My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Thursday, July 12, 2012

အနုပညာနဲ့နိုင်ငံတည်ဆောက်ရေး


“ဒီအတိုင်း ဆက်သွားမယ် ဆိုရင် ငါ့ ကလေးတွေကြရင် မြန်မာ ရုပ်ရှင်တွေ၊ဗီဒီယိုတွေ မပြဘူး၊ ခိုးကြည့်ရင် ရိုက်ပစ်လိုက်မယ်”
ကျွန်မစီးလာတဲ့ အဝေးပြေးကားပေါ်မှာ ဘေးထိုင်ခုံက သူငယ်ချင်းရဲ့ စကားကို ကျွန်မကြားတော့
“ဘာ..ရိုက်ပစ်မယ် ဟုတ်လား”
“ဟားဟား….အော် ဟုတ်သား ငါကလည်း ကလေးရိုက်တာ မကြိုက်တဲ့ သူနားမှာ ယောင်ပြီး ပြောမိတယ်  ဆုံးမမယ် ပြောတာပါဟ မရိုက်ပါဘူး… ဥပမာပြောတာ..” 

ကျွန်မရဲ့ သူငယ်ချင်းပြောတာလည်း ပြောချင်စရာပါ။ ကျွန်မတို့ စီးလာတဲ့ ကားပေါ်မှာ မြန်မာ ဇာတ်ကားကို စပြကတည်းက ကျွန်မလည်း နားညည်းပြီး  ခေါင်းကိုက်လာပါတယ်။ သရုပ်ဆောင်တွေ စကားပြောတာရော သုံးထားတဲက နောက်ခံတီးလုံး သံတွေကပါ ဆူညံနေလို့ပါ။ 

အခုလည်း ဇာတ်ကားထဲက လင်မယား ရန်ဖြစ်ခန်း က ဆူညံပွက်လောရိုက်နေပါတယ်။ လင်မယား နှစ်ယောက် အိမ်က အိမ်အကူတွေကို တစ်ယောက်က ငါခိုင်းတာပဲလုပ်၊ နောက်တစ်ယောက်က ငါခိုင်းတာပဲလုပ်နဲ့ အော်ဟစ်၊ အိမ်ဖော်တွေကလည်း ပြာယာခတ်နဲ့ နောက်ခံတီးလုံးပါ ပေါင်းလိုက်ရင် အတော်ကို ဆူညံရှုပ်ရှက်ခတ် နေပါတယ်။ 

‘နင်ဘာလို့ ကလေးတွေကို မကြည့်စေချင်ရတာလည်း .. ပြောစမ်းပါဦး’
‘နင်ကြည့်လေ.. ဟိုမှာ.. မင်းသားနဲ့ မင်းသမီး ရန်ဖြစ်ပြီး အော်ဟစ်နေကြတာ ဆူညံ ပွက်လောကို ရိုက်လို့ ဖြစ်သင့်သလား”
‘ အေး နော်… ပြီးတော့ သူတို့ လင်မယား ရန်ဖြစ်တာနဲ့ အိမ်အကူတွေကိုပါ ဆွဲထည့် အော်ဟစ်နေကြသေးတယ်” 

 ‘ဟုတ်တယ်… သူတို့က ရယ်စရာ၊ ဟာသလို ရိုက်ပြနေတာ ဒါပေမယ့် စရိုက် ဆန်လွန်းတယ်။ ငါ ဒီဇာတ်ကားကို ဒီလိုပဲ အရင်တစ်ခေါက် ခရီးသွားတုန်းက ကားပေါ်မှာ ကြည့်ပြီးသား။ လင်မယားနှစ်ယောက် ဘာမှလည်း မဟုတ်တဲ့ ပြဿနာနဲ့ ရန်ဖြစ်ကြတယ်။ အော်ဟစ် ဆူညံပွက်လောရိုက်အောင် ရန်ဖြစ်ကြတယ်။ ဒါပေမယ့် ဒီလို ရန်ဖြစ်ခန်းကို ရိုက်ပြတဲ့ ရည်ရွယ်ချက်က ရန်ဖြစ်တာ မကောင်းဘူး ဆိုတာ ပြချင်တာမျိုးမဟုတ်ဘဲ ရယ်စရာ အခန်းလို ရိုက်ပြနေတာ။ ရည်ရွယ်ချက်တလွဲကြီးနဲ့။ 
အကျယ်ချဲ့တာရယ်လို့ မဟုတ်ပါဘူး။ ပြဿနာ ဖြေရှင်းမှုလို့ ကြည့်လိုက်ရင် ညှိနှိုင်းမှု၊ အတူတကွ အဖြေရှာမှု၊ မတူညီမှုတွေကို လက်ခံ သည်းခံ နိုင်မှု၊ စာနာတွေးတောပေးတတ်မှု စတာတွေ မရှိသလိုကြီး ဖြစ်မနေဘူးလား။
နောက်ဆုံး တစ်ခန်းမှာ အမေက သမီး ကိုယ်ဝန်ရှိလို့ ဘယ်သူနဲ့ ဆိုတာကို မေးတဲ့ အခန်းရှိသေးတယ်။ နင်စောင့်ကြည့်လိုက်။
 အော်ဟစ် ဒေါသထွက်ပြီး သမီးကို ဆူလိုက် သူ့ဘာသာ ငိုလိုက်နဲ့ တကယ်ဆို ပြဿနာ တစ်ခု ဖြစ်လာပြီဆိုရင် ခေါင်းအေးအေးထားပြီး ဖြေရှင်းမှုမျိုး ဆုံးမဆွေးနွေး အကြံပေးမှုမျိုးကို ပြမထားဘူး။ တစ်ရပ်ကွက်လုံး ကြားလောက်အောင် အော်ဟစ်ပြီး လုပ်နေတာ ဒါက ဒီလိုဖြစ်ရင် ဒီလိုပဲ ဆိုတဲ့ သာမာန်ပုံစံ၊ ဖြစ်နေကျ ပုံစံလိုမျိုးပဲ။
နောက်ပြီး ဒီ ဇာတ်ကားထဲမှာ အိမ်အကူတွေကို ဆက်ဆံတဲ့ ပုံစံကြည့် အော်ဟစ် ငေါက်ငမ်းနေတာပဲ။ လူလူချင်း လေးစားတဲ့ အပြုအမူမျိုးကို ဖော်ပြမထားဘူး။ ကိုယ်ချင်းစာတရားတွေ ပျောက်ဆုံးနေသလား မှတ်ရတယ်။
ဒီလို ပေါ့ရွှတ်ရွတ် စရိုက်ဆန်ဆန် ဇာတ်ကားတွေကြောင့်  မြန်မာ လူ့အသိုင်းအဝိုင်းဟာ ဒီလိုကြီးလားလို့တောင် မှတ်ချက်ချလွဲနိုင်သေးတယ်။ မြန်မာဇာတ်ကားကောင်းတွေ မရှိဘူးလို့ မပြောလိုပါဘူး။ ဒါပေမယ့် ဒီလို လူ့အသိုင်းအဝိုင်းကို အဆိပ်ခတ်တဲ့ ပေါ့ရွှတ်ရွှတ် ကားတွေက များနေတယ်လေ၊ ဥပမာ- ကျောင်းသားဇာတ်ကားတွေ ကြည့်ပါလား စာကြည့်တိုက်သွားတာတို့၊ ကျောင်းသူကျောင်းသား အချင်းချင်း စာစုဖတ်ပြီး ဖလှယ်တာမျိုး တွေ မပါဘဲ။ လူစုပြီး ကန်ဘောင်သွား ဟေးလားယါးလားနောက်လိုက် ရည်းစားရသွားလိုက်နဲ့ ပြီးသွားတာဘဲ။ မျှတပြတာလေးတောင် မရှိသလောက်ဘဲ။ အဓိက ပေးချင်တဲ့ မက်ဆေ့စ်က တက္ကသိုလ်တက်တာ ပညာရှိဖို့ထက် ကြင်ရာရှာဖို့ဆိုတာမျိုးကို ဖြစ်နေပြီ။ ဒါမျိုးတွေပေါ့။ ကလေးတွေ ကြည့်မိရင်တော့ ဒါကို ပုံမှန်အနေမထားလို့ မှတ်ယူပြီး သူတို့ဘဝမှာ ဒီအတိုင်းတွေ ကျင့်သုံးလာရင် မတွေးဝင့်စရာပဲ၊ ငါကလေးတွေကို အဲဒီလို အဖြစ်မခံနိုင်ဘူးလို့ ပြောချင်တာပါ”

‘အင်း ဟုတ်တယ်နော်။ နောက်ပြီး သရုပ်ဆောင်တွေ သရုပ်ဆောင်တာ သရုပ်ဆောင် နေတဲ့ အတိုင်းပဲနော် အဲဒါတွေကြောင့် ငါ မကြည့်ချင်တာလည်း ပါတယ်”
သူ့စကား အဆုံးမှာ ကျွန်မလည်း ဆက်နောက်လိုက် မိပါတယ်။ 

တကယ်ပြောတာပါ မြန်မာ သရုပ်ဆောင် တော်တော်များများရဲ့ ဗီဒီယိုထဲမှာ တွေ့ရလေ့ရှိတဲ့ စကားပြောခန်းတွေမှာ သဘာဝကျကျ ထက် စကားပြောဟန်တွေက သဘာဝအတိုင်းမဆန်ပဲ စကားတိုင်းကို ဟန်အပြည့်နဲ့ ပြောတတ်တာ ကျွန်မ သတိထားမိပါတယ်။ ကြာတော့ ဗီဒီယို ဇာတ်ကားက ပြဇာတ်ဆန်နေသလိုလို ဖြစ်နေပါတယ်။ 

နောက်တစ်ခုက ဇာတ်ကားထဲက စကားပြောခန်းတွေမှာ ပါဝင်တဲ့ ဒိုင်ယာလော့တွေပါပဲ။ ဟာသဆိုတာ ခါးအောက်က အကြောင်းအရာ ဆိုတာကို ပုံသေမှတ်ထားလေသလားလို့တောင် ထင်ရပါတယ်။ အဓိပ္ပါယ် နှစ်ခွနဲ့ စကားတွေကို ပေါပေါလောလော သုံးပြီး မင်းသားမင်းသမီးတွေက အတည်ပေါက်ပြောလို့ ပရိတ်သတ်ကို ရယ်အောင်လုပ်ကြပါတယ်။ ကျွန်မ ကြည့်လိုက်ရတဲ့ ဇာတ်ကားတစ်ကားဆိုရင် ယောက္ခမကို သားမက်လောင်းက သွားတွေ့တဲ့ အခန်းမှာ ‘ စိတ်ချပါ ဦး သမီးကို ကျွန်တော် အပေါ်စီးက မဆက်ဆံပါဘူး၊ သူ စိတ်ကျေနပ်အောင် ကျွန်တော် ကြိုးစားပြီး ဆက်ဆံပါမယ်လို့လဲ ဂတိပေးပါတယ်’လို့ မင်းသားက သူ့ယောက္ခမလောင်း အဖိုးကြီးကို ပြောပါတယ်။ သရုပ်ဆောင် တွေရဲ့ မျက်နှာပေးကြောင့်လည်း ဒီစကားဟာ ပရိတ်သတ် ရယ်အောင် ပြောတဲ့ စကားဆိုတာ သိသာစေပါတယ်။

 အဲဒီလို ဒိုင်ယာလော့တွေ လှိုင်လှိုင်ကြီး သုံးတာ တစ်ဇာတ်ကားလုံး ပြီးတဲ့အထိပါပဲ။ နိုင်ငံခြားကားတွေလို အိပ်ယာခန်းနဲ့ နမ်းတဲ့ ဇာတ်ဝင်ခန်းတွေ မပါပါပေမယ့် သားနဲ့အမိ၊ မောင်နဲ့နှမ၊ သူငယ်ချင်းတွေ အတူကြည့်ဖို့ ခက်လောက်အောင်ပါပဲ။ 

ဒါမျိုးဇာတ်ကားကို ကားပေါ်မှာ လူအများနဲ့ ကြည့်ရတာ ၊ ဝိုင်းရယ်ကြတာ ကျင့်သားရနေပြီလား။ အဲဒီ ဇာတ်ကားက သရုပ်ဆောင်တွေက အကယ်ဒမီ မင်းသား၊ မင်းသမီးနဲ့ နာမည်ကြီးတွေ ချည်းပါပဲ။
 နောက်တစ်ခု ကျွန်မ သတိထားမိတာကတော့ ဇာတ်ကားနာမည်ပေးပုံတွေက ဗန်းစကားဆန်ဆန်တွေနဲ့ ဇာတ်ကားရဲ့ အဆင့်အတန်းကို ဖော်ပြနေတာကိုပါပဲ။ 

ကျွန်မလည်း ဝါးလုံးရှည်နဲ့မရမ်းချင်သလို ဘယ်သူဘယ်ဝါ ဘယ်ကားတွေလို့ တပ်မပြောချင်ပါဘူး။ ဒါပေမယ့် မြန်မာဗီဒီယို ဇာတ်လမ်းတွေကို ရိုက်တဲ့သူ၊ ဇာတ်ညွှန်းရေးသူ။ သရုပ်ဆောင် စတဲ့ ပါဝင် ပတ်သက်သူ အနုပညာရှင် အားလုံးကို ပရိတ်သတ် တစ်ယောက်အနေနဲ့ တောင်းဆိုချင်တာက ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခုရဲ့ သက်ရောက်မှု အတိုင်းအတာဟာ ဘယ်လောက်အထိ ရှိတယ်ဆိုတာ တွက်ဆမိစေချင်ပါတယ်။ အနာဂတ် မြန်မာ့ လူ့အသိုင်းအဝိုင်းကို ပုံဖော်နေတဲ့ အဓိက သူတွေထဲမှာ အနုပညာ သမားတွေပါပါတယ် ဆိုတာ မမေ့ဖို့ပါပဲ။ 

“ ဇာတ်သမားပြန်ရင် မှတ်သားစရာ ကျန်ခဲ့တယ်” လို့ ရှေးရှေးက ပြောကြပါတယ်။
 ဒီနေ့ခေတ်မှာလည်း မီဒီယာရဲ့ လွှမ်းမိုးမှုနဲ့ လူတွေရဲ့ တွေးခေါ်နေထိုင်မှုတွေအပေါ် သက်ရောက်မှုတွေကို ပြောဆိုနေကြပါတယ်။ 

အနုပညာသမားတွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ပုံဖော်ရာမှာ တစ်ထောင့်တစ်နေရာက တာဝန်ရှိသူတွေရယ်လို့ မိမိတို့ ရောက်နေတဲ့ နေရာကို သေသေချာချာ အထီးမှန်း အမမှန်း သိဖို့လိုပါတယ်။ 

တိုင်းပြည်က လူငယ်တွေရဲ့ နေပုံ၊ထိုင်ပုံ တွေးပုံ ခေါ်ပုံတွေကို ပုံဖော်နေကြတဲ့ သူများထဲမှာ ကိုယ်တွေလည်း ပါနေတယ် ဆိုတာကို သိမြင်ပြီး အနှစ်သာရရှိရှိ အနုပညာကို ဖော်ကျူးနိုင်ဖို့ ကြိုးစားသင့်တယ်လို့ မြင်မိပါတယ်။ 
တိုင်းပြည်ရဲ့ အခြေအနေ အရပ်ရပ်ကို သိမြင်ပြီး အနာဂတ်ကို ဝိုင်းဝန်း တစ်တပ်တအား ပုံဖော်ကြတဲ့ နေရာမှာ အနုပညာရှင်များရဲ့ အားတွေကလည်း အရေးပါလှပါတယ်။ အနုပညာသမားတွေရဲ့ စွမ်းရည်ဆိုတဲ့ နေရာမှာ အနုပညာအရည်အသွေးအပြင် စဉ်းစားတွေးတွေးခေါ်မှု၊ နိုင်ငံရေး၊ လူမှုရေး အသိပညာတိုးပွားမှုစေမှုတွေကိုပါ ထည့်သွင်းစဉ်းစားကြရပါလိမ့်မယ်။ 
ဒီထက်ပြောရရင် တိုင်းပြည်တည်ဆောက်ရေး၊ ဒီမိုကရေစီစနစ် ခိုင်မာလာရေးမှာ ပြည်သူကို အသိပညာပေးနိုင်တဲ့အထိ၊ မြန်မာလူ့အဖွဲ့အစည်းကို ဒီမိုကရက်တစ်အလေ့အထများနဲ့ ပြည့်ဝစေပြီး တိုင်းပြည်တည်ဆောက်ရေး၊ ဒီမိုကရေစီစနစ် ခိုင်မာလာရေး အထိ အနုပညာသမားတွေမှာ အင်အားရှိကြပါတယ်။  အနုပညာနဲ့ ကျွန်မတို့ တိုင်းပြည်အနာဂတ်ကို တစ်တပ်တစ်အား ဝင်ရေးလို့ရပါတယ်။

အနုပညာသမားတွေဟာ ကိုယ့်ကို အားပေးတဲ့ သူတွေထဲမှာ လူကြီး၊ လူငယ် မရွေးဆိုတဲ့ အတိုင်း နုနယ် ငယ်ရွယ်တဲ့ ကလေး လေးတွေ၊ လူငယ်တွေ ပါတာမို့ အတုယူ မမှားစေဖို့ရယ်။ သူတို့က မြင်ပါများတော့ ဒါ ပုံမှန်ပဲ လို့ ဆိုပြီူး လိုက်ကျင့်သုံး မိခဲ့ပါရင် အနာဂတ် လူမှုပတ်ဝန်းကျင် အပြောင်းအလဲ ဘယ်လောက်အထိ ရှိမယ် ဆိုတာမျိုးလေးတွေ တွက်ဆပြီး။ ကိုယ်အလုပ်ကို ကိုယ် တန်ဖိုးထားစိတ်၊ ကိုယ့်ပရိတ်သတ်အပေါ် လေးစားစိတ်နဲ့ အရည်အသွေးကို ငွေကြေးထက် ပို ချစ်ခင် တန်ဖိုးထားပြီး သတိထား ပေးကြစေချင်မိပါတယ်။
 
 မြန်မာဗီဒီယို ဇာတ်ကားတွေကို ဖျော်ဖြေရေးအပြင် အနှစ်သာရပါတဲ့ ကိုယ့်ပတ်ဝန်းကျင်ကို အနုပညာနဲ့ အကျိုးပြုနိုင်စေမယ့် ဇာတ်ကားကောင်းတွေအဖြစ်  မြင်ချင်မိပါတယ်။တခြား စာပေ၊ဂီတ၊ပန်းချီ တခြား အနုပညာအလွှာအားလုံးလည်း ထိုနည်းတူပါပဲ။ မြန်မာအနုပညာလောကမှာ တိုင်းကျိုးပြည်ပြု အနုပညာသမားတွေ ရှေးတုန်းကလည်း ရှိခဲ့သလို အခုလည်း ရှိနေပါတယ်။ ဒါပေမယ့် အခုအချိန်ရဲ့  လက်ရှိအခြေအနေမှာ အရည်အတွက် အားဖြင့်တော့  လေးနက်ပြည့်ဝတဲ့ အနုပညာသည်က နဲနေသေးတာ ပရိတ်သတ်တစ်ယောက် အနေနဲ့ အားမလို အားမရဖြစ်မိပါတယ်။

 အနုပညာ လွတ်လပ်မှုအပြည့်အဝမရှိသေးတာဟာ အနုပညာအဆင့်အတန်းမြင့်လာဖို့ကို အတားအဆီးဖြစ်တာကြောင့် လို့ ပြောလို့ရပေမယ့်။ 
အနုပညာလွတ်လပ်ခွင့်ကို ရယူနိုင်ဖို့ ကြိုးစားရမှာကလည်း အနုပညာရှင်တိုင်းရဲ့ တာဝန်ပဲမို့ အနုပညာရှင်များမှာ ခေတ်ကို မြင်တတ်ဖို့  နိုင်ငံရေး၊လူမှုရေး အသိပညာများ နားလည်နိုင်မှု စွမ်းရည်ပါ အနုပညာစွမ်းရည် ပြည့်ဝမှုနဲ့အတူ လိုအပ်နေပါတယ်။
                                                                       အနုပညာရှင်များထဲမှာ တိုင်းကျိုးပြည်ပြု စွမ်းရည်ပြည့်ဝတဲ့ အနုပညာရှင် ကောင်းများ ပေါ်ထွက်လာစေချင်မိတာ ပရိတ်သတ်များဖြစ်တဲ့ ကျွန်မ ရဲ့ မျှော်လင့်ချက်တစ်ခုပါပဲ။

အလွမ်းပြေ
(ဂျွန် ၁၆၊၂၀၁၂)

0 comments: