My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Thursday, December 22, 2011

အခွင့်အရေး ဆိုတာ… အခွင့်အရေး ယူပါ ( ၁ )


ကျွန်မတို့ မြန်မာစကားမှာ အခွင့်အရေးသမားလို့ ပြောလိုက်ရင် ဒီလူဟာ မကောင်းတဲ့လူအဖြစ် လူတွေ အလိုလိုသိကြပါတယ်။ အခွင့်အရေး ယူတယ် ဆိုတဲ့ စကားက အနှုတ်လက္ခဏာ ၊ မကောင်းတဲ့ သဘောတရားဆန်ပါတယ်။

ဒီနေ့တော့ ကျွန်မက အခွင့်အရေးအကြောင်းနဲ့ အခွင့်အရေးယူဖို့ အကြောင်းကို ပြောပြချင်ပါတယ်။ ဒီလို ဆိုတော့ ပေါက်ကရ ပြောတော့မယ်လို့များ ။ ရေးတော့မယ် လို့များထင်သွားမလား။ 
တကယ်တော့ ကျွန်မ ပြောပြချင်တာက လူ့အခွင့်အရေးဆိုတဲ့ Human rights အကြောင်းပါ။ 
ဒီ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးဟာ ကမ္ဘာမှာ သိပ်ခေတ်စားနေပါတယ်။ ဘာလို့များ အဲလောက်ခေတ် စားနေရ တာပါပဲ။ ရှင်းပါတယ် ကျွန်မတို့ လူသားတွေ ကြီးစိုးတဲ့ ကမ္ဘာမို့ လူ့အခွင့် အရေး ခေတ်စားတာပါ။ 

တကယ်လို့များ ဂြိုလ်သားတွေ လာအုပ်စိုးရင်တော့  ဂြိုလ်သား အခွင့်အရေးဆိုပြီး  ကျယ်ကျယ် လောင်လောင် များ ကြားရ မလားလို့ ရယ်စရာ တွေးမိပါသေးတယ်။ 
တကယ်တော့ အခွင့်အရေးယူဖို့ဆိုတာ အခွင့်အရေးဘာဆိုတာ သိမှ ယူတတ်မှာပါ။ အခွင့်အရေး တာ ဘာဆိုတာ သိဖို့နဲ့ အခွင့်အရေးယူတတ်ဖို့ လိုပါတယ်။ မယူတတ်ရင် မရတော့ ကိုယ့်အခွင့်အရေး ဆုံးရှုံးရသလို။ မယူတတ်ဘဲ ယူတော့လည်း ပိုယူမိရင် ကိုယ် ဂုဏ်သိက္ခာကျပြန်ရော။ 

ဒါကြောင့် နိုင်ငံနဲ့ချီပြီး ပြောရင် နိုင်ငံသား တစ်ယောက်စီတိုင်း ကိုယ့်အခွင့်အရေးဘာဆိုတာ သိဖို့လိုအပ်သလို နိုင်ငံအုပ်ချုပ်ရေးပိုင်းက လူတွေကလည်း ကိုယ့်လုပ်ပိုင်ခွင့်၊ ရပ်တည်မှု အပြင် ကိုယ့်နိုင်ငံသား တစ်ယောက်စီရဲ့ အခွင့်အရေးဟာ ဘာတွေ ဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ ဒါမှလည်း နိုင်ငံဟာ သာယာဝပြောတဲ့၊ စည်ပင်အေးချမ်းတဲ့ နိုင်ငံ ဖြစ်လာမှာပါ။ တစ်နည်းပြောရရင် ဒီမိုကရေစီနည်းလမ်းကျတဲ့ နိုင်ငံပေါ့။ 

လူအခွင့်အရေးဆိုတာ ဘာများလဲ။ အရှင်းဆုံး ပြောရရင် လူတစ်ယောက်၊ လူသားတစ်ယောက်ရဲ့ ရှိသင့်တဲ့ အခွင့်အရေးပါ။ ယောင်္ကျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ကလေးဖြစ်စေ၊ လူကြီး ဖြစ်စေ၊ လူဖြူ ဖြစ်စေ၊ လူမဲ ဖြစ်စေ .. ဘယ်လို လူပဲ ဖြစ်နေပါစေ၊ ဘယ်နေရာမှာ ရှိနေပါစေ၊ ဘယ်အစိုးရ အုပ်ချုပ်မှုအောက်မှာပဲ ရှိနေပါစေ သူဟာ လူသားတစ်ယောက် ဖြစ်နေသမျှ ကာလပတ်လုံး သာတူညီမျှ၊ လွတ်လပ်စွာ  ဒီအခွင့် အရေး ရှိသင့်တယ် လို့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေပါပဲ။ ဘယ်သူတွေကများ သတ်မှတ် ထားပါသလဲလို့တော့ မမေးလိုက်ပါနဲ့။ လူတွေကပါပဲ။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့ စကားလိုပဲ ကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာ ရှိကြသလို မတူညီတဲ့ ပုံစံမျိုးစုံနဲ့ လှုပ်ရှား သွားလာ နေကြ တာပါ။ အဲဒီလို ပုံစံအမျိုးစုံနဲ့ လူတွေကြားမှာ သာတူညီမျှမှုကို ဖန်းတီးဖို့အတွက် လူသားတစ်ယောက်စီရဲ့ အခွင့်အရေးဆိုတာ ပေါ်ပေါက်လာရတာပါပဲ။ 


လူအခွင့်အရေးက ဘာတွေလဲ။ လူ့အခွင့်အရေးရဲ့ သမိုင်းကြောင်း မပြောခင်။ လူ့အခွင့်အရေးဆိုတဲ့ သတ်မှတ်ချက်ရဲ့ သဘောတရားကို အရင် စဉ်းစားကြည့်ရအောင် ။ ကိုယ်အကြောင်းပဲ ကိုယ်စတွေးကြည့်ရအောင်။ ကျွန်မပဲ ဖြစ်ဖြစ် စာဖတ်သူပဲဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ် တို့ ကိုယ့်ဘာသာ ကိုယ့်အခန်းထဲမှာ တစ်ယောက်တည်း နေတယ် ဆိုပါစို့။ အိမ်မှာ ဘယ်သူမှလဲ မရှိဘူးဆိုပါစို့။  ဘယ်သူ့ကို ဂရုစိုက်နေရမလဲ။ ဘယ်သူမှ ဂရုစိုက်စရာမလိုပါဘူး။ သီချင်းအကျယ်ကြီး အော်ဆိုမယ်။ ညလယ်ခေါင် ဟင်းထချက်ချင်ချက်မယ်။ အဝတ်အစားလည်း ကြိုက်သလို ဝတ်မယ်။ ဝတ်ချင်မှလည်း ဝတ်မယ်။ ဘယ်သူမှ မရှိတော့ ဘယ်သူ့ကိုမှ အလေးထားစရာမလိုပါဘူး။ 



ဘယ်လောက်ကောင်းလိုက်ပါလဲ။ လွတ်လွတ်လပ်လပ် စိတ်ချမ်းသာစရာ ကောင်းလိုက်တာ။ ဒါ ကိုယ့်အခွင့်အရေးပဲလေ။ ဒါဆို လူတစ်ယောက်ရဲ့ အခွင့်အရေးပေါ့ ။ ဘယ်သူပဲ ဖြစ်ဖြစ် ပိုင်ဆိုင်တဲ့ မွေးရာပါ အခွင့်အရေးပဲလေ။ ကြိုက်တာလုပ်ခွင့်ရှိတယ်ပေါ့။ အိုခေ ပဲ။ ကဲ ဒါပေမယ့် အိမ်ကို နောက်လူတစ်ယောက် ရောက်လာပါပြီတဲ့။ ဥပမာ မောင်နှမသားချင်း တစ်ယောက်ယောက်ပေါ့။ သူမှာလည်း မွေးရာပါ လွတ်လွတ်လပ်လပ်နေပိုင်ခွင့် ရှိတယ်လေ။ သူလည်း ခုနကလိုပဲ နေမယ်။ အဲဒါဆို ဘာဖြစ်မယ် ထင်ပါလဲ။ ကိုယ် အိပ်တဲ့ အချိန်သူ က သီချင်းတွေ အော်ဆို၊ ထမင်းတွေ ဟင်းတွေ ထချက်မယ် ကဲ ဘယ်လိုလဲ။ အဲဒီနောက်မှ အိမ်သား သုံးလေးယောက်ဆို .. တွေးတောင် မတွေးရဲတော့ဘူး မဟုတ်လား ဗြောင်းကိုဆံနေတော့မှာလဲ။ 

 ကဲ.. ဘယ်လိုလဲ။ ဘယ်လိုမှ မလဲဘူး အဲဒီလိုပဲလို့တော့ သီချင်းဆိုပြလို့ မရလောက်ပါဘူး။ ကိုယ်ထင်သလို ကျဲမယ်ဆိုရင် အတူတူနေလို့ရပါဦးမလား။ အဆင်ပြေဖို့ဆိုရင် သူနဲ့ကိုယ်နဲ့ကြား ညှိနေရတော့မယ် မဟုတ်လား။ သူလည်း နည်းနည်းလျှော့ ကိုယ်လည်း နဲနဲလျှော့။ အဲဒီ လျှော့ဖို့ ညှိရတဲ့ အခါမှာ သာတူ ညီမျှ ဖြစ်ဖို့ လိုတယ်။ အဲဒီတော့ စံသတ်မှတ်ချက် တစ်ခု လိုလာပြီ။ လူ့အခွင့်အရေး သတ်မှတ်ချက်ဟာ အဲဒီသဘောပါပဲ။ ကမ္ဘာပေါ်မှာ လူတွေ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ သာတူညီမျှ ဖြစ်ဖို့ ဆိုတာ အဓိက ရည်ရွယ်ချက်ပါပဲ။ 

အိမ်ျတိုင်း မိသာစုတိုင်းမှာ ထင်တိုင်းကျဲတဲ့ မောင်နှမတွေ အကြား ထိန်းညှိဖို့ ဘာလုပ်တတ်ကြဆိုတော့ မိဘဆိုတဲ့ အိမ်ရဲ့ အုပ်ချုပ်သူတွေက စည်းကမ်းဆိုတာတွေ သတ်မှတ်ပေးတတ်ကြပါတယ်။ သိပ်ပြီး တင်းကျပ်တဲ့ စည်းကမ်းတွေ သတ်မှတ်တဲ့ မိဘရဲ့ လက်အောက်မှာ ဆိုရင် ဘယ်လို ခံစားရတတ်သလဲ။ ကိုယ်က ဒီမိသားစုထဲတင်မက ပြင်ပမှာ သူငယ်ချင်း တွေရှိသေးတယ် မဟုတ်လား။ တင်းကျပ်တဲ့ မိသားစုစည်းကမ်းနဲ့ သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးကြားမှာလည်း ကြုံရတဲ့ အခက်အခဲတွေ တွေ့ဖူးကြမှာပဲ။

ညကြီးအချိန်မတော် သီချင်းတွေ အော်ကြီး ဟစ်ကျယ် ဖွင့်တတ်တဲ့ တစ်ယောက် အိမ်မှာ ရှိလို့  ဘေးအိမ်တွေနဲ့ စကားမများချင်၊ မိသားစုဝင်ချင်း အချင်းများတာ မဖြစ်ချင်တာနဲ့ မိဘက  အိမ်မှာ ည ၉ နာရီဆို မီးပိတ်၊ အိပ်ရမယ်လို့ သတ်မှတ်ပေးထားတယ် ဆိုပါစို့။ သူငယ်ချင်းက အရေးကိစ္စရှိလို့ ဖုန်းခေါ်တာမရတာကြာတော့ ကိုယ့်ကို သူတို့ကို မခင်ဘူးလို့အထင်လွဲခံရတယ်။ စာမေးပွဲရှိပေမယ့် စာဆက်ဖတ်လို့မရတော့ဘူး။  ဥပမာ ပြောပြတာပါ။ အဲဒီလိုမျိုးပေါ့။ ကိုယ် အုပ်ချုပ်ရ အဆင်ပြေပြီးရော ဆိုတဲ့ သဘောမျိုးနဲ့ ဒါပဲ ဆိုရင် သားသမီးတွေ ခမျာ  မိတ်ပျက်ရတဲ့သူရှိမယ်။ စာမဖတ်ရလို့ ဒုက္ခရောက်ရတာရှိမယ်။  ဒီလိုမျိုး ဆုံးရှုံးမှုတွေ ကြုံရတာတွေ ရှိမယ်။

ဒီထက်ပိုဆိုးတဲ့ ကိစ္စတွေ ဖြစ်ခဲ့ရင် ဘဝဆိုတာ ပျော်ရွှင်မှု ပျောက်ဆုံးပြီး သေနေသလားတောင် ထင်ရပြီး အိမ်က ထွက်ပြေးချင်စိတ်တွေ ပေါက်လာတယ် မဟုတ်လား။ လူမှာလည်း ခံနိုင်ရည် ရှိတယ်လေ။ အဲဒီလို မဖြစ်ရအောင် မိဘကလည်း သားသမီး တစ်ယောက်စီတိုင်းရဲ့ အခွင့်အရေးကို အလေးထားစဉ်းစားပြီးမှ အားလုံးအဆင်ပြေလောက်တဲ့ စည်းကမ်းကို ချသင့်တယ် မဟုတ်လား။ 

မိသားစုဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အသေးဆုံး ယူနစ်ပဲ။ အိမ်တစ်အိမ်မှာ လူသားတွေရှိသလို သူတို့ကို အုပ်ချုပ်တဲ့ အုပ်ထိန်းသူရှိတယ်။ မိသားစုတွေ စုစည်းထားတဲ့ နိုင်ငံမှာ နိုင်ငံ အစိုးရရှိတယ်။ ကမ္ဘာကြီးပေါ်မှာ နိုင်ငံ အများကြီးနဲ့ ဖွဲ့စည်းထားတယ် ။  လူတွေ တစ်ယောက်နဲ့တစ်ယောက်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်ဆံတဲ့အခါ ၊ နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်ဆံတဲ့ အခါ အဆင်ပြေပြေ ဖြစ်ဖို့နဲ့ မွေးရပါ အခွင့်အရေးတွေကို သူလည်းလျှော့ ကိုယ်လည်းလျှော့ လုပ်တဲ့အခါ တစ်ဦးချင်းရဲ့ ဘဝကိုလည်း မထိခိုက်ရအောင်၊ သာတူညီမျှလည်း ဖြစ်ရအောင် ချမှတ်ထားတဲ့ စံသတ်မှတ်ချက် တစ်ခုအဖြစ် လူအခွင့်အရေးဆိုတဲ့ သတ်မှတ်ချက် ပေါ်ထွက်လာတာပါပဲ။

 ဒါ ကျွန်မတို့ သဘောတရားပိုင်းကို ရိုးရိုးလေး စဉ်းစားကြည့်တာပါ။ အဲဒီတော့ သူရဲ့ အခြေခံသဘောတရားက ကိုယ်ချင်းစာတရားလို့ ပြောရင်တောင် ရမယ်ထင်ပါရဲ့။ ကိုယ့် အခွင့်အရေးအပြင် သူများမှာလည်း အခွင့်အရေးတွေ ရှိတာကို လေးစားဖို့ လိုအပ်တယ်တယ်။ ဒါမှ အခွင့်အရေးသမားဆိုတဲ့ အနှုတ်လက္ခဏာဆောင်တဲ့ အခွင့်အရေးယူသူ မဖြစ်ရအောင်ပေါ့။

စာဖတ်သူ အနေနဲ့  ကျွန်မ ယူဆချက်နဲ့ မတူတဲ့  အမြင်၊ ဒါမှ မဟုတ် ထပ်ဖြည့်လိုတာ ရှိရင်လည်း ကွန်မန့်မှာ ဝင်ရောက်ဆွေးနွေးပေးပါလို့ ဖိတ်ခေါ်ပါတယ်။ 

နောက်ထပ် လူ့အခွင့်အရေး သမိုင်းကြောင်းကို ဆက်ပြောပြပါ့မယ်။ 
 ( ဆက်ပါဦးမည်)

 
အလွမ်းပြေ

0 comments: