My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Friday, January 13, 2012

လွတ်လပ်ခြင်းနှင့်ပျော်ရွှင်ခြင်းရဲ့ အရသာ

ဒီကနေ့ဟာ ကျွန်မဘဝမှာ ပျော်ရွှင်ခြင်းနဲ့ လွတ်လပ်ခြင်း အရသာကို ကောင်းကောင်း ခံစားမိတဲ့ နေ့လို့  ဆိုလိုက်ချင်ပါတယ်။ ပြီးသွားတဲ့ လွတ်လပ်ရေးနှစ်ပတ်ည်နေ့ကတောင် လွတ်လပ်မှု အရသာကို ဒီနေ့လို မခံစားမိ ပါဘူး။  
သမ္မတကြီးက နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက်ရယ် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်ခွင့် ရရှိစေရေးအတွက်ရယ်၊ လူသားချင်း စာနာ ထောက်ထားမှုကို အလေးပေးသော အားဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်တဲ့။  
လွတ်မြောက်လာတဲ့ နိုင်ငံနဲ့ လူမျိုး အတွက် ကိုယ့်အသက်တာမှာ  စတေးခံခဲ့ကြတဲ့ သူတွေနဲ့ သူတို့ကို ကြိုလင့်နေသူတွေရဲ့ တွေ့ဆုံတွေကို စောင့်ကြည့်ရင်း ကိုယ်ပါ မျက်ရည်ကျတဲ့ အထိ ပျော်ရွှင်ရပါတယ်။ 
ကျွန်မတို့ ဘဝ တစ်သက်တာမှာ ကြောက်ရွံ့ခြင်းဆိုတာ အတူကပ်ပြီး မွေးဖွားလာ သလား လို့တောင် ထင်ရပါတယ်။ နိုင်ငံသားတစ်ယောက် ဖြစ်ပါရဲ့  နိုင်ငံရေးဆိုတာ မစားကောင်းတဲ့ အသီး မပြောကောင်းတဲ့အရာ၊ ထောင်ဆိုတာ ဒေါ်လာတစ်ရွက် လက်ထဲ ရှိရုံနဲ့တောင် ရောက်နိုင်တဲ့ နေရာ၊ ကျွန်မ ကရင်လူမျိုး တစ်ယောက်ဖြစ်ပြီး ကိုယ့် လူမျိုးတွေ ရှိတဲ့ နယ်တွေကိုတောင် သွားလည်ဖို့ အနက်ရောင် နယ်မြေမို့ စိတ်မချရတဲ့။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း တိုင်းပြည်နဲ့ လူမျိုးအတွက် ယုံကြည်ချက်နဲ့ ရုန်းထွက်ဖို့ ကြိုးစားသူတွေ.. တစ်ယောက်ပြီး တစ်ယောက် ထောင် ထဲမှာ အပြင်က မိဘ၊ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ဆွေမျိုးတို့ရဲ့ မျက်ရည်တွေ  ဒါတွေအားလုံး ကျွန်မ ပတ်ဝန်းကျင်မှာ အမြဲကြုံနေခဲ့ရတာပါ။ 
ရွေးကောက်ပွဲအပြီးမှလည်း ဒီမိုကရေစီစနစ်ကို မူအရ ပိုင်ပြီဆိုပေမယ့် လူကိုတော့ စိတ်မချဖြစ်မိတာ အမှန်ပါပဲ။ စိတ်ထဲမှာ ယုံကြည်မှုက ဒီဂရီ သိပ်နည်းသလို ခံစားရပါတယ်။ အဲဒီမှာ ကျွန်မကိုယ်ကျွန်မ သတိထားမိတာ တစ်ချက်က စိတ်ခံစားချက်အကြောင်းပါ။
ကျွန်မနိုင်ငံရေး အကျဉ်းသားတွေ အကြောင်းတွေးရင်  တွေးမိတာက တချို့က ကိုယ့်ယုံကြည်ချက်အတွက် ကြိုးစားရင်း လူထောင်ကျနေတယ်။ ကျွန်မတို့လည်း  ကိုယ်နိုင်ငံကို အစိုးရကို ကိုယ်မယုံကြည်တဲ့  နိုင်ငံသားတစ်ယောက်ရဲ့ ခံစားချက်ဆိုတာမျိုးနဲ့  ဒီနိုင်ငံသားဖြစ်ပြီး ဒီနိုင်ငံ အချုပ်အချာ အာဏာထဲမှာ လုံခြုံမှုနဲ့ လွတ်လပ်မှုကို မခံစားရတာ တနည်းပြောရရင် စိတ်ဓာတ်ရေးအရ ထောင်ချခံနေရသလိုပါပဲ။ 
ထို့အတူ အစိုးရ၊ အထူးသဖြင့် သမ္မတကြီး ကိုယ်တိုင်လည်း ကိုယ့်နိုင်ငံသားတွေရဲ့ ချစ်ခင်မှုနဲ့ ယုံကြည်မှုကို မရတာ သူ့ကိုယ်သူ စိတ်ဓာတ်ရေးရာ ထောင်ချထားသလိုပါပဲလို့ တွေးနေမိတယ်။ ခုတော့ ကျွန်မ ယုံကြည်ပါပြီ။ ယုံကြည်ခြင်းနဲ့အတူ စစ်မှန်တဲ့ လွတ်လပ်ခြင်းနဲ့ ပျော်ရွှင်ခြင်း အရသာကို ကျွန်မ ခံစားရပါပြီ။ 

ကျွန်မတို့ ဘဝမှာ နိုင်ငံတစ်ခုလုံး တစ်နိုင်ငံသားလုံး အတူ ခံစားရတဲ့ ပျော်ရွှင်ခြင်း ဆိုတာကို ကျွန်မတို့ ခံစားရပါပြီ။ လွတ်မြောက်လာတဲ့ သူတွေ၊ ငြိမ်ချမ်းရေး လက်မှတ်ထိုးပွဲတွေက ကျွန်မတို့ကို အဲဒီလို ခံစားမှုကို ပေးလိုက်ပါပြီ။ 

ပြည်တွင်း စစ်ပွဲတွေ ရပ်ဖို့ ငြိမ်းချမ်းရေး ချိုးကူသံတွေကိုလည်း ကျွန်မတို့ ဒီရက်ပိုင်းတွေမှာ ကြားနေရပြီ။ ယုံကြည်ချက်ကြောင့် တိုက်ပွဲဝင်ရင်း သံတိုင်တွေခြားလို့ ခွဲခြားနေရတဲ့ သူတွေနဲ့ မိသားစု ဆွေမျိုးတွေလည်း အပြုံးတွေ အနမ်းတွေနဲ့ ပြန်ဆုံကြရပြီ။


ပြည်သူချစ်တဲ့ အန်တီစုလည်း နိုင်ငံအကျိုးအတွက် လှုပ်ရှားလုပ်ကိုင် တက်ကြွ ပျော်ရွှင်နေပြီ။ သမ္မတကြီးကိုလည်း ပြည်သူတွေက ချစ်ခင်ကောင်းချီးပေးနေကြပြီ။ နိုင်ငံတကာကလည်း မြန်မာနိုင်ငံရဲ့ တိုးတက် ပြောင်းလဲလာတဲ့ အခြေအနေကို စောင့်ကြည့် အားပေး ကူညီနေကြပြီ။ မင်္ဂလာအချိန် အခါပါပဲ။
နှစ်ပေါင်းများစွာ တိုင်းပြည်နုနု မုန်တိုင်းထန်ထန်နဲ့ ဖြစ်လာခဲ့ကြတဲ့ ပြည်တွင်း စစ်ပွဲတွေရပ်လို့ ကိုယ့် သွေးချင်းသားရင်း နိုင်ငံသား အချင်းချင်းတွေရဲ့ သွေးမြေကျစေတဲ့ လုပ်ရပ်တွေကို ရပ်ပြီမို့ အဲဒီနေရာမှာ သုံးတဲ့ အားတွေ၊ ချွေးတွေကို ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး  တိုးတက်ဖို့ အတွက် သုံးကြပါစို့။ မပြေလည်တာတွေ ရှိခဲ့ရင်လည်း ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး ဆွေးဆွေးနွေးနွေးနဲ့ တိုင်ပင် ညှိနှိုင်းကြပါစို့။

 ပြည်တွင်း၊ ပြည်ပ ၊ အတိုက်အခံ၊ ထောက်ခံသူတွေဆိုပြီး ကွဲပြားမနေဘဲ ဒီမိုကရေစီရဲ့ အနှစ်သာရအဖြစ် မတူညီတဲ့ အမြင်တွေကို စုစည်းပြီး ငါနဲ့မတူ ငါ့ရန်သူဆိုပြီး ရန်ဖက်ပြိုင်မနေဘဲ မတူညီခြင်းကနေ ရတဲ့ ပိုကောင်းတဲ့ စုစည်းမှုအင်အားတွေဖြစ်အောင် လုပ်ရင်း တိုင်းပြည် ကမ္ဘာအလည်မှာ ရှေ့ကို ရောက်ဖို့ ကြိုးစားရအောင်လား။ 
ဒီမိုကရေစီ စနစ်နဲ့ တိုးတက်တဲ့ တိုင်းပြည်ဆိုတဲ့ ပန်းတိုင်ဆီကို မူအားဖြင့်ရော လူအားဖြင့်ရော ရောက်အောင် သွားဖို့  ကျွန်မတို့  မြန်မာနိုင်ငံသား အယောက်စီတိုင်းမှာ တာဝန်ရှိပါတယ်။ 
ပြည်တွင်းစစ်တွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ကျွန်မတို့ တိုင်းပြည် နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အဖက်ဖက်မှာ ကမ္ဘာနဲ့ ယှဉ်ရင် အနောက်ဖက်မှာ ကျန်နေတာ အားလုံးအသိပါ..
နောက်ထပ် တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ပြီး ရင့်ကျက်တဲ့ ဒီမိုကရေစီစနစ်ဖြစ်လာပြီး တည်တံ့နေဖို့က ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့ အပေါ် အများကြီးမူတည်ပြီး ကျွန်မတို့ အားတွေ အများကြီးလိုပါလိမ့်မည်။
နိုင်ငံသားကောင်း တွေရဲ့ အမူအကျင့်တွေ အယောက်စီတိုင်း ကျင့်ကြံနိုင်ဖို့ ရှေ့လျှောက် ကြိုးစားရပါလိမ့်မည်။
ပြည်သူအားတွေ အများကြီးလိုပါသည်... ကျွန်မတို့ စစ်မှန်တဲ့ လွတ်လပ်ခြင်းနဲ့ ပျော်ရွှင်ခြင်းရဲ့  အရသာကို ခံစားဖို့၊ အနာဂတ် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းနိုင်ခဲ့ဖို့ ဆက်ပြီး ကြိုးစားရပါလိမ့်ဦးမည်။
                 နိုင်ငံတစ်ခု တိုးတက်ဖို့ ဖွံ့ဖြိုးဖို့၊ ငြိမ်းချမ်းဖို့၊ ကမ္ဘာ့အလည်မှာ ဝင့်ထည်နိုင်ဖို့က နိုင်ငံအစိုးအရအပြင် ပြည်သူတစ်ရပ်လုံး၊ နိုင်ငံသားတိုင်းရဲ့ နိုင်ငံသား တာဝန်ကျေဖို့ ကြိုးစားဖို့ လိုပါတယ်။ ကျွန်မတို့ နိုင်ငံအတွက် ကျွန်မတို့ အားလုံးမှာ တာဝန်ကိုယ်စီ ရှိကြပါတယ်။ တက်ညီ လက်ညီ ကြိုးစားကြပါစို့လား။ 


ငယ်ငယ်က သင်ခဲ့ဖူးတဲ့ ဖတ်စာအုပ်ထဲက ကဗျာလေးအတိုင်းပါပဲ..
ဇွန်ပန်းရုံအနီး
နွံ့ထဲ၌လှည်းဘီး ကျွံ့နေသည်၊
ကူတွန်းပေးကြပါ၊
လေးလွန်းမတွန်းနိုင်ဘူးလား၊
ပြိုင်တူတွန်းလျင် ရွေ့နိုင်ပါသည်။
 ကျွန်မ စိတ်ထဲက နှစ်နှစ်ကာကာ ပြောချင်တာက .. ဒီနေ့ သိပ်ကို ပျော်ရွှင် လွတ်လပ်နေပါသည်။ 
ချစ်သောကျွန်မတို့ မြန်မာနိုင်ငံတော်ကြီးအတွက်...ကမ္ဘာ့အလည်မှာ ရှေ့တန်းရောက်ဖို့ .. တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ဖို့ ...အားလုံး ပြိုင်တူတွန်းလိုက်ကြစို့..

ခင်မင်စွာဖြင့်

အလွမ်းပြေ
(၁၃.၁.၂၀၁၂) 

မှတ်ချက်။  ။ အသုံးပြုထားသော ပုံများမှာ The Voice Weekly ဂျာနယ် Facebook စာမျက်နှာနှင့် Ko Nanda(New World) Facebook စာမျက်နှာမှ ဖြစ်ပါသည်။

0 comments: