Show all posts
Showing posts with label Life Skills. Show all posts
Tuesday, September 16, 2014

အသိပညာလား ရှက်စရာလား






ကျွန်မတို့ဟာ နည်းပညာ ခေတ်ကို ရောက်လာတဲ့ အလျှောက် ကျွန်မတို့ဆီကို ရောက်လာတဲ့ သတင်း အချက်အလက်တွေကလည်း မြန်ဆန်လာပါပြီ။ သတင်းအချက်အလက်တွေဟာ ဘဝအတွက် အသုံးဝင်တယ်လို့ ဆိုပေမယ့် သတင်းအချက်အလက်တိုင်းဟာ ကိုယ်လိုအပ်တဲ့ အချိန်မှ ရောက်လာတာမဟုတ်ပဲ ကိုယ်ပတ်ဝန်းကျင်မှာ သူ့ အလိုလို စီးမြောနေတာပါ။ တားမရ ပါဘူး။
ဟိုတစ်လောက ကျွန်မသူငယ်ချင်းတစ်ယောက်ရဲ့ သားလေးနဲ့ လမ်းမှာ တွေ့ပါတယ်။ ကျွန်မ သူငယ်ချင်းက တီတီကို မွှေးမွှေးပေးလိုက်ပါဦး လို့ ဆိုတော့ သူက ကျွန်မ အနားကို ရောက်လာပြီး ကျွန်မ နှုတ်ခမ်းကို လာနမ်းပါတယ်။ ကျွန်မက တစ်ချက် ကြောင်အမ်းအမ်း ဖြစ်သွားပုံရတာမို့ သူ့ အမေက ရယ်ပြီး သူက သဘောကျတဲ့ ကောင်မလေးတွေ ဆိုရင် နှုတ်ခမ်းနမ်းတယ်။ သီချင်းတွေ၊ ရုပ်ရှင်တွေထဲက တွေ့ပြီး နမ်းရကောင်းမှန်း သိသွားတာပဲ ဆိုပြီး ရယ်ပါတယ်။ အပြန်လမ်းမှာ ကျွန်မ တွေးမိတာက ကျွန်မ TV က လာတာမဟုတ်ဘဲ အခွေနဲ့ နမ်းတဲ့ အခန်းတွေ ပါတဲ့ အင်္ဂလိပ်ကားလိုမျိုးတွေ စကြည့်ဖူးတာ ၇ တန်းလောက်မှ ထင်တယ်။ ပထမဆုံး ရည်းစားစထားတော့ ၂၁ နှစ်ပြည့်ပြီးပြီ။ အဲဒီ အထိ နှုတ်ခမ်းချင်း နမ်းတာ အင်္ဂလိပ်တွေပဲ လုပ်တယ်လို့ ထင်နေတုန်း။ ခေတ်ချင်းကွာတာလား ကျွန်မပဲ အလွန်းတာလားတော့ မသိပါဘူးလေ။ ဒါပေမယ့် ကျွန်မ အဓိက ပြောချင်တာကတော့  Sex Education ဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အရာ ငယ်သေးတယ် ဆိုပြီး ပေါ့ထားလို့ မရတဲ့ အရာ ဖြစ်နေပြီ ဆိုတာရယ် နောက်တစ်ခုက အွန်လိုင်းကနေ ရောက်လာနိုင်တဲ့ အန္တရာယ်တွေကို ကာကွယ်တဲ့ အနေနဲ့ Online Porn တွေရဲ့ အကျိုး အပြစ်တွေကိုပါ ထည့်ပြီး ပြောထားနှင့်ပြီလို့ ထင်ပါတယ်။

Saturday, October 13, 2012

သင့်နှလုံးသား သန်စွမ်းရဲ့လား

-->


ကျွန်မကို ဘဝမှာ ဘာအရေးကြီးဆုံးလဲလို့ မေးလာခဲ့ရင် ပျော်ရွှင်မှုလို့ပဲ ဖြေချင်ပါတယ်။ ပျော်ရွှင်မှုက ဘာလဲဆိုရင်တော့ အဲဒီ ပျော်ရွှင်မှုကို သင်ကိုယ်တိုင် ဘယ်လို အဓိပ္ပါယ်ဖွင့် ထားလဲ ဆိုတာရဲ့ အပေါ်မူတည် ပါလိမ့်မယ်။

ဘဝမှာ ပျော်ရွှင်မှုကို ရရှိထားဖို့ တစ်နည်းပဲ ရှိပါတယ်။ အဲဒါက သင့်နှလုံးသား တံခါးကို ဖွင့်ထားဖို့ပါပဲ။ တံခါးဖွင့် ထားရင် အပြင်ကနေ ပုံစံ အမျိုးမျိုးနဲ့ ဝင်လာမယ့် အကောင်းရော အဆိုးရောကို ခံနိုင်ဖို့ သင့်နှလုံးသားက သန်စွမ်းရပါမယ်။ လက်ခံနိုင်စွမ်း ရှိပြီဆိုတာနဲ့ သင် နှလုံးသား တံခါးကို ဖွင့်လို့ရပါပြီ။

ကျွန်မကို မေးရင်တော့ ကျွန်မ နှလုံးသား သန်စွမ်းပါတယ်။ ဒါပေမယ့် ကျွန်မ ဆီမှာ ခုန်နေတဲ့ ကျွန်မရဲ့ နှလုံးသား က မွေးကတည်းက သန်စွမ်းခဲ့တာတော့ မဟုတ်ပါဘူး။  ဘဝမှာ အများနည်းတူပဲ ဖြတ်သန်းခဲ့ရပြီးမှ သန်စွမ်းလာခဲ့ရတာပါ။ ဘဝမှာ ခက်ခဲတဲ့ အခြေအနေတွေ၊ အနိုင်ကျင့်ခံရတာတွေ၊ နာကျင်ခံစားရတာတွေ၊ ချစ်တဲ့သူတွေနဲ့ ကွေကွင်းရတာတွေ၊ တစ်ယောက်တည်းအထီးကျန်မှုတွေ၊ ကျရှုံးမှုတွေ အားလုံးကို
စာမေးပွဲ ဖြေသလို ဖြတ်ကျော်ခဲ့ရပြီးမှ သန်စွမ်းလာတယ်လို့ ပြောပါရစေ။

ကိုယ့်ဘဝမှာ ကိုယ်ဘာလိုချင်တာလဲ သိနေရင် ဘဝက နေပျော်ပါတယ်။ ဒါပေမယ့် လိုချင်တာတွေ အကုန်လုံး ရနေလိမ့်မယ်လို့တော့ ဘာကမှာ အာမ မခံထားပါဘူး။
ကိုယ်လိုချင်တာကို မရတဲ့အခါ ဘယ်လို စိတ်နှလုံးကို ထားမလဲ ဆိုတာက အရေးကြီး ပါတယ်။

သင်တကယ် ပျော်ရွှင်တယ် ဆိုရင် သင် နှလုံးသားကို ဖွင့်ထားလိုက်ပါ။

၁။ သင့်ကိုယ်သင် သူများတွေရဲ့ ပေတံတွေကြားမှာ မနေပါနဲ့။ ကိုယ်ဟာ ကိုယ်ပဲ ဆိုတာ နားလည် လက်ခံလိုက်ပါ။ ကိုယ့်ကိုကိုယ် လက်ခံသလို သူတပါးတွေကိုလည်း ပေတံနဲ့ မတိုင်းဘဲ သူတို့ရဲ့ ဖြစ်တည်မှု အတိုင်း လက်ခံလိုက်ပါ။ ကိုယ့်ဖြစ်တည်မှုနဲ့ သူတစ်ပါး ဖြစ်တည်မှု နှစ်မျိုးစလုံးကို လေးစား လက်ခံပါ။

၂။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာတွေကို လူတိုင်း သိပါတယ်။ ဒါပေမယ့် ဘောင်တစ်ခုနဲ့ ကိုယ့်ကိုကိုယ် ကန့်လိုက်တဲ့ အခါ ကိုယ် ဆိုတာ ပျောက်သွားတာပါ။ ဒါကြောင့် ကိုယ့်ကိုကိုယ် ခတ်ထားတဲ့ ခြံတိုင်တွေကို ရိုက်ချိုးပြီး အဲဒီ ခြံရဲ့ အပြင်ကို ရောက်အောင် သွားလိုက်ပါ။ လွတ်လပ်ခြင်းကို တစ်ကယ်ခံစားတတ်ပါစေ။

၃။ ကိုယ်တင်းကြပ်မှုတွေကို ဖြေလျှော့လိုက်ပါ။ လောကမှာ အသက်ရှင်ချိန် ခဏလေး အတွင်းမှာ ကိုယ်လုပ်ချင်တာတွေကို လုပ်ခွင့်ပေးလိုက်ပါ။ ဒါမှ စိတ်ကျေနပ်မှု ဆိုတာ ရလာမှာပါ။  သင် လူ တစ်ယောက်ကို သတိရနေလား သတိရကြောင်း ပြောလိုက်ပါ။ သူ ဆေးလိပ်သောက်ချင်လား သောက်လိုက်ပါ။ သင် ချစ်နေသလား ချစ်ကြောင်း ပြောလိုက်ပါ။ သီချင်း ဆိုချင်လား ဆိုလိုက်ပါ။ ကချင်လား ကလိုက်ပါ။ အလုပ်က ထွက်ချင်နေလား ထွက်လိုက်ပါ။ သင် လူမှုရေး အလုပ်တွေ လုပ်ချင်လား လုပ်လိုက်လေ ကောင်းတာပဲ။
သင် ငါးမျှားထွက်ချင်လား ထွက်လိုက်ပါဦး။

၎။ ကိုယ်လုပ်ချင်တာရဲ့ နောက်ဆက်တွဲကို ကိုယ်တိုင် တာဝန်ယူနိုင်ပါစေ။
လုပ်ချင်တာ လုပ်ပြီးရင် နောင်တ မရပါနဲ့။ အရှေ့မှာ ပြောခဲ့သလို လုပ်ပြီးရင် ရလာဒ်တွေကို တော့ ပျော်ပျော်ကြီး လက်ခံ နိုင်အောင် ကျိုးစားနိုင်ရပါလိမ့်မယ်။ အဲဒီအတွက် သင့် စိတ်နှလုံးက ရင့်ကျက်သန်စွမ်း ရပါမယ်။ သင် သတိရကြောင်း ပြောပေမယ် အဲဒီလူက သင့်ကို သတိရချင်မှ ရမယ် အဲဒါကို သူပဲ သူ့ဖြစ်တည်မှုပဲ လက်ခံလိုက်ပါ။ သင် ချစ်နေတဲ့ သူကလည်း တခြား တစ်ယောက်ကို ချစ်ချင် ချစ်နေနိုင်ပါတယ် လက်ခံပေးလိုက်ပါ။ အလုပ် ထွက်ပြီးရင် ပိုက်ဆံမရှိတဲ့ ဒဏ်ကို ခံစားရမယ် သင်ခံစား နိုင်ရပါလိမ့်မယ်။ သင် ငါးမျှားတော့ ချိတ်မှာ ဖျတ်ဖျတ်လူးနေတဲ့ ငါးကို မြင်ရင် ငါရက်စက်သူကြီးလို့ ကိုယ့်ကိုကိုယ် ပြန်တွေး မိနိုင်ပါသေးတယ် ဒီလို တွေးမိတဲ့ အတွေးကို လက်ခံလိုက်ပါ ဒါလည်း အမှန် တရား တစ်ခုပဲ။

၅။ နောင်တမရပေမယ့် ပြုလွယ် ပြောင်းလွယ်တော့ ဖြစ်ပါစေ။

ကိုယ်လုပ်ချင်တာ လုပ်ရင်း ကိုယ့်ဘာသာ စိတ်ထင် မကောင်းဘူး၊ မကြိုက်တော့ဘူးလို့ ထင်တဲ့ အခါ ဆက်မလုပ်ပါနဲ့တာ့ ကောင်းတယ် ထင်တာကို ပြောင်းလိုက်ပါ။ အချိန်မီ ပြောင်းလိုက်ပါ။ ဥပမာ- သင်ချစ်နေတဲ့ တစ်ယောက်က သင့်ကို မချစ်ဘူး သင်ချစ်တယ်လို့ ပြောပြီးရင် သင့်ကိုယ်ကိုကိုယ် သင်တာဝန်ကျေပါပြီ သူအနှောက်အယှက် ဖြစ်အောင် ဆက်လုပ်စရာ မလိုပါဘူး။ ကိုယ့် စိတ်ချမ်းသာမှုက သူတစ်ပါး စိတ်ချမ်းသာမှုထိခိုက် ပြီဆိုရင် သင်ပျော်ရွှင်မှုက ကြာကြာမခံနိုင်ပါဘူး။ ကိုယ့်ဖြစ်တည်မှု အပြင် သူတစ်ပါးရဲ့ ဖြစ်တည်မှုကိုပါ အသိမှတ်ပြုပါလို့ ပြောခဲ့တဲ့ အတိုင်းပါပဲ။


၆။ လူ့လောကမှာ အကောင်းနဲ့အဆိုး၊ အနိုင်နဲ့အရှုံး ဆိုတာ အမြဲ ဒွန်တွဲနေပါတယ်။ တစ်ခုခုမှာ သင် နိုင်နေပြီဆို သိပ်ဝမ်းမသာပါနဲ့ တစ်ခုခုမှာ သင် သေချာပေါက် ရှုံးနေပါပြီ။ အရမ်းအောင်မြင်နေတဲ့ အဆိုတော် တစ်ယောက်ကို ကြည့်ပါ သူ့ခမျာ လူကြားထဲ လွတ်လွတ် လပ်လပ် သွားလာခွင့် ဆုံးရှုံးသွားပါပြီ။ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဟာ လုပ်ငန်းပိုင်းဆိုင်ရာ ညစာ စားပွဲတွေကြားမှာ ညနေတိုင်း မိသားစုနဲ့ အေးအေး ဆေးဆေး အိမ်ထမင်းဟင်း လက်ဆုံ စားခွင့် ဆုံးရှုံး သွားပြီ။  တစ်ခုလိုချင်ရင် နောက်တစ်ခုကို ဆုံးရှုံးခံလိုက်ပါ။ လောဘကြီးလို့ မရနိုင်ပါဘူး။ တစ်ခုကို အနိုင်ရချင်ရင် နောက်တစ်ခုကို ကျေကျေနပ်နပ် အရှုံးပေးနိုင်ရပါမယ်။ မကျေမနပ် ဖြစ်သူက ဘဝမှာ ပျော်ရွင်မှုကို မခံစားရနိုင်တော့ပါဘူး။ အဲဒီတော့ လောကမှာ ဘာကမှ အကြီးအကျယ် စိတ်လှုပ်ရှားစရာ မကောင်းပါဘူး။ ကိုယ်ဘာလိုချင် ရွေးချယ်လိုက်ပါ။ သင့်ရွေးချယ်မှုကို သင်စိတ်ကျေနပ်နေဖို့ပဲ အရေးကြီးတာပါ။  သင့်ရွေးချယ်မှုဟာ သင့်ဘဝပါပဲ။

၇။ ကိုယ် ဘာဖြစ်ရင် ကိုယ့်ဘဝ ကိုယ် ကျေနပ်မှာလဲ။ အကောင်းဆုံး ကြိုးစားပြီး ဖြစ်တည်မှုအပေါ် ကျေနပ်စိတ် ထားတတ်ရင် အကောင်းဆုံးပေါ့။ စိတ်သာရှင်စော ဘုရားဟောပါ။

အဲဒါကြောင့် ဘဝမှာ ပျော်ရွှင်မှုကို နှလုံးသား သန်စွမ်းသူတွေသာ ၊ လောကဓံကို ပျော်ရွှင်စွာ ကျော်ဖြတ်နိုင်တဲ့ သူတွေသာ
ရရှိတဲ့ အရာမို့ ကျွန်မက စာဖတ်သူတွေကို ပျော်ရွှင်မှုကို ခံစား စေချင်တာကြောင့် ကိုယ့်ကိုကိုယ် နှလုံးသား သန်စွမ်းရဲ့လားလို့ မေးခွန်းထုတ်စေချင်တာပါ။

ကျွန်မကိုယ်တိုင်လည်း ကိုယ့် ဖြစ်တည်မှု အပေါ် နားလည်ဖို့ ကျိုးစားရင်း
ကျွန်မ အနားက သူတစ်ယောက်ချင်းစီရဲ့ ဖြစ်တည်မှုကို ချစ်မြတ်နိုးတတ်အောင် ကျိုးစားရင်း နေ့တွေကို ကျွန်မ ဖြတ်ကျော်နေဆဲပေါ့…။

 ခင်မင်စွာဖြင့်

အလွမ်းပြေ
Saturday, January 28, 2012

စိန်စီထားသော အချိန်လေးများ

အချိန်ရထားက မရပ်တမ်း သွားနေပါတယ်။ နောက်ပြန်လှည့်မရတဲ့ အချိန်တွေကို စနစ်တကျ မစီမံနိုင်ရင် စိတ်ဖိစီးမှုနဲ့ ဆုံးရှုံးမှုတွေကြား ဘဝက လုံးချာလည် လိုက်သွားနိုင်ပါတယ်။ ကုန်သွားတဲ့ အချိန်ကို စိန်နဲ့ ရွှေနဲ့ စက်ပြီး ပြန်ဝယ်လို့ မရဘူး မဟုတ်လား။ အဲဒါ ကိုယ့် အသက်တွေပါပဲ။ စိန်ထက် ရွှေထက် အချိန်က ပို အဖိုးတန်ပါတယ်။ သူ့ကို အသုံး ကောင်းကောင်း ချရင်တော့ စိန်တွေ ရွှေတွေ အပြင် အဲဒီထက် ပို အရေးပါတဲ့ စိတ်ကျေနပ် ပျော်ရွှင်မှုနဲ့ ကိုယ်လိုချင်တဲ့ ဘဝကို ရနိုင်ပါတယ်။
 ကိုယ့်ကိုကိုယ် သတိထားမိလာတာက အချိန် စီမံခံခွဲမှု စွမ်းရည်( Time Managemant Skill) အရမ်းကျလာတယ် ဆိုတာပါပဲ။ အလုပ်အများကြီးကို လုပ်လို့ မပြီးနိုင်ဘူး ဖြစ်လာတယ်။ အာရုံများလို့ မရဘူး။ တစ်ယောက်တည်း လုပ်ချင်ရာ လုပ်က ကိစ္စ မရှိဘူး အလုပ်ထဲ ပြန်ဝင်ပြီ ဆိုတာနဲ့ ကျွန်မတို့ အချိန်တွေကို အလုပ်အတွက် စနစ်တကျ သုံးရတော့မှာလေ။ 
အချိန်ကိုက်ပြီးရမယ့် အလုပ်တွေ အများကြီးနဲ့ ရင်ဆိုင်ရတော့မှာ။ လူအများနဲ့ ဆက်ဆံတဲ့ အခါ အချိန်ကို သေသေချာချာ စံမံခန့်ခွဲပြီး အလုပ်တွေ မပြီးနိုင်ဘူးဆိုရင် ပြဿနာရှိလာလိမ့်မှာမို့ အခုတလည်းက အလေ့အကျင့် ပြန်လုပ်ဖို့ ကိုယ့်ကိုကိုယ် ပြန်မောင်းတင်ရတယ်။ မောင်းတင်ရင်း မထူးပါဘူး ဆိုပြီး ဒီ ဆောင်းပါးလေးကို ပါရေးလိုက်တာပါ။ 

ကျောင်းသားဘဝမှာ အရေးကြီးတဲ့ အချိန်စီမံ ခန့်ခွဲမှု

ကျောင်းသားဘဝမှာ  ပုံမှန်လုပ်ရတဲ့ အလုပ်၊ နေရာတဲ့ ပုံစံတွေကနေ ခွဲထွက်ပြီး ကျောင်းစာကလွဲလို့ လုပ်စရာမရှိ  ကိုယ့်ကျောင်းတက်ချိန်နဲ့ ကျောင်းစာတွေ ပြီးအောင် လုပ်ရတာကလွဲလို့ပေါ့။ အဲဒီမှာ သိပ်မဆိုးသေးပါဘူး။ အတန်းတက်ချိန် မရှိရင် ပိုတောင် အေးဆေးသေးပါတယ်။ ကျောင်းစာသာလျှင့် အရေးအကြီးဆုံးကိုး။ ကျောင်းစာဆိုတဲ့ အာရုံ တစ်ခုပဲ ရှိတယ်။ 

အဲ ကျောင်းသား ဘဝကနေ အလုပ်ထဲ ဝင်တော့မယ် ဆိုရင်တော့ အရင်လို ကျောင်းသား တစ်ခုတည်း မဟုတ်တော့ဘူး။ ဘဝ ဆိုတာကြီးနဲ့ ထိပ်တိုက်တွေ့ပြီဆိုတော့မှ  ချော်လဲလို့ မဖြစ်ဘူး မဟုတ်ဘူးလား။ တကယ်တော့ ကျွန်မတို့ကျောင်းသား ဘဝမှာတင် လက်တွေ့ လုပ်ငန်းခွင် ဆီကို ကူပြောင်းဖို့ အဆင်သင့် ဖြစ်အောင် ပြင်ဆင်ဖို့ပါ ကျွန်မဆို့ အချိန်တွေကို သုံးသင့်ပါတယ်။ 

ကျောင်းသားဘဝမှာ ကျောင်းစာတွေကို အချိန်မီ ပြီးဖို့က အဓိကပါ၊ ပြီးရင် ကိုယ့် အချိန်တွေကို လူမှု ဆက်ဆံရေးမှာ တိုးတက်လာအောင် လုပ်သင့်ပါတယ်။ ကျောင်းက လုပ်ရှားမှုတွေမှာတာမျိုး၊ အားကစားပွဲတွေ၊ စတဲ့ လူမှုရေး နယ်ပယ်နဲ့ ကိုယ်လက် ကြံ့ခိုင်မှုကိုပါ တိုးတက်အောင် လုပ်သင့်ပါတယ်။ 
 VOA က ပြီးခဲ့တဲ့ အပတ်က သတင်း မှာ ကာယလှုပ်ရှာမှုဟာ ကျောင်းစာကို ပိုတော်စေတယ် ဆိုတာကို နယ်သာလန် ဆေးကျောင်းက သုတေသီတွေက တွေ့ရှိခဲ့ပြီး အသက်ကြီးတဲ့ အခါလည်း သူငယ်ပြန်တာမျိုး မဖြစ်အောင် ကာကွယ်ရာရောက်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။
                       နောက်ပြီး တခြား ဗဟုသုတ ဖြစ်ဖွယ် စာများ ဟောပြောပွဲများကိုလည်း တက်ရောက်သင့်ပါတယ်။ နောက်တစ်ခုက ငွေရှာတာကို ရပ်မထားပဲ ကျောင်းတက်နေတဲ့ ကြားက ငွေရှာနိုင်အောင် ကြိုးစားနည်းလမ်းရှာသင့်ပါတယ်။ 
လူဆိုတာ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တာ အကောင်းဆုံးပါပဲ။ နောက်ဆုံး အရေးအကြီးဆုံး တစ်ချက်က တော့ လုပ်ငန်းခွင်အတွက် ကြိုတင် ပြင်ဆင်မှုပါပဲ။ ကိုယ်သွားမယ့် လုပ်ငန်းခွင်ကို ကြိုတင်လေ့လာ လိုအပ်တာတွေ ပြင်ဆင်ထား ရပါမယ်။ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို ကိုယ်လျှောက်နိုင်ဖို့ ရနိုင်ဖို့ အဆင်သင့် ဖြစ်အောင် လေ့ကျင့်ပါ လို့ အကြံပေးချင်ပါတယ်။

Time Management ( အချိန် စီမံခံခွဲမှု) 

Time Management ဆိုတာ ကိုယ့်ရဲ့  အသက်နဲ့ဘဝကို စနစ်တကျနဲ့ အကျိုးရှိရှိ ကိုယ်လိုချင်တဲ့ ပုံစံဖြစ်အောင် စိတ်ကျေနပ်စွာ ဘဝကို ဖြတ်သန်းသွားနိုင်အောင် လုပ်တာပါပဲ။
အချိန်ကို စနစ်တကျသုံးခြင်း အကျိုး

အချိန်ကို စနစ်တကျ သုံးတယ်ဆိုတာ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ သတ်မှတ်ထားတဲ့ အလုပ်တွေကို ပြီးအောင် လုပ်နိုင်တာပါပဲ။ ကိုယ်လုပ်စရာရှိသမျှ အလုပ်တွေကို ပြီးစီးသင့်တဲ့ အချိန်မှာ ပြီးစီးအောင် လုပ်တာပါ။ 
 အဲဒီလို ပြီးစီးလာရင် စိတ်ဖိစီးမှုတွေ ရော့ကျလာမယ်၊ လူက ပိုပျော်ရွှင်လာမယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း ပိုရှိလာပြီး။ ကိုယ်ပိုင်စွမ်းရည်တွေ ပိုပြီး မြင့်မားလာမယ်။ စွမ်းရည်မြင့် လာတာနဲ့ အမျှ အလုပ်တွေ အချိန်မှန်ပြီးလာမယ်.. ဒီနောက်တော့ အချိန်ပိုတွေ ထွက်လာမယ်။ အဲဒီ အချိန်ပိုတွေကို ထပ်ပြီး အကျိုးရှိရှိ သုံးနိုင်မယ်ဆိုရင် ကိုယ့်ဘဝကို ပိုကောင်းလာအောင် လုပ်နိုင်မှာ သေချာပါတယ်။
  
အချိန်ကို စနစ်တကျ သုံးနိုင်ဖို့ ကြိုးစားမယ်

  • စိတ်ရှည်ပါ။ အားမလျှော့ပါနဲ့။
အချိန်ကို စနစ်တကျ သုံးနိုင်တဲ့ စွမ်းရည်တက်လာအောင် အရင်ဆုံး လုပ်ရမှာပါ။ နောက် လုပ်နေစဉ်မှာ အားမလျှော့ ပစ်ဖို့နဲ့ ငါ လုပ်နိုင်ပါတယ် ဆိုတဲ့ စိတ်ရှိကိုအမြဲ ထားပြီး ဆက်ကြိုးစားဖို့ တိုက်တွန်းချင် ပါတယ်။ 

  • ကိုယ့် အကြောင်းကိုယ် သိပါ
အလုပ်တစ်ခုကို အကြာကြီးလုပ်ပြီးရင် ငြီးငွေလာတတ်ပြီး အလုပ်ပြီးဖို့ စွမ်းရည်ကျလာတာမို့ ကိုယ့်စွမ်းရည် ဘယ်အချိန်လောက်ဆို ကျလာရင် ဘယ်လို အာရုံကို ပြန်လမ်းဆန်းလာအောင် လုပ်မလဲ ဆိုတာ သိပါ။ 
သတ်မှတ်အချိန်အတွင်း အလုပ်ပြီးဖို့အချိန်တိုအတွင်း  သွေးပူလေ့ကျင့်ခန်းနဲ့ ခေါင်းအေးအောင်ဘယ်လို လုပ်ရမလဲ ဆိုတာ သိအောင် ကြိုးစားပါ။သတ်မှတ်အချိန်အတွင်း အလုပ်တွေ ပြီးတဲ့အခါ ကိုယ့်ကိုကိုယ် ဘယ်လို ဂုဏ်ပြုမလဲ ဆိုတာပါ စဉ်းစားပါ။ သင်ပျော်ရွှင်လာပါလိမ့်မယ်။

  • အချိန်ကို စနစ်တကျ ဘယ်လို စီမံခန့်ခွဲမလဲ
အချိန်ကို စီမံ ခံခွဲတာဟာ အလုပ်ကို ပြီးမြောက်အောင်လုပ်တာပါပဲ။ ကိုယ်လုပ်ရမယ့် အလုပ်တွေကို ဘယ်အချိန်အတွင်း ဘယ်အလုပ်တွေ ပြီးအောင် လုပ်ရမယ် ဆိုတာပါပဲ။
တစ်နှစ်အတွင်း၊ တစ်လအတွင်း၊ တစ်ပတ်အတွင်း၊ တစ်ရက်အတွင်း  ပြီးအောင်လုပ်ရမယ့် အလုပ်တွေ ချရေးကြည့်ပါလား အဲဒီမှာ သင် ဘယ်လောက် အလုပ်များလဲ ပေါ်လာပြီ။ ကြားဖြတ် ဝင်လာမယ့် အလုပ်တွေလည်း ရှိဦးမှာ မလန့်သွားပါနဲ့။ နောက်တာပါ။ ရိုးရိုးလေးပဲ စတာပေါ့။

အရေးအကြီးဆုံး သတိပြုရမယ့် အချက်က လုပ်သင့်တာနဲ့ လုပ်ချင်တာကို ခွဲသိပြီး လုပ်သင့်တာတွေ ပြီးမှ လုပ်ချင်တာကို လုပ်ပါ။ 

ညအိပ်ရာမဝင်ခင် နောက်နေ့ ပြီးအောင် လုပ်ရမှာတွေ ကို ချရေးပြီး အချိန်နဲ့ သတ်မှတ်ပါ။ အရေးအကြီးဆုံးကနေစပြီး လုပ်ပါ။ အရေးကြီး တစ်၊ နှစ် စသည်ဖြင့် သတ်မှတ်ပါ။  နောက်ပြီး လုပ်ချင်တာတွေကို ပိုတဲ့ အချိန်မှာ ထည့် သတ်မှတ်ပါ။
မနက်စောစော နိုးနိုးချင်း လုပ်ရမယ့် အလုပ်စာရင်းကို ကြည့်ပြီး ဖြည့်စရာရှိတာဖြည့်ပြီး စလုပ်ပါတော့ ။ အချိန်မီပြီးတာ အတွက် ကိုယ့်ကိုကိုယ် ဆုပေးဖို့ မမေ့နဲ့ ဦးနော်။
လုပ်သင့်တာတွေ မပြီးရင် လုပ်ချင်တာ လုပ်ခွင့်မရတာကတော့ ဒဏ်ပေးခြင်း တစ်မျိုးပေါ့။ 

ညဘက် အိပ်ရာဝင်တဲ့ အချိန်မှာ ဒီနေ့ မပြီးမြောက်ခဲ့သေးတဲ့ အလုပ်တွေကနေ စရေးပါ၊ နောက် ထပ် လုပ်ရမယ့် အလုပ်တွေ နဲ့ ကိုယ်လုပ်ချင်တာတွေရေးတဲ့အခါ ကိုယ် လုပ်သင့်တာတွေ လုပ်လို့မပြီးလို့ လုပ်ချင်တာတွေကို လုပ်ခွင့်မရတာ သိပြီး လုပ်ချင်တာ လုပ်ခွင့်ရဖို့ ပိုကြိုးစားပြီး လုပ်ပါ။ ဒီလိုနဲ့ အချိန်ကို စနစ်တကျ သုံးတတ်လာပါလိမ့်မည်။

လူက အကျင့်ပါပဲ။ အကျင့် မဖြစ်ခင် ဒုက္ခကြီးလို ဖြစ်နေပေမယ့် အကျင့်ဖြစ်ပြီး အသားကျသွားတဲ့အခါ ပျော်ပျော်ရွှင်ရွှင်နဲ့ အေးဆေး လုပ်နေမှန်း မသိ အချိန်ကို အက်ျိုးရှိရှိ သုံးနိုင်လာမှာမို့ စိတ်ညစ်စရာလို့ မမြင်ပါနဲ့။ လေ့ကျင့်ခန်း စလုပ်ခါစ လူလိုပေါ့ အစတော့ ကိုယ်တွေ လက်တွေ နာတယ် နောက်တော့ လေ့ကျင့်ခန်း မလုပ်ရရင်တောင် နေလို့ ထိုင်လို့ အဆင်မပြေချင်ဘူးလေ။

အင်တာနက်ပေါ်မှာ ဖတ်ထားသမျှနဲ့ ကိုယ်အတွေးလေးကို ပေါင်းစပ် ရေးထားတာတဲ့ ဒီစာလေးကို အချိန်ပေးပြီး လာဖတ်တဲ့ စာဖတ် ပရိတ်သတ်တွေကို  ကျေးဇူးတင်ပါတယ်လို့ ပြောရင်း  
ကဲ ကျွန်မလည်း သတ်မှတ်ထားတဲ့ Blogging ချိန်က ၁၅ မိနစ်တောင် ကျော်နေပြီ။ ဒီမှာပဲ ရပ်လိုက်ပါတော့မယ်။

ခင်မင်စွာဖြင့်

အလွမ်းပြေ



Thursday, December 29, 2011

Bye Bye 2011 ... Welcome Happy New Year 2012!




Bye Bye …  




၂၀၁၁ .. ကို ပြန်လှည့် ကြည့်လိုက်မိတော့ … 


“ အနှစ်သက်ဆုံးအလုပ်တွေကို လုပ်ခွင့်ရတာ ဘဝမှာ ကျေနပ်စရာပါပဲ”
ကျွန်မ အလုပ်ချင်ဆုံး အရာတွေက စာဖတ်တာ၊ စာရေးတာ ၊ ခရီးသွားတာနဲ့ စာသင်တာပါပဲ။ 2011 မှာ ကျွန်မ အနှစ်သက်ဆုံး အရာတွေကို လုပ်ခွင့်ရခဲ့တယ်။ နယ်တွေကို ခရီးသွားပြီး ရွာတွေမှာ စာသင်ခဲ့ရတယ်။ လူ့ဘဝတွေကို ထဲထဲဝင်ဝင် လေ့လာခွင့်ရတယ်။  စာသင်တော့ သင်ရမယ့် အကြောင်းအရာရော ဆက်နွယ်တဲ့ ပြင်ပဗဟုသုတရော အတွက်ပါ စာဖတ်ရတယ်။ နောက် Blog လည်း နှစ်ကုန်ကာနီး လောက်မှာ မှန်မှန် ပြန်ရေးဖြစ်တယ်။

“ကိုယ်ချစ်တဲ့ သူတွေနဲ့ ပတ်သက်ရင် နောင်တဆိုတာ ဘယ်တော့မှ မရချင်ဘူး”
2011 ခုနှစ် တစ်နှစ်လုံး က အခက်အခဲတွေကြားမှာ ထူသားပေသားကျကျ လှုပ်ရှားရုန်းကန်နေခဲ့တယ်။ ငါ ဆိုတာ ပျောက်နေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် အခု ပြန်တွေးကြည့်တော့ ကျွန်မ ကျေနပ်ပါတယ်။ ကျွန်မ ကျွေးဟောင်းဆပ်ခွင့်ရခဲ့တယ်။ ပေးဆပ်ခြင်းဟာလည်း ဘဝမှာ လုပ်သင့်တဲ့ အရာတစ်ခုပဲ မဟုတ်လား။ 


“ဘဝဆိုတာ မွေးနေ့ကနေ သေနေ့ကို သွားနေရတာပဲ”
ကိုယ် ချစ်ခင်ရတဲ့ သူတစ်ယောက် ကိုယ့်လက်ပေါ်မှာ လောကကြီးကနေ ထွက်သွားတာကို တွေ့ရတဲ့ သူရဲ့ စိတ်ထဲမှာ ဘယ်လို နေမလဲ ဆိုတာ ခံစားဘူးရင် သိမှာပါ။ ကျွန်မ ဖေဖေ ကျွန်မလက်ပေါ်တင် ဆုံးတော့ သူ့အချစ်ဆုံး ကျွန်မရဲ့ ငိုသံဟာ သူ့ခရီးလမ်းကို မဖြောင့်မှာ စိုးလို့ ကျွန်မ မငိုခဲ့ဘူး။ ဒါပေမယ့် အဲဒီ အချိန်ကနေစပြီး ငိုလို့ မရတော့ဘူး။ ရင်ထဲမှာ ပြည့်ကျပ်နေတဲ့ ခံစားချက် တစ်ခုက ရှိနေခဲ့တယ်။ ကျွန်မ ပြန်ငိုလို့ရတာ လပိုင်းပဲ ရှိသေးတယ်။
စိတ်ထဲမှာ ဘာမှ မမြဲတဲ့ လောကကြီးဆိုတာနဲ့ ဘာဖြစ်ဖြစ် သေနေ့ကို သွားနေတာပဲ ကြားထဲက ဘာကများ အရေးကြီးလဲ တစ်နေ့ သေမှာပဲ ဆိုတဲ့ အတွေးကြီးနဲ့ ဘာကမှ အဓိပ္ပါယ် မရှိသလိုပါပဲ။ အဲဒီ အတွေးက ပျော်ရွှင်ခြင်း နဲ့ မျှော်လင့်ခြင်းတွေ အားလုံးကို ပျောက်ဆုံးနေခဲ့တယ်။ 

“မနိုင်ဝန်တွေကို လွှတ်ချလိုက်တာ အကောင်းဆုံးပဲ”
တာဝန်ကျေချင်လွန်းတဲ့ စိတ်နဲ့ ကိုယ်မနိုင်တဲ့ ဝန်ကို ထမ်းပေးတာကလည်း ကိုယ့်ကိုကိုယ်ရော သူတစ်ပါးကိုပါ ကူညီတာထက် ဒုက္ခပိုရောက်စေတယ် ဆိုတာ နားလည်လာရတယ်။ 


“ ငရဲဆိုတာ တခြားမှာ မဟုတ်ဘူး ကိုယ့်မျက်စိအောက်တင်ပါပဲ၊ နောက်ဘဝမှ မဟုတ်ပါဘူး”
 ကမ္ဘာ့ကပ်ဘေးတွေပဲလို့ ဆိုမလား မုန်တိုင်း၊ မီးဘေး ၊ ရေဘေး ၊ လူအချင်းချင်း နှိပ်စက်တဲ့ဘေး၊ သဘာဝ ဘေးအန္တရာယ်၊ လူလုပ် ဘေးအန္တရာယ်တွေ၊ နောက်ပြီး အာဏာရှင်တွေရဲ့ မလှပတဲ့ နိဂုံး အဆုံးသတ်တွေ စတာတွေကို ၂၀၁၁ တစ်နှစ်လုံး ပြည့်နေအောင် မနားတမ်း တွေ့ခဲ့ကြပါတယ်။ ဒီနေ့တင်ပဲ မနက် မိုးလင်းလင်းချင်း သတင်းတက်ကြည့်တော့ ဂိုဒေါင်ပေါက်ကွဲမှုကပုံတွေက တစ်နေကုန် မျက်စိထဲကမထွက်ဘဲ ဝမ်းနည်းစေပါတယ်။ တရားသဘောကိုလည်း ဘုန်းကြီးကျောင်းမသွား၊ ဘုရားမသွားဘဲရလိုက်ပါတယ်။ လူတွေ ကိုယ့်မနက်ဖြန်တောင် ကိုယ်မပိုင်တဲ့ ဘဝမှာ နေတတ်ဖို့ရော သေတတ်ဖို့ရော စိတ်ကို အသိ၊ သတိ ကပ်ပြီး ပြင်ဆင်ထားသင့်ပြီ။ 


“လောကမှာ ကြုံသမျှ ဘုရားဟောတဲ့  ဖြစ်ပျက်တရားပါပဲ”
တွေ့ကြုံ ဆုံကွဲ။ ကောင်းတယ် ထင်မှတ်ထားတာတွေ ဆိုးဝါး။ ကိုယ့်ယုံကြည်ထားတာတွေ ပြောင်းပြန်ဖြစ်။ ဘာပဲ ကြုံရ ကြုံရ တွေးမိတာတစ်ခုက ဖြစ်ပျက် ဆိုတဲ့ သဘောပါပဲလားလို့ပါ။ ဖြစ်ပြီးရင် ပျက်ကြတာပဲ။ လောကမှာ ကြုံရသမျှ အားလုံးကို တုန့်ပြန်စရာ စကားတစ်ခွန်းက ဖြစ်တတ်ပါတယ်လေ ပါပဲ။


“ချစ်ခြင်း မေတ္တာတရားနဲ့ စိတ်ကောင်းစေတနာကသာ ဘဝမှာ အရေးအကြီးဆုံးပါ”
မွေးနေ့ကနေ သေနေ့ကို သွားနေကြပေမယ့် ကမ္ဘာပေါ်မှာ အသက်ရှင်နေတဲ့ အချိန်မှာ တစ်ယောက်ကို တစ်ယောက် ပိုကောင်းတဲ့ ဘဝကို ပိုင်ဆိုင်စေချင်တဲ့ စေတနာနဲ့ ဝေမျှတဲ့ ချစ်ခြင်းမေတ္တာက တစ်ယောက်ရဲ့ ဘဝကို တစ်ယောက် အသက်ဝင်စေတဲ့ အရာတွေပါ။ ကိုယ့်ကိုကိုယ် ချစ်တဲ့စိတ်အပြင် ကိုယ့်ပတ်ဝန်းကျင်က လူသားတွေ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးနဲ့ ကိုယ်နေထိုင်တဲ့ ကမ္ဘာကြီးကို ကောင်းမွန်တဲ့ အနာဂတ် ရစေချင်တဲ့ မေတ္တာ၊ စေတနာတွေက ဘဝကို အသက်ဝင်စေလိမ့်မယ်လို့ ထင်မိပါတယ်။ အဲဒီလို ကြိုးစားရင်း မျှော်လင့်ချက်ဆိုတာလည်း ရှိလာမယ်၊ စိတ်ကျေနပ်မှုနဲ့ ပျော်ရွှင်ခြင်းလည်း ရလာမယ်။ အတ္တနဲ့ ပရ မျှမျှတတ နဲ့ ရှင်သန်သွားနိုင်အောင် ကြိုးစားရမယ်။ 


“  အနားမှာ အားကျ အတုယူစရာ လူတွေနဲ့ ပြည့်နေတယ်”
ကျွန်မ ဖြစ်ချင်တာတွေ ကြိုးစားတော့မယ်လို့ ဆုံးဖြတ်ပြီးတိုင်း ဖြစ်သင့်တာတွေ ဘက်ကိုချည်း ဦးတည်တည် နေရတော့ ကြာတော့ အားယုတ်လာတယ်။ အားယုတ်လာတာနဲ့ တစ်ပြိုင်နက် မပြီးမြောက်သေးတဲ့ အလုပ်တွေ ရှိလာတယ်။ ဒါပေမယ့် ကျွန်မ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တဲ့အခါ ကိုယ့်ယုံကြည်မှုနဲ့ စေတနာအတွက် မဆုတ်မနစ်ကြိုးစားပြီး သူတစ်ပါး ဘယ်လောက်ဝေဖန် ပုတ်ခတ်သည်ဖြစ်စေ ခိုင်မာတဲ့ စိတ်နဲ့ မဆုတ်မနစ်ကြိုးစားပြီး အောင်မြင်မှုကို ယူနိုင်တဲ့ သူတွေကို တွေ့ရတယ်။ သူတို့နဲ့ အနီးကပ် နေရတဲ့အခါ သူတို့ဆီက အားမာန်တွေ ကိုယ့်ကို ကူးစက်စေပါတယ်။ ရေခံ မြေခံကောင်း၊ ပတ်ဝန်းကျင်ကောင်းဟာ လူတစ်ယောက်အတွက် တကယ် လိုအပ်တဲ့ အရာပါပဲ။ 
နောက်ထပ် တစ်ခုက ကျွန်မကို ဖေးမ အားပေး ကူညီတဲ့ ခွန်အားမျှသူတွေရဲ့ ကူညီ စောင့်ရှောက်မှု ချစ်ခင်မှုကလည်း မေတ္တာစက်ဝန်းကို လည်ပတ်စေတဲ့ အားတွေပါ။ ကျွန်မကို ပိုချစ်တတ်လာအောင် သင်ကြားပေးပါတယ်။ 

“ ဟိုးတုန်းက စိတ်နဲ့ဆို ငိုလိုက်မိမှာပါ”
ဝိုင်းစုရဲ့ ချစ်ရိပ်ညနေ သီချင်းထဲက စာသားလေးပါ။ သေချာတာ ဆိုလို့ မသေချာတာပဲ ရှိတဲ့ လောကကြီးမှာ ဖြတ်သန်းလာခဲ့ သမျှကို သင်ခန်းစာ ယူတတ်ဖို့ပဲ လိုပါတယ်။ ဒါမှလည်း ရင့်ကျက်ခြင်းကို ရလာမှာ။ ဟိုတုန်းက စိတ်နဲ့ဆို ငိုလိုက်မိမှာပါ ဆိုတာ သူ ရင့်ကျက်လာပြီ ခံနိုင်ရည် အရာရာကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်စွမ်း ရှိလာပြီ ဆိုတာကို ပြတာလို့ ကျွန်မတော့ ခံစားမိပြီး အဲဒီ စာသားလေးကို သိပ်ကြိုက်မိပါတယ်။ နောက် သည်းခံစိတ်နဲ့ ပိုချစ်တတ်လာတယ် ဆိုတာကို ပြတာပါ။  ကိုယ် မလိုချင်တာ မဖြစ်ချင်တာတွေ ဖြစ်တော့မယ် ဆိုတိုင်း သတိရမိပါတယ်။
၂၀၁၁ က ကျွန်မကို ရုန်းကန်ပြီး ရင့်ကျက်စေခဲ့ပါတယ်။ ခက်ခဲလွန်းတာတွေကို ကျော်လွှားနိုင်ဖို့ ခွန်အားမျှတဲ့ သူတွေနဲ့ ကြုံခဲ့ရသလို၊ ပိုပြီး သန်စွမ်းလာအောင် လေ့ကျင့်ပေးတဲ့ ပညာပေးတဲ့ သူတွေနဲ့လည်း ကြုံခဲ့ပါတယ်။ ဘာဖြစ်ဖြစ် သူတို့ အားလုံးဟာ တစ်နည်းနည်းနဲ့ ကျွန်မဘဝကို အကျိုးပြုခဲ့ကြသူတွေမို့ ကျွန်မ ကျေးဇူးတင်မိပါတယ်။ 
ကျွန်မ ၂၀၀၉ ခုနှစ်လောက်ကတည်းက စဖတ်ဖြစ်တဲ့ ပြန်လည်း ပြန်ပြန်ဖတ်ဖြစ်နေတဲ့ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ ဘဝနေနည်းအနုပညာ ထဲက စာသားလိုပါပဲ “ပျော်ရွှင်မှုဆိုတာဟာလည်း ရုန်းကန်မှုတွေ၊ အရှုံးတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မျှော်လင့်ချက်က ဆယ်ယူထားရတဲ့ အရာဖြစ်ပါတယ်” ဆိုတဲ့ အတိုင်း ကျွန်မ ဘဝကို အသက်ဝင် ပျော်ရွှင်အောင် တစ်နည်းနည်းနဲ့ ပံ့ပိုးပါရမီ ဖြည့်ခဲ့သူတွေ မို့ .. သူတို့အားလုံးကိုလည်း ပျော်ရွှင်စေချင်ပါတယ်.. 


Let's Welcome 




Hello !! 

ကိုယ့်အတွက်ရော ကိုယ့် ပတ်ဝန်းကျင်အတွက်ပါ အကျိုးရှိမယ့် အရာတွေကို ပိုလုပ်မယ်။ လူတွေက ကိုယ့်ကိုကိုယ်တောင် ကောင်းကောင်း မတည်ဆောက်နိုင်ရင် သူများအတွက်လည်း ကောင်းအောင် ဘယ်လို လုပ်ပေးမှာတဲ့လဲ။ နောက်ပြီး ဘဝဆိုတာ မွေးနေ့ ကနေ သေနေ့ကို သွားနေတယ် ဆိုပေမယ့် နေတဲ့ အချိန်မှာတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကောင်းကောင်းမွန်မွန် နေသွားပြီး ။ နေတတ် ၊ သေတတ်ရင် ကျေနပ်စရာ ဖြစ်မှာပါ။
ဒါကြောင့်..
ကျွန်မ လွန်ခဲ့တဲ့ နှစ်တွေကတည်း ဆုံးဖြတ်ပြီးသားဖြစ်တဲ့ ..
၂၀၁၂ ရဲ့ နှစ်ဦးပိုင်းမှာ အခု ရေးနေတဲ့ ဘွဲ့ယူစာတမ်းကို အပြီးသတ် တင်မယ် ပြီးရင် သင်တန်းဆရာမလုပ်ရင်း ကျွန်မ စိတ်ကူးထားတဲ့ နိုင်ငံခြား တက္တသိုလ်မှာ ကျောင်းဆက်တက်နိုင်ဖို့ အစွမ်းကုန် ကြိုးစား ပြင်ဆင်တော့မယ်။  ပြီးရင် တက္တသိုလ် ဆရာမ ဖြစ်ဖို့ ကြိုးစားမယ်။ ကျောင်းတက်ဖို့ ကြိုးစားနေတုန်းကပဲ စပြီး စာဒီထက်ပိုပြီး ရေးနိုင်အောင် ကြိုးစားမယ်။ ဒါဟာ ကျွန်မအတွက်ရော လူအများကောင်းကြိုးအတွက်ရော ကျွန်မ မသေခင် လုပ်ပေးခဲ့ချင်တာတွေပဲ။ ပညာရေးနဲ့ ကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ပေးခဲ့ချင်တယ်။
ကျွန်မ ကိုယ်ပိုင် ဘဝမှာလည်း အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အသိဥာဏ် ပညာ အပြင် ကျန်းမာသန်စွမ်းပြီး စိတ်သွားတိုင်းကိုယ်ပါ နိုင်ဖို့ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ လှပခြင်း၊ ကျန်းမာခြင်းနဲ့ ရင့်ကျက်ပြည့်ဝတဲ့ နှလုံးသားကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားအားထုတ်ရမယ်။
ဘဝကို အသိရော သတိရော မလွတ်စေဘဲ “ပေါ့ပေါ့ပါးပါးနဲ့ လေးနက်”  နိုင်အောင်  နှစ်ဟောင်းမှာ ကြုံခဲ့သမျှတွေကို သင်ခန်းစာယူပြီး တတ်နိုင်သမျှ အတ္တ နဲ့ ပရ မျှအောင် ကြိုးစားရင်း နေရဲ၊ သေရဲ အောင် လောကမှာ ကိုယ်အသက်ရှင်နေသမျှ ကြိုးစားရဦးမှာပေါ့ ..
 မကောင်းတဲ့ အပျင်းကြီးတာလေးပါပြင်ရဦးမယ်...း) .. ။

အားအင်သစ်တွေ၊ မျှော်လင့်ခြင်း အသစ်တွေနဲ့ ကိုယ့် ချစ်ခင်ရတဲ့ သူတွေအတွက်ရော ကိုယ့်အတွက်ပါ ဆုမွန်ကောင်း တောင်းပြီး .. ကောင်းတဲ့ စိတ်ထားနဲ့ ... ကျွန်မ တို့ ပြုံးပြီး ကြိုကြရအောင်.. 


အားလုံး ပျော်ရွှင်သော နှစ်သစ် ဖြစ်ပါစေ..



ခင်မင်စွာဖြင့် 

အလွမ်းပြေ
Wednesday, December 14, 2011

Recycle Idea: The secret garden


“If you look the right way, you can see that the whole world is a garden.”
“As long as you have a garden you have a future and as long as you have a future you are alive.”
“And the secret garden bloomed and bloomed and every morning revealed new miracles.”
*The Secret Garden *
 ပန်းပင်လေးတွေ စိုက်ရတာ ကျွန်မဝါသနာပါ။ တစ်ခါတစ်ရံလည်း စားပင် သီးပင်တွေကိုပါ စိုက်လို့ရရင် စိုက်လိုက်ပါသေးတယ်။ ဒါကြောင့် ကျွန်မဝါသနာအလျှောက် စုစည်းထားတဲ့ Recycle Home Gardening Idea လေးတွေကို စုစည်းပြီး မျှဝေလိုက်ပါတယ်။ 
ကျွန်မတို့ နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ လှပတဲ့ နေချင့်စဖွယ် ပန်းခြံလေးတွေကို ရှိတဲ့နေရာနဲ့ ဖြစ်အောင် လုပ်လို့ရတဲ့ ပုံစံလေးတွေကို စုစည်းထားတာပါ။

ခြင်းတောင်း အဟောင်းကို ခြေသုတ်ခုံအဟောင်းထည့်ပြီး ကြားထဲမှာမှ မြေဆွေးထည့်ပြီး စိုက်တဲ့ နည်းပါ။ ဝါယာကြိုးဟောင်း တွေနဲ့လည်း ချိတ်ဆွဲထားပါသေးတယ်။  နေရာကျဉ်းမှာပဲဖြစ်ဖြစ် တိုက်ခန်း ဝရန်တာမှာပဲ ဖြစ်ဖြစ် စိုက်လို့ရတဲ့ နည်းလေး တစ်ခုပါ။

လှတော့ နဲနဲ sexy ဖြစ်တာပေါ့:D




ကျွန်မတို့ လွှင့်ပစ်မယ့် ရှူးဖိနပ်တွေကို အသုံးပြုလို့ ရမယ့် နည်းပါ။  ရှူးဖိနပ်တွေ ကို သေချာရေဆေး ဆေးလေးသုတ်ပြီး ဒီလို စိုက်လို့ရမယ် ထင်ပါရဲ့။


 ဒီလို အအေးဘူးခွံ၊ ရေသန့်ဘူးခွံတွေကို အဆင့်ဆင့် ချိတ်ဆွဲပြီးဖြစ်ဖြစ်ရသလို ၊ ချစိုက်ရင်လည်း အဆင်ပြေသားနော်..


ပဲ့သွားတဲ့ ကော်ဖီခွက် တွေ..

သံဗူး အဟောင်းတွေ .. ပန်းအိုးလေးတွေ ။ 








ကားတာရာတွေကတော့ အပင်ကြီးတွေ စားပင်တွေ စိုက်ချင်ရင် အဆင်ပြေပြေ သုံးနိုင်တယ်။

ကော်ဗူးအဟောင်းတွေ ။
ဒါလည်း သံဗူး အဟောင်းတွေပါပဲ။








ဒီလိုကြတော့လည်း ဟောင်းသွား ပေါက်သွားတဲ့ အိမ်သုံးပစ္စည်း မှန်သမျှ အသုံးတည့်တာချည်းပဲနော်.
 ပျော်ရွှင်ခြင်းရဲ့သော့ချက်လို့ ပြောလို့ရလောက်တဲ့ ..  ဧဒင်ဥယျဉ်လေးကို ကိုယ့်အိမ်ကလေးဆီ သယ်ဆောင်လာနိုင်ပါစေ။
ခင်မင်စွာဖြင့်
အလွမ်းပြေ



 

Home Sweet Home!




နှစ်သစ်မှာ လူသစ် စိတ်သစ်ဖြစ်ဖို့ ကိုယ့်နေတဲ့ အိမ်နဲ့ အိပ်ခန်းလေးကို အလှဆင် ပြုပြင်လိုတဲ့  ကျွန်မလိုပဲ စိတ်ကူးရှိတဲ့ သူငယ်ချင်းတွေအတွက် ဒီပို့စ်လေးကို ရေးလိုက်တာပါ။ လူ့စိတ်ကိုက တစ်ခါ တစ်လေ ငြီးငွေ့ လွယ်တဲ့ သဘောရှိတယ်မဟုတ်လား။ ကျွန်မစိတ်လည်း အဲဒီလိုပဲ  တစ်ခု တစ်ခုဆို ငြီးငွေ့တတ်တယ်။

တစ်ခါတစ်လေ လောကမှာ ငြီးငွေ့တိုင်း အပြောင်းအလဲ အလွယ်တကူ မလုပ်သင့်တဲ့ အရာတွေ ရှိနေသေးတယ် ။ အဲလို အရာတွေ ကြတော့ အမြဲတမ်း ဆန်းသစ်ဖို့ အပြောင်းအလဲလေးတွေ လုပ်ပေးရတယ်။ အဲဒီလိုမှ မလုပ်ပေးဘူးဆိုရင် နောက်ဆက်တွဲက မပြောင်းလဲ သင့်တာကိုပါ အလွယ် တကူ ပြောင်းလဲဖို့ ကြိုးစားမိပြီး တန်ဖိုး ကြီးကြီး ပေးဆပ် လိုက်ရ တတ်တယ်။

အလွယ်တကူ ပြောင်းလို့ မရတဲ့အရာတွေကိုတော့ တစ်ယောက်နဲ့ တစ်ယောက် အခြေအနေခြင်း မတူတော့ မပြောင်းလဲသင့်တဲ့ အရာတွေချင်းလဲ တူခြင်းမှ တူမှာပေါ့လေ။

ဒီနေ့ ကျွန်မပြောမယ့် အကြောင်းကတော့ ဘုံတူလောက်တယ်ရှင့်။ အဲဒါက ကျွန်မတို့ နေတဲ့ အိမ်နဲ့ အလုပ် ရုံးခန်းတွေပဲလေ။ ကျွန်မတို့ နေတဲ့ အိမ်၊ အိပ်ခန်းနဲ့ ရုံးခန်းတွေက ကျွန်မတို့ နေ့တိုင်း ထိတွေ့နေရတဲ့ နေရာတွေ မဟုတ်လား။

ဒီအိမ်နေရာ ငြီးငွေ့လာပြီ ဒီရုံးနေရာ ငြီးငွေလာပြီ ပြောင်းမယ်လို့ အလွယ်တကူလုပ်လို့ ရတာ မဟုတ်ဘူးလေ။ နေ့တိုင်းဒီပတ်ဝန်းကျင်မှာပဲ လှည့်ပတ်သွားလာ နေထိုင်နေရတာမို့ တစ်ခါတစ်လေ စိတ်ထဲ ရိုးအီလာတဲ့ ခံ စားမှုကို လူုတိုင်း ခံစားမိမှာပဲ။

အဲဒီလို အချိန်မှာ တစ်စုံတစ်ယောက်က ရုံးခန်းထဲကို ပန်းအိုး တစ်အိုးလောက် ယူလာတာပဲဖြစ်ဖြစ်။ အိမ်ရှင်း ထားတာပဲ ဖြစ်ဖြစ် ။ မထင်မှတ်ဘဲ တွေ့လိုက်ရရင် စိတ်ထဲ တက်ကြွသွားတာမျိုး၊ လန်းဆန်းသွားတာမျိုး ၊အဲဒီလို ခံစားချက်နဲ့ အလားတူမျိုး  စာဖတ်သူ အနေနဲ့ အနည်းဆုံး တစ်ခါလောက်တော့ ခံစားဖူးမှာ သေချာပါတယ်။

ဒီလိုဆိုတော့ အိမ်၊ အိပ်ခန်းနဲ့ ရုံးခန်း အလှဆင်တာဟာ အရေးကြီးတဲ့ အချက်တစ်ခုဆိုတာ  နားလည် သဘောပေါက် ထားသင့်ပါတယ်။ ဒါပေမယ့် ကျွန်မတို့အတွက် နောက်ထပ် အကြောင်းပြချက်က အချိန် မရှိဘူး ဆိုတာပါပဲ။ အချိန်မရှိလို့ ... အချိန်မရှိလို့။ ရေရွတ်နေကျ စကားပါ။ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် တကယ်ပဲ လုပ်ချင်တယ် ဆိုရင် အချိန်မကုန်ဘဲ အလွယ်တကူနဲ့ ၊ ငွေကုန်ကြေးကျ သက်သာစွာနဲ့ အလှဆင်နိုင်မယ့် စိတ်ကူးလေးတွေ သင့်မှာ ရှိနေမယ် ဆိုရင်။ အချိန်လေး နဲနဲ ပေးလိုက်ပြီး စိတ်ချမ်းသာမယ့် နည်းကို အကြိုက်တွေ့မှာပါ။

ကျွန်မလည်း ကျွန်မအိမ်၊ ကျွန်မ အိပ်ခန်းကို တစ်လ တစ်ခါ လောက်တော့ ပုံစံ အပြောင်းအလဲလေး လုပ်တတ်တယ်။ တစ်ခါ တစ်လေ စိတ်ပါရင် ရာသီအလိုက် အလှဆင်တတ်တယ်။ ဝါသနာပါတာလည်း ပါပါတယ်။ ဒီနေ့ Christmas Decoration လေးတွေ Supermarket မှာတွေ့လာတော့  အိမ်အလှဆင်တဲ့ အကြောင်း ပို့စ်လေး ရေးဖို့ စိတ်ကူးရလိုက်တာပါ။

အိမ်ဆိုတာဟာ တစ်နေကုန် ကျွန်မတို့ အလုပ်မှာ မောပန်းလာသမျှ၊ အပြင်မှာ ကြုံတွေ့ခဲ့ရတဲ့ ဘဝအမောတွေ ချွေးသိပ်ပြီး နားခိုရာနေရာပါ။ ဒါကြောင့် အိမ်နဲ့ အိမ်ခန်းလေးတွေက နေချင့်စဖွယ် အတတ်နိုင်ဆုံး ဖြစ်နေနိုင်ရင် အကောင်းဆုံးပါ။

၁) အရောင်များနဲ့ ကစားမယ်

အခန်းလေးကို အရောင်ပြောင်းပေးပါ။ Home Decoration ရဲ့ အခြေခံကတော့ အရောင်တွေအကြောင်း နားလည်ဖို့ လိုလိမ့်မယ်ရှင့် ။ အရောင်တွေကို ခံစား တွဲစပ်တတ်ဖို့ အမြင်ရှိဖို့ ပထမအချက်လိုပါမယ်။ သဘာဝကျကျ အရောင်တွေကို တွဲစပ်တတ်ဖို့ပဲလိုပါတယ်။ သိပ်ခေါင်းစား မခံပါနဲ့။

ကဲ... ကိုယ့် အိပ်တဲ့ အခန်း ပြင်ဆင်ဖို့ ဥပမာပေးပြီး ကြည့်ကြည့်ရအောင်။ ကိုယ့် အခန်းကို သစ်တောလေးလို ဖြစ်ချင်တာလား။ ဒီဇင်ဘာ အငွေ့အသက်ရချင်တာလား။ Theme ကို စဉ်းစားပြီး အရောင်းတွေကို စဉ်းစားလိုက်ပါ။ အဲဒီ အရောင်တွေကို ရွေးချယ်လိုက်ပြီး အဆင်ပြေသလိုထားပါ။ အရိုးရှင်းဆုံးဟာ အကောင်းဆုံးပါပဲ။  အရောင်တွေ အများကြီးကို ရောစပ်မိရင် မျက်စိနောက် စရာကောင်းပါတယ်။ ဥပမာ အစိမ်းရောင် တောအုပ်ဆန်ဆန် အခန်းလေးကို ဖန်တီးချင်တယ် ဆိုပါတော့... အောက်မှာ အရောင်တွဲစပ်ထားတာလေးတွေ နမူနာကြည့်ပါ။ မျက်စိရှင်းရှင်းနဲ့ လှတာ တွေ့နိုင်ပါတယ်။

 

အခန်းကျဉ်းလေးလည်း လှအောင် ဆင်လို့ရပါတယ်။
  • အဓိကက  ပစ္စည်းဟောင်းတွေ မလိုအပ်တဲ့ ပစ္စည်းတွေကို သံယောဇဉ်ဖြတ်ပစ်လိုက်ပြီး လိုအပ်တာလောက်နဲ့ ရောင့်ရဲတတ်ပါ။ 
  • အိပ်ယာခင်းနဲ့ ခန်းစီးအရောင်တွေ ကို ဖြစ်သလို မဝယ်ပါနဲ့။ ကိုယ့်စိတ်ကြိုက် အရောင်နဲ့ အခန်းအခြေအနေကို စဉ်းစားပြီးဝယ်ပါ။ မှောင်တဲ့ အခန်းဆို အလင်းများတဲ့အရောင်၊ အလင်းများတဲ့ အခန်းဆို အရောင်ငြိမ်လေး စသည်ဖြင့်ပေါ့။အိပ်ရာခင်းနဲ့ ခန်းစီးတွေ ဟာ မှန်မှန်လဲပေးရမယ့် အမျိုးအစားမို့ သူ့ကို လဲပေးရတဲ့ အလုပ်ဟာ အချိန်ပို ကုန်တယ်လို့ ယူဆစရာ မဟုတ်ပါဘူး။
၂) ပန်းကလေးများနဲ့ အလှဆင်မယ်

ပန်းအိုးထိုးတာ၊ ပန်းပင်လေးတွေနဲ့ အလှဆင်တာ အလွယ်ဆုံးနဲ့ အများဆုံး လုပ်လေ့ရှိတဲ့ အလုပ်ပါ။ ဝေးဝေးလံလံ မစဉ်းစားပါနဲ့ တွေ့တဲ့ နေရာက ရှိတဲ့ပန်းနဲ့ အိမ်မှာ ရှိတဲ့ ခွက်တစ်ခုခု ၊ သုံးပြီးသား ဘူးခွံ စတာတွေနဲ့ ထိုးစိုက် အလှဆင်လိုက်ပါ။

အခန်းထဲမှာ ပန်းပင်လေး တစ်ပင်၊ ပန်အိုးလေး တစ်အိုး ရှိနေရင် စိတ်ထဲမှာ လန်းဆန်းမှုကို အထောက်အကူပြုတာ အမှန်ပါပဲ။ ဒီမှာ ငွေကုန်လည်း သက်သာ လှလည်း လှတဲ့ နည်းလေးတွေပါ။  ပန်းက ပြောင်းပြောင်း ထိုးနေရတာနဲ့ သူဘာသာ အပြောင်းအလဲ ဖြစ်နေပါလိမ့်မယ်။

ပန်းပင်စိုက်တာဆိုရင်တော့ အခန်းထဲမှာ စိုက်မယ်ဆို Indoor Plant ဟုတ် မဟုတ်တော့ သတိထားပါ။ ပန်းပင်ကလည်း ကြီးကြီးလာမှာဆိုတော့ သူကြီးလာပြီလား ကြည့်ရတာကိုက အိမ်မှာ စိတ်ဝင်စားစရာ တစ်ခုပါပဲ။







နောက် ဖြစ်နိုင်ရင် ဝရန်တာမှာပဲ ဖြစ်ဖြစ်၊ အိမ်ရှေ့မှာပဲ ဖြစ်ဖြစ် အားရင် အားသလို အပင်လေးတွေ စိုက်လို့ရပါသေးတယ်။ Home Gardening ကို ကျွန်မလည်း စိတ်ဝင်စားလို့ နောက်ရေးပါဦးမယ်။

၃) ပန်းချီလေးတွေ၊ နံရံကတ် အလှဆင် ချိတ်တဲ့ ပစ္စည်းလေးတွေကို ရာသီအလိုက်လေး ပြောင်းပေးမယ်။

အများကြီး မဟုတ်ပါဘူး။ ပုံးလေးနဲ့ တစ်ပုံးလောက် ထားပြီး တစ်လ တစ်ကြိမ်လောက် ပြောင်းချိတ်ပေးရင် အပြောင်း အလဲလေး ဖြစ်သလို။ အခန်းလေးလဲလှပါတယ်။



၎) ခြေသုတ်ခုံ ဒီဇိုင်း လှလှလေး 

အရေးမကြီးဘူးလို့ ထင်ပေမယ့် ဒါကလည်း တကယ် အရေးကြီးပါတယ်။ ကျွန်မတို့ အမြဲ အပြင်က အိမ်ကို ပြန်ဝင်တိုင်း ပထမဆုံးတွေ့ရတာ ခြေသုတ်ခုံပဲရှင့်။ ကျွန်မအမြင်ပြောရရင် သူ့ဒီဇိုင်းလေးက ပြောင်းနေရင် လှတပတ ဖြစ်နေရင် စိတ်ထဲ နဲနဲတော့ ကြည်သွားတာပဲ။

ကျွန်မကတော့ ခြေသုတ်ခုံ လှလှလေးတွေကလည်း အိမ်အတွက် အလှဆင် ပစ္စည်း တစ်ခုပဲလို့ ထင်တယ်။ ခြေသုတ်ခုံလေးတွေကလည်း ခဏ ခဏ လဲပေးသင့်တဲ့ အမျိုးအစားထဲက ဆိုတော့ ကျန်းမာရေးအတွက်ရော အိမ်လေးရဲ့ အလှအပအတွက် သူတို့ကိုလည်း ပြောင်းလဲ သုံးပေးရမယ်လို့ ထင်ပါတယ်။



ကျွန်မရဲ့ ပုံမှန် လုပ်တတ်တဲ့ နည်းလမ်းတွေကတော့ ဒီလောက်ပါပဲ။ အဲဒီ ပုံမှန်လုပ်နေတာလေးတွေ လုပ်ရင်း စားပွဲကို ဟိုနားရွေ့၊ စာအုပ်စင် ဒီနားရွေ့ စတဲ့ အပြောင်းအလဲ လေးတွေလည်း အချိန်ရရင် လုပ်တတ်သေးတာပေါ့နော်။ စာဖတ်သူတွေ လုပ်လေ့ရှိတဲ့ စိတ်ချမ်းသာပျော်ရွှင်မှုကို ပေးတဲ့ အိမ်ကလေးတွေ လှပဖို့အတွက်  အကြံဥာဏ်ကောင်းလေးတွေ ရှိရင်လည်း ပြောပါဦးနော်။

ခင်မင်စွာဖြင့်
အလွမ်းပြေ

Wednesday, December 7, 2011

Recycled gifts idea for X'mas and New Year !





ကျွန်မတို့  ငယ်ငယ်က သင်ဖူးတဲ့ ကဗျာလေးကို အမှတ်ရမိပါတယ်။ မ၀ယ်ဖူးမယ်ခူးတဲ့ဖက်စို မီးမကူ နေပူမှာမကင်အားလို့ ထားရတယ် အိပ်ရာအောက်မှာ မင်းသောက်ဖို့ကို ဆိုတဲ့ ခံစားမှု ကဗျာလေးကို သတိရမိပါတယ်။ မိန်းမပျိုလေး တစ်ယောက်က သူ့ချစ်သူ သောက်ဖို့ ဆေးလိပ်ကို ကိုယ်တိုင် လိပ်ပေးတဲ့အကြောင်း လေးပါ။ ချစ်စရာကောင်းလှသလို သူ့ချစ်သူကို သူဘယ်လောက် ချစ်သလဲ၊ တမြတ်တနိုး အလေးထားသလဲ။ သတိတရ ရှိလိုက် သလဲ ဆိုတာကို ကဗျာလေးက ဖော်ပြနေပါတယ်။

ကိုယ်ချစ်ခင်တဲ့သူတွေကို အမှတ်တရလက်ဆောင်လေးတွေ ပေးတတ်တာ အစဉ်အလာ တစ်ခုလိုပါပဲ။   အခု ဒီဇင်ဘာလထဲမှာ ဆိုရင် ခရစ္စမတ်၊ နှစ်သစ်ကူး၊ နောက်ပြီးရင် ဖေဖော်ဝါရီ ချစ်သူများနေ့ လာဦးမှာပါ။ ရုပ်ဝတ္တုပစ္စည်းတွေထွန်းကားလှတဲ့  ဒီအချိန်အခါမှာ ပိုက်ဆံများရှိရင် တစ်ကမ္ဘာလုံးကို ပတ်ပြီး စိတ်ကြိုက်ဝယ်ပေးလို့ရပါတယ်။ ဒါပေမယ့် အဲဒီ ဝယ်လို့ ရသမျှဟာ တခြားသူတွေလည်း ဝယ်လို့ရနိုင်တဲ့ ပစ္စည်းတွေပါပဲ။ တကယ်ပဲ ကိုယ့်ချစ်သူ ခင်သူတွေကို အမှတ်တရလေး ဖြစ်စေချင်ရင် ကိုယ်တိုင် အားထုတ်မှုနဲ့ ကိုယ်တိုင်ပြုလုပ်ပေးတဲ့ လက်ဆောင် ကတော့ ကမ္ဘာပေါ်မှာ တစ်ခုတည်းပဲဖြစ်မှာပါ။ အဲဒီကြောင့် ကိုယ်ပိုင်စိတ်ကူးလေးနဲ့ ဖန်တီးထားတဲ့ လက်ဆောင်လေးတွေ အကြောင်း ပြောပြချင်တဲ့ စိတ်ကူးလေးပေါ်လာလို့ ဒီပို့စ်လေးကို ရေးဖြစ်ပါတာပါ။


ကိုယ်ပိုင်စိတ်ကူးလေးနဲ့ ကိုယ်အိမ်မှာပဲ ရိုးရိုးရှင်းရှင်းနဲ့ လှပတဲ့ လက်ဆောင်လေးတွေကို လုပ်လို့ရပါတယ်။ ဒါအပြင် အဲဒီလို လက်ဆောင် ပစ္စည်းလေးတွေကို ပြုလုပ်တဲ့အခါ recycle လုပ်နိုင်ဖို့ စိတ်ကူးလေးပါ ထည့်ပေါင်းလိုက်ရင် ကိုယ်တိုင်လည်း မကုန်သင့်တဲ့ ငွေလည်း မကုန်ရသလို ကမ္ဘာကြီးကိုလည်း ကယ်တင်ပြီးသား ဖြစ်မယ်။ ကိုယ့်လက်ဆောင် ပစ္စည်းလေးကလဲ ဘယ်မှာမှ ဝယ်လို့မရတဲ့ ကိုယ်တိုင်လုပ်ထားတဲ့ ပစ္စည်းလေးမို့ လက်ဆောင်ရတဲ့ သူကလည်း ဝမ်းသာမဆုံး ဖြစ်ဦးမယ် ဘယ်လောက်ကောင်းလိုက်သလဲနော်။ 


Green Handmade gifts စိတ်ကူးမှာ ကျွန်မ လုပ်လေ့လုပ်ထရှိတာက Greeting Cards လေးတွေပါပဲ။ Photo Frame လေးတွေပါ။ အအရမ်းကို လွယ်ပါတယ်။ မှတ်မှတ်ရရ နာဂစ်ဖြစ်ပြီးကာစက ဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာဖို့ ကျွန်မနဲ့ ကျွန်မ သူငယ်ချင်းတွေ အဲဒီလို ကတ်လေးတွေ လုပ်ရောင်းပြီး Fund ရှာခဲ့ကြပါတယ်။ သိပ်ကို ရိုးရှင်းပြီး လွယ်ကူလှပါတယ်။ ကိုယ့် ပတ်ဝန်းကျင်မှာ အလွယ်တကူဝယ်လို့ရနေတဲ့ A4 စာရွက်ရောင်စုံတွေ၊ နောက် တခြား ကိုယ်ကြိုက်တဲ့ စာရွက်အသား၊ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ အထဲက စိတ်ကြိုက်ဖြစ်တာနဲ့ လုပ်လို့ရပါတယ်။ recycle ပစ္စည်းလေးတွေလည်း လုပ်လို့ရပါတယ်။ အဓိက က  အိုင်ဒီယာပါ။ Greeting cards လုပ်မယ်ဆိုရင်  အလွယ်ဆုံးက A4 စာရွက်ကို လေးခေါက်ခေါက်၊ တစ်ဝက်ပဲ ပိုင်းပိုင်း၊ လေးခေါက်လုံးပဲ ယူယူ အခြေခံ ကတ်ပုံစံပေါ်ပါပြီ။ ကတ်ကို သင့်စိတ်ကြိုက် အိုင်ဒီယာလေးတွေနဲ့ အဆင့်ဆင့် ပုံဖော်သွားယုံပါ။
  
ပုံလေးတွေနဲ့ ပြပါ့မယ်။ ကျွန်မ အခန်းထဲမှာ လှည့်ပတ်ပြီး အသုံးပြုလို့ ရနိုင်လောက်တဲ့ ပစ္စည်းတွေ ရှာပါတယ်။ Magazine အဟောင်းတွေ၊ ကူပွန်၊ လိပ်စာကတ်၊ လက်ကမ်းစာစောင်၊ ဘူးခွံ နဲ့ အခုလို နှစ်ကုန်ကာနီးဆိုတော့ အသုံးမဝင်လောက်တော့တဲ့ Calender တွေ စတဲ့ မျက်စိထဲ လှပြီး ကိုယ်သုံးလို့ ရမယ့် ဟာတွေပေါ့ ။ 

ရှာလို့ရသမျှ ဒီမှာပါ.. 



 အဲဒီနောက်တော့ ဒီရှာသမျှ ပစ္စည်းတွေနဲ့ ဘယ်လို လှအောင် လုပ်မလဲ အိုင်ဒီယာ ရအောင်  အင်တာနက်ပေါ်မှာ ဒီဇိုင်းလေးတွေ ဟိုရှာ ဒီရှာ လုပ်ကြည့်တာပေါ့


 ပြီးတော့ .. နှစ်ကုန်ကာနီးမို့ Calender တွေ အသုံးမလိုတော့မယ့် တူတူ ဓါတ်ပုံ stand လေးနဲ့ Calender အသစ်လေး လုပ်ဖို့ စိတ်ကူးရတယ်။  
ပထမဆုံး Calender ကို ဒီဇင်ဘာလ တစ်ရွက်ကို ဖယ် ၊ နံရံမှာ ကပ်ပြီး ယူလိုက်ပါတယ်။ 





နောက်ပြီး ဘယ်လို လုပ်ရင် အကောင်းဆုံး ဖြစ်မလဲ ဆိုတာ သေချာ ကြည့်လိုက်ပြီး အထဲက စာရွက်တွေ ဖယ်ရင် တစ်ရွက်ချန်ထားပြီး အဲဒီ အရွက်ကိုပဲ နောက်ခံအဖြစ် သုံးမယ်လို့ ဆုံးဖြတ်လိုက်တယ်။





ဘာလို့လဲ ဆိုတော့ ဓါတ်ပုံနေရာကို  ဖြတ်ထုတ် လိုက်ပြီးရင် ဘောင်ကွတ် ထားသလို ဖြစ်သွားမှာ မို့ပါ။ အောက်မှာ ဆက်ကြည့်ပါ ။











ဓါတ်ပုံနေရာကို ဖြတ်ထုတ်လိုက်ပြီး။ Double Tape နဲ့ ငြိမ်သွား ကပ်လိုက်တယ်။







 X'mas အတွက် ဆိုတော့ အစိမ်းရောင်လေး ပါအောင် ဘောင်ကို မော်ဒယ်စိမ်းလို့ ခေါ်မလား။ High light Maker နဲ့ပဲ ချယ်လိုက်တယ်။






 ဒါက မထင်မှတ်ပဲ ထွက်လာတဲ့  KFC က ပေးတဲ့ နှစ်သစ်ကူး ကူပွန်တွေ ထည့်တဲ့ ကာဗာ ။ အဲဒီက စာသားကို ယူသုံးမယ်။









 ဒီနှစ်အတွက် ဆိုတော့ စာလုံး တစ်လုံးကို ပြင်ရမှာပေါ့..










 ဒီလိုလေး ဆိုတော့ ပြောင်းမယ့် နှစ်ကို ဟိုက်လိုက်  လုပ်ထား သလိုလေး ဖြစ်သွားတာပေါ့










 ဒီ ပီကေခွံ လေးက စိမ်းစိမ်းလေး ဆိုတော့ x'mas tree လေး မဖြစ်နိုင်ဘူးလား








ဒါက သစ်ပင်ရဲ့  ပင်စည်လေး




ကဲ... ဒီလို လေး








သစ်ပင်လေးရဲ့ ထိပ်မှာ ကြယ်လေး လိုချင်တယ်။



ဒါကလည်း ကံကောင်းထောက်မစွာ ထွက်လာတဲ့ ကတ်အဟောင်း ပေါက်စကလေး။






 ရွှေရောင်ကြိုးလေးကို ဖြတ်အထုံးလေးလုပ် သစ်ပင်လေးရဲ့ ထိပ်မှာ တပ်လိုက်တယ်။ ကျန်တဲ့ အရုပ်လေးကို ဘေးသားတွေ ညှပ်ပြီး ကပ်လိုက်တယ်။ ဘောင်လေးတွေပါ ကပ်လိုက်တယ်။ နောက်ပြီး ဓါတ်ပုံလေးကို အသည်းပုံလေးလုပ်ပြီး ကပ်လို့ရပြီပေါ့။ နောက်တစ်ဖက်မှာ တစ်မျက်နှာစာ နှစ်သစ် Calender လေးပါ လိုချင်ရင် ရှာကပ်လိုက်လို့ ရပါသေးတယ်။ 







နောက်ထပ် ဒီဇိုင်းလေး နှစ်ခုလောက်လည်း ဆက်ပြီး လုပ်ပြပါဦးမယ်။
ဒါကလည်း နောက်ထက် calender အဟောင်းတစ်ခုပါပဲ။
လက်ကမ်းကြေငြာတစ်ခု 




အနက်ရောင် နောက်ခံ လိုချင်တာ အနက်ရောင် စာရွက်ကလည်း မရှိတော့ ဒီလို အကြံရတယ်။






 အပေါ်က စာရွက်အဖြူထပ်ကပ်ထားတာ














 နောက်ထပ် အမဲရောင် တစ်ခု ထပ်လိုချင်တော့  ဒါက ဘာလေးလဲ သိလား...









 အကျီတံဆိပ်အပိုင်းအစကလေးပါ။






စာအုပ်အဖုံး အဟောင်း က ပန်းပွင့်လေးတွေ လှတယ် ဟုတ်?












 ကဲ ဒီလိုလေး ဖြတ်ပြီး ကပ်လိုက်တယ်။








နောက်ဆုံး လုပ်ပြမယ့် တစ်ခုပေါ့.. ဒါလေးက  ..





 ခေါင်းစီးကြိုးဝယ်လာတုန်းက ပါကင် အခွံ









 ခေါင်းစီးကြိုးပါကင်က အောက်ခံကတ်ထူပြား











 ကဲဒီလိုလေး ပုံဖော်ကြည့်မယ်။ စိတ်ကြိုက်ဖြစ်ပြီး ဆိုမှ ကပ်တာပေါ့။








 ရိုးရိုးရှင်းရှင်းလေးလဲ လှပါတယ်။









သင် အမှိုက်လို့ ထင်နေတဲ့ အရာတွေဟာ သိပ်လှတဲ့ အရာတွေအဖြစ် ပြောင်းဖို့ သူတို့အလှကို မြင်အောင် ကြည့်တတ်ဖို့ပဲ လိုပါတယ်။  အချိန်လည်း မကုန်ပါဘူး တစ်ခု ဖြစ်ဖို့ ၅ မိနစ်ကနေ ၁၀ မိနစ်လောက်ပဲ ကြာပါတယ်။ ကိုယ်တိုင် လုပ်ကြည့်ပြီးရင်  ကိုယ့် အနုပညာအတွက် ကြည်နူးမှု၊ ငါလုပ်နိုင်တယ် ဆိုတဲ့ ပျော်ရွှင်မှုတို့အပြင် ကိုယ်ပိုင်လက်ရာလေးမို့ လက်ဆောင်ရတဲ့ သင်ချစ်တဲ့သူကလည်း တန်ဖိုးထား ပျော်ရွှင်မှာပါ။ တစ်ခုလောက် ကြိုးစား လုပ်ကြည့်လိုက်ပါလားနော်။

ဆန်းသစ်တဲ့ စိတ်ကူးတွေ အများကြီး ပိုင်ဆိုင်လာပြီ ဆိုရင်တော့ .. ကိုယ်ပိုင် ဝင်ငွေရဖို့ဖြစ်ဖြစ်၊ လူမှုရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေ ရှာဖို့ပဲဖြစ်ဖြစ်လည်း အသုံးတည့်ပါသေးတယ်။ 


ဒီလိုလုပ်ဖို့ အသုံးပြုလေ့ ပြုထရှိတဲ့လိုအပ်မယ့် ပစ္စည်းတွေဖြစ်တဲ့ စာရွက်တွေ၊ ခဲတံ၊ပေတံ၊ရောင်စုံ Maker Pen တွေ ၊ ကော်ဗူး ၊ tape ကတ်ကြေး၊ဓါး အခြေံခံ အသုံးပြုလေ့ပြုထ ရှိတဲ့ အလှဆင်ပစ္စည်းလေးတွေကို အသေးစိတ် ဒီထက် သိချင်တယ် ဆိုရင် ဒီ  The Basic Tools မှာ သွားကြည့်လို့ ရပါသေးတယ်။

  အောက်က ပုံလေးတွေကတော့ ကျွန်မတို့ သူငယ်ချင်းတွေ ကတ်လေးတွေ လုပ်ပြီး fundraising လုပ်ကြတုန်းက အမှတ်တရ ပုံလေးတွေပါ။ 


 ကတ်လေးတွေ လုပ်နေတဲ့ အနုပညာ မျက်သိ သိပ်ရှိတဲ့ ကျွန်မ သူငယ်ချင်း Blogger ကိုဟန်သစ်ငြိမ်ပေါ့... ကျွန်မ ကို ကတ်ကလေး လုပ်တတ်အောင် သူက စသင်ပေးတာပါ။





 ကျွန်မတို့ လုပ်ထားတဲ့ ကတ်လေးတွေကို ရောင်းနေတဲ့ ပန်းပုံပြင်လို့ ခေါ်တဲ့ ပြည့်ပြည့် ..





ခင်မင်စွာဖြင်..

အလွမ်းပြေ