Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Showing posts with label ကိုယ်တိုင်ရေး ဝတ္ထု. Show all posts
Showing posts with label ကိုယ်တိုင်ရေး ဝတ္ထု. Show all posts
Tuesday, October 28, 2014
အမှန် နဲ့ အမှား သံသရာ
5:20 AM | Posted by
Phyu |
Edit Post
ကျွန်မသည် လူကြိုက်နည်းသော၊ အမှားများသော
သတ္တဝါ တစ်ကောင်ဖြစ်ပါသည်။ ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်ခြင်းသည် ကျွန်မ ဥာဏ်မမီသော ဘာသာရပ်တစ်ခု။
လောကမှ လွတ်မြောက်ရာ အေးချမ်းရာကို
ရှာဖွေသိမြင်နိုင်သော ဥာဏ်စွမ်းကို ရလိုပါ၏ အရှင်ဘုရား ဟု ဆုတောင်းရင်း ဘုရားတန်ဆောင်း
လှေကားတွေကနေ တစ်ထစ်ခြင်း ဆင်းလာခဲ့သည်။
ဘုရား တံဆောင်း အောက်တွင် တိုးတိုးကြိတ်ကြိတ်
ရန်ဖြစ်နေသော စုံတွဲ တစ်တွဲသည် ပတ်ဝန်းကျင်ကိုပင် သတိ မမူချင်တော့။ကောင်လေး၏ သုန်မှုန်သောသော
မျက်နှာဘေး နှင့် “ မင်းငါ့ကို တစ်ချိန်လုံး မှားတယ်လို့ အပြစ်ဆို နေဖို့ချည်း ကျိုးစားနေရင်
ငါတို့ လမ်းခွဲကြမယ်” ဆိုသောအခါ ကောင်မလေးက ငိုယိုပြီး တဖုန်းဖုန်း ထုကာ “ ကိုယ့် အပြစ်ကို
ကိုယ်မသိဘဲ ထောက်ပြတဲ့သူကို အပြစ်တင်တယ်” ဟု ဆိုနေသည်။
အော် ဘယ်သူ မှန်ပြီး ဘယ်သူများ မှားနေကြပါလိမ့်။
(၁)
အခန်း တံခါးကို ချိန်းကနဲ ပိတ်လိုက်တဲ့
အသံသည် ကျွန်မအတွက် တရားစီရင်သံ တစ်ခုလို ဖြစ်သည်။ သူမ ထွက်မပြေးပါ။ သို့သော် မတောင်းပန်မိ။
အမေ နှစ်လုံးပူး ကြိမ်ကို လေထဲကို မြှောက်လိုက်ချိန်တွင် သူမ အံကို တင်းတင်း ကြိတ်လိုက်သည်။
အမေ့ ဒေါသကို ပိုဆွလိုက်သလို ဖြစ်သွားသည်။
ယောင်္ကျားလေးသူငယ်ချင်း ထားခွင့် ရှိသော်လည်း
ယောင်္ကျားလေး တစ်သိုက်နှင့် ဘောလုံးကန်ခြင်းကြောင့် ကျောင်းက ဆရာမ ဖုန်းဆက်တိုင်ခံရသောအခါ
သေသေချာချာ မှာထားရက် လုပ်ဖြစ်အောင် လုပ်သော သမီးကို အမေ ဒေါသ ထွက်သင့်ပါသည်။ သို့သော်လည်း
ကျွန်မ၏ ရိုးသားသော အပြုအမူအတွက် ကျွန်မ ကလည်း လုပ်ချင်တာလုပ်ပြီးပြီမို့ ခံရမည့် အတိုင်း
ခံလိုက်မည်ဟု စိတ်ကို ဒုံးဒုံးချ ပြီး အမေ့ အရိုက်ကို ခံပါသည်။ ထိုသို့ ရိုက်သော အမေ့ကို
သူမ စိတ်မငြိုငြင်၊ စိတ်မဆိုးခဲ့ပါ ကိုယ့် အပြစ်ကို ကိုယ် ခံရသည်ဟု သာ သတ်မှတ်ပြီး
အပြစ်ပေးခြင်းကို ခံယူခဲ့ခြင်းပင် သို့သော် နာကျင်မှု ဒဏ်အတွက် အံကြိတ်ခံခြင်း၊ မရိုက်ပါနဲ့
နောက်မလုပ်တော့ ပါဘူးဟု မတောင်းပန် ခြင်းသည် အမေ့အတွက်တော့ အာခံခြင်းဟု အဓိပ္ပါယ်သက်ရောက်သည်
အမေ့ဒေါသကို အရှိန်ငြီးငြီး တောက်လောင်စေသည်။
(၂)
လှပသော လုပ်ဖော်ကိုင်ဖက် အမျိုးသမီး၏
မျက်နှာသည် ခံရခက်ခြင်းနှင့် ပြည့်နှက်နေကြောင်း သူမ ကောင်းစွာ ရိပ်စားမိသော်လည်း ထို
အမျိုးသမီး စိတ်တို့ကို ရုပ်မဆိုး စေလိုပါ။ ဒီထက်ဘာမှလည်း ပိုပြီး လုပ်မပေးတတ်ပါ။ သူ
ဒေါသပြေအောင် လုပ်ပေးခြင်မိသော်လည်း သူမ မည်သို့ လုပ်ရမည် မသိခဲ့ပါ။
အလုပ်ဝင်ကာစ သူမကို တကယ်ဆို ရာထူးခြင်းတူပေမယ့်
အရင်အလုပ်ဝင်သူမို့ စီနီယာအဖြစ် ပထမပိုင်း သူ့လူဖြစ်အောင် မြူသည် ထို့နောက် သူမကို
အများအရှေ့တွင် အာဏာပြ သူ့အောက်ရောက်အောင်လုပ်သည့် ထိုအမျိုးသမီးကို မြူ မရ ခြောက်မရ သူမက ပုံမှန် နေမြဲအတိုင်း
တုန့်ပြန်သောအခါ ပတ်ဝန်းကျင်တွင် သူ့ အပြုအမူက သိသာထင်ရှားစေသလို မရည်ရွယ်ဘဲ ဖြစ်သွားခဲ့သောအခါ ထိုအမျိုးသမီးအတွက် အမျက်သိုစရာ ဖြစ်ကုန်သည်။
သူမ၏ ပုံမှန် အနေအထားသည် မည်သူ့ကိုမှ
ထိခိုက်လိုခြင်း အလျင်းမရှိစေလိုသော ဆန္ဒဖြစ်သော်လည်း အမှန်တကယ်တွင်မူ သူမ ရည်ရွယ်ချက်အတိုင်း
ဖြစ်မလာဘဲ။ သူများပေးသော အပူကို မယူလိုသော သူမသည် ထို မယူလိုက်ခြင်းက အပူရှိသူကို အပူထပ်အောင်
လုပ်မိရက်သားပါလား ဆိုသည့် အကြောင်းအရာကို နောက်များမှ သဘောပေါက်လာခဲ့သည်။
(၃)
“သူက ငါ့ကို သိပ်ချစ်တယ်။ နင့်အကြောင်း
သိသွားတော့ ငါ့ကို သူ့ကို မထားခဲ့ပါနဲ့ ဆိုပြီး ငိုပြီး တောင်းပန်နေတာ အခုထိပဲ၊ ငါမရှိရင်
သူ့ဘဝအတွက် မဖြစ်ဘူးတဲ့” ချစ်သူက သူ့ နောက်ထပ်ကောင်မလေး
အကြောင်း ကျွန်မကို ပြောပြနေခြင်းပင် ဖြစ်သည်။ ကျွန်မတို့ ချစ်သူအဖြစ် တွေ့ဆုံ မှုသည်
ဒီနေ့ နောက်ဆုံး ဖြစ်လိမ့်မည်ဟု ကျွန်မ သိပြီးပင် ဖြစ်သည်။ ကျွန်မ ဘဝ တစ်လျှောက် မှာ ချစ်သူ များစွာ
မရှိပါ။ နီးစပ်သူ တစ်ချို့တလေ ရှိသော်လည်း
ကျွန်မ ချစ်မိသူဟု စိတ်ဒုံးဒုံးချ မိသူ အရေအတွက်သည် လက်တစ်ဖက် မပြည့်။ ထို့ကြောင့်
ကျွန်မ ချစ်သူဟု ကျွန်မ စိတ်ကို ယုံကြည်စွာ သတ်မှတ်ခဲ့သူ တို့ကို ကျွန်မ နှင့် ချစ်သူ ဘဝတွင် အကျွင်းမဲ့
သစ္စာတရားနှင့် ချစ်ခြင်းမေတ္တာတို့ကို ပေးထားသည်။ ဘာမှ ပြန်ရယူ လိုခြင်း အလျင်းမရှိ။ ကျွန်မ ပေးတတ်သမျှ
မေတ္တာတို့ကို ကျွန်မ ပေးစွမ်းနိုင်ဖို့ ကျိုးစားခဲ့သည်။
အခုလည်း သူ့ကို သိပ်ချစ်သူကို သူ ရှာဖွေတွေ့သည်ဟု
ဆိုလာသောအခါ ကျွန်မ သူ့အတွက် တကယ် ဝမ်းသာမိပါသည်။ အချစ်ကို ပေးချင်သူက ပေးတိုင်းလည်း
ရရှိနေသူတိုင်းက ခံစားမိဖို့ ခက်ခဲပါသည်။ အပေးအယူမျှ ကာမှသာ အချစ်ကို ခံစားမိကြသည်ဟု
ကျွန်မတော့ ထင်မိသည်။ ကျွန်မ အချစ်ထက် အင်အားကြီးသော အချစ်ကို သူခံစားမိတော့ ကျွန်မ
ဘာများတတ်နိုင်ဦးတော့မှာလဲ သူ့ အတွက် ဝမ်းမြောက်ပေးရုံသာ မဟုတ်လား။ ကျွန်မနှင့် အတူရှိချိန်တွင်
သူ့အတွက် ကျွန်မ၏ ငြူစူခြင်း ကင်းသော ချစ်ခြင်း မေတ္တာတို့ကို ပေးစွမ်းနိုင်သလောက် ပေးစွမ်းမည်
ဖြစ်သော်လည်း သူမနေလိုက ကိုယ့် အတ္တဖြင့် သူ့ကို အတင်းဆွဲထားခြင်းမျိုးသည် မလုပ်အပ်ရာဟု
ကျွန်မ ယူဆ မိပါသည်။
“ငါလည်း နင့်ကို ချစ်ပါတယ်။ နောက်ပြီး
နင့်ကို ချစ်တဲ့သူရှိတာ နင် အဲဒီ မေတ္တာကို ကြည်ကြည်နူးနူး ရှိနေတာ နင် ဝမ်းသာနေတာကိုလည်း
မြင်ရတော့ ငါ ဝမ်းသာပါတယ်..” လို့ စိတ်ထဲက ပြောနေပေမယ့် အဆုံးသတ် စကားဖြစ်တဲ့ “ငါ ဝမ်းသာပါတယ်”
သာ နှုတ်က ထွက်လာသည်။ ဒီလိုနှင့် “နင်ဟာ သိပ်သွေးအေးပြီး မချစ်တတ်တဲ့သူပဲ” ဟု နာနာကျည်းကျည်း
ဆိုရင်း သူက ကျွန်မကို ကျောခိုင်း ထွက်ခွာ သွားခဲ့သည်။
သူ့ကို သိပ်ချစ်တယ်ဟု သူကျွေးကျော်ခဲ့သော
သူ့ ချစ်သူ အသစ်နှင့် သူလည်း တစ်နှစ်တောင် မပြည့် ကွဲကွာသွားကြသည်။ အချစ်ကို ကစားသူကြီး
အဖြစ် သူ့နာမည် ကျော်ကြားလာသောအခါ ကျွန်မမှ စိတ်မကောင်း ကြီးစွာ ဖြစ်ရပြန်သည်။ လမ်းမှာ
ပြန်တွေ့သောအခါ အချစ်နှင့် အမုန်း ခံစားချက် မရှိသူမှာ ကျွန်မ ဖြစ်နေပြီး သူ့ မျက်လုံးထဲမှ
နာကျည်းမှုကို တွေ့ရသောအခါ ကျွန်မ ပေးသော မေတ္တာသည်
သူ့အတွက်တော့ နာကျည်းမှု ဖြစ်စေခဲ့တာ ရလဒ်ကောင်း မဖြစ်တာ ဝမ်းနည်းစရာ ကောင်းလွန်းလှသည်။
(၄)
အေးအတူ ပူအမျှဟု ယူဆထားသော သူငယ်ချင်းသည်
ကျွန်မ နောက်ကွယ်တွင် ကျွန်မ မကောင်းကြောင်း လူယုံလောက်အောင် ပြော၊ သူ အတွက် အခွင့်အလမ်းများ
ဖန်တီးပြီး လေခါးထစ် တစ်ခုလို နင်းတတ်သောအခါ အနင်းခံရလို့ နာကျင်ပေမယ့် သူ ဒီလိုမှ
မတက်ရင် သူမှာ လမ်းမရှိရှာဘူးလေ လို့ တွေးရင်း တုန့်ပြန်မှု မပေးဘဲ ခပ်မဆိတ်နေကာ ခံနိုင်ရည်
မရှိသောကြောင့်သာ နောက်တစ်ခါ အနင်း မခံရရေးကို ရှောင်တိမ်းလိုက်သည်။
သို့သော် ကျွန်မ၏ ခပ်မဆိပ်မှုကို သူငယ်ချင်းက
အိပ်နေသောကျား တစ်ကောင်လို ယူဆကာထားကြောင်း သဘောပေါက်လာသောအခါ အထိတ်တလန့် ဖြစ်ရသည်။ တကယ်တမ်းတော့
သူမ၏ ခပ်မဆိပ်မှုကို သူမက စာနာ နားလည်မှုလို့ နာမည်တပ်ထားခြင်းပင်။ သို့သော် နင့်ကို
စာနာ နားလည်ထားတာလေဟု ဖွင့်ပြောခဲ့လျင် ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော် ဖြစ်လေဦးမယ်။
ဖွင့်ပြောခြင်းသည်သော်လည်း မဖွင့်ပြောခြင်းသည်သော်လည်းကောင်း ရလဒ် မကောင်းလှ။ ဖြေဆေးမရှိသော
အခြေအနေပင် ဖြစ်သည်။
(၅)
ကျွန်မသည် သွေးအေး သတ္တဝါတစ်ကောင်ဖြစ်မှန်းမသိ
ဖြစ်လာနေသည်။ အရှိအတိုင်း အဖြူသက်သက် နေထိုင်ခြင်း၊ ပတ်ဝန်းကျင်အလိုက် အရောင်မပြောင်းခြင်း၊
သက်ရောက်မှုတိုင်း အပေါ် တန်ပြန်သက်ရောက်မှု မရှိခြင်းတို့က လူဆန်ဖို့ ကျိုးစားရင်း
လူမဆန်သလို ဖြစ်လာသည်။ရလဒ်က ရည်ရွယ်ချက်နဲ့ ဆန့်ကျင့်ဘက်တွေ။ လောက နေနည်းကို ကျွန်မ သိဖို့ လိုနေပြီ။ သို့သော် ထိုသည်တို့ကို ကျွန်မ ဘယ်လို ဖြေရှင်းရမည်မသိ။
သိသာသိပြီး နည်းလမ်းလည်း မရှိ။ အေးချမ်းလိုသော ကျွန်မ အတ္တကို ကျွန်မ ပုံဖော် မိသလား။
(၆)
လူဘောင်လောက အတ္တ နဲ့ လောဘမှာ အဆုံးသတ်တရားဆိုတာ
မရှိဘူး မစန္ဒမာလာ။ လောကမှာ အနတ္တကို ဆင်ခြင် နိုင်သည့်တိုင် အသိက သတိ ဖြစ်ဖို့ ခဲယဉ်းလှတယ်။
ဒါကြောင့် သတိလေးကပ်ပြီး ဖြစ်ပျက်တရားကိုသာ ဆင်ခြင် နိုင်အောင် ကျိုးပမ်းပါလေ။
သတိ တစ်ချက် လစ်ထွက်သွားသော အတွေးရေယဉ်ကျော
မြောခဲ့သော ဆရာလေး သည် မိမိကိုယ်ကို ပြန်ဆုံးမရင်း ဆက်ဆင်းပြီး ကျောင်းသင်္ခန်းဆီကို
ဦးတည်ရင်း ဘုရားတန်ဆောင်း လှေကားတွေကနေ တစ်ထစ်ခြင်း…..။
Thursday, December 5, 2013
အိပ်မက်တွေ အရောင်မလွင့်စေဖို့
6:02 AM | Posted by
Phyu |
Edit Post
ဘဝကြီးက ပုံမှန် တွေ့နေကျ အချိန်မှန်
ဖြတ်သွားနေကျ မြို့ပတ်ရထားလို ပျင်းရိပျင်းတွဲ
ကြီးပါ။ ရုန်းကန်နေရတဲ့ အချိန်တွေမှာ ပင်ပန်းတယ်။ သာမာန်အချိန်တွေမှာ ရိုးအီတယ်လို့
ကျွန်မ ခံစားမိနေသလိုပဲ။ အဲဒီလို ခံစားရတာ မကြိုက်ပါဘူး။ ဒါကြောင့် ပျင်းရိချိန်မရအောင်
ကျွန်မ အလုပ်တွေ အများကြီး လျှောက်လုပ်မိတယ်။ ခန္ဓာအိမ်ဟာ အနှားဝင်နေရတဲ့ အရာတစ်ခုအလားဆိုတော့ ကိုယ့်အဖို့အပြင် သူများ အဖို့ပါ
အကျိုးရှိပါစေကြောင်း အကျိုးရှိကောင်း ရှိနိုင်တယ် ဆိုတဲ့ အရာတွေကို ကျွန်မ လျှောက်လုပ်မိတယ်။
ဒီလောက်ပါပဲ။ သူများတွေလို ကမ္ဘာကြီးပြောင်းလဲဖို့ အကြောင်း ကျွန်မ မတွေးပါဘူး။ ကိုယ်ခွန်အားနိုင်သလောက်တော့
ကောင်းမယ် ထင်တာလေးတွေ ရွေးလုပ်ကြည့်မိရုံပါပဲ။ ကျန်တာကိုတော့ မက်မက်တွယ်တွယ် သိပ်မရှိလှပါဘူး။
အချိန်တန်ရင် စွန့်သွားရမယ့် အရာတွေပဲလေ။
ဒီလို အတွေးတွေ ဒီလို ခံစားချက်တွေဟာ
လူလတ်ပိုင်း ဝေဒနာလို့တောင် ပြောလို့ရလေမလား။ ကျွန်မ သူငယ်ချင်း ရဲ့ မျက်နှာကို ငေးကြည့်ရင်း
ကျွန်မ ထပ်တွေး နေမိတယ်။ သူကတော့ သူ့အလုပ်ကို သူပျင်းနေပြီလို့ ကျွန်မကို ရင်ဖွင့်နေလေရဲ့။
မြန်မာနိုင်ငံကနေ ကမ္ဘောဒီးယား ကို ကျွန်မ အာဆီယံဒေသဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ အစည်းအဝေးတစ်ခုကို
တက်ဖို့ ရောက်နေခဲ့ရင်း ကျွန်မရဲ့ ထိုင်းမှာ
ကျောင်းတက်တုန်းက အတန်းဖော် ကမ္ဘောဒီးယား သူငယ်ချင်းနဲ့ ပြန်ဆုံကြရတာပါ။
ဖနွမ်ပင်မြို့ကို ဖြတ်ပြီး စီးဆင်းနေတဲ့
မြစ်ကမ်းနဘေးက ကော်ဖီဆိုင် မှာ ကျွန်မတို့ နှစ်ယောက် ထိုင်နေကြတယ်။ ငြိမ့်ညောင်းတဲ့
အနောက်တိုင်း ဂီတသံနဲ့ အတူ မြစ်ဘက်ကို မျက်နှာမူပြီး ဘေးတိုက် ထိုင်နေတဲ့ ကျွန်မတို့
နှစ်ယောက်ကို တစ်ချက် တစ်ချက် သဘာဝ လေအေးက ဖြတ်သန်းကျီစယ် သွားပါသေးတယ်။ Tonle Sap
မြစ်နဲ့ မဲခေါင်မြစ် တို့ ဆုံရာ နေရာကို ကျွန်မတို့
ထိုင်နေတဲ့ ကော်ဖီဆိုင်ကနေ လှမ်းမြင်နေရပါတယ်။ အေးမြ ငြိမ်းချမ်းတဲ့ အချိန်တစ်ခုပါပဲ။ မြစ်ရဲ့ တစ်ဖက်ကမ်းမှာတော့ ညနေက ကျွန်မကို သူလိုက်ပို့တဲ့ အိမ်ရာသစ်ကြီးကို လှမ်းမြင်နေရပါတယ်။ နာမည်ကိုက
Elite City တဲ့လေ လူကုံထံမြို့ လို့များ မြန်မာလို ပြန်ရလေမလားလို့ ကျွန်မ တွေးမိတယ်။
အဲဒီ မြို့ဘက်ကို သွားတဲ့ လမ်းတစ်လျှောက်မှာတော့ ကားမောင်းနေရင်း သူက သူအရင်လုပ်ခဲ့တဲ့ မြို့ပြ အိမ်ယာမဲ့တွေကို ကူညီတဲ့ ပရောဂျက်အကြောင်းကို ပြောပြပါတယ်။ အဲဒီ အိမ်ယာ ကိုယ်ပိုင်မရှိတဲ့ လူတွေဟာ အခုလို မြို့ပြ စီမံကိန်းတွေကြောင့် သူတို့ နေထိုင်ရာ နေရာတွေ ကနေ အတင်းအကြပ်ရွေ့ပြောင်းခြင်းကို ခံခဲ့ရသလို
လူမှုဒုက္ခတွေ ဘယ်လို ခံစားရကြောင်း ပြောပြသလို။ သူတို့ နိုင်ငံရဲ့ လက်ရှိအခြေအနေဖြစ်တဲ့ ကမ္ဘာ့ လာဒ်စားမှုအကြီးမားဆုံး အစိုးရ စာရင်းဝင်မှာ
မြန်မာနဲ့ ကပ်လျက်စာရင်းဝင် သူတို့ နိုင်ငံ အစိုးရအကြောင်း၊ အစိုးရနဲ့ပေါင်းပြီး လက်ဝါးကြီး
အုပ်သူ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ အကြောင်း၊ ငွေချေးရပြီးရော လုပ်တဲ့ ကမ္ဘာချေးငွေ
ပေးရာ အဖွဲ့အစည်းတွေနဲ့ တိုင်းပြည် အခြေအနေကို သေချာ မလေ့လာဘဲ ပရောဂျက်လုပ်ရပြီးရော
ဝင်လာတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကြောင့် တိုင်းပြည်ကျွေးတင်၊ အကျိုးထိထိရောက်ရောက်
မရှိဖြစ်ရတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အကြောင်းကို ကားပေါ်မှာ တလျောက်လုံး သူက ကရားရေလွှတ်
ပြောပြရင်း ငါတို့ အစိုးရမကောင်းကြောင်းကို လမ်းလျှောက်ရင်း မပြောရဲဘူး အခု ကားမောင်းရင်းမို့
ပြောရတာလို့ သူက ရယ်ပွဲဖွဲ့ ပြောခဲ့သေးပေမယ့် သူ့ရဲ့ သူတိုင်းပြည်ကို ဒီထက်ပို ကောင်းစေချင်တဲ့
စေတနာနဲ့ ဖွံ့ဖြိုးရေးသမား စိတ်ကို လှစ်ဟပြနေတာကို ပြောပြနေတဲ့ သူ့မျက်နှာကို ကြည့်ရင်း
ကျွန်မ ဖတ်နိုင်ပါတယ်။
သူနဲ့ကျွန်မ စတွေ့စဉ်တုန်းက သူ့ကိုယ်သူ
လူမှုကယ်ဆယ်ရေး အရပ်ဘက်လူ့အဖွဲ့အစည်းတစ်ခုရဲ့ မြို့ပြ အိမ်ယာမဲ့တွေရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်သူ စေတနာ့ဝန်ထမ်းတစ်ယောက်လည်းဖြစ်၊
တက္ကသိုလ်တစ်ခုရဲ့ နည်းပြဆရာ ပေါက်စ တစ်ယောက်လည်း
အဖြစ် သူ့ကိုယ်သူ စပြီး မိတ်ဆက်တုန်းက တက်ကြွ ဂုဏ်ယူနေတဲ့ သူ့မျက်နှာနဲ့ အခု သူ့အလုပ်ကို
သူပျင်းနေပြီလို့ ရင်ဖွင့်နေတဲ့ သူမျက်နှာ သိပ်ကွာနေပါလားလို့ ကျွန်မ တွေးမိပါတယ်။
အခုတော့ အားလျော့နေပြီလား။သူ ပျင်းနေပြီ ငြီးငွေ့နေပြီလို့ အလွယ်ပြောလိုက်ပေမယ့် သူပြောချင်တဲ့ သူ့စိတ်ထဲက အကြောင်းအရာဟာ ဒီထက်တော့ ပိုလိမ့်မယ်လို့ ကျွန်မသိပါတယ်။
“ ငါလူမှုရေးတွေပဲလုပ်လို့ မရတော့ဘူး
စီးပွားရှာချိန်တန်ပြီကွာ.. လူငယ် ဘဝ ကုန်ကာနီးပြီလေ။ ငါ အမေရိကားသွားပြီး အလုပ်လုပ်ရင်း ကျောင်းဆက်တက်ရင်
ကောင်းမလား။”
“ဟင် နင်အခု လုပ်နေတဲ့ အလုပ်တွေကို
တကယ် စွန့်နိုင်ပြီလား”
“ဝါသနာအရ လူမှုရေးလုပ်ငန်းမှာလုပ်တယ်။
ငါ မာစတာပြီးလို့ တက္ကသိုလ်မှာ ဆရာလုပ်တယ် ဂုဏ်ရှိတယ်။ ဒါပေမယ့် ငွေရေးကြေးရေးအရ လုံခြုံမှု
မရှိဘူး။ အနာဂတ်က မရေရာဘူး။ ငါ့ကို အိမ်က ဖိအားပေးနေပြီလေ။ မင်း အိမ်ထောင်ပြုရင် မိန်းမကို
ကောင်းကောင်းထားနိုင်ပြီလို့ ကိုယ့်ကိုကိုယ် ယုံလား ပြန်မေးကြည့်လို့ ငါ့ အဖေ ပြောတဲ့
အခါဆို ငါသိပ်စိတ်ဆိုးတာ၊ ဒါပေမယ့် ပြန်ပြောစရာ စကားမရှိဘူးလေ”
“ဘာ.. နင် အချစ်သစ်တွေ့တာ .. ငါ့ကိုတောင်
မပြောဘူး… ငါက နင် အသည်းကွဲတုန်းလို့ ထင်နေတာ”
ကျွန်မတို့ ကျောင်းတက်တုန်းက သူက ဂျပန်မလေးနဲ့
ချစ်သူ ဖြစ်ခဲ့ပြီးမှ လမ်းခွဲလိုက်ကြတာမို့ ကျွန်မက သူ့ကို အသည်းကွဲကောင်းနေတုန်းလို့
ထင်နေတာရယ်.. သူက သူဘာလုပ်လုပ် ကျွန်မကို ပြောပြတတ်တာရယ်ကြောင့် ကျွန်မက အံ့သြသွားတာပါ။
“ မဟုတ်ပါဘူးဟာ.. ငါတို့ တွေ အရွယ်က
အိမ်ထောင်ပြုရမယ့် အရွယ်ရောက်နေပြီကိုး ၊ ဒါကြောင့် ဒီလို အပြောခံရတယ်လို့ ပြောတာ။
ငါ အိမ်ထောင်ပြုမယ် ရည်းစားရှိနေပြီလို့ မပြောရပါလား”
“သြော်မသိပါဘူးဟယ်.. ငါက ငါတောင် မသိလိုက်ရပါလားလို့..”
“ နင် စိတ်ပူသွားတာလား၊ နင့်ကို ငါ ဝန်ခံစရာရှိတယ်ဟ.. တကယ်ပြောရရင် ကျောင်းမှာတုန်းက
နင့်ကို ငါ သဘောကျတာ၊ ငါတို့က ခမာတွေဆိုတော့ နင်က မြန်မာပြည်က ဆိုတော့ ငါတို့ တဲ့ သွေးချင်းနီးသလို
ငါက စိတ်ထဲမှာ ခံစားပြီး နင့်ကို ခင်သလို၊ နင့်ကို သဘောလည်းကျတာ။ နင်က နင့်က ရည်းစားရှိတယ် ဆိုလို့ ငါ နောက်ဆုတ်ခဲ့တာ၊ အခုတော့ တို့နှစ်ယောက်လုံးမှာ
ချစ်သူတွေ မရှိတော့ဘူး၊ တို့ နှစ်ယောက်ရဲ့ ကံတရားပဲ ထင်ပါရဲ့ဟာ ”
“ တော်ပါဟယ်… ငါ့ကိုလာနောက်နေသေးတယ်”
“ငါ မနောက်မှန်း နင် တနေ့နေ့တော့သိမှာပါ၊
နင်တို့ တိုင်းပြည်ကို ငါ တစ်နေ့နေ့ အရောက်လာပြီး နင့်မိဘတွေနဲ့ လာတွေ့မယ်လေ”
“ နင်လာနောက်နေသေးတယ်.. တော်ကြာပဲ အနောက်ဘက်ကို
သွားဖို့ စဉ်းစားနေတဲ့ နင်က ငါတို့လို ဆင်းရဲတဲ့ နိုင်ငံလေးကို လာဦးမယ် ဟုတ်လား”
ကျွန်မ စကားကြောင့် သူမျက်နှာနဲနဲတည်သွားပြီး
…
“ဟုတ်တယ်ဟာ.. တကယ်က ကျောင်းဆရာ လခ ဆိုတာကလည်း
ဘယ်လောက်မှ ရှိတာမဟုတ်၊ စုမိဆောင်းမိ မရှိနိုင်ဘူးလေ.. အိမ်က မိဘတွေက စီးပွားရေး လုပ်စေချင်တယ်။
စီးပွားရေးနယ်ပယ်ထဲမှာ တရားမျှမျှ တတနဲ့ လုပ်တဲ့သူဆိုတာကလည်း ဒုံရင်းကနေ တက်မှာ မဟုတ်ဘူး။
တကယ် ကြီးပွားအောင်မြင် ဖို့ ဆိုတာက လာဒ်စားတဲ့ အစိုးရနဲ့ပေါင်း ၊ ဂွင်ဖန်ပြီး လုပ်နိုင်မှသာ။
အဲလို လုပ်ဖို့ကလည်း ငါ့ စိတ်က မပါဘူး။ အဲဒါကြောင့် အနောက်ဘက်သွားပြီး ကျောင်းလည်း
တက်ရင်း အလုပ်လည်း လုပ်ရင်းလုပ်ရင်တော့ ငါ့မိဘတွေလဲ စိတ်ချ၊ ငါလည်း ငါ့ပညာနဲ့ ထိုက်တန်တဲ့
လုပ်ခ၊ လစာအပြင် ဝါသနာပါရာနဲ့ အသက်မွေးခွင့် ရှိမလားလို့ စဉ်းစားမိတာပါဟာ။ နင်ရော..
နင့် နိုင်ငံနဲ့ ငါ့နိုင်ငံက ဘာမှ မထူးဘူး။ နင့်ကို လည်း စဉ်းစားစေချင်တယ်။ နင့်တိုင်းပြည်မှာ
နင်ပျော်တာ ငါသိပါတယ် ဒါပေမယ့် ဘဝ သက်တမ်း တဝက်လောက် ငါတို့ သူများအတွက် အလုပ်လုပ်ခဲ့ပြီးပြီပဲ။
အခု ကိုယ့်အတွက် ကိုယ် ပြန်စဉ်းစားဦးနော်”
ကျွန်မက သူ့စကားကြောင့် ရယ်ပြီး..
“ ဆရာရယ် နင့်ငါ့ကို တွေ့ရင် ဆရာလုပ်မှ
လုပ်ပါ့မလားလို့”.. လို့ နောက်တော့ သူရော ကျွန်မပါ
ရယ်မောမိသည်။
သူက ကျွန်မကို ဆရာ အမြဲလုပ်နေကျ။ သူက
စိုးလည်း စိုးရိမ်တတ်သည်။ ကျွန်မတို့ ကျောင်းမှာတုန်းက တောနယ်ဘက် ခရီးသွားကာနီး ဆိုလည်း
သူက ကျွန်မကို အဖေ တစ်ယောက်လို ဘာတွေ မကျန်စေနဲ့ ဆိုပြီး စာရင်းနဲ့ မှာတတ်သလို.. သူက
ကျောင်းလာမတက်ခင်ကတည်းက သူ့တိုင်းပြည်မှာ ဘွဲ့လွန် တစ်ခု ပြီးပြီးသားမို့ သူ့ကို ကျွန်မ စာမေးနေကျ၊ သိပ်တင်းကြပ်ပါတယ် ဆိုတဲ့ ပရောဖက်ဆာရဲ့ ကျောင်းသား ၄ ယောက်ထဲ ရှိတဲ့ အတန်းကို နှစ်ယောက်သား ယူမိရဲ့သား အတူတူ ဖြစ်တုန်းက ဆို စာကြည့်တိုက် နဲ့ ကျောင်းထဲ စာကြည့်ခန်း မှာ ငုတ်တုတ် နေ့လုံးပေါက်၊ ညလုံးပေါက်နီးပါး အတူ စာလုပ်ခဲ့ရတဲ့ သူတွေ ဆိုတော့
ကျွန်မကို ဆရာလုပ်တာ သူ့အကျင့်၊ သူနဲ့ ကျွန်မ ကြားမှာ သူက ဆရာပဲလေ။ သူဟာ လူတော်လေး တစ်ယောက်ပါ။
သူ့ကို ကျွန်မ ငေးကြည့်ရင်း သူသာ ထွက်သွားခဲ့ရင်
သူ့နိုင်ငံအတွက်တော့ ပင်လယ်ထဲက ရေတစ်ပေါက် ဆုံးရှုံးရဦးမှာပဲ။ ဒါပေမယ့် ပင်လယ်ဆိုတာ
ရေအပေါက်ပေါင်းများစွာ စုစည်းလာပြီးမှ ဖြစ်လာသလို ဒီရေပေါက်လေးတွေ မရှိရင် ပင်လယ်ဆိုတာ
ဖြစ်လာမှာမဟုတ်ဘူးလေ။ လူငယ်တစ်ယောက်ချင်းစီ ဆိုတာကလည်း အဲဒီနိုင်ငံကြီး တစ်ခု ကောင်းလာဖို့အတွက် အားတစ်ခုစီပါပဲ။ အဲဒီ အားတွေ စုစည်းလိုက်ပြီးမှ
နိုင်ငံရဲ့ စစ်မှန်တဲ့ ပြောင်းလဲ တိုးတက်ဖွံ့ဖြိုးမှုတွေ ဖြစ်လာတာမဟုတ်ဘူး။
သူလို နိုင်ငံကို သံယောဇဉ်ရှိပြီး ကျိုးစားခဲ့တဲ့
လူငယ်တွေ ဘယ်လောက်များများ သူ့လို မရေရာတဲ့ အနာဂတ်တွေကြောင့် အားလျော့ လိုက်ရမလား လို့ စဉ်းစားနေတာ ဘယ်နှယောက်များ
ရှိနေမလဲလို့ ကျွန်မ တွေးမိတယ်။
ကျွန်မတို့ မြန်မာနိုင်ငံရဲ့ လူငယ်ထုမှာရော..
ဘယ်လို အခြေအနေများ ရှိပါသလဲ။ ကျွန်မတို့ နိုင်ငံမှာ ပိုများနိုင်ပါတယ်။
တိုင်းပြည် တစ်ပြည် တကယ်ပဲ တိုးတက်ကြီးပွားလာဖို့ ကောင်းမွန်လာဖို့
ဆိုရင် လူငယ်တွေကို မပြုစု မပျိုးထောင်နိုင်ရင် ဖြစ်လာနိုင်စရာ လမ်းမရှိသလို ပြုစုပျိုးထောင်ထားတဲ့ လူငယ်တွေကိုလည်း ရေရှည်ရှင်သန်နိုင်အောင်
အခွင့်အလန်းတွေ ပေးမထားနိုင်ရင် လူငယ်တွေရဲ့ အင်အားတွေကို မစုစည်းနိုင်ရင် တိုင်းပြည်ဟာ
နလံထူလာနိုင်စရာ မရှိပါဘူး။
ကိုယ်နေတဲ့နေရာ မကောင်းရင် ထွက်သွားရုံပေါ့
ဆိုတာ တစ်ကိုယ်ကောင်းမဆန်လွန်းပေဘူးလား ပိုကောင်းလာအောင် ကျိုးစားဖို့က ကျွန်မတို့
တာဝန်ပဲလေ လို့ ကျွန်မ သူ့ကို ပြောတော့ သူက ဟုတ်တော့ ဟုတ်ပါတယ် ဆိုပြီး ခေါင်းကို လေးလေးပင်ပင်
ငြိမ့်ပြပါတယ်။
သူ့တိုင်းပြည်အတွက်လည်း သူ ထွက်မသွားပါစေနဲ့လို့ ကျွန်မ ဆုတောင်းမိသလို။ ကျွန်မတို့ နိုင်ငံမှာလည်း
နိုင်ငံဖွံ့ဖြိုးရေးမှာ တတပ်တအား ပါဝင်ပြီး အများအတွက် ဆောင်ရွက်ပေးနိုင်တဲ့ သူတစ်ယောက်
ဖြစ်ဖို့ အပြင် လူငယ်တွေအတွက် လူငယ်တွေရဲ့ အခွင့်အရေးအတွက်၊ အနာဂတ်ကို ဖန်တီး တည်ဆောက်နိုင်ဖို့အတွက် ၊ တနည်းအားဖြင့် ကျွန်မတို့
ကိုယ်တိုင်ရဲ့ အခွင့်အရေးအတွက် အဓိကထား ကျိုးစားရဦးမယ်လို့ ကျွန်မတွေးနေမိပါတယ်။
မဲခေါင်မြစ်ရေ..
စီးသံနဲ့အတူ ကျွန်မ တွေးနေမိပါတယ်။ ကျွန်မရဲ့ ပျင်းတွဲတွဲ ဖြစ်နေတဲ့ လူငယ်မကျ လူကြီး
မကျ အရွယ်ရဲ့ ဝေဒနာကလည်း ဒီအတွေးနဲ့အတူ လွင့်ပျယ်သွားပါတော့တယ်။ ကျွန်မတို့ နိုင်ငံအတွက်
လူငယ်တွေ အတွက် ဒီထက်ပို ကျိုးစားရဦးမယ်။ တိုင်းပြည်ရဲ့ အနာဂတ် မျှော်လင့်ချက်တွေ အရောင်မမှိန် သွားစေဖို့။ ကျွန်မတို့ လူငယ်အိပ်မက်တွေ အရောင်လွင့်ပျယ်
မသွားဘဲ တောက်ပလာစေဖို့ လူထု အတူတူ ကျိုးစားကြရပါဦးမယ်။ တိုင်းပြည်ရဲ့ "အနာဂတ်ကို ထုဆစ်ဖို့ ၊ လူငယ်ထုကို မြှင့်တင်" ပေးကြရကြရဦးမှာပါ။
Monday, July 29, 2013
ငိုသံ
7:32 AM | Posted by
Phyu |
Edit Post
ဟော.. ရွာဦးကျောင်းက အုန်းမောင်းခေါက်ပြီ ကိုရင် သာအေး အိပ်ရာက နိုးလာပြီ။ အနားက အိပ်မောကျနေတဲ့ သားနဲ့ သမီးကြီး ကိုသူတစ်ချက် ငေးကြည့်ပြီး .. အိမ်နောက်ဖေးကို ဆင်းသွားတာကို အေးမိ ပိတောက်ပင်ကြီးအောက်နေ လှမ်းကြည့်နေမိသည်။
အိမ်မှာ ဆန်ကုန်နေသည်ကို သူ့ယောင်္ကျားတွေးနေမည်လား။ သမီးနဲ့သား ကျောင်းဖွင့်ချိန်လည်း နီးလာပြီ.. သူ့ယောက်င်္ကျား ဘောက်လုပ်သူ ကိုသာအေး တစ်ယောက် အဆင်မပြေမှုများကြောင့် မပြုံးတာ ( ၂) နှစ်တောင် ရှိပါပေါ့လား။
အခန်း ( ၁ )
အဲဒီနေ့ည… ဟုတ်သည်… အဲသည်ညကို အေးမိ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပါ။ အင်္ဂလိပ်ပြက္ခဒိန် ဘယ်နေ့မှန်း အေးမိ မသိပါ။ မမှတ်မိသည်က သမီးနဲ့သားက အေးမိ တစ်ဘက် တစ်ချက်တွင် ကွေးကွေးလေး အိပ်ပျော်နေကြသည်။ မိုးက ရွာလာသံကို ကြားရသည်.. အော် မိုးတွေတောင် လာပါပေါ့လို့ အေးမိတွေးရင်း.. ဘုရားစင်အောက်မှာ အိပ်နေတဲ့ ယောင်္ကျားကို လှမ်းကြည့်မိတယ်..။ သူကတော့ ပုဆိုးဟောင်းလေးကို ခြုံလို့ကွေးနေသည်။
တဖြည်းဖြည်း မိုးရော လေပါ ကြမ်းလာသည်.. ကလေးနှစ်ယောက်ကလည်း အေးမိကို တိုးဖက်လာရင် အမေကြောက်တယ်ဟု ပြောလာသည်။ လေတိုက်သံက မကောင်းဆိုးဝါးတစ်ကောင်း အော်ပြေးလာသလို အေးမိရင်ထဲ ခံစားရသည်။ အေးမိတို့၏ ဓနိမိုး ထရံကာ ဝါးအိမ်လေးမှာ ဒန်းသဖွယ် ရမ်းနေသည်။ အေးမိ ကြောက်လွန်းလာကာ ယောင်္ကျားကို လှမ်းခေါ်တာတောင် အသံက ထွက်မလာသလိုဖြစ်နေသည်။ ထိုအချိန်တွင် သူ့ယောင်္ကျား ကိုရင် သာအေး၏ အေးမိ ထထ ရေတွေတက်လာပြီ .. ပြေးကြမယ်.. ငါတို့ ရွာဦးကျောင်း ရောက်အောင် ပြေးကြမယ် ။ ကလေးတွေ လက်ကို ဆွဲထား.. လာ ငါ့နောက်လိုက်လာ ဟူသော ပလုံးပထွေး အော်ခေါ်သံကြောင့် ထပြေးမိသည်.. ကလေးတွေက စတင်ငိုနေကြပြီ အိမ်ကလေး မှာလည်း အမိုးတွေ မရှိတော့ ..နားထဲတွင် တော်လဲသံလို အသံများနှင့် .ပိန်းပိတ်အောင် မှောင်နေသော ပတ်ဝန်းကျင်.. လူလွင့်ပါတော့မည့် လေတိုက်အားနှင့် ရေတွေသာ … အာရုံထဲတွင် ရှိနေသည်။
ဘုရား ကမ္ဘာပျက်တာလား.. ကိုရင် သာအေးက သမီးနှင့်သားကို လက်တစ်ဖက်စီတွဲလို့.. အေးမိက သားလက်ကို ဆွဲရင်း ရွာဦးကျောင်းဆီသို့ မှန်းပြီး ပြေးကြသည်.. ဒါပေမယ့် ..အမှောင်နှင့် မိုးလေတွေကြားမှာ .. သူတို့ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိတော့… နောက်က လိုက်လာသော ရေလှိုင်းတွေက တစ်နေရာ အရောက် အေးမိကို လာပုတ်ထုတ်လိုက်သည်။ သားလက်ကို တွဲထား … ကိုရင်သာအေးရဲ့ အော်လိုက်တဲ့ အသံက ဝေးသွားသလိုပဲ…ကိုင်ထားတဲ့ သားရဲ့ လက်ကလေး လွတ်ထွက်သွားတယ်.. အေးမိရေစီးနဲ့ အတူ ပါသွားခဲ့တယ်… နောက် ဘာဆို ဘာမှလဲ မသိတော့ဘူး..။
အခန်း ( ၂ )
အေးမိ ဘယ်ကိုရောက်နေမှန်းမသိ ..လွင်ထီးခေါင်ကြီးထဲ လမ်းလျှောက်နေမိတယ်.. သားလေးရော.. သမီးကြီးရော…. ကိုရင်ရေ .. ကျုပ်ကို လာခေါ်ပါဦးတော့လို့ .. အော်နေမိတယ်။ အနားက ဖြတ်သွားတဲ့ တချို့လည်း ကိုယ့်လို အပူတွေနဲ့ .. တစုံတခု ကို ရှာဖွေ နေကြတဲ့ ပုံတွေပဲ။ ကျုပ်အော်သံကို တစ်ချို့က ကြားတဲ့ပုံနဲ့ လှည့်ကြည့်ပြီး တစ်ချို့ကတော့ မကြားတဲ့ ပုံနဲ့ အနားက ဖြတ်သွားတယ်.. ကိုရင်ရေ..။
ဒါနဲ့ အေးမိစိတ်ထဲမှာ.. အိမ်နေရာကို သတိရလို့ အပြေးအလွားရှာမိတယ်.. အမလေး အေးမိတို့ အိမ်လေး မရှိတော့ပါလား.. အိမ်နားက ပိတောက်ပင် ကြီးကတော့ အကိုင်းတွေ မကျန်တော့ပေမယ့် ပင်စည်ငုတ်ကြီး ကျန်နေတယ်။ အေးမိ ဘယ်ဆက်သွားရမယ် မှန်းမသိတော့ အဲဒီ အပင်ကြီး နားမှာပဲ ထိုင်နေမိတယ်။
အော် ငါတို့ ပြေးကြတာ ရွာထိပ်က ဆရာတော်ကျောင်းကိုပဲ .. အေးမိကျောင်းဝန်းနား တဝဲလည်လည် သွားကြည့်မိတယ်။ ကိုရင်တို့ သားအဖတွေ.. လှမ်းခေါ်ပေမယ့် ကိုရင် စိတ်ညစ်နေလို့ ထင်ပါရဲ့ ကျုပ်ကို လှည့်တောင် မကြည့်ဘူးလေ။ အေးမိ စိတ်ဆိုးလာမိတယ်… ဒါပေမယ့် .. နောက်တော့ အေးမိ သဘောပေါက်လာခဲ့တာ… ဘုရားသခင်.. ကျမတို့တွေ ..ဘဝတွေ ခြားသွား ကြပါပြီလား။
နောက်တော့ .. ရွာကို အကူညီတွေရောက်လာတယ်.. အေးမိတို့ အိမ်ကလေးကိုလည်း ပြန်ဆောက်ကြတယ်.. ဒါတွေ အားလုံးကို အေးမိ ပိတောက်ပင်ကြီးမှာနေရင်း ကြည့်နေခဲ့ရတယ်။
ခုဆို အေးမိ ပိတောက်ပင်ကြီးမှာ နေလာတာ.. ၂ နှစ်တောင် ရှိပါပြီး..
ကိုရင် သာအေး .. စိတ်လို လက်ရ ဘုရားရှိခိုးရင်.. ရင်ခေါင်းသံကြီးနဲ့ .. အေးမိရေ အမျှပါကွာလို့.. ဆိုတတ်ပေမယ့်.. ကျုပ် သာဓုမခေါ်နိုင်ဘူး ကိုရင်ရယ်..။
ကျုပ် သားတွေ သမီးတွေ .. နောက် ကိုယ့်ကိုကိုယ် ဂရုမစိုက်လို့ ကျုပ် အမြဲ သတိပေးရတဲ့ ကျုပ်ရဲ့ ငယ်ပေါင်းချစ်လင် ကိုရင်ရယ်.. ကျုပ် စိတ်မချနိုင်ဘူးတော့…
ကျုပ်တို့ အိမ်မှာ ဆန်အိုးထဲ ဆန်မရှိဘူး…
ပြီးခဲ့တဲ့ နှစ်က ကျောင်းတက်ချိန် နှစ်ယောက်လုံး ကျောင်းမထားနိုင်လို့ သားကိုပဲ ကျောင်းအပ်နိုင်ခဲ့တယ်..
ခုလာမယ့် နှစ်ရော…
ကျုပ်လေ..သားသမီးတွေ ကွယ်ရာ ပိတောက်ပင်ကြီးအောက်မှာ..
အေးမိရေ.. သူတို့ကတော့ ဝက်တွေ လာပေးပါရဲ့ကွာ.. ငါတို့မှာ အလုပ်ရှားလွန်းလို့ ..ထမင်းနပ်မှန်အောင် စားနိုင်ဖို့ ကြိုးစားရင် အကြွေးတွေ တင်ရာက .. ရောင်းလိုက်ရတယ်ကွာ..
အေးမိရေ… ငါတော့ ဒီနှစ် ငါးဖမ်းလို့ မရလို့ ဘောက်ပဲရှာလုပ်ရတော့မယ်ကွာ.. မြို့ကလူတွေ လေလံရ.. ငါတို့ ရွာသားတွေ ချောင်းမှာတောင် ငါးဖမ်းမရ.. ငါတို့ သားအဖတွေ .. ငတ်များ ငတ်တော့မလားကွာ…
အေးမိရေ… လုပ်ငန်းတွေ မကောင်းတော့ .. မင့်ကလေးတွေ ငါ ကျောင်းဘယ်လိုထားရမလဲကွာ.. ကျုပ်ကလေးတွေ ..သေစာရှင်စာတတ်ရုံတင်.. ကျုပ်တော့ မကျေနပ်နိုင်ပါဘူး.. ပညာတတ်ကြီးတွေ ဖြစ်စေချင်တာတော့လို့ .. ပြောခဲ့တဲ့ .. မင်းစကားကို ငါဘယ်လို ဖြည့်ဆည်းရမလဲကွာ..
အေးမိရေ.. အိမ်ကလေးကို ပြင်.. အမိုးတွေ မိုးရတော့မယ်.. ဓနိစိမ်းတွေပဲ ခုတ်မိုးနိုင်တော့တယ်ကွာ.. ကြာကြာတော့ မခံလောက်ဘူး… အိမ်မလုံရင် ကလေးတွေ .. အအေးပတ်တာ ဖျားတာတွေ ဖြစ်လာရင်.. မင်းလဲ မရှိဘူး.. ငါ ဘယ်လို.. လုပ်ရမလဲကွယ်….
သမီးလေးလဲ မုန်တိုင်းနဲ့ ကြုံပြီးကတည်းက အရမ်းကို လန့်တတ်နေတယ်.. ရွာကို လာတဲ့ ဆရာလေးကတော့ .. စိတ်ကို ကုရမှာလို့ ပြောတယ်.. ငါလဲ .. ဘာလုပ်ပေးရမလဲ.. မသိပါဘူးကွာ..
အေးမိရေ.. ငါ လူလောကမှာ အသက်ရှင်ရတာ ပင်ပန်းလွန်းလှတယ်.. မင်းနဲ့အတူ တို့အားလုံး ဘာလို့ ပါမသွားတာလဲ ကွယ်…
ဆိုတဲ့ …
… ရှင့် ကငိုသံတွေ .. ကျုပ် ရှင့်နားမှာ ထိုင်ပြီး နားထောင်ပေးခဲ့တာ .. ကိုရင်ကတော့ မသိရှာဘူး…
တကယ်ဆို .. ကျုပ်လဲ .. ဒီလို ဘဝကြီးမှာ မနေချင်ဘူး ကိုရင်ရယ်…
ကိုရင်နဲ့ ကျုပ်သား၊သမီးတွေကို စိတ်ချရရင် ကျုပ် လွတ်မြောက်ရာကို သွားချင်ပြီ..
ဒါပေမယ့် ကျုပ်မသွားနိုင်သေးဘူး… ခုထိ.. ၂ နှစ်ကြာတဲ့ အထိ.. မသွားနိုင်သေးဘူး…..
ကိုရင် ငိုတဲ့ အသံကို ကျုပ်ကြားနိုင်ပေမယ့်…
ဟောဒီက အေးမိရဲ့ ဝိဥာဉ် ငိုသံကို ကိုရင် မကြားနိုင်ပါဘူး…
ဘယ်သူကမှလဲ .. မကြားနိုင်ပါဘူး….
ကျုပ် အမြဲ ငိုနေရတယ်.. ၂ နှစ်ရှိပြီ ကိုရင်ရယ်…။
စာနာစွာဖြင့်..
အလွမ်းပြေ
( ၃၀.၄.၂၀၁၀)
* ဒီနေ့ မိုးတွေ အရမ်းရွာနေတာကနေ ရေကြီးနေကြတဲ့ သတင်းကို ဖတ်မိရင်းက နာဂစ်မုန်တိုင်း ၂ နှစ်ပြည့်တုန်းက ခံစားရေးထားတာပြီး Blog မှာ မတင်ဖြစ်တဲ့ ဒီဝတ္ထုလေးကို သတိရပြီး တင်လိုက်တာပါ။
Labels:
ကိုယ်တိုင်ရေး ဝတ္ထု
|
1 comments
Friday, April 26, 2013
မျဉ်းပြိုင်များ
11:18 AM | Posted by
Phyu |
Edit Post
ဒီနေရာမှာ ကျွန်မတို့ ထိုင်နေကျပါ။
ဒီနေ့တော့ ပူလှချည်လား။ လေအေးပေးစက် ဖွင့်မှ ဖွင့်ထားရဲ့ လားလို့ ကျွန်မ တွေးမိတယ်။ ကျွန်မရှေ့က
ကော်ဖီက အငွေ့သေနှင့်နေပြီ။ တကယ်တော့ ချိန်းထားတဲ့ အချိန်ထက် ကျွန်မ တစ်နာရီ ကြိုရောက်နှင့်နေခဲ့တာလေ။
တည်ငြိမ်ဖို့အတွက် အချိန်လိုတယ် မဟုတ်လား။
ကော်ဖီဆိုင်ရဲ့ လှေကားပေါ် လူတစ်ယောက်
တက်လာတဲ့ ခြေသံကို ကျွန်မ ကြားနေရသည်။ ဒါ သူ့ခြေသံမှန်း ကျွန်မသိပါသည်။ လူတိုင်း လာနိုင်တဲ့
နေရာ ဖြစ်သလို ဆိုင်မှာ ဝန်ထမ်းလေးတွေ တက်လိုက် ဆင်းလိုက် လုပ်နေတဲ့ လှေကားက ခြေသံ
တစ်ခုကို ကျွန်မ တတ်အပ်ပြောနိုင်တာ မအံ့သြလိုက်ပါနဲ့။ သူဆိုတာ ကျွန်မ ကျွန်မ အတွက်
ဘယ်သူနဲ့မှ မတူတဲ့ ကျွန်မရဲ့ ချစ်သူလေ။ ကျွန်မ ချစ်ရတဲ့ သူ ။
ကျွန်မလှည့်မကြည့်မိဖို့ ကြိုးစားရင်း
လက်က နာရီကို ငုံကြည့်နေမိတယ်။ သူ နာရီဝက် စောလာတာပါလား။ သူထက် စောစွာ ကျွန်မက ရောက်နှင့်နေပြီလေ။
သူ့မျက်လုံးကို တည့်တည့်ကြည့်ပြီး ပြုံးပြ
လိုက်သည်။ ကျွန်မ ပြုံးနိုင်ခြင်းကို မနှစ်မြို့တဲ့ လှိုင်းတစ်ခု သူ့ မျက်နှာပေါ်ကို
ဖြတ်ပြေးသွားတယ်။
“ အဲဒီလို မပြုံးစမ်းနဲ့ ဒါ ပြုံးစရာ အချိန်မှ မဟုတ်ဘဲ။
ဟန်ဆောင်တာ မင်းမကျွမ်းကျင်ပါဘူး။”
ပိုက်ဆံအိတ် ကို ခုံပေါ်တင်ရင် မထိုင်ချ
ခင်မှာ .. မောင့်ဆီက ပထမဆုံး စကားသံ ထွက်လာတယ်။ မောင်ရယ် အဲဒီလို ချောင်ပိတ်မိလို့
ပြန်လှန်တဲ့ အလုပ်မျိုး မလုပ်လိုက်ပါနဲ့။ ကျွန်မ မောင့်ကို ဘယ်တုန်းကမှ ချောင်ပိတ်အောင်
လုပ်မယ့်သူ မဟုတ်ရတာ မောင် အသိဆုံး မဟုတ်လား။
“ တို့ အပြုံးက မပီပြင်တာ ဖြစ်ကောင်း
ဖြစ်မှာ.. ဒါပေမယ့် ဟန်ဆောင်တာ မဟုတ်ရပါဘူး။ တို့ တကယ် ပြုံးပြတာပါ။ ဒီလို ပြုံးနိုင်ဖို့
မောင်နဲ့ လာမတွေ့ခင် တို့ တော်တော် ကိုယ့်စိတ်ကို ကိုယ် ပြင်ဆင်ခဲ့ရတာပါ.. တို့ တကယ်
ဟန်မဆောင် ပါဘူး”
သူက ခပ်တွန့်တွန့် ပြုံးတယ်။
“ အေးပါ.. မောင့်ကို မင်း စိတ်ဆိုးနေသေးတယ်လို့
ထင်နေလို့ပါ.. မင်း စိတ်နာနာ နဲ့ ပြုံးမှာ ကိုယ်ကြောက်တယ်”
ကျွန်မ မောင်သောက်ဖို့ အမေရိကာနို ကော်ဖီ တစ်ခွက် မှာလိုက်တယ်။
လည်ချောင်းထဲက ပြောရမယ့် စကားတွေ ပျောက်ရင်း ဆွံ့အ ခြောက်သွေ့လာသည်။ ကျွန်မ ဘာပြော ရမှာ ပါလိမ့်။ မထင်မှတ်ဘဲ ထွက်သွားတဲ့ စကားက .. ကျွန်မ အတွင်း စိတ်ကို လှစ်လိုက်သလို.. ကျွန်မ အသိချင်ဆုံး အကြောင်းကို တည့်တည့် မေးမိသွားသည်။ တကယ်တော့ ကျွန်မ အဲဒီလို တန်းမေးသင့် ပါရဲ့လား .. ကျွန်မ မတွေးနိုင်တော့ပါ။
“ မောင့် ကောင်မလေး အကြောင်း တို့ကို
ပြောပြဦးလေ”
“ ကိုယ်တို့ နှစ်ယောက် တွေ့တာ သူ့ အကြောင်း
ပြောဖို့လား ကိုယ်တို့ နှစ်ယောက် အကြောင်း ပြောဖို့လား”
“ နှစ်ခုလုံးပေါ့မောင်ရာ”
“ ကောင်းပြီလေ.. မင်းပြောစေချင်တဲ့
အကြောင်းက စပြောကြတာပေါ့”
“မောင့် သဘောပါ”
“မင်းကို မောင် တောင်းပန်ပါတယ်..
မင်းကို မောင် သစ္စာဖောက်မိတယ်..ဒါပေမယ့် မင်းကို မချစ်တာတော့ မဟုတ်ဘူး ဆိုတာ မောင့်ကို
ယုံပါ”
လေအေးပေးစက် အခန်းထဲမှာ မောင့် နဖူးပြင်မှာ
ချွေးစို့ နေတာ တွေ့ရတော့ သူမ အားတောင် နာမိတယ်။ တကယ်ဆို မောင့်လောက် အရာရာကို
သွေးအေးအေးနဲ့ ဖြေရှင်းတတ်တာ မောင်ပဲ ရှိတာ။ မောင့်ရဲ့ အဲဒီ အားသာချက် တစ်ခုကိုပဲ ကျွန်မက
အတုယူစရာ တစ်ခုလို အမြဲ သတ်မှတ်ထား ခဲ့တာ။ မောင် ဒီလို ဖြစ်နေတာကို စိတ်မကောင်း ဖြစ်မိပါရဲ့…
ယုံကြည်မှုတွေကို အလွဲသုံးစား လုပ်မိသူ တစ်ယောက်ရဲ့ ခံစားချက် သူခိုးလူမိတဲ့ ခံစားချက်မျိုး မောင် ခံစားနေရတာလား။
“ ဒါပေမယ့်…. ကိုယ် တို့ မတွေ့ရတဲ့
အချိန်တွေ များလာချိန်မှာ မင်းကို သွေးအေး
လာတယ် .. အဲဒီမှာ သူနဲ့ စတွေ့တာပဲ ..”
ကျွန်မ ကြိုးစားပြီး ခေါင်းငြိမ့်ပြလိုက်တယ်။
မောင်က ကျွန်မကို အကဲခတ်သလို ဝေ့ကြည့်လာတယ်။
“ ဆက်ပြောပါမောင်… မောင့် ကောင်မလေးက
ငယ်တယ်နော်… ငယ်ဂုဏ်နဲ့ ချစ်ဖို့လည်း ကောင်းတာပါပဲ”
“ ဟုတ်တယ်.. သူက ငယ်တယ်.. ချွဲတယ်…
နွဲ့တယ်… ကိုယ်တို့ နီးစပ်လာတယ်.. သူက သိတတ်တယ်.. ကိုယ့်ကို ချစ်တယ်..ကိုယ် သာယာ မိပါတယ်..”
မောင်က စကားကို ရပ်ထားသည်… မောင် နောက်ထပ်ပြောလာမယ့်
စကားအတွက် သူမ တစ်ခုခု ပြောဖို့ လိုမယ် ထင်ပါရဲ့…
“တို့မှာလည်း အပြစ်ရှိပါတယ်မောင်… သူ
မောင့်ကို ချွဲနေတဲ့ အချိန်မှာ တို့က အလုပ်တွေ များနေခဲ့တယ်လေ.. မောင့်ကိုမောင်ချည်း
အပြစ်မတင်ပါနဲ့”
ကြိုပြောလိုက်တဲ့ ကျွန်မ စကားကြောင့်
မောင်က အံ့သြသွားပုံနဲ့ .. ဒီစကားကို ကြားရမယ်လို့
မောင် ထင်မှတ်ထားခဲ့ပုံလည်း မပေါ်ပါ..
“အင်း… ဟုတ်တယ်… ကိုယ်လည်း အလုပ်များပါတယ်လေ…
ကိုယ်အားတဲ့ အချိန်နဲ့ မင်းအားတဲ့ အချိန် မကိုက်နဲ့ အချိန်တွေမှာ ကိုယ့် အနား သူ ရောက်လာခဲ့တာပဲ..
ကိုယ် တောင်းပန်ပါတယ်.. ကိုယ် တကယ် မရည်ရွယ်ဘဲ ဖြစ်သွားခဲ့တာပါ”
ကျွန်မ သူ့လက်ကို တင်းတင်း ဆုတ်ထားမိတယ်။ ကိုယ့်ချစ်သူ နောက်တစ်ယောက်ကို ချစ်သွားတာ နောက် တစ်ယောက်နဲ့
နီးစပ်သွားတာကို ခံနိုင်ရည် ရှိတဲ့ မိန်းကလေးများ
ရှိမယ်လို့ မောင် ထင်နေလို့လား .. ကျွန်မ ရင်ထဲမှာ
ဘယ်လောက်အထိ ဝမ်းနည်း ပြီး ငိုနေလည်း ဆိုတာ မောင် သိရဲ့လား။
“ တို့ အပြစ်တွေလည်း ပါပါတယ်.. ဒါပေမယ့်
မောင်.. မောင့် ချစ်သူဟာ ဘယ်လို လူလည်း တို့ ချစ်သူ မောင်ကလည်း ဘယ်လို လူလည်း ဆိုတာ
တို့တွေ တစ်ယောက်ကို တစ်ယောက် သိပြီးသားမို့ တစ်ယောက် အလုပ်ကို တစ်ယောက် နှစ်သက်ခဲ့ကြတာ အားပေးခဲ့ကြတာပါ။
အခုမှ ဒါကို အပြစ်လို့ ဝန်ခံရပေမယ့် အရင်ကတည်းက သိပြီးသား အပြစ်ပါနော်.. ဒီတစ်ခုတော့
တို့ ပြောပါရစေ”
“ဟုတ်ပါတယ်.. မင်း လုပ်နေတဲ့ အလုပ်တွေကိုလည်း
မောင် နားလည် ကြည်ဖြူ ပြီးသား… မောင့် အလုပ်တွေ အပေါ်မှာလည်း မင်း နားလည် သဘောပေါက်ပြီးသား
ဆိုတာ ပြောစရာမှ မလိုတာပဲ.. မင်း အပြစ်လို့ ပြောတာ မဟုတ်ပါဘူး.. ကိုယ်က အဖြစ်အပျက်ကိုပဲ
ပြောတာပါ။”
ကျွန်မ စိတ်တွေ နဲနဲ တည်ငြိမ်လာပြီ.. ကျွန်မ မောင့်ကို ပြောမယ် ဆိုတဲ့ စကားတွေကို ပြောမှ ဖြစ်တော့မယ်... မဟုတ်ရင် ဒီစကားဝိုင်းဟာ .. ဘယ်လို ဆက်ရမှာလဲ ကျွန်မ မသိတော့ပါ...။ တစ်ယောက်ယောက်မှ မပြတ်သားရင်ဖြင့် မတင်မကျနဲ့ ရှုပ်ထွေးမှုတွေ အပြည့်နဲ့ ဆက်ဆံရေးမျိုးတွေ ကျွန်မတို့ ဆက်လုပ်မိကြတော့မယ်။ ဖြစ်လာတော့မယ်။
“ တို့လည်း အဖြစ်အကို အရှိအတိုင်း ပြောပါရစေမောင်..
မောင်လည်း တို့ကို ချစ်တယ်။ တို့လည်း
မောင့်ကို ချစ်တယ်။ ဒါက အကြွင်းမဲ့ ပါမောင်။ အဲဒီ ချစ်ခြင်း နဲ့ တည်ဆောက်ခဲ့တဲ့ ချစ်ခြင်း
နဲ့ လက်တွဲတွေ ခိုင်မြဲဖို့က ..
ပထမ တစ်ခုက တန်ဖိုးထားမှုပါမောင်။ အမှန်တရား
တစ်ခုက တို့ ပြန်မငယ် နိုင်တော့ ဘူးမောင်၊
ဒါ လောကရဲ့ အမှန်တရားပဲ။ တို့ ၁၈ နှစ် သမီး ပြန်ဖြစ်ချင်လည်း ပြန်မဖြစ်နိုင်ဘူး။ အဲဒီ
အချိန်ရဲ့ ငယ်နုသွယ်လျ တဲ့ အလှမျိုး တို့ မရှိနိုင်တော့ဘူး။ တို့က နဂို သိပ်လှတဲ့ သူလည်း
မဟုတ်ခဲ့သလို နုပျိုမှုကလည်း ပြန်မရနိုင်တော့ဘူး။ မောင့်ရဲ့ ကောင်မလေးလို တို့ မလှနိုင်တော့ဘူး။
ဒါ အမှန်တရား တစ်ခုပါမောင်။ ဒီ အမှန်တရားကို တို့ လက်ခံ နိုင်ရမယ်။ တို့ လက်ခံနိုင်ပါတယ်မောင်
အရွယ်ဆိုတာကို တားမရနိုင်ပါဘူး ။
ဒါပေမယ့် တို့ အရွယ်နဲ့ အတူတော့ ရင့်ကျက်လာနိုင်ခဲ့ပါတယ်။ တို့ အရွယ်နဲ့အတူ
နှလုံးသားရော ဦးနှောက်ပါ အတူ ပြည့်ဝလာအောင် တို့ ကြိုးစား နိုင်ခဲ့ပါတယ်။ အဲဒီ နှလုံးသား
နဲ့ မောင့်ကို အပြည့်အဝ ချစ်ပြီး အဲဒီ ဦးနှောက်နဲ့
မောင့် ရဲ့ ပါရမီဖြည့်ဘက် ဖြစ်အောင် တို့ တတ်နိုင်သလောက် ကြိုးစားခဲ့ပါတယ်။ မောင့်ကို
အပြည့်အဝ နားလည်ပေးနိုင်အောင်လည်း ကြိုးစား နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ မောင့်ကို
ပြုံးပြ နိုင်ခဲ့တာပေါ့မောင်ရယ်။
ကျွန်မ မောင့်ကောင်မလေးကို မနာလို မဖြစ်ပါဘူး။ ဒါပေမယ့်
ဝန်ခံရမယ်ဆိုရင် အရမ်း ဝမ်းနည်း မိပါတယ်။ ကျွန်မ မောင့် အတွက် သူ့လို ကောင်မလေး မဖြစ်နိုင်တော့ဘူးလေ။
သူလည်း ကျွန်မလိုပဲ နောင်တစ်ချိန်မှာ အချိန်နဲ့ အတူ ဦးနှောက်ရော နှလုံးသားပါ ကြီးလာနိုင်ပါသေးတယ်။
မောင် ကံကောင်းခဲ့မယ် ဆိုရင်ပေါ့။ မောင် တန်ဖိုးထားတာနဲ့
တို့မှာ ရှိတာနဲ့ တန်ဖိုးထားမှုတွေ မညီညွတ်ရင်
ကျွန်မ ဝမ်းနည်းရုံကလွဲလို့ ဒီထက်ဘာကို ကြိုးစားလို့ ရဦးမှာတဲ့လဲ။ မောင် ကျွန်မတန်ဖိုး ကို ဘယ်လို နားလည်ထားလဲ ကျွန်မတို့ နှစ်ယောက်ကြားက မြတ်နိုးမှုနဲ့ ချစ်ခြင်းကို ဘယ်လောက် တန်ဖိုးထားလဲ ဆိုတာကို အပေါ်ကိုပဲ တည်ပါတော့တယ် မောင်။
ဒုတိယ အချက်က - ယုံကြည်မှုပဲ မောင်။ လောကမှာ ခန္ဓာကို တည်ဆောက်ပုံ
အမျိုးမျိုးနဲ့ ခံစားမှု မျိုးစုံနဲ့ လူအမျိုးမျိုး ကို တည်ဆောက်ထားတာမို့။ ကျွန်မ
မောင့်ကို ဘာကိုမှ တားမြစ်မှာ မဟုတ်ဘူး။ မောင် ခံစားမိသလို လောကကို ဖြတ်သန်းနိုင်ပါတယ်။
ဒါပေမယ့် ကျွန်မ မှာလည်း ကျွန်မ ခံယူချက်ရှိတယ်။ မောင့်ကို လည်း ပြောပြပြီးသားပါ။
မောင့်ကို တခြား ဘယ် မသတ္တဝါနဲ့မှ မထိတွေ့ရဘူး..လို့ တို့ မပြောပါဘူး။ ဒါပေမယ့် စည်း ထားတာမျိုး ပျော်ပါးရမယ့် နေရမှာ ပျော်ပါးပြီး စောင့်စည်းသင့်တဲ့ နေရာမှာ စောင့်စည်းတဲ့ သူမျိုးပဲ ဖြစ်စေချင်တာပါ။
မောင့်ကို တခြား ဘယ် မသတ္တဝါနဲ့မှ မထိတွေ့ရဘူး..လို့ တို့ မပြောပါဘူး။ ဒါပေမယ့် စည်း ထားတာမျိုး ပျော်ပါးရမယ့် နေရမှာ ပျော်ပါးပြီး စောင့်စည်းသင့်တဲ့ နေရာမှာ စောင့်စည်းတဲ့ သူမျိုးပဲ ဖြစ်စေချင်တာပါ။
တို့ ချစ်သူကို ဟိုလူနဲ့ စိတ်မချ၊ ဒီလူနဲ့ စွတ်စွဲ..
အိပ်မပျော် နောက်ကြောင်း မအေးရတဲ့ သူမျိုး မဖြစ်ချင်ဘူး။ တို့ကြားထဲက ယုံကြည်မှုကို
တို့ တန်ဖိုးထားတယ်။ တို့ သဝန်တိုစိတ်တွေနဲ့ ပြည့်နေတဲ့ ဘဝမျိုးကို မလိုလားဘူး။ ဒါ
မငြိမ်းချမ်းခြင်း တစ်ခုပဲ။ လောကမှာ အရင်းအနှီးဆုံး
နှစ်ယောက်ကြားထဲမှာမှ ငြိမ်းချမ်းရေးမရှိရင် ငြိမ်းချမ်းရေးကို ဘယ်မှာ သွားရှာမှာတဲ့လဲ။
ငြိမ်းချမ်းရေးနဲ့ ယုံကြည်မှုဟာ တစ်ဆက်တည်းလေ။ တို့မောင့်ကို လေးစား ယုံကြည်ချင်တယ်။
နောက်ဆုံး တစ်ချက်က နားလည်မှု ပါမောင်။
လောကမှာ အချိန်တွေ ပြောင်းသလို ဘဝကို ရင်ဆိုင်ရတဲ့ ပုံတွေကလည်း ပြောင်းသွားတတ်တယ်။
လူတစ်ယောက်ရဲ့ ဘဝ ရေစီးကြောင်းတွေကလည်း အချိန်နဲ့ အမျှ ပြောင်းနေတတ်သလို လူတစ်ယောက်
ချင်းစီမှာ လူတို့ရနေတဲ့ဘဝ သူတို့ရှင်သန်ချင်တဲ့ ဘဝပုံစံကြား အမြဲ ကြိုးစားနေကြရတဲ့
သူတွေချည်းပါပဲ။ တစ်ယောက်ရဲ့ ရှင်သန်မှုကို တစ်ယောက် နားလည်နိုင်မှ ရေရှည် ခိုင်မြဲမှာပါမောင်။
အဲဒါကလည်း အပေါ်က ပြောခဲ့တဲ့ တန်ဖိုးတွေနဲ့ ယုံကြည်မှုတွေ ကို အခြေခံမှ နားလည်မှုကို
တည်ဆောက်လို့ ရမှုပါမောင်။
တန်ဖိုးထားမှု မတူညီတော့ရင် ယုံကြည်မှု
နဲ့ နားလည်မှုမရှိတော့ရင် လက်တွဲက မြဲတော့မှာ မဟုတ်ပါဘူး။
တို့ဘဝမှာ မောင်ကို လိုအပ်ပါတယ်။ ဒါပေမယ့်
မောင် မရှိလည်း လို့ အသက်ရှင်နေရဦးမှာပဲ… မောင် မရှိရင် ဝမ်းတော့ နည်းမိမှာပဲ။
တို့ ငိုစရာ မောင့် ရင်ခွင် မရှိပေမယ့်
တို့ ဝမ်းနည်းရင် ငိုဖို့ ရင်ဖွင့်ပေးထားမယ့် သူငယ်ချင်းတွေ ရှိနေတာပေါ့ မောင့် ရင်ခွင်နဲ့
အစားထိုးလို့ မရပေမယ့်.. တို့ ငိုဖြစ်ဦးမှာပဲ။
တို့ဘဝမှာ သူများကို ငိုအောင် လုပ်ဖို့
အကြောက်ဆုံးမို့ တို့ မောင်နဲ့မောင့် ကောင်မလေး အကြောင်းကို ဘာမှ မှတ်ချက်မပေးပါရစေနဲ့တော့။
မောင့်ဘာသာ ဆုံးဖြတ်ပြီး …. မောင် ဘဝကို
မောင် ရှင်သန်ပါလို့ … တို့ သွားတော့မယ်မောင်…
ကျွန်မ စကားကို နားစိုက်ထောင်ရင်း ငေးကြည့်နေတဲ့ မောင်က အလန့်တကြား တားမယ် ဟန်ပြင်
လိုက်တဲ့ အချိန်မှာ…
ကျွန်မ လှေခါး ပေါ်က ပြေးဆင်းလာမိတယ်…
ကျွန်မရဲ့ မျက်ရည်စက်တွေဟာလည်း … အပြင်က
မိုးရေစက်တွေနဲ့ အတူ ရောထွေးသွားတယ်…
ချစ်ခဲကြတဲ့ တစ်လျှောက် တစ်ယောက်ကို တစ်ယောက် ချစ်ခင်ခဲ့ကြတာတွေ.. ကြင်နာခဲ့ကြတာတွေ..
အတူ ကျော်ဖြတ်ခဲ့နေ့တွေ... တစ်ယောက်အတွက် တစ်ယောက် မရှိမဖြစ်လို့ ထင်ခဲ့ကြတာတွေ...အတူ ရှေ့ဆက်ကြမယ့် ဘဝ အိပ်မက်တွေ... အတူယဉ်ခဲ့ကြတဲ့ စိတ်ကူးတွေ... ခုတော့ ...
ကျွန်မတို့ relationship က ဆက်ထုံး
ရှိသော ကြိုးတစ်ချောင်းတော့ ဖြစ်သွားခဲ့လေပြီ…
နှစ်ယောက်လုံး အပြစ် မရှိကြပါ…
သို့တည်းမဟုတ်…
နှစ်ယောက်လုံးမှာ အပြစ်များ ရှိခဲ့ကြမှာပါ…
မောင်… ကျွန်မဆီ ပြန်ရောက်လာ ဦးမှာလား…..
မသေချာပါ…
ပြန်လာမယ် ဆိုရင်တောင် … ကျွန်မက အရင်လိုပဲ တန်ဖိုးထား ယုံကြည် မြတ်နိုးပြီး
နားလည် ပေးနိုင်ဦးမလား… ဘယ်လောက်ကြာကြာ ပြန်တည်ဆောက် ကြရဦးမယ် မသိ… မသေချာ…
ဘာဖြစ်ဖြစ် …မသေချာမှုတွေနဲ့ မျဉ်းပြိုင် တွေလို ကျွန်မတို့ ဘဝတွေ ဆက် ရှင်သန်
နေကြဦးမှာပဲ….
မိန်းကလေး တစ်ယောက်ဟာ... ကိုယ့်ဘဝကိုတော့ ကိုယ်တန်ဖိုး ထားရမှာပဲ မောင်..
ရှုပ်ထွေးမှုနဲ့ ရှင်သန်ရမယ့် ဘဝတစ်ခုကိုတော့ ကျွန်မ မလိုလားဘူး..
အရိုးရှင်းဆုံး ဘဝနဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုးထား ရှင်သန်ချင်တယ်..
ရွာနေတဲ့ မိုးစဲရင် နေရောင် လာဦးမှာပဲလေ…
Subscribe to:
Posts (Atom)
