My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Wednesday, October 12, 2011

သီတင်းကျွတ် လပြည့်ည နဲ့ အတွေးအပိုင်းအစများ


 သီတင်းကျွတ်လပြည့်ညစိတ်အစဉ်က ကျွန်မရဲ့ မိသားစုနဲ့ တို့ အိမ်ကလေး ဆီသို့ အပြေးပြန်ရောက်သွားတယ်။ ကျွန်မတို့ မိသားစုနဲ့ အိမ်ကလေး လို့ပြောရင်.. အိမ်ကလေးနဲ့ အိမ်ပေါ်မှာ ရှိနေမယ့် မိသားစုဝင်တွေကို လွမ်းတယ်လို့ ရိုးရိုးအဓိပ္ပါယ်ကောက်လို့ ရပေမယ့် တကယ်တော့ ကျွန်မ စိတ်ထဲက အဲဒီ အတိုင်းမဟုတ်ပြန်ဘူး။ ကျွန်မ လွမ်းတဲ့ အိမ်ကလေးက ကျွန်မ ငယ်ငယ်က နေခဲ့ရတဲ့ အင်းစိန်က ခြံကျယ်ကြီး တစ်ခုထဲကအိမ်။ ကျွန်မ လွမ်းနေတဲ့ ကျွန်မရဲ့ မိသားစုဆိုတာက သူ့မွေးရပ်မြေ ဧရာဝတီတိုင်းထဲက ဇလွန်ဆိုတဲ့မြို့လေးမှာ ဆွေမျိုးတွေနဲ့အတူ ပျော်နေမယ့်.. ကျွန်မရဲ့ မေမေနဲ့ လပြည့်နေ့ဆိုရင် ( သူ့ကောင်မလေးရဲ့ တိုက်တွန်းမှုကြောင့် ) မေမေ့ကို ကန်တော့ဖို့  နယ်ကို ပြန်ရောက်နေလောက်တဲ့ ကျွန်မရဲ့ တစ်ဦးတည်းသော မောင်လေးနဲ့ သူ့ကောင်မလေးတို့ကို ပါပဲ။ နောက်ပြီး ဆုံးပါးသွားတ လသာ ရှိသေးတဲ့.. ဘယ်ရောက်နေမယ်မှန်း မသိတဲ့ ကျွန်မရဲ့ ဖေဖေ။
          မိသားစုကို တခြားအချိန်တွေမှာလည်း သတိရပေမယ့် အခုလို သီတင်းကျွတ်အချိန်အခါမှာ ဘာလို့ ပိုသတိရတတ်ကြတာပါလိမ့်.. သတိရတာထက် လွမ်းတယ် ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဒီအချိန်ဆိုရင် ဆိုတဲ့ အတွေးနဲ့အတူ အရင်တုန်းက အတိတ်ဆီကို.. စိတ်အစဉ်က ပြန်ပြေးသွားစေခဲ့ပါတယ်။
လွမ်းစရာတွေ အကြောင်းက ပြောမကုန်လောက်ပါဘူး။ မိသားစု ဆိုတဲ့အတိုင်းဘဝမှာ အဆိုးတွေရော.. အကောင်းတွေရော အတူဖြတ်သန်းလာခဲ့ရတာကိုက မိသားစုဆိုတဲ့ အဓိပ္ပါယ်ကို ပိုပြည့်ဝစေခဲ့တာပဲ မဟုတ်လား။ တကယ်တော့ ကျွန်မတို့ ဘဝမှာ မိသားစုဝင်တွေဟာ ဘဝရဲ့ အကြီးမားဆုံး အစိတ်အပိုင်းတွေ အဖြစ်နေရာယူခဲ့သူတွေပါ။ ဖေဖေဆုံးပြီးကစက ကျွန်မမှာ မိသားစုကိစ္စ၊ ကျောင်းကိစ္စ၊ အလုပ်ကိစ္စတွေနဲ့ ခေါင်းထဲ ရှုပ်ထွေးနေရတာအပြင် ကျွန်မဝမ်းနည်းတာ မြင်ရင် မေမေပို ခံစားရမှာ စိုးလို့  သည်းသည်းထန်ထန် မငိုမိအောင် အားတင်းထားခဲ့သမျှ မုန့်ဟင်းခါးစားရင်း မုန့်ဟင်းခါးထဲမှာ ပါလာတဲ့ မြေပဲဆန်စေ့လေးဟာ ကျွန်မကို စားနေရင်းမှာ ဖေဖေ့ကို သတိရစိတ်နဲ့ သည်းသည်းထန်ထန် ငိုချရစေခဲ့ဖူးတယ်။ ကျွန်မငယ်ငယ်က မနက်တိုင်း ဖေဖေ ကျောင်းလိုက်ပို့ရင် အညာသားဆိုတဲ့ အထမ်းသည်ဆီမှာ အတူတူမုန့်ဟင်းခါးစားကြတယ်။ ထူးခြားချက်က ဦးအညာသားရဲ့ မုန့်ဟင်းခါးထဲမှာ မြေပဲဆန်အလုံးလိုက်လေးတွေ ပါတာကို ကျွန်မက သိပ်ကြိုက်တယ်။ ဖေဖေက  သူ့ပန်းကန်ထဲမှာ ပါသမျှကို ကျွန်မကို  ပြန်ထည့်ပေးတတ် တယ်လေ။
မိသားစုဝင်တိုင်းမှာ ကောင်းတဲ့အချက်တွေ ဆိုးတဲ့ အချက်တွေ ရှိတာပါပဲ။ ဒါပေမယ့်.. အမှတ်ရစရာလေးတွေ ပြန်တွေးရင်တော့ ကောင်းတာလေးတွေပဲ ပေါ်တယ်။ ချစ်တဲ့ စိတ်နဲ့ အဆိုးတွေကို မေ့ပြစ်နိုင်တာပဲ ထင်ပါရဲ့..
          မောင်လေးနဲ့ ကျွန်မက နှစ်ကျော်ကျော်ပဲ အသက်ကွာတာမို့ တကယ့် ဆော့ဖော် ကစားဖက် စစ်စစ်တွေ။ ငယ်ငယ်ကတည်းက မောင်နှမလို အပြင် သူငယ်ချင်းလိုပဲ သူက ကျွန်မကို နင်နဲ့ငါနဲ့ပဲ စကားပြောသလို အခုကြီးလာတော့လည်း သူ့ထက် အရပ်ပုပြီး အကောင်သေးလို့ မသိတဲ့ သူတွေက မေးရင် ညီမလေးလို့ ဖြေတတ်သေးပါတယ်။
 
သီတင်းကျွတ်၊ တန်ဆောင်တိုင် လပြည့်ည လိုမျိုးဆိုရင် သူနဲ့ ကျွန်မ ခြံထဲမှာ ဆင်းပြီး ဗန်ဒါ(ဗာဒံ) ရွက်ကလေးတွေနဲ့ မီးခွက်ပုံလေးတွေလုပ် အလယ်မှာ ဖယောင်းတိုင် ထွန်းပြီး ခြံထဲက လမ်းလေးတွေကို အလှဆင်ရင်း ကစားကြတယ်။  
ကျွန်မ၊ မောင်လေးရယ်၊ ဝမ်းကွဲ ညီမလေးရယ် အပြင် တခြား သူငယ်ချင်းတွေ ကလည်း ခြံကျယ်တဲ့ ကျွန်မတို့နဲ့လာ ကစားကြတယ်။ အားလုံးစားဖို့ အမေက ကြာဇံကြော် မဟုတ်ရင် ခေါက်ဆွဲကြော် တစ်မျိုးမျိုးတော့ လုပ်ပေးတာ ချည်းပါပဲ။ အဖေက ကျွန်မတို့ မောင်နှမကစားဖို့အတွက် လက်တွန်းမီးပုံးလှလှလေးတွေ အမြဲဝယ်လာပေးတယ်။ ယုန်ရုပ်ကလေးတွေ။ ဘဲရုပ်ကလေးတွေနဲ့ ရောင်စုံမီးပုံလေးတွေ။ မောင်လေးက သူကြိုက်တာယူပြီးမှ ကျွန်မကို ပေးတတ်တယ်။ ကျွန်မကလည်း ကိုယ်လိုချင်တာ မရရင် အာပြဲနဲ့ အော်ပြီ အဲလိုဆိုရင် အမေက မိန်းကလေးက ဒီအရောင်လေးနဲ့ လှတာ ဘာညာနဲ့ ကျွန်မကို အမြဲ လှည့်ပြောပြီး သူ့သားကိုတော့ ကြိုက်တာယူစေခဲ့တာချည်းပဲ။ အဲဒီကြရင် အဖေက မင်းတို့ သားအမိကတော့ကွာ.. ဆိုပြီး အမေမျက်နှာလိုက်တာကို မကျေမချမ်းပြန်ပြောတတ်ပေမယ့် .. အသံတိတ်သွားဖို့က အဓိကဆိုတော့ ဆက်တော့ မပြောတော့ဘူး။
သီတင်းကျွတ်ဆိုရင် အမေက အဖေ့ကို သူဝယ်ထားတဲ့ အဖေ့အတွက် ပစ္စည်းတစ်ခုခုနဲ့ ကန်တော့တတ်သလို ကျွန်မတို့ကိုလည်း သူတို့နှစ်ယောက်ကို ကန်တော့ခိုင်းတယ်။ အဲလို ညတွေဆိုရင် ရန်ကုန်မှာ အမျိုးများများ သိပ်မရှိလှပေမယ့်။ ကျွန်မဦးလေးအငယ်နဲ့ အဖေ့အစ်ကို တို့ မိသားစုတွေက ကျွန်မတို့ဆီကို လာလည်လေ့ရှိတာ မှတ်မိနေတယ်။ အဲဒီကြရင် ဦးလေးတွေကို ကျွန်မတို့ ကန်တော့ဖို့ အမေက အဆင်သင့် မုန့်ပုံးတွေ ဝယ်ထားတတ်တယ်။ ကန်တော့တာထက် မုန့်ဖိုးရတာ ပျော်စရာ အရမ်းကောင်းပဲ။
မုန့်ဖိုးရပြီဆိုရင် မောင်လေးက သူ့မုန့်ဖိုးကြတော့ ဂိမ်းခွေဝယ်ဖို့ သိမ်းထားပြီး ကျွန်မရတဲ့ မုန့်ဖိုးနဲ့ ဗျောက်အိုးတေ၊ွ မီးပုံးပျံတွေ၊ မီးရှုးမီးပန်းနဲ့ ပေသီးတွေ ဝယ်တော့တာပဲ။ ပါးစပ်က မကျေမနပ် ပွစိပွစိ လုပ်ပေးမယ့် ဆော့ချင်တော့လည်း ဝယ်တာပါပဲ။ ပေသီးတွေကို ဖောင်းကနေမြည်အောင် ပစ်ချပြီး ထွက်လာတဲ့ မီးခိုးကြားမှာ နင်းဂျားဆိုပြီး ခုန်ကျော်ရတာကို ကျွန်မတို့ အားလုံး သိပ်ကြိုက်ကြတယ်လေ။ ဝယ်ထားပြီးတဲ့ ကစားစရာ အားလုံး ကုန်ပြီ ဆိုရင်တော့ ပိုက်ဆံမကုန်တဲ့ ငရဲမီးပဲ ဆော့ကြရတာပေါ့။
ပွဲဈေးတန်းရှိတဲ့ နှစ်တွေဆိုရင်တော့ မိသားစုလေးယောက် ပွဲဈေးတန်းလျှောက်ပြီး ပွဲဈေးမှာ တွေ့တဲ့ မိချောင်းရုပ်တို့ အိုးပုတ်တို့၊ မျက်နှာဖုံးတွေတို့ ဝယ်ရတာလည်း သတိရမိပါသေးတယ်။ ကျွန်မ အမေက ပွဲဈေးတန်းက မုန့်တွေကို သိပ်ကြိုက်တယ်။ ဖေဖေကတော့ ဖုန်တွေကြားကမုန့်တွေကို စားတာ သိပ်မကြိုက်ပေမယ့် သိပ်တော့မတားရှာပါဘူး။
ကျွန်မတောင် ဒီလို သတိရနေရင် မေမေလည်း ဖေ့ဖေ့ကို လွမ်းနေမှာပဲလို့ ကျွန်မတွေးမိတယ်။ သူ့သားနဲ့ သူချွေးမအနားမှာ ရှိပေမယ့် တစ်ချိန်လုံး ငှက်ကလေးနှစ်ကောင်လို တစ်ပူးတွဲတွဲနဲ့ ရှိနေတတ်တဲ့ ကျွန်မအဖေနဲ့အမေ.. အခုတော့ အမေတစ်ယောက် သူ့ယောင်္ကျားကို ကန်တော့ဖို့ သတိရနေရှာတော့မယ်။ ကျွန်မ မောင်လေးတို့ စုံတွဲကို ကြည့်ပြီး သူတို့ ငယ်ငယ်ဘဝကိုများ အမေလွမ်းနေရှာမှာလား။
သီတင်းကျွတ်မီးထွန်းပွဲတော်နဲ့ သက်ကြီးဝါကြီးတွေကို ကန်တော့ရတဲ့ မြန်မာ့ဓလေ့လေးကို ကျွန်မတော့ သိပ်ချစ်စရာကောင်းတယ်လို့ မြင်မိပါတယ်။ ရိုးရာဓလေ့တွေရဲ့ နောက်ကွယ်မှာ သူ့ရဲ့ လူမှုဝန်းကျင်အတွက် လိုအပ်တဲ့ အကြောင်းအရာတွေကို ဖြစ်တည်စေတဲ့  စိတ်ကူးအရင်းခံလေးတွေ ရှိနေတတ်တာကို သတိပြုမိတယ်။ လူကြီးနဲ့ လူငယ် ဆက်ဆံရေးကြားမှာ အဖုအထစ်လေးတွေ ရှိနေတတ်တာ သဘာဝပါပဲ။ ဒါပေမယ့် ဒီလို အချိန်မျိုးမှာ အငယ်ဖြစ်တဲ့ သူတွေကလည်း တမင်သက်သက်လုပ်ရတာ မဟုတ်ဘဲ ရိုးရာပွဲတော်အရ လာကန်တော့၊ လူကြီးတွေကလည်း မုန့်ဖိုးပြန်ပေးရင်း ဆုပြန်ပေးရင်း ပြန်ပြီး အဖုအထစ်တွေက ပြေသင့်သလောက်ပြေသွားတတ်တာပေါ့။ မဟုတ်ရင် လူငယ်တွေကလည်း လူငယ်မာန်နဲ့ လူကြီးကလည်း လူကြီးမာန်နဲ့ဆို အေးခဲသွားတတ်တာမို့ ဒီဓလေ့က ဖြေဆေးလေး တစ်ခုလိုပေါ့။ နောက်ပြီး လူကြီးအရွယ်ရောက်လာလို့ ကန်တော့ခံ ဘဝ ရောက်လာပြီဆိုရင် ငါတကယ် ကန်တော့ခံဘဝနဲ့ ထိုက်တန်ဖို့ နေလာပြီ ဆိုတဲ့ အတွေးလေးကလည်း ကန်တော့ခံရတဲ့ လူကြီးတွေရဲ့ စိတ်ထဲ အနည်းနဲ့အများ ရောက်လာစေနိုင်တာပဲမို့ လူတစ်ယောက်ကို သူ့ရဲ့ ဂုဏ်သိက္ခာကိုသူ ထိမ်းသိန်းစေချင်လာတဲ့ စိတ်တွေလည်း တနည်းတဖုံ ဖြစ်ပေါ်လာစေမယ် ထင်ပါရဲ့။
နောက်ပြီး အမျိုးတွေ၊ ဆရာသမားတွေဆီ သွားကန်တော့ရတော့ ကိုယ့်အလုပ်နဲ့ ကိုယ် ရှုပ်ပြီး မတွေ့ဖြစ်တာ ကြာတဲ့သူတွေ ပြန်တွေ့ဖြစ် စကားတွေပြောဖြစ်တော့ ခင်မင်မှုတွေကို ပိုခိုင်မြဲစေတာပေါ့။ တကယ်လိုလာပြီဆိုရင် အနေနီးတော့ အရေးကြီးရင် သွေးနီး ဖြစ်မယ်လေ။
နောက်ပြီးကျွန်မတို့ကို မေမေက နေ့စဉ် အိပ်ယာဝင်ချိန်တိုင်း ဖေဖေ့ကို ကန်တော့ဖို့ သင်ခဲ့တာလည်း မိသားစု အလေ့အကျင့်အပြင် မိသားစုကို ခိုင်မြဲစေတဲ့ နည်းလမ်းတစ်ခုအဖြစ်လည်း ကျင့်သုံးခဲ့တာလေလားလို့ ကျွန်မ ခုမှ ပြန်တွေးမိတယ်။
ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ သီတင်းကျွတ်ချစ်စရာဓလေ့လေးကို ကျွန်မတို့ လက်ထက်မှာ ဆက်လက်ထိန်းသိမ်းဖြစ်ဖို့ တွေးမိတယ်။ ပြောသာပြောရတယ်။ မနက်ဖြန်မှ မေမေ့ကို ကန်တော့ဖို့ သူ့အကြိုက် Yardley ပေါင်ဒါရယ်  ပုဝါလေးတစ်ထည်လောက်တော့  သွားဝယ်ရမယ်။ ဒီစာရေးနေတဲ့ အထိ မဝယ်ရသေးဘူး။ ဒီနှစ်တော့  ဖေဖေ့အတွက် မဝယ်ရတော့ဘူးပေါ့နော်.. 

ကျွန်မသူငယ်ချင်းက ဒီနေ့ ကျွန်မကို သီတင်းကျွတ်မီးထွန်းပြီးပြီလားတဲ့။ ကျွန်မသူ့ကို ပြန်ဖြေမိတယ် ဟင့်အင်းလို့။ ကျွန်မ အခုနေတဲ့ အခန်းက သူငယ်ချင်းတစ်ယောက်နဲ့ သူရဲ့သူငယ်ချင်းတစ်ယောက် နှစ်ယောက် အတူစပ်ငှားထားတဲ့ အခန်း၊ သူတို့က သူတို့ နိုင်ငံကိုပြန်ချိန်နဲ့ ကျွန်မ ဒီမှာ ရှိနေမယ့် အချိန်ကကွက်တိဖြစ်နေတာကြောင့် ကျွန်မဆက်နေဖြစ်တာမို့ အခုနေရတဲ့ အခန်းမှာ သူတို့နှစ်ယောက်ရဲ့ပစ္စည်းတွေ၊ စာအုပ်တွေနဲ့ ပြည့်နေတဲ့အပြင် ကျွန်မရဲ့ စာအုပ်တွေ အဝတ်အစားတွေ နဲ့ ပြည့်နေတာမို့ ဘုရားမီးပူဇော်ဖို့ဆိုတာ မီးလောင်မှာကို ဖိတ်ခေါ်သလိုဖြစ်နေမှာမို့ ကျွန်မ စိတ်မကူးမိဘူး။ ကျွန်မခေါင်းရင်းမှာ ဘုရားပုံတော် ထောင်ထားတာလေးကလွဲရင် ဘာမှ မလုပ်မိဘူးလေ။
          ဒါပေမယ့် ကျွန်မမေမေ နဲ့ ဖုန်းပြောရင် လပြည့်နေ့မှာ ကိုယ်စောင့်နတ်ကို မြတ်စွာဘုရားကို လှူဒါန်းနိုင်ဖို့ မီးလှူပေးဖြစ်သေးလားလို့ မေးလာရင် ကျွန်မလိမ်လည်း မလိမ်ချင်၊ အငြိုငြင်လည်း မခံချင်တာနဲ့ အခန်းထဲမှာ ဝေ့ရှာလိုက်တော့ သူငယ်ချင်းရဲ့ စာအုပ်စင်ပေါ်မှာ ဖယောင်းတိုင်၊ အမွေးတိုင်နဲ့ မီးခြစ်ပါ အဆင်သင့် တွေ့တော့ ဝမ်းသာအားရနဲ့ ဘုရားမီးပူဇော်ရင်း ကိုယ်စောင့်နတ်ကိုလည်း မီးပူဇော်ဖို့ စိတ်ထဲက ပြောမိတယ်။ ဒီနေ့ လုပ်ထားတဲ့ အလှူဒါနကိုလည်း အမျှပေးဝေခဲ့တယ်။ စိတ်ထဲကလည်း ကဲ တာဝန်ကျေပြီ အမေ့ကို လိမ်စရာမလိုတော့ဘူးပေါ့..
သီတင်းကျွတ်ရာသီနဲ့ သူ့ရဲ့ပျော်စရာ ဓလေ့လေးကတော့ နောက်နှစ်များစွာအထိ ကျွန်မတို့ မြန်မာလူမျိုးတွေအတွက် ဆက်ရှိနေဦးမှာပါ။ ကျွန်မအတွက်ကတော့ သူငယ်ချင်းတစ်ယောက် ဖွင့်ပြတဲ့ သီချင်းတွေနဲ့ အွန်လိုင်းက အပျိုကြီး မကျွတ်သေးဘူးလားဆိုတဲ့ နောက်သံရယ်အသက် မတိမ်းမရိမ်း သူငယ်ချင်းတွေရဲ့ အတင်းလိုက် ကန်တော့နေတဲ့ နောက်သံတွေကလွဲပြီးဒီနှစ်ကတော့ ကျွန်မရဲ့ အခြောက်ကပ်ဆုံး သီတင်းကျွတ်ပါပဲ အသက်အရွယ်နဲ့ အချိန်အခါက ပျော်စရာတွေကို တိုက်စားကုန်ပြီ ထင်ပါရဲ့….
မေ့နေတာ ကြာပြီဖြစ်တဲ့ ကလေးဘ၀တုန်းက သင်ခဲ့ရဖူးတဲ့ ကဗျာလေးတစ်ပုဒ်ကို အစ်မတစ်ယောက်ရဲ့ စတေ့တပ်မှာတွေ့တော့ ပြန်သတိရလာမိတယ်
သီတင်းကျွတ်ပြီ မီးပုံးပျံလွှတ်ရအောင် မီးစာကို ရေနံဆွတ်ပါ မိုးလွတ်ပါမည်လား..
အလွမ်းပြေ
(၁၃.၁၀.၂၀၁၁)

0 comments: