My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Wednesday, December 3, 2014

အမှိုက်မဖွသူတစ်ယောက် အကြောင်း




စာမရေးဖြစ်တာကြာပြီ။ ကိုယ့်ခေါင်းထဲမှာ မရှင်းနေတော့ စာလည်း ရေးချင်စိတ်မရှိတော့ ကိုယ့် Blog လေးကို ပစ်ထားမိတယ်။   စာရေးမယ် ကြံတော့ အခုတလော ကိုယ်လေ့လာမိတဲ့ အကြောင်းလေး တစ်ခုကို ပြောပြချင်ပါတယ်။
ကျွန်မ လွန်ခဲ့တဲ့ ၃ နှစ်လောက်က စပြီး ခရီးတွေ အများကြီး သွားခဲ့ပါတယ်။ တောင်ပေါ်၊မြေပြန့် အစုံပါပဲ။ ကျွန်မကို စိတ်အနှောက်အယှက် အဖြစ်စေဆုံးကတော့ အမှိုက်တွေပါပဲ။ ချင်းပြည်က တောင်ပေါ် လမ်းဘေးမှာလည်း အမှိုက်ပုံ၊ ဟုမ္မလင်းရဲ့ မြစ်သာမြစ်ဘေးမှာလည်း အမှိုက်တွေ၊ လမ်းမပေါ်မှာ၊ အိမ်ကြားတွေမှာ အမှိုက်တွေ။ ပလပ်စတစ် အပုံလိုက်တွေပါ။ သဘာဝပစ္စည်းတွေက ဖြစ်လာတဲ့ အမှိုက်တွေ ဖြစ်တဲ့ အသီးအရွက်တွေ အပိုအလျှံ အသီးအနှံခွံတွေဟာ ကမ္ဘာမြေနဲ့ သဟဇာတဖြစ်သူတွေမို့ မြေပေါ်ရောက်ရင် ဆွေးမြေ့သွားပေမယ့် ပလစ်စတစ်နဲ့ သူ့အပေါင်းအပါတွေကကတော့ မပျက်စီးနိုင်ဘဲ သူတို့နဲ့ သဟာဇတမဖြစ်တဲ့ မြေကမ္ဘာကို သူတို့ ဖျက်ဆီးကြပါတယ်။ ဒီလိုနဲ့ မြေတွေပျက်၊ ရေတွေကြီး၊ အဆိပ်တွေဖြစ် အပျက်သဘေတွေ ကျွန်မတို့ မြင်နေရတာပဲ မဟုတ်ပါလား။ ကမ္ဘာပေါ်မှာ အမှိုက်ပြဿနာဟာ တော်တော်ကြီးနေပြီ ဆိုတာ မျက်မြင်။
လူဆိုတာ အခက်သားပါ သိပေမယ့် ကျွန်မ မကျင့်နိုင်ခဲ့ပါဘူး။ ပလပ်စတစ်တွေ လုံးဝ မသုံး၊ အမှိုက်ကျန်မယ့် ပစ္စည်းတွေ မသုံး၊ Recycle နိုင်တဲ့ စ္စည်းတွေပဲ သုံးတဲ့ Zero Waste Lifestyle  ( အမှိုက်ကင်းတဲ့ လူနေမှု ဘဝ) ပုံစံဆိုတာကို သဘာဝ ထိန်းသိမ်းသူတွေက ကျင့်ကြံနေထိုင်ကြတာ သိရပေမယ့် မလုပ်နိုင်ပါဘူး။ ကျွန်မလိုပဲ အကြောင်းပြချက်တွေနဲ့ သိသိကြီး ရှောင်ကွင်း အကြောင်းပြချက်တွေများပြီးနေခဲ့တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာ ကျောင်းသူတစ်ယောက်ရေးတဲ့ သူ့အကြောင်းလေးကို Mind,Body,Green ဆိုတဲ့ Website တစ်ခုမှာ ဖတ်မိပြီး ဝေမျှချင်စိတ်ဖြစ်လာတာကြောင့် စာရေးမယ်လို့ အကြံပေါ်လာတာပါ။
Lauren လို့ခေါ်တဲ့ နယူးယောက်သူတစ်ယောက်ပါ။ သူမက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဘာသာရပ်နဲ့ ကျောင်းတက်နေတဲ့ တက္ကသိုလ်ကျောင်းသူ တစ်ယောက်ပါ။ စာတွေ ဘယ်လောက်သင်သင် သူလည်း သူ့ကိုယ်သူ အကြောင်းပြချက် အမျိုးမျိုးနဲ့ပဲ အမှိုက်တွေဖွခဲ့မိပါတယ်လို့ သူကဆိုပါတယ်။ ဒါပေမယ့် တနေ့သူ တခြားသူတစ်ယောက်ရဲ့ စည်းကမ်းမရှိ အမှိုက်ဖွပုံ ပလပ်စတစ်တွေ သုံးပုံကို  အတင်းပြောမိပြီး ကျောင်းကနေ အိမ်ကို ပြန်အလာ သူ့ရေခဲသေတ္တာကို သူဖွင့်ပြီး ပစ္စည်းတော်တော်များများအတွက် သုံးထားတဲ့ ပလပ်စတစ်အရေအတွက်တွေကို သတိပြုမိရာက ကိုယ့်ကိုကိုယ် ရှက်မိပြီး ဘဝလူနေမှု ပုံစံကို Zero Waste အဖြစ်ပြောင်းနိုင်ဖို့ ကြိုးစားခဲ့တယ်။ သူအဲဒီလို ပြောင်းဖို့ဖြစ်ခဲ့တဲ့ နောက်ထပ် တွန်းအား တစ်ခုက ကလေးနှစ်ယောက်အပါအဝင် မိသားစုဝင်လေးယောက်ရှိတဲ့ ကယ်လီဖိုးနီးယားက မိသားစု ပါပဲ။ အဲဒီ မိသားစုဟာ ၄ ယောက်ရှိတာတောင် ကျင့်ကြံနေထိုင်နိုင်သေးရင် တစ်ယောက်တည်းသမား သူမက ဘာလို့ မနေနိုင်ရမှာလဲ ဆိုပြီး နမူနာယူခဲ့ပါတယ်လို့ ဆိုပါတယ်။ အဲဒီ မိသားစု တွေရဲ့ Blog တွေကတော့ Rauren ရဲ့ Blog က http://www.trashisfortossers.com/ ဖြစ်ပြီး Zero Waste Home ရဲ့ Blog က http://www.zerowastehome.com/ တို့ပါ။
Rauren ရဲ့ အတွေ့အကြုံ ဘယ်ကို ကျင့်သုံးခဲ့ သလဲ ဆိုတာ မပြောခင် Zero Waste Home ဆိုတဲ့ မိသားစုလေးယောက်ရဲ့ ဘယ်လိုစရမလဲ ဆိုတာကို အကြံပေးထားတာလေးကို အရင်ပြောပြချင်ပါတယ်။
သူတို့က -
၁။ တစ်ခါသုံးမဟုတ်တဲ့ ရေဘူးတစ်ဘူး၊ ဈေးဝယ်အိတ်၊ အဝတ်အိတ်နဲ့ ပုလင်းတွေကို ရှာဖွေပြီး အသုံးပြုဖို့ စုဆောင်းပါ။
၂။ 5Rs
Refuse = ကိုယ်အသုံးမလိုတာကို ငြင်းဆန်ပါ။
Reduce = ကိုယ့်သုံးစွဲမှုတွေကို လျှော့ချပါ။
Recycle and Reuse= ကိုယ့်အသုံးပြုထားတဲ့ ပစ္စည်းတွေကို ပြန်လည် အသုံးပြုပါ။
Rot = မြေဆီသြဇာဖြစ်အောင် ဖျက်ဆီးလိုက်ပါ။ … လို့ အကြံပေးထားပါတယ်။
Lauren က သူ့ Zero Waste lifestyle ရဲ့ အစပိုင်း အတွေ့အကြုံတွေကို ပြောပြခဲ့ရမှာတော့ ..
 “ ကျွန်မ ဈေးဝယ်အိတ်နဲ့ ဘူးတွေကို ဆောင်ထားတယ်။ စူပါမားကတ်မှာ ဈေးဝယ်တိုင်း ထုတ်ပိုးမထားရသေးတဲ့ အရာတွေကို ဝယ်ပြီး  သူတို့ ပေးမယ့် ပလပ်စတစ်အစား ကိုယ်ယူလာတဲ့ အိတ်နဲ့ဘူးတွေထဲ ထည့်ပေးပါလို့ ပြောတယ်။ အဝတ်အစားအသစ်တွေ ဝယ်တာကို ရပ်လိုက်တယ်။ ဝယ်ဖို့ လိုအပ်လာပြီ ဆိုရင် အဟောင်းဆိုင်တွေက ဝယ်တယ်။ နီးစပ်ရာ ရောင်းချင်နေတဲ့ သူငယ်ချင်းတွေဆီက လိုအပ်တဲ့ ပစ္စည်းတွေကို ပြန်ဝယ်ပေးတယ်။ အဲဒီလိုပဲ ကိုယ့် မလိုအပ်တဲ့ ပစ္စည်းတွေကို လိုတဲ့ သူတွေဆီ ပေးဖို့ ကြံလိုက်တဲ့ အခါမှာတော့ အများကြီး ထွက်လာတာကို တွေ့ရတယ်။ အသုံးအဆောင်နဲ့ အလှပြင် ပစ္စည်းတွေကိုလည်း သဘာဝ ပစ္စည်းတွေ ပြောင်းသုံးဖို့ ကြိုးစားတယ်။ သတိနဲ့ ကြိုးစားရတာက “ဟင့်အင်း” လို့ ပြောဖို့ပဲ။ ကော့တေးဘား သွားတဲ့အခါ ကော်ဖီဝယ်တဲ့ အခါ၊ ဈေးဝယ်တဲ့အခါ ပလစ်စတစ်ဘူးတွေ အိတ်တွေကို သတိထားပြီး ငြင်းဆန်ဖို့ပါပဲ။ နေ့ချင်းညချင်းတော့ ဘယ်အကျင့်ရလာမှာတဲ့လဲ အဲဒီ အသားကျဖို့ ၃ နှစ်လောက် ကြာအောင် ကြိုးစားခဲ့ရတာ အခုတော့ ကျွန်မ နေသားကျနေပြီ။
အခု ၃ နှစ်အကြာမှာ ကျွန်မအတွက် အကျိုးအမြတ်တွေက..
 ၁။ ငွေစုမိတယ်။
ကျွန်မ ဈေးဝယ်မသွားခင် အပိုတွေ မဝယ်မိဖို့ ဈေးဝယ်စာရင်းလုပ်သလို ထုတ်ထားတဲ့ ပစ္စည်းတွေလည်း မဝယ်တော့ အပိုတွေ မဝယ်ဖြစ်တော့ဘူး။ အသုံးအဆောင် တွေကိုလည်း အဟောင်းဆိုင်က ဝယ်တယ်။ အလှပြင် ပစ္စည်းတွေ၊ ဆေးတွေ ကလည်း သဘာဝ ပစ္စည်းတွေ ဖြစ်လာတော့ ကုန်ကျစရိတ်က ခေါက်ချိုးမကျ သက်သာသွားတာကို တွေ့ရတယ်။
၂။ ပိုကောင်းကောင်းစားတတ်လာတယ်။
ထုတ်ပိုးထားတဲ့ ပစ္စည်းတွေကို ရှောင်တဲ့အခါ ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားဖြစ်လာတယ်။ ဒေသတွင်းက လူတွေ စိုက်ပျိုး ထုတ်လုပ်တဲ့ ထွက်ကုန်တွေ၊ ရာသီလိုက် အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို စားဖြစ်လာတယ်။ ပိုပြီး ကျန်းမာတဲ့ စားသောက်မှု ပုံစံကို ပြောင်းလဲ လာနိုင်ခဲ့တယ်။
၃။ဘဝက ပိုပြီးအောင်မြင်ပျော်ရွှင်လာတယ်။
Zero Waste lifestyle အဖြစ်မပြောင်းခင်က စတိုးဆိုင်တွေ စူပါမားကတ်တွေဘက် တွေချည်း ခြေဦးလှည့်မိတယ်။ အခုတော့ တစ်ပတ်ကို တစ်ကြိမ်သာ လိုအပ်တာတွေ ဝယ်မယ်လို့ ဆုံးဖြတ်ပြီး သွားတယ်။ ပိုပြီးကျန်းမာလာတယ်၊ သောကကင်းပြီး အချိန်တွေလည်း ပိုလာတယ်။ ပိုလာတဲ့ အချိန်တွေနဲ့အတူ Zero Waste lifestyle နဲ့ ပတ်သက်ပြီး Blog တစ်ခု ရေးရာက စိတ်တူကိုယ်တူ လူတွေနဲ့ တွေ့ဆုံခွင့် ရလာတယ်။ အဲဒီနောက်တော့  ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး “ The Simply” လို့ခေါ်တယ် zero-waste ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်လိုက်နိုင်ခဲ့ပါတယ်။ ကိုယ့်ယုံကြည်တဲ့အတိုင်း နေထိုင်နိုင်ခဲ့လို့ ဘဝက ပျော်ရွှင်စရာ ပိုကောင်းလာပါတယ်။”
ကိုယ်ရဲ့ အတွင်းစိတ်ကို ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက် ချပြီး ကိုယ်ယုံကြည်ရာကို လျှောက်နိုင်ခဲ့တဲ့ Rauren ကို ကျွန်မတော့ ချီးကျူးမိပါတယ်။ တကယ်တော့ စိတ်သာ ရှင်စော ဘုရားဟော မဟုတ်ပါလား။
Saturday, September 27, 2014

How to Love with Awareness and Relate Without Fear



"Love should be a reality in your life, not just a poem, not just a dream. It has to be actualized. It is never too late to experience love for the first time.
Learn to love. Very few people know how to love. They all know that love is needed, they all know that without love life is meaningless, but they don't know how to love." – Osho

“ကမ္ဘာမှာ အလှတရားတွေ ပျက်သုန်းကုန်ပါပြီ အချစ်ဆိုတာလဲ အလကားပါပဲဟာ။ စွဲလမ်းမှု တဏှာတွေပါပဲ။ လူတွေရဲ့ အတ္တတွေပါပဲ။ နောက်ဆုံးတော့ အလကားပါပဲ။ ငါတော့ ချစ်ရမှာ အရမ်းကို ကြောက်သွားပြီ၊ ဘယ်တော့မှ မချစ်တော့ဘူး ”  ချစ်သူ ရဲ့ လှည့်စားမှုကို ခံရတယ်လို့ သူ့ကိုယ်သူ ယူဆတဲ့ ကျွန်မ သူငယ်ချင်းက ငြီးငြူပါတယ်။ သူ သုံးလိုက်တဲ့ စကားလုံး ကြီးကြီးတွေကြောင့် ကြားလိုက်ရသူ ကျွန်မ အနေနဲ့ ဟုတ်သယောင်ယောင်တောင် သူနဲ့ အတူ လိုက်ထင်မိတော့ မလိုလိုပါ။ ၁၂ လ ရာသီ အသည်းကွဲနေတဲ့ ကျွန်မသူငယ်ချင်းကို တရားချ မရတာ ကျွန်မ ညံ့လို့ပါပဲ။ တကယ်တော့ အလှတရားဆိုတာ ကြည့်သူရဲ့ မျက်စိ အပေါ်မှာ တည်တယ် ဆိုတဲ့ စကားပုံလိုပါပဲ။ ကိုယ် ဘယ်လို ခံယူသလဲ ဆိုတာ အပေါ်ပဲ မူတည်တဲ့ ကမ္ဘာကြီးမှာ အလှတရား နဲ့ သစ္စာ၊ အချစ် ဆိုတာ တွေကလည်း ကိုယ့် ဘယ်လို ခံယူထားသလဲ ဆိုတာ အပေါ်ပဲ မူတယ်ပါတယ်။ ကျွန်မလည်း လွန်ခဲ့တဲ့ နှစ်တွေ ဆီက ဒီလိုပဲ ခံစားထင်မြင်ခဲ့ဖူးပါဘူးတယ်။  ခဏ ခဏလည်း အသည်းကွဲပါတယ်။ 
“Being In Love” နဲ့ “Being in Love with someone” မတူပါဘူး။ တကယ်တော့  အချစ်က မရှုပ်ထွေးပါဘူး။ လူတွေက မချစ်တတ်လို့ပါလို့ “ အိုးရှိုး” က ဆိုပါတယ်။ ဒီနောက်ပိုင်းတော့ အိုးရှိုးရဲ့ အတွေးအခေါ်တွေကို လေ့လာမိပြီးတဲ့အခါ အချစ်နဲ့ ပတ်သက်တဲ့ ခံစားချက်တွေမှာ အလှအပကင်းမဲ့မှု၊ဟာ  အတ္တ နဲ့ တဏှာတွေနဲ့ ကွဲပြားစွာ ခွဲခြားတတ်လာတဲ့ အခါ ကျွန်မ ကိုယ်ကျွန်မ တကယ်ချစ်တတ်လာတယ်လို့ ခံစားရပြီး ကျွန်မ အချစ်ရဲ့ လှပမှုကို ခံစားတတ်လာပါတယ်။ ဒါပေမယ့် အသိဖြစ်ဖို့ဟာ လက်ခံနိုင်တဲ့ စွမ်းရည်ရှိနေနိုင်ဖို့ လိုသလို အသိကနေ အကျင့်ဖြစ်ဖို့ ခက်ခဲတဲ့ နေ့ရက်တွေကို ကျော်ဖြတ်ရပါတယ်။ အခုထက်ထိလည်း အသိက ပေါ်လိုက် ပျောက်လိုက်ပါပဲ။
အချစ်ကို ခံစားမိတဲ့အခါ ကျွန်မ အချစ်လို့ ထင်ခဲ့တဲ့ အရာတွေဟာ တကယ့် အချစ်မဟုတ်ဘဲ အတ္တနဲ့ တဏှာတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ နောက်တစ်ချက်က အတ္တနဲ့ တဏှာဆိုတာတွေ ရှိတယ်ဆိုတာ လူ့သဘာဝပဲလို့ လက်မခံနိုင်သမျှကလည်း အချစ်ကို ခံစားမိမှာ မဟုတ်ပါဘူး။ 
အချစ်များ ကိုယ့်ဆီမှာ
ပထမဦးဆုံး… ကိုယ့်ကိုကိုယ် သိပါ။ ကိုယ့်ကိုကိုယ်ချစ်ပါ။ ကိုယ့်ကိုကိုယ် မချစ်ဘဲ ဘယ်သူ့ကိုမှ ချစ်တတ်မှာ မဟုတ်ဘူး။ တစ်ကိုယ်ကောင်းဆန်ပါလို့။ အိုရှိုးက ဆိုပါတယ်။ တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ ကိုယ့် ဖြစ်တည်မှု အတိုင်း ကိုယ်နေတာကို ဆိုလိုတာ၊ ကိုယ့် ဖြစ်တည်မှုကို ကိုယ်သိဖို့လို့ ဆိုပါတယ်။ လောကကြီးက လူကောင်းလို့ သတ်မှတ်ထားတဲ့ ဘောင်ထဲကနေ ကိုယ်ပျောက်ဆုံးနေတာမျိုး လူဆိုတာ ကိုယ့်ကိုကိုယ် အတ္တရှိသူ၊ တဏှာရှိသူ ဆိုတာမျိးကို လက်မခံနိုင်ဘဲ ဖြစ်နေတတ်တာကိုး။ Self-awareness ဖြစ်တဲ့ ကိုယ့်ကိုကိုယ် သိပြီး ကိုယ်ဘယ်လိုလူ ကိုယ်ဘာဖြစ်ချင်တယ် ဆိုတာ သိပါ။
ကိုယ့်ကိုကိုယ် ချစ်ပါလို့ ဆိုပါတယ်။ ကိုယ့်ကိုကိုယ် ချစ်တာဟာ အပြစ် မဟုတ်သလို ရိုးရှင်းစွာ တစ်ကိုယ်ကောင်းဆန်မှုဟာ မိမိရဲ့ ဖြစ်တည်မှုကို ပုံဖော်ခြင်းပါ။  အချစ်ဟာ အချစ်သက်သက်ပါပဲ။ တာဝန်ယူမှုတွေ၊ ထာဝရဆိုတာတွေ၊ တရားဝင် လက်ထပ်ခြင်း စတာတွေ… စတာတွေ.. ပါဝင်လာတယ် ဆိုတာ ဘာကြောင့် ဆိုတာကို မြင်အောင် ကြည့်တဲ့အခါ… ကိုယ့်ရဲ့ အတ္တ၊ တဏှာ၊ လောဘ ဆိုတာတွေကို မြင်လာနိုင်ပါလိမ့်မယ်။ ဒါတွေကို သူတပါးကို မလွှဲချလိုက်ပါနဲ့။ 
ကိုယ့်ကိုကိုယ် ချစ်ပါ။ အချစ်နဲ့ အသက်ရှင် နေထိုင်ပါ။ ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင် ထားပါ။ ကိုယ့် အနားမှာ ရှိတဲ့ အရာတွေနဲ့ စိတ်ချမ်းသာအောင်နေပါ။  အိမ်နီးနားချင်းနဲ့ တည့်အောင် နေတယ် ဆိုတာလည်း ကိုယ့် စိတ်ချမ်းသာမှု အတွက်ပဲ… မဟုတ်လား။ ဒါ ကိုယ့် အတ္တပါ။ လှပတဲ့ အတ္တဟာ လှပတဲ့ ကမ္ဘာကြီးကို မြင်လာမှာပါပဲ။ ပတ်ဝန်းကျင်နဲ့ ကိုယ့် အတ္တကို ကိုယ် ထိန်းညှိတယ် ဆိုတာကလည်း ကိုယ့် စိတ်ချမ်းသာမှုကို ကိုယ်ရှာဖွေတာပါ… ။ ဒါက ကိုယ့်ကိုကိုယ် ချစ်ခြင်းနဲ့ အချစ်နဲ့ နေထိုင်အသက်ရှင်ခြင်းပါပဲ။ 
အချစ်နဲ့ အတ္တ
ကိုယ့်ကိုကိုယ် မချစ်တဲ့ မချစ်ဖူးတဲ့သူ အချင်းချင်း ချစ်သူ ဖြစ်ကြတယ် ဆိုတာ သူတောင်းစားအချင်းချင်း တောင်းနေကြသလို ပါပဲလို့ အိုးရှိုးကြီးက ဥပမာပေးပါတယ်။ တစ်ယောက်ဆီက တစ်ယောက် မျှော်လင့် နေကြပေမယ့်  နှစ်ယောက်လုံးဆီမှာတော့ အချစ်ဆိုတာ မရှိကြပါဘူး။ ကိုယ်ရှိမှပဲ ကိုယ်ပေးနိုင်မှာပေါ့။ ကိုယ့်ကိုကိုယ် ချစ်တတ်မှ အချစ်ဆိုတာ ဘာမှန်းသိပြီး သူများကိုလည်း ပေးတတ်မှာပေါ့ လို့ ဆိုပါတယ်။ နှစ်ယောက်လုံးဟာ ကိုယ်ဆီမှာလည်း မရှိ၊ ကိုယ်တိုင်လည်း ဘာမှန်း မသိတဲ့ အရာကို သူတပါးဆီက ရဖို့ မျှော်လင့်ပြီး ချစ်သူ ဖြစ်လာကြတယ်။ တကယ်လည်း အလိုဆန္ဒမပြည့်ဝ လာတဲ့ အခါ တစ်ယောက်မှာ တစ်ယောက် ရှာဖွေ နေကြတဲ့ အရာ မရှိဘူးလို့ ထင်တဲ့ အခါ ကိုယ် အလိမ်အညာခံရတယ်လို့ ထင်လာကြတယ်။ သစ္စာမရှိမှုတွေ၊ တာဝန် မယူမှုတွေ ဆိုတဲ့ ခေါင်းစဉ်တွေ တပ် တစ်ယောက်ကို တစ်ယောက် အပြစ်ဖို့စရာတွေ စိတ်ဆိုး၊ ပြိုင်ဆိုင်ကြ၊ စိတ်နာ စရာတွေကို ရှာဖွေ တွေ့ကြ၊ လုပ်ဆောင်ကြနဲ့ အမုန်း သံသရာ ရှည်ကုန်ကြတော့ တာပါပဲ။
အချစ်နဲ့ဈေးကွက်တင်စရာ ဂုဏ်သိက္ခာ 
အချစ်ကို ဈေးကွက်ထဲက ဆွဲထုတ်လိုက်နိုင်ပြီဆိုတာနဲ့ လိင်ဆက်ဆက်မှုဟာ ချစ်ခြင်းမေတ္တာနဲ့ တစ်သားထဲ ဖြစ်သွားမယ်ဆိုရင် Prostitute ဆိုတာ ပျောက်သွားပါလိမ့်မယ်။ အချစ်ဟာ ရောင်းကုန် မဟုတ်သလို ဈေးနှုန်းလည်း မရှိဘူး။ ဖလှယ်စရာ ကုန်ပစ္စည်းလည်း မဟုတ်ပါဘူး။ Prostitute ဆိုတာ ပျောက်သွား ရမယ် ဆိုပေမယ့် အဲဒါနဲ့ တပြိုင်တည်း ကွယ်ပျောက်သွားမယ့် အရာဟာ လူတွေ ဂုဏ်သိက္ခာလို့ ပြောနေကြတဲ့ အရာပါပဲ။ ဒါတွေ အားလုံးဟာ ဆက်နွယ်နေပါတယ်။ 
လူတွေဟာ အချစ်စိတ်နဲ့ လိင်စိတ်ကို မကွဲပြားကြပါဘူး။ ပထမအဆင့် ပြောခဲ့သလို ကိုယ့်ဘာသာ အချစ်ကို ဘာမှန်း မသိတဲ့အခါ ကိုယ့်ဘာလိုချင်တယ် ဆိုတာ မသိတော့ပါဘူး။ ဒီလိုနဲ့ အချစ်ဆိုတာ ဘန်းပြပြီး တခြားသော ကိုယ်လိုချင်တဲ့ အရာတွေနဲ့ ဖလှယ်ကုန်ကြတော့ တန်ဖိုးတွေ ဂုဏ်သိက္ခာတွေ ဆိုတာ ဖြစ်လာကြပြီး အချစ်နဲ့ အတူတွဲပြီး ဖြစ်ပေါ်လာမယ့် လိင်စိတ်ကလည်း ရောင်းကုန်ဖြစ်သွားရတဲ့ သဘောပါပဲ။ 
အချစ်ကို နားလည်သွားတဲ့အခါ၊ လိင်ဆက်ဆံမှုဟာ အချစ်ရဲ့ နောက်ဆက်တွဲ ကိစ္စသက်သက် ဖြစ်သွားပါလိမ့်မယ်။ လိင်ကိစ္စဟာ မိန်းမတစ်ယောက်၊ ယောင်္ကျားတစ်ယောက်အတွက် ဂုဏ်သိက္ခာထိန်းစရာ  မဟုတ်တော့ရင် လိင်ကိစ္စဟာ ဈေးကွက်လို အရောင်းအဝယ် လုပ်စရာ တစ်ခု မဟုတ်တော့ဘူးဆိုရင် လိင်ကိစ္စရဲ့ နောက်ကွယ်မှာ ဒုက္ခဆိုတာ မရှိတော့ဘူးဆိုရင် ချစ်သူတွေဟာ လိင်ဆက်ဆံမှုကို စိတ်ချမ်းသာ၊ ပျော်ရွှင်စရာ တစ်ခုလို မြင်သွားပါလိမ့်မယ်။ လူတွေမှာ လိင်စိတ်ရှိတယ် ဆိုတာကြောင့် အတူ ခံစားခဲ့ကြတဲ့ သူချင်းပါပဲ။ မချစ်တော့လို့ လမ်းခွဲကြတယ်ဆိုရင်တော့ တစ်ယောက်တစ်ယောက် အပြစ်တင်စရာ ကိစ္စဟာ အငြင်းခုန် ဖြစ်စရာ ဖြစ်နေတော့မှာ ဖြစ်နေတော့မှာ မဟုတ်ဘူး။ တကယ် ချစ်ခြင်းမေတ္တာပါတဲ့ လိင်ဆက်ဆံခြင်းကို ခံစားရဖူးတဲ့လူဟာ ချစ်ခြင်းမေတ္တာမပါတဲ့ လိင်ဆက်ဆံခြင်းကို အလိုရှိတော့မယ် မထင်ပါဘူး။ လိင်ကိစ္စ တစ်ခုတည်းဟာ လူနှစ်ယောက် အတူတကွ နေထိုင်ဖို့ မဖြစ်နိုင်ပေမယ့် ချစ်ခြင်းမေတ္တာကတော့ လူနှစ်ယောက်ကို အတူတကွ နေထိုင်သွားနိုင်ဖို့ အကြောင်းအရာ ဖြစ်ပါလိမ့်မယ်။ 
အချစ် နဲ့ ထာဝရ 
ထာဝရတည်မြဲတဲ့ အချစ်ဆိုတာ ချစ်တယ်လို့ ထင်ပြီး ခဏလေးနဲ့ ဝေးသွားကြတဲ့ လူတွေမှာပဲ ရှိတယ်လို့ ရယ်စရာ အဖြစ် အိုးရှိုးက ပြောပါတယ်။ သူတို့ စိတ်ကူးယဉ် ကမ္ဘာထဲက အချစ်က ထာဝရတည်မြဲ နေပါတယ်တဲ့။ စိတ်ကူးယဉ် ရတာ လွယ်တာကိုး။ ဇာတ်လမ်းတွေထဲက ဘယ်တော့မှ တွေ့ဆုံခွင့် မရတဲ့ ချစ်သူတွေ တစ်ယောက်ကိုတစ်ယောက် အကြာကြီး ချစ်နေကြတဲ့ ပုံပြင်တွေဟာ အချစ်ရဲ့ စံပြအဖြစ် အချစ်စစ်၊ ထာဝရ အချစ် အဖြစ် လူ့ပတ်ဝန်းကျင်မှာ သတ်မှတ်ခံထားရတာ ရှက်စရာ ကောင်းပါတယ် လို့ သူက ဆက်ဆိုပါတယ်။ 
ဒါကြောင့် ဟန်းနီးမွန်း ပြီးတာနဲ့ လက်ထပ်ပြီးတာနဲ့ အချစ်က ပြူတင်းပေါက်က ထွက်သွားတယ်လို့ ပြောနေကြတာပေါ့။ ဒီလို အခြေအနေနဲ့ လူတွေ ဘယ်လောက် ဘယ်လို နေနေနိုင်ကြမှာလဲ။ သူ့တို့ဘဝက ဘာလို့ ပျောက်ဆုံးနေကြတာလဲ။ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဖောက်ပြန်မှုတွေ ဆိုတာမျိုး ဖြစ်လာရတလဲ။ ထာဝရ အချစ်ဆိုတာကြီးကို  ချုပ်ကိုင်ထားလို့ပါ။ တကယ်တော့ အချစ်ကို ကိုယ့်ကိုယ်တွင်းမှာ ရှာဖွေ တွေ့သူဟာ သူတစ်ပါးဆီက ရှာဖွေဖို့ မလိုတော့ပါဘူး။
လူနှစ်ယောက်ဟာ အတူတကွ နေထိုင်ဖို့ လိုအပ်တဲ့ အရာတွေကို တွေ့လာတဲ့ အခါ တစ်ယောက်စိတ်ကို တစ်ယောက် နားလည်လာတဲ့အခါ၊ အတူရှိနေချိန်ရဲ့ အနှစ်သာရကို ရှာဖွေ တွေ့လာတဲ့ အခါ အဲဒီ အနှစ်သာရအတွက် အတူယဉ်တွဲ နေထိုင်မှုကို သဘာဝအတိုင်း ပြုမူကြပါတယ်။ တစ်ယောက်ကို တစ်ယောက် အစစ်အမှန် အတိုင်း မြင်လာပြီး အပြစ်လို့ မမြင်ဘဲ ချစ်ခင်နိုင်တယ်.. တချို့အရာတွေကြောင့် ယယ အချစ်ပျက်ပြယ်သွားပေမယ့် နားလည်အောင် လေ့လာနိုင်ပြီး ပြန်တည်ဆောက်နိုင်လိုက်တယ်… အချစ်ဟာ အမြဲတည်နေမယ်လို့ ဆိုလို့ မရပါဘူး… ဖြစ်မယ်… ပျက်မယ်… ပြန်ဖြစ်တည်မယ်… ။  ဒီလို ခရီးဆက်နိုင်တယ်… ဒါဟာ ထာဝရ အချစ်ခရီး ပါပဲ။ 
ကိုယ်တိုင် ချစ်ခြင်းမေတ္တာဆိုတာ ဘာဆိုတာ သိတဲ့ သူနှစ်ယောက်ကသာ သူတို့နှစ်ယောက် အတူတကွ နေထိုင်ဖို့ ဘာနဲ့မှ ချုပ်နှောင်ထားစရာ မလိုအပ်ဘဲ  အတူတကွ နေနိုင်မှာပါ။
ကမ္ဘာကြီးက အချစ်ကြောင့် လှပါတယ်။ ကိုယ်တိုင်သာ အချစ်ကို လက်တွေ့ကျကျ ရှာဖွေနိုင်ရင် ပေါ့…  လို့ "အိုးရှိုး" ကြီးက ပြောတာကို ပြန်ပြီး ဝေမျှလိုက်ပါတယ်။
===
 Ref: OSHO- Being in Love
Tuesday, September 16, 2014

အသိပညာလား ရှက်စရာလား






ကျွန်မတို့ဟာ နည်းပညာ ခေတ်ကို ရောက်လာတဲ့ အလျှောက် ကျွန်မတို့ဆီကို ရောက်လာတဲ့ သတင်း အချက်အလက်တွေကလည်း မြန်ဆန်လာပါပြီ။ သတင်းအချက်အလက်တွေဟာ ဘဝအတွက် အသုံးဝင်တယ်လို့ ဆိုပေမယ့် သတင်းအချက်အလက်တိုင်းဟာ ကိုယ်လိုအပ်တဲ့ အချိန်မှ ရောက်လာတာမဟုတ်ပဲ ကိုယ်ပတ်ဝန်းကျင်မှာ သူ့ အလိုလို စီးမြောနေတာပါ။ တားမရ ပါဘူး။
ဟိုတစ်လောက ကျွန်မသူငယ်ချင်းတစ်ယောက်ရဲ့ သားလေးနဲ့ လမ်းမှာ တွေ့ပါတယ်။ ကျွန်မ သူငယ်ချင်းက တီတီကို မွှေးမွှေးပေးလိုက်ပါဦး လို့ ဆိုတော့ သူက ကျွန်မ အနားကို ရောက်လာပြီး ကျွန်မ နှုတ်ခမ်းကို လာနမ်းပါတယ်။ ကျွန်မက တစ်ချက် ကြောင်အမ်းအမ်း ဖြစ်သွားပုံရတာမို့ သူ့ အမေက ရယ်ပြီး သူက သဘောကျတဲ့ ကောင်မလေးတွေ ဆိုရင် နှုတ်ခမ်းနမ်းတယ်။ သီချင်းတွေ၊ ရုပ်ရှင်တွေထဲက တွေ့ပြီး နမ်းရကောင်းမှန်း သိသွားတာပဲ ဆိုပြီး ရယ်ပါတယ်။ အပြန်လမ်းမှာ ကျွန်မ တွေးမိတာက ကျွန်မ TV က လာတာမဟုတ်ဘဲ အခွေနဲ့ နမ်းတဲ့ အခန်းတွေ ပါတဲ့ အင်္ဂလိပ်ကားလိုမျိုးတွေ စကြည့်ဖူးတာ ၇ တန်းလောက်မှ ထင်တယ်။ ပထမဆုံး ရည်းစားစထားတော့ ၂၁ နှစ်ပြည့်ပြီးပြီ။ အဲဒီ အထိ နှုတ်ခမ်းချင်း နမ်းတာ အင်္ဂလိပ်တွေပဲ လုပ်တယ်လို့ ထင်နေတုန်း။ ခေတ်ချင်းကွာတာလား ကျွန်မပဲ အလွန်းတာလားတော့ မသိပါဘူးလေ။ ဒါပေမယ့် ကျွန်မ အဓိက ပြောချင်တာကတော့  Sex Education ဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အရာ ငယ်သေးတယ် ဆိုပြီး ပေါ့ထားလို့ မရတဲ့ အရာ ဖြစ်နေပြီ ဆိုတာရယ် နောက်တစ်ခုက အွန်လိုင်းကနေ ရောက်လာနိုင်တဲ့ အန္တရာယ်တွေကို ကာကွယ်တဲ့ အနေနဲ့ Online Porn တွေရဲ့ အကျိုး အပြစ်တွေကိုပါ ထည့်ပြီး ပြောထားနှင့်ပြီလို့ ထင်ပါတယ်။

Tuesday, September 2, 2014

What I Know About Being Single Now That I'm In My 30+




Women World အတွက် မရေးဖြစ်တာကြာပြီ။ တစ်ခုခုရေးဦးမှပါလို့ တွေးရင်း ကိုယ့်လိုပဲ အသက် ၃၀ကျော် အပျိုကြီးတွေအတွက် စိတ်ထဲ ပေါ်ရာ၊ အပျိုကြီးဘဝရဲ့ အခက်အခဲ ရှိနေနိုင်တဲ့ ကိုယ့်လို သူတွေအတွက် တွေးမိတာလေးကို ကောက်ရေးချလိုက်တာပါ။ အသက် ၃၀ ကျော် တစ်ယောက်ရဲ့ အတွေ့အကြုံနဲ့ တွေးမိ သိလာရတာတွေကိုပေါ့…
အပျိုကြီးလို့ အခေါ်ခံရတာ
အသက် အစိတ်ကျော် ၃၀ နားနီးတုန်းက အပျိုကြီးလို့ အခေါ်ခံရရင် စိတ်ထဲ နဲနဲတော့ ကသိကအောင့် ဖြစ်ရပါတယ်။ အမှန်ပြောတာပါ။ ဒါပေမယ့် ၃၀ ကျော်ပြီး သိပ်မကြာခင်မှာတော့ သက်တောင့်သက်သာ ရှိလာပါတယ်။ ကျေကျေနပ်နပ် အခေါ်ခံချင်လာ ပါတယ်။ ဒါပေမယ့် အပျိုကြီးဖြစ်ရတာ မလွယ်လှပါဘူး။ ကျော်လွှားရမယ့် အခက်အခဲတွေ အများကြီးရှိနေပါတယ်။ အပျိုကြီး၊လူပျိုကြီး ဘဝရော အိမ်ထောင်သည် ဘဝမှာပါ ကျော်လွှားရမယ့် အခက်အခဲတွေ ရှိနေသလို ပျော်စရာ အချက်တွေလည်း ရှိပါတယ်။ လူ့ဘဝမှာ အဆိုးအကောင်း အမြဲတွဲနေမှာပဲမို့။ ကိုယ်ရွေးချယ်ရာ ကိုယ့်ဘဝကို ကိုယ်ကျေနပ်ဖို့ပဲ လိုပါတယ်။ ကိုယ့်ကိုကိုယ် တကယ်ပဲ လူပျိုကြီး အပျိုကြီး လုပ်နိုင်မလား ကိုယ့်ဘဝကို ကိုယ်ကျေနပ်ရဲ့လား ဆိုတာကို ပြန်သုံးသတ်နိုင်ဖို့လည်း ပါပါတယ်။
အပျိုကြီး၊ လူပျိုကြီး တွေဟာ သနားစရာ ဂွတီးဂွကျရယ်စရာ လူတွေအဖြစ် ရုပ်ရှင်တွေထဲမှာ တွေ့ရသလို ပတ်ဝန်းကျင်ကလည်း အဲဒီလို မြင်တတ်ပါတယ်။ မြင်ရုံတင်မက အဲဒီလို လူတွေအဖြစ်လည်း ဆက်ဆံ ခံရတတ်ပါတယ်။ အဲဒီတော့ ကျွန်မတို့ တတွေက သူများ ပုံဖော်တဲ့ အဲဒီပုံစံကို အမြင်မခံနိုင်တာနဲ့တင် ဖိစီးမှုတွေ ဖြစ်လာပြီး ကိုယ့်စိတ်ရင်း ကိုယ်ပြန်မဖတ်ဖြစ်တော့ဘဲ အိမ်ထောင်ပြုဖို့ အလောတကြီး ဆုံးဖြတ်လိုက်ကြပြီးမှ လွတ်လပ်မှု ဆုံးရှုံးလိုက်ရလို့ မကျေမနပ်ဖြစ်နေသူတွေရှိပါတယ်။ ဒါကြောင့် ရှေးရိုးစွဲမှု ပတ်ဝန်းကျင်က ပုံဖော်မှုတွေကို ဒါသူတို့ ဒီလိုမြင်တတ်လို့ ပါပဲလေ။ သူတို့ သနားစရာ လူလို့ မြင်ပေမယ့်.. ကိုယ့်ကိုကိုယ် ဘယ်လိုလူဆိုတာ ကိုယ်သိနေရင် ပြီးတာပါပဲ ဆိုတဲ့ စိတ်ကို မွေးပြီး သူများတွေကို ခွင့်လွှတ်တတ်ဖို့ လိုပါလိမ့်မယ်။ မဟုတ်ရင် ပတ်ဝန်းကျင်ရော ကိုယ်ရော စိတ်ပင်ပန်းပါတယ်။

Monday, February 17, 2014

သုံးမြှောင့် အချစ် သီအိုရီ


အချစ်ဆိုတဲ့ အရာ စစ်မစစ် ဆန်းစစ်ဖို့တွေကို လူတွေ နှစ်ကာလ ရှည်ကြာစွာ စိတ်ပညာရှုထောင့်၊ သိပ္ပံရှုထောင့် တွေကနေ လေ့လာခဲ့ကြပေမယ့်  အမှန်နဲ့ နီးစပ်ရုံကလွဲပြီး အပ်ချမတ်ချ ပြောနိုင်လောက်တဲ့ ဖော်ထုတ်နိုင်မှုတွေကတော့ မရှိသလောက်ပါပဲတဲ့။ အခုလည်း အမှန်နဲ့ နီးစပ်တဲ့ အဆိုပြုမှုတစ်ရပ်ကို Robert Sternberg (http://en.wikipedia.org/wiki/Robert_Sternberg ) ဆိုတဲ့ ပညာရှင် တစ်ယောက်က ဖော်ထုတ်ခဲ့ပါတယ်။ သူဖော်ထုတ်ခဲ့တဲ့ သီအိုရီကို Triangular Theory of Love လို့နာမည်ပေးပြီး တြိဂံပုံသဏ္ဍာန် နဲ့ ဖော်ပြထားပါတယ်။ 


Source : http://en.wikipedia.org/wiki/File:Triangular_Theory_of_Love.svg

လူတစ်ယောက်ကို ချစ်တယ် ဆိုတာ ဘာလဲ ဆိုတဲ့ အဖြေကို Robert Sternberg က အဓိက ရှာဖွေခဲ့ပုံရပါတယ်။ လူတွေဟာ ပုံစံ အမျိုးမျိုးနဲ့ ချစ်နိုင်တယ်လို့လည်း သူက ရှာဖွေ တွေ့ရှိခဲ့ပုံရပါတယ်။  ကျွန်မတို့  စာဖတ်သူတွေ အနေနဲ့တော့ သူရှာဖွေ တွေ့ရှိ ခဲ့တဲ့ အချစ်အမျိုးအစား တွေထဲက ကိုယ့် အချစ်က ဘာလဲ ဆိုတာကို သူက စဉ်းစားမိစေခဲ့ပါတယ်။
သူရှာဖွေ တွေ့ရှိခဲ့တဲ့ အချစ် အမျိုးအစားတွေကို သူက အကြောင်း အရာ ၃ မျိုးကို အခြေခံပြီး တွေ့ရှိ ခဲ့တာမို့  သုံးမြှောင့် အချစ် သီအိုရီလို့ သူဆိုခဲ့တာပါ။ 

သူက တစ်ခုချင်းစီကို ဘယ်လို ဖွင့်ဆိုခဲ့လဲ ဆိုတော့…
“Intimacy (The Emotional Warmth): "The intimacy component refers to feelings of closeness, connectedness, and bondedness in loving relationships" (Sternberg, 1986: 119).”
ပထမအချက် ပထမထောင့် အနေနဲ့ နီးစပ်တဲ့ ခံစားမှု က ပေးစွမ်းနိုင်တဲ့ နွေးထွေးမှု၊ သာယာမှုနဲ့ ခံစားချက်ခြင်း နီးစပ်မှု စတဲ့ ခံစားချက်။

Passion (The Romance/Attraction): "The drives that lead to romance, physical attraction, sexual consummation, and related phenomena in loving relationships" (Sternberg, 1986: 119).
ဒုတိယထောင့်  အနေနဲ့က တစ်ယောက်ကို တစ်ယောက် ဆွဲဆောင် နိုင်မှု၊ စိတ်ဝင်စားမှု၊ လိင်ဆွဲဆောင် နိုင်မှုပါ။

Commitment (The Togetherness): This "component refers to, in the short term, the decision that one loves someone else, and in the long term, the commitment to maintain that love. The commitment component thus includes within its purview the cognitive elements that are involved in decision making about the existence of and potential long-term commitment to a loving relationship" (Sternberg, 1986: 119).

တတိယ ထောင့်ကတော့   တာဝန်ယူမှုနဲ့ သစ္စာတရားပါလို့ ဆိုရမလား။ ထာဝရ အတူရှိမယ်လို့ စိတ်ပိုင်းဖြတ် ထားနိုင်မှု လို့ တနည်း ဆိုရမယ် ထင်ပါတယ်။

အောက်မှာပါဝင်တဲ့ ဇယားလေးတွေကတော့  ဒီပါဝင်တဲ့ အရာတွေကို ဒီလို ရှင်းပြထားပါတယ်။

  


အချစ်အမျိုးမျိုးကိုတော့ သူက ဒီလို အဓိပ္ပါယ် ဖွင့်ထားပါတယ်။




သာမန်အမျိုးအစား ဆက်နွယ်မှုတွေ မှာတော့ ပုံမှန်ဆက်သွယ်မှုရှိနေပေမယ့် အချစ်မှာ ထည့်တွက်ရမယ့်  ပါဝင်တဲ့ အရာတွေလို့ အထက်မှာ ဆိုထားတဲ့  ကြိဂံ ရဲ့ ထောင့် သုံးထောင့် ဖြစ်တဲ့  Intimacy ၊  Passion နဲ့  Commitment တွေကို အခိုင်အမာ တွေ့ရတာမျိုး မရှိပါဘူးတဲ့။ 

အချစ်ကို ခွဲခြားနားလည် နိုင်တဲ့ အမျိုးအစားတွေကတော့ … 

သူငယ်ချင်း အချစ်
သူငယ်ချင်းအချစ်မှာ Intimacy ဆိုတဲ့ ကြိဂံရဲ့ ထောင့်တစ်ထောင့် ကို တွေ့ရမှာ ဖြစ်ပြီး ခံစားချက်ခြင်း နီးစပ်တဲ့ ရင်ဖွင့်ဖော်တွေ အဖြစ် နီးကပ်စွာ တွေ့ရမှာ ဖြစ်ပြီး ရေရှည်ဆက်ဆံရေးကိုလည်း မျှော်လင့်လို့ရပေမယ့် ကျန်တဲ့ အချက်တွေ ကိုတော့ တွေ့ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

ခဏတာ အချစ်
ခဏတာ အချစ်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် ဆွဲဆောင်နိုင်မှု တပ်မက်မှု၊ စွဲမက်မှု၊ လိင်ဆွဲဆောင်နိုင်မှု စတဲ့ အချက်တွေကို တွေ့ရမှာ ဖြစ်ပြီး ကြိဂံရဲ့ ထောင့်တစ်ထောင့် ဖြစ်တဲ့ Passion ဆိုတာကိုတော့ တွေ့နိုင်ပါလိမ့်မယ် ကျန်နှစ်ထောင့်ကတော့ ပျောက်ဆုံးနေပါတယ်။ 

အချစ်မဲ့
ဒီတစ်မျိုးကတော့ ကြိဂံရဲ့ ထောင့် နှစ်ထောင့်ဖြစ်တဲ့  Intimacy နဲ့  Passion တွေ မရှိပေမယ့်  လုပ်သင့်တယ်၊ အတူ ရှိသင့်တယ်၊ ဖြစ်သင့်တယ် ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးတွေကို အခြေခံပြီး နောက် တစ်ထောင့်ဖြစ်တဲ့ Commitment  ကို တွေ့ရတဲ့ အခြေအနေမျိုးပါ။ ဦးနှောက် တစ်ခုတည်း နဲ့ စတင် လက်တွဲခဲ့တဲ့ စုံတွဲတွေ၊  မိဘဆွေမျိုးတွေ သဘောတူလို့  စီစဉ်ရာ နာခံတဲ့ စုံတွဲတွေမှာ တွေ့ရလေ့ ရှိပြီး အချစ်တစ်ခု အစပျိုးမှုလည်း ဖြစ်နိုင်သလို ဘဝတစ်လုံးကို အသက်မဲ့ စေတဲ့ အရာလည်း ဖြစ်စေနိုင်ပါတယ်လို့ ဆိုပါတယ်။ 

စိတ်ကူးယဉ်အချစ်
စိတ်ကူးယဉ် အချစ်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် အမြန်ဆုံး စိတ်ရောကိုယ်ပါ အမြန်ဆုံး နီးစပ်သွားပြီး အရူးအမူးချစ်ကြတယ် ဆိုတာမျိုး ဖြစ်ပြီး ရေရှည်အတွက်တော့ စဉ်းစားတွေးတော ခေါင်းထဲ ထည့်ထားပြီးမှ ချစ်သူ ဖြစ်လာတာမျိုး မဟုတ်တဲ့ အချစ်မျိုးပါ။ တစ်ယောက်ကို တစ်ယောက် တကယ် ချစ်ပေမယ့် မခိုင်မြဲနိုင်တာမျိုးကို တွေ့ရပြီး တြိဂံရဲ့ ထောင့် နှစ်ခု ဖြစ်တဲ့ Intimacy နဲ့  Passion ကိုတော့ တွေ့ရပြီး Commitment ပိုင်းမှာတော့ အားနည်း တတ်သလို မရှိသလောက် ဖြစ်နေတတ်တာကို တွေ့ရပါတယ်တဲ့။ 

ဘဝအဖော် ရဲဘော်ရဲဘက် အချစ်
ပြင်းပြတဲ့ ဆွဲဆောင်မှုတွေ သိပ်မရှိပေမယ့် သာမာန်သူငယ်ချင်းတွေထက်လည်း နားလည်မှုတွေ ချစ်ခင်မှုတွေ ပိုနက်ရှိုင်းပြီး ဒီလို အချစ်မျိုးက မိသားစုနဲ့ မိသားစုဆန်တဲ့ အချစ် အရမ်းကိုနီးကပ်တဲ့ သူငယ်ချင်းအချစ်မျိုးတွေမှာ တွေ့ရတတ်သလို ရေရှည်လက်တွဲဖို့လည်း ရည်ရွယ်ထားတဲ့ အချစ်မျိုးဖြစ်တယ်လို့ ဆိုပါတယ်။ Passion အားနည်းပေမယ့် Intimacy နဲ့ Commitment ကတော့ အားကောင်းတဲ့ အခြေအနေပါ။ 

 မျက်ကန်းချစ်
ဥပမာပေးရရင် မြင်မြင်ချင်းချစ်ပြီး လက်ထပ်လိုက်တဲ့ အခြေအနေမျိုးပါတဲ့။ Passion    အားကောင်းနေတဲ့နောက်ကို Commitment ပါ ပါသွားတဲ့ အခြေအနေမျိုးဖြစ်ပေမယ့် Intimacy ကတော့ မရှိတာ တွေ့ရပါတယ်။ လက်ထပ်ဖြစ်သွားနိုင်ပေမယ့် ရေရှည် တည့်တံ့ဖို့ အတွက်တော့  ခက်ခဲနိုင်တဲ့ အခြေအနေမျိုးလို့ သုံးသတ်နိုင်ပါတယ်။ 

ပြည့်စုံတဲ့ အချစ်
လူတိုင်းလိုချင်တဲ့ ဘဝတစ်ခုပေါ့ … Passion၊ Intimacy၊ Commitment ဆိုတဲ့ သုံးမျိုးစလုံး ပြည့်စုံပြီး လိုက်ဖက်တဲ့ ဘဝကို ပိုင်ဆိုင်ကြတဲ့ စုံတွဲတွေမှာ တွေ့ရတဲ့ အခြေအနေမျိုးပေါ့။ 

Sternberg က သူ့ရဲ့ လေ့လာမှုအရ သက်သေပြနိုင်ဖို့ ၁၅ နှစ်အထက် အချစ်မပျယ်တဲ့  လက်တွဲမြဲတဲ့ စုံတွဲတွေမှာ လေ့လာတွေ့ရှိထားတဲ့ အချစ်မျိုးပါလို့ ဆိုထားပါတယ်။ ဒီလူတွေမှာ တွေ့ရတဲ့ အဓိက အချက်က သူတို့ နှစ်ဦးအတူတကွ ရှိနေခြင်းဟာ ပြည့်စုံခြင်း အောင်မြင်မှုတွေကို ရယူနိုင်ခြင်းနဲ့ နှစ်ယောက်အတူရှိနေရင် အရာရာကို ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်နိုင်တယ်ဆိုတဲ့  အကောင်းမြင်မှုတွေနဲ့ ယုံကြည်မှုတွေကို ထင်ထင်ရှားရှား တွေ့မြင်နေရ ပါတယ်တဲ့။ ဒါပေမယ့် ဒါဟာ တော်တော် တွေ့ရခဲ့တဲ့ အချစ်မျိုးပဲလို့လည်း မှတ်ချက်ချ ထားတာကို တွေ့ရပါတယ်။ နောက်ပြီး ဒီလို တွေ့ရတဲ့ သူတွေရဲ့ အချစ်တွေဟာလည်း သက်ဆုံးတိုင်လို့ ပြောနိုင်ဖို့ ခက်ပါတယ်။ ပြောင်းလဲ မသွားနိုင်ဘူးလို့ မဆိုနိုင်ပါဘူးတဲ့။

Valentine အမှီ ပို့စ်လေး ရေးဖို့ စိတ်ကူးပေမယ့် အလုပ်မအားလို့ အခုမှ တင်ဖြစ်တယ်။ တင်ဖြစ်တော့လည်း ရေးနေကျ ရသမဟုတ်ပဲ.. 
တစ်ခါတလေ ကြတော့လည်း လက်တွေ့ဘဝနဲ့ သီအိုရီ ကင်းလွတ်နေတာတွေလည်း အများကြီး ရှိနိုင်တာပဲ မဟုတ်လား။ တစ်ခါတလေ ဝေဝေဝါးဝါး ဖြစ်နေတဲ့ အချိန်တွေမှာတော့ သီအိုရီက ကောက်ရိုးတမျှင်လည်း ဖြစ်နိုင်တာပဲ မို့ ကိုယ်ဖတ်ဖြစ်တဲ့  သီအိုရီတစ်ခုကို  ပြန်ရေးတာ ဖြစ်ပေမယ့်  ကိုယ်လိုချင်တဲ့ အချစ်၊ ကိုယ်ပေးချင်တဲ့ အချစ်၊ ကိုယ် ရနေတဲ့ အချစ် နဲ့ ဖြစ်သင့်တဲ့ အချစ်တွေကို ခွဲခြားမိလို့ ရစေနိုင်တဲ့ ကျွန်မ ဖတ်မိတာလေးကို မျှဝေလိုက်တာပါ။

References:
Acker, Michele, and Mark H. Davis. 1992. "Intimacy, Passion, and Commitment in Adult Romantic Relationships: A Test of the Triangular Theory of Love." Journal of Social and Personal Relationships, 9(1): 21-50.
Sternberg, Robert L. 1997. "Construct Validation of a Triangular Love Scale." European Journal of Social Psychology, 27: 313-335.
----. 1986. "A Triangular Theory of Love." Psychological Review, 93(2): 119-135.