My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Monday, January 16, 2012

ရွှေပြည်တော် မျှော်လေတိုင်း


ထိုင်းနိုင်ငံ ဘန်ကောက်က တစ်ပတ်တစ်ရက် ထိုင်းစာနဲ့ အင်္ဂလိပ်စာ သင်ပေးတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကျောင်းနဲ့ ကျောင်းသားတွေရဲ့ စကားသံကို ဒီ youtube video ကနေ ကြားရတဲ့ အခါ ကျွန်မ course work ပြီးကာစ ချင်းမိုင်က ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ဖွင့်ထားတဲ့ ကျောင်းမှာ လုပ်အားပေးဆရာမ ဝင်လုပ်ဖြစ်တာကို သတိရမိပါတယ်။ အစက အဲဒီကျောင်းမှ အမြဲတမ်းလုပ်မယ့် ဆရာမ မရခင် ၃ လလို့ ပြောထားပြီးမှ သူတို့ ဆရာမ မရသေးတာရယ် ကျောင်းကိုရော တပည့်တွေကိုပါ သံယောဇဉ် တွယ်မိတာကြောင့် ၉ လလောက် လုပ်ပေးဖြစ်ခဲ့ပြီးမှ စိတ်ကို မနည်းဖြတ်ပြီး ရပ်ခဲ့ရတယ်။ ကျွန်မ အဖေ နေမကောင်းတော့ အိမ်ပြန်လာရမှာလည်း ပါတာနဲ့မို့ ရယ် ကျွန်မမှာလည်း ကျွန်မ အလုပ်လည်း ပြည်တွင်းမှာ ရှိနေတာမို့ စိတ်ဖြတ်နိုင်ခဲ့တာ မဟုတ်ရင် ကျွန်မ အဲဒီကျောင်းလေးကို ခွဲနိုင်မယ်တောင် မထင်ဘူး။ 
ကျွန်မ လုပ်အားပေးဆရာမ လုပ်တဲ့ ကျောင်းက ဆရာတွေက ဆရာမတွေက ကျောင်းသား တွေ ဘယ်လောက် ဘဝ ကြမ်းပြီး ကြိုးစားရတယ်ဆိုတာကို နားလည်ပြီး စေတနာစိတ်နဲ့ ဝင်လုပ်တဲ့ သူတွေဆိုတော့ သိပ်စိတ်ရှည်ကြပါတယ်။ ကျွန်မကိုလည်း သူတို့ သဘာဝကို နားလည်အောင် ပြောပြပါတယ်။ မိသားစု တစ်စုလိုပါပဲ။  အဲဒီကျောင်းလေးမှာ ကျွန်မ ဆရာမ လုပ်ခဲ့ရတဲ့ တစ်လျှောက်က ချင်းမိုင်မှာ နေတဲ့ တစ်လျှောက်မှာ အပျော်ရွှင်ဆုံးပါပဲ။ 
ကျောင်းသားတွေက မိဝေး ဖဝေးဆိုတော့ ကျွန်မတို့တွေကို သူတို့ အမျိုးတွေလိုပါပဲ။ ကျောင်းမှာ ကွန်ပျူတာ သင်တန်း၊ အချုပ်အလုပ်သင်တန်း၊ အင်္ဂလိပ်စာ၊ ထိုင်းစာနဲ့ တက္ကသိုလ်တစ်ဝက် တစ်ပျက်နဲ့ ဝမ်းရေးအတွက် မိသားစုအတွက် အလုပ်လာ လုပ်နေရရှာတဲ့သူတွေ  ကျောင်းပညာဆက်တက်ခွင့် ရဖို့ ၊ စကော်လားရှစ် လျှောက်နိုင်ဖို့ GED ဖြေဖို့ ပြင်ဆင်ပေးတဲ့ သင်တန်းတွေပါပဲ။ ကျွန်မက အဲဒီ တက္ကသိုလ်ဝင်ခွင့် ပြင်ဆင်ပေးတဲ့ သင်တန်းအတွက် ဆရာမပါ။ ကျောင်းသူ ကျောင်းသားတွေက သူတို့နဲ့ သူငယ်ချင်းလိုနေတဲ့ ကျွန်မကို ဆရာမ ခေါ်လိုက် အစ်မ ခေါ်လိုက်ပေါ့။
တကယ်တမ်း အနီးကပ်နေမှ ကိုယ့် နိုင်ငံသားတွေ သူတပါးနိုင်ငံမှာ ဘယ်လောက် အနှိမ်ခံရတယ်။ ဘဝတွေ ဘယ်လောက်ကြမ်းတယ် ဆိုတာ ပိုသိလာရပါတယ်။ ကျွန်မ တပည့်တချို့နဲ့ ကျွန်မ တစ်အိမ်တည်းနေ အတူနေတော့  သူတို့ရဲ့ ဒုက္ခ သောက တွေကို အတူ မျှဝေ ခံစားဖူးတော့ ပိုသိလာရတယ်။ 
ထိုင်းမှာ ထိုင်းစကား၊ ထိုင်းစာ မတတ်ရင် ရတဲ့ လခက နဲပါတယ်။ အလုပ်တွေက ဈေးရောင်း၊ စားပွဲထိုး၊ ပန်ကန်ဆေး၊ သန့်ရှင်းရေး စတဲ့ အခြေခံ အလုပ်တွေ၊ ပရံ အလုပ်သမား စတာတွေ လုပ်ရတာပါ။ ဒါ့အပြင် တရားဝင် လက်မှတ် မဟုတ်ရင်လည်း လခ နည်းပါတယ်။ တစ်လမှ ဘတ် ၃၅၀၀ ပတ်ဝန်းကျုင် လောက်ပဲ ရပေမယ့် မြန်မာနိုင်ငံထက် စာရင် အများကြီး ရတာပါလို့ သူတို့က ဆိုကြပါတယ်။ အိမ်ပြန်ပို့တာရယ်၊ သူတို့ စားစရိတ် နေစရိတ်ရယ်နဲ့ လုံးလည် ချာလည် လိုက်နေကြတော့ တစ်ခါတစ်လေ အလုပ် နှစ်လုပ် လုပ်တဲ့ သူတွေလည်း ရှိပါတယ်။ မနက် ၈နာရီလောက်ကနေ ည ၁ နာရီ ကျော်အထိ ဆက်တိုက် နှစ်လုပ် လုပ်ရတဲ့ သူလည်း ရှိပါတယ်။အလုပ်ထဲမှာ အနှိမ်ခံရတာမျိုး ရှိသလို။ အိမ်ဖော် လုပ်တဲ့ အမျိုးသမီးကလေး တစ်ဦးက ကျွန်မကို ပြောပြဖူးတာဆိုရင် အလုပ်တွေ မတရား ခိုင်းလွန်းလို့ အဲလောက် မလုပ်နိုင်ဘူးလို့ သူပြန်ပြောမိတော့ နင်တို့ ဗမာတွေ ငါ့တို့ကို စစ်လာတိုက် နှိပ်စက်ခဲ့လို့ အခုလို လာကျွန်ခံရတာ ဝဋ်လည်တာ မငြီးနဲ့လို့တောင် ပြောပါတယ်တဲ့။ တချို့ ကံကောင်းတဲ့ သူတွေကတော့ အလုပ်ရှင် ကောင်းတွေ့တတ်ပါတယ်။ ဒါပေမယ့် ကံကောင်းသူနဲ့ ကံဆိုးသူ လောကမှာ ကံဆိုးသူက များတယ် မဟုတ်လား။ အရိုးသီချင်းထဲကလို ဖော်ရိန်းသွားပေမယ့် လူလည်အာရှသား မြန်မာတွေ သူများနိုင်ငံမှာ မထည်ဝါနိုင်ခဲ့ပါဘူး။ 
နောက်ထပ် လုပ်ငန်းခွင် ဒုက္ခတွေ အပြင် လမ်းပေါ်မှာ ထိုင်းရဲကိုလည်း ကြောက်ကြ ရပါသေးတယ်။ကျွန်မ ကျောင်းသားတစ်ယောက်က ကျွန်မကို ပြောဖူးတယ် ဆရာမ လမ်းလျှောက် ATM တွေကို သိလားတဲ့။ ကျွန်မက အထူးအဆန်းပါလား ဆိုတော့ ထိုင်းရဲတွေ အတွက်တော့ ကျွန်တော်တို့ ဗမာပြည်သားတွေက လမ်းလျှောက် ATM ပါပဲ အချိန်မရွေး ငွေခေါ်ထုတ်လို့ ရတယ်တဲ့လေ။
အဲဒီလို အခက်အခဲတွေ ကြားက ကြိုးစားရုန်းကန်ရင်း ပညာလညှ်းရှာဖို့ ကြိုးစားနေကြရတဲ့ သူတို့တွေရဲ့ ဘဝရဲ့ အားမာန်တွေကို လေးစားမိပါတယ်။ တကယ်တော့ ဘယ်သူက ဒီလို နေချင်မှာတဲ့လဲ။ မိဝေး၊ ဖဝေး၊ ဘဝ လုံခြုံမှု မပေးနိုင်တဲ့ တစိမ်းတို့ရဲ့ အလည်မှာ ၊ လူမှုရေး၊ ကျန်းမာရေးနဲ့ ကြုံလာသမျှ ပြဿနာတွေကို ခါးစီးခံရင်း မပြေလည်တဲ့ မိသားစု အရေးကြောင့်သာ သူတို့ ခွဲခွာပြီး ရုန်းကန်ကြိုးစားရှာတာပေါ့။ ရွေ့ပြောင်း အလုပ်သမားတွေမှာ တိုင်းရင်းသား စုံပါတယ်။ ကချင်၊ ရှမ်း၊ ကရင်၊ မွန် တွေက အများဆုံးပါပဲ။ အခုတော့ ထိုင်းကို မြန်မာပြည်က အလုပ်သမား ဝန်ကြီးလာပြီး ညှိနှိုင်းဆောင်ရွက် ပြီးတဲ့နောက် နဲနဲတော့ အရင်ကထက်စာရင် အခြေအနေ ကောင်းလာသလို ရှိလာပါတယ်။
မြန်မာပြည်မှာ ကျန်ခဲ့ရတဲ့ မိသားစုတွေရဲ့ ဘဝကရော ပူဆွေးမှုတွေနဲ့ပါ။  ကျွန်မ ပြည်တွင်းပြန် အလုပ်လုပ်တော့ နယ်တွေကို စာသွားသင်ရတော့ မွန်ရွာလေး တစ်ရွာကို ရောက်ခဲ့ပါသေးတယ်။  အရပ်ဖက်လူ့အဖွဲ့အစည်းတွေ အကြောင်း စာသင်ရင်း ရှင်တို့ရွာမှာရော ဘာအခက်အခဲတွေ မပြေလည်တာတွေ ရှိလဲလို့ စကားစတော့ ရွာသား တစ်ယောက်က ပြောလာတယ်။ အထီးကျန် ဆန်တဲ့ ပြဿနာက အကြီးဆုံးပါတဲ့။ သူပြောချင် တဲ့ အဓိပ္ပါယ်က ရွာကနေ ထွက်ပြီး ထိုင်းမှာ မလေးရှားမှာ အလုပ်သွားလုပ် နေကြရလို့ ရွာမှာ အဘွားကြီး အဖိုးကြီးနဲ့ ကလေးတွေ၊ ကလေးအမေ နဲနဲ ဒါပဲ ရှိတော့တယ် ဆရာမရယ်တဲ့။ သင်္ကြန်လိုအချိန် ပြန်လာလည်ရင် ရွာမှာ သိပ်ပျော်စရာ ကောင်းသလောက် တခြားအချိန်ဆို တိတ်ဆိတ်ပြီး အထီးကျန် ဝေဒနာကို လူတိုင်း ခံစားနေရတာပါတဲ့။ သူစကားကြောင့် ရင်ထဲမကောင်းလို့ ကျွန်မ ချက်ချင်းတောင် စကားပြန်မပြောနိုင်ပါဘူး။
တကယ်လို့သာ ကျွန်မတို့ နိုင်ငံ စီးပွားရေးအခြေအနေ ကောင်းရင် အခုလို ဖြစ်ပါတော့မလား..  ကျွန်မတို့ စီးပွားရေး အခြေအနေ ဦးမော့လာဖို့ ပြည်တွင်းစစ်တွေ မရှိဖို့ ၊ နိုင်ငံရေးမှာ လည်း တည်ငြိမ်ဖို့ လိုပါတယ်။  ဒါမှလည်း ရင်းနှီးမြှုပ်နှံမယ့် ပြည်တွင်းရော၊ နိုင်ငံတကာကရော စီးပွားရေး လုပ်ငန်းရှင်တွေ က အလုပ်လုပ်ရဲမယ်။
စီးပွားရေး လုပ်ငန်းတွေ များလာ၊ အဆင်ပြေလာတာနဲ့ အမျှ ဝင်ငွေလည်ပတ် စီးဆင်းမှုလည်း မှန် လာပြီး အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပွင့်လာမယ်။ ရေမြင့် ကြာတင့်ဆိုသလို  တဖက်က ပညာရေးနဲ့ ကျန်းမာရေးမှာပါ အခြေအနေ ပိုကောင်းလာမှာပါ့။ တကယ်တော့ ကျွန်မ တို့ နိုင်ငံ သူများထက်  နောက်ကျ ကျန်နေခဲ့လို့သာ သူများ နိုင်ငံကို ထွက် အလုပ်လုပ် ကြရတာပေါ့။ 
ကျွန်မတို့  သူတပါး နိုင်ငံမှာ မျက်နှာမငယ်ဖို့ အိမ်ပြန်ချင်တဲ့ သူတွေရဲ့ စိတ်ထဲမှာ ရွှေပြည်တော် မျှော်လေတိုင်း မဝေးစေဖို့ ...  တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်လာစေဖို့ ဆုတောင်းရင်း ...နိုင်ငံအစိုးရနဲ့အတူ  နိုင်ငံသားတိုင်း  ကြိုးစားဖို့လည်း လိုပါလိမ့်မယ်...

ခင်မင်စွာဖြင့်
အလွမ်းပြေ



0 comments: