My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Friday, December 16, 2011

ချစ်ခြင်းမေတ္တာနဲ့ ဘဝဖြတ်သန်းမှု စာမျက်နှာ



                                                         ချစ်ခြင်းမေတ္တာဆိုတာ သင့်ဘဝရဲ့ အလိုအပ်ဆုံး အရာဆိုတာ သင် ယုံကြည်ပါရဲ့လား။ တကယ်တော့ မွေးပြီးကတည်းက သေဖို့ သေချာတဲ့ ဖြစ်ပြီး ပျက်မှာ သေချာတဲ့ လောကကြီးမှာ သင့် ဘဝကို အသက်ဝင် လှပစေတာ ချစ်ခြင်းမေတ္တာပါပဲ။ 
ဘဝဆိုတာ တကယ်တမ်း ကြည့်လိုက်ရင် မွေးနေ့ကနေ သေနေ့ဆီကို သွားနေရုံပါလား။ မွေးကတည်းက အသက်မဲ့ပြီးသား နေ့တွေပဲ လို့တောင် ပြောလို့ရသလိုဖြစ်နေမှာပေါ့။  
 ဒီတော့ ချစ်ခြင်းမေတ္တာဆိုတာ ဒီဖြတ်သန်းရမယ့် ရက်တွေကို အဓိပ္ပါယ်ပြည့်ဝစေတဲ့  တစ်ခုတည်းသော လောကကြီးက ပေးထားတဲ့လက်ဆောင်ပါ။ 
ချစ်ခြင်း မေတ္တာကြောင့်သာ မျှော်လင့်ခြင်းတွေ၊ ပျော်ရွှင်ခြင်းတွေကို ခံစားရတာပါ။ ဒါကြောင့် သင့်ချစ်တတ်တဲ့ အသည်းနှလုံးဟာ သင့်အတွက်တော့ ပန်ဒိုရာရဲ့ သေတ္တာလိုပါပဲ။ တကယ်လို့ သင့်အသည်းနှလုံးက ချစ်ခြင်းကြောင့် ကွဲရှခဲ့မယ်ဆိုရင်တောင် မျှော်လင့်ခြင်းနဲ့တော့ လောကမှာ အသက်ဆက် ရှင်သန်လို့ ရဦးမှာပါ။ ချစ်တတ်တဲ့ အသည်းနှလုံး မရှိခဲ့ရင်တော့ ဘဝက ရှင်လျှက်နဲ့ သေနေသလိုပဲမို့ ဘဝမှာ ချစ်ခြင်းမေတ္တာကသာ အရေးအကြီးဆုံး အရာလို့ ဆိုချင်ပါတယ်။ ဒါကြောင့် ချစ်တတ်ဖို့နဲ့ ကိုယ်ချစ်တဲ့ သူတွေကို ချစ်တယ်လို့ ပြောဖို့ ဘာအကြောင်းကြောင့်နဲ့မှ မတွန့်ဆုတ် လိုက်ပါနဲ့။
ချစ်ခြင်းမေတ္တာဆိုလို့ သမီးရည်းစား အချစ်တစ်ခုတည်းလို့ မထင်လိုက်ပါ။ ကမ္ဘာပေါ်မှာ ချစ်ခြင်းမေတ္တာက ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ရှိနေတာပါ။
ကိုယ့်ဘဝထဲက ရခဲ့ဖူးတဲ့ ချစ်ခြင်းမေတ္တာတွေကို အတူ  ရေတွက် ကြည့်ရင် လူသားတစ်ယောက်ရဲ့ ဘဝ အစ...
မိဘတွေရဲ့ ချစ်ခြင်းမေတ္တာ
လောကကြီးကို သင်စရောက်လာ ကတည်းက သင့်မိဘနှစ်ဦး ချစ်ခြင်းမေတ္တာ နဲ့ စောင့်ရှောက်မှုကို သင်ရရှိ ခံစားခဲ့ရတယ်။ သင် လောကကြီးထဲ  စရောက်လာစ ကတည်းက ချစ်ခြင်းမေတ္တာရဲ့   အစွမ်းကြောင့်သာ သင် ရှင်သန် ကြီးပြင်းခွင့်  ရခဲ့တာပေါ့။
တချို့ မိဘတစ်ဦးတည်း ရှိတဲ့သူပဲ ဖြစ်ဖြစ် နောက်ဆုံး မိဘတွေ အကြောင်းကြောင့် မရှိခဲ့ရင်တောင် လူသား တစ်ဦး ရှင်သန်ကြီးပြင်းဖို့ အသက်ရှင်ဖို့  ချစ်ခြင်းမေတ္တာနဲ့ စောင့်ရှောက်သူ တစ်ဦးကတော့ ရှိလို့သာ လူ့လောကမှာ အသက်ရှင်နိုင်တာမို့ ..  ချစ်ခြင်းမေတ္တာ ဟာ လူ့ဘဝ အသက်ရှင်နေသမျှ သင့်အတွက် လိုအပ်ပါတယ်။ သူမရှိဘဲ သင် အသက်မရှင်နိုင်ဘူ ဆိုတာ ယုံကြည်လိုက်ပါ။ 


 

ကလေးအရွယ်မှာ ရွယ်တူကလေး တွေနဲ့  ရန်ဖြစ်တာပဲ ဖြစ်ဖြစ်၊ ကိုယ့်အထက်အားသာ သူတွေ အနိုင်ကျင့်လို့ပဲ ဖြစ်ဖြစ်၊ စာမေးပွဲမှာ အမှတ်နည်းလို့ပဲ ဖြစ်ဖြစ် .. ဝမ်းနည်းစရာ တစ်ခုခုနဲ့ ကြုံရတဲ့အခါ...  




    မိန်းကလေးရော     ယောင်္ကျားလေးတွေ အတွက်ပါ ...


အားကိုးစရာ ဖြေသိမ့် ငိုကျွေးစရာ နွေးထွေးတဲ့ မိခင် ရင်ခွင် နဲ့ လုပ်နိုင်ပါတယ်ကွာ ထပ်ကြိုးစားစမ်းပါ လို့ အားပေးမယ့် ရဲရင့်မှုအားတွေ ပေးတဲ့ ဖခင်ရဲ့ အားပေးစကားတွေ၊ ဒီလို မိဘဆန်တဲ့ အားပေးမှုနဲ့ ချစ်ခြင်းမေတ္တာ ရခဲ့ဖူးတာတွေကို ပြန်သတိတရ တွေးကြည့်တဲ့အခါ သင့်ရင်ထဲမှာ နွေးထွေးမှုနဲ့ အားမာန်တွေ ပြန်ရလာတာကို  ခံစားရပါလိမ့်မယ်။
အသက်လေး နဲနဲရလာတော့ ကိုယ့်မိဘတွေလည်း အသက်လေးလည်း ကြီးလာပြီ၊ တခြား ကိုယ့်မောင်နှမတွေကို မျှ ချစ်ရတာတွေရယ် နောက် သားသမီးတွေကို စောင့်ရှောက်ရတဲ့ နှစ်တွေ နဲနဲကြာ လာတော့ အရင်လို ကိုယ့်ကို ချစ်ပေမယ့် အရင်လောက် ချစ်မပြနိုင်တော့တဲ့ အချိန်မှာ..
မောင်နှမသားချင်းတွေနဲ့ သူငယ်ချင်း ဆိုတဲ့ ချစ်ခြင်းမေတ္တာက ကိုယ့်ဘဝကို ဝင်ရောက်လာပြန်ပါတယ်။


မောင်နှမ သားချင်းတွေရဲ့ ချစ်ခြင်းမေတ္တာ
အစ်ကိုကြီး အဖရာ၊ အမကြီး အမိရာ ဆိုသလို မောင်နှမ အချင်းချင်း ချစ်ခင် စောင့်ရှောက်ပြီး အဖော်ဖြစ် ရှိနေပေးတတ်ကြသလို၊ အတူအိပ်၊ အတူကစား၊ အတူစား ပြီး ကြီးပြင်း ခဲ့ကြတဲ့ အတွက် မတည့်ဘူး ဆိုတဲ့ တစ်ယောက်ကို တစ်ယောက် မညှာတာဘူး ဆိုတဲ့ မောင်နှမတွေတောင် တစိမ်းနဲ့ ယှဉ်လာရင် ၊ တခြားသူ တစ်ယောက်က ကိုယ့် မောင်နှမထဲက တစ်ယောက်ယောက်ကို အနိုင်ကျင့်လာရင် အရေးကြီး သွေးနီး တတ်ခဲ့ ကြတာပဲ မဟုတ်လား။
အသက်တွေကြီးလို့ တစ်ယောက်တစ်နေရာ ရောက်နေခဲ့ရင်တောင် ကိုယ့်သွေးချင်းတွေ ရှိတယ် ဆိုတဲ့  တွယ်တာမှု လေးက စိတ်ချင်းနီးနေတာ ခံစားနိုင်ပါလိမ့်မယ်။ 


သူငယ်ချင်း အချစ်
အဲဒီနောက်တော့ ခံစားချက်တွေကို ဝေမျှဖို့၊ တစ်ယောက်အခက်အခဲ တစ်ယောက် အတူ ကူညီဖြေရှင်းဖို့၊ ကောင်းတာရော ဆိုးတာရော အတူတူ လုပ်ရင်း အတူရယ်မော ပျော်ရွှင်ဖို့၊ အတူ ငိုကြွေးဖို့နဲ့  မျှဝေခံစားတတ်တဲ့ အဖော် ဆိုတာကို သူငယ်ချင်း တွေက ခံစားမိစေခဲ့တာပါ။ 

မင်းဘာဖြစ်ဖြစ်နေ မင်းအတွက် ငါတို့ သူငယ်ချင်းတွေ ရှိနေတယ် သူငယ်ချင်းကောင်း ဆိုတဲ့ စကားဟာ ဒုက္ခဆိုတာ ကိုယ်ရင်ဆိုင် လာရတဲ့ တစ်နေမှာ၊ အထီးကျန်ခြင်းကို မခံစားရစေဘဲ၊ ရင်ဆိုင်နိုင်ဖို့ အားတွေကို ဖြစ်စေပါတယ်။ အေးမြတဲ့ သူငယ်ချင်းကောင်းတွေရဲ့  ချစ်ခြင်းနဲ့ သံယောဇဉ် ကလည်း အနေဝေးလို့သွေးအေးနေခဲ့ရင်တောင် လိုအပ်တဲ့ အချိန်၊ပြန်ဆုံဖြစ်တဲ့ အချိန်တွေ တိုင်းမှာ နွေးထွေးမှုနဲ့ အတူ ကိုယ့်ကို အမြဲနုပျိုစေတဲ့ အရာတွေပါပဲ။ နောက်ထပ် တဖြည်းဖြည်း အရွယ်လေးရောက်လာပြီ ဖြစ်တဲ့ သင့်ဘဝမှာ တွေ့ကြုံရမယ့် ချစ်ခြင်းမေတ္တာ ကတော့ ကိုယ့် ဘဝမှာ အရေးအပါအဆုံး နဲ့ လှုပ်ရှားမှု အပေးနိုင်ဆုံး အရာလို့တောင် ဆိုလို့ရပါတယ်.. အဲဒါက ဘဝမှာ ချစ်သူ ဆိုတဲ့  ကိုယ့်တစ်သက်လုံး လက်တွဲရမယ့် ဘဝအဖော်ဟာ ဘယ်သူဖြစ်မလဲ ဆိုတဲ့ ရှာဖွေမှုနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ ချစ်ခြင်းမေတ္တာပါပဲ..  သင့်ဘဝကို ရသမျိုးစုံ ပြောင်းလဲမှု များစုံဖြစ်စေမယ့် မှော်ဆရာ တစ်ပါးပါပဲ..  အဓိကဇာတ်ဆောင်တစ်ယောက်ပေါ့..


လူတစ်ယောက်ကို ချစ်မိသော ခံစားချက်သည် လွန်စွာ နှစ်သက်ဖွယ်ကောင်းသော ရသတစ်ခုပါ။
အချစ်ကြောင့် လောကကြီးရဲ့ အရာရာဟာ လှပနေတတ်ပါတယ်။ 
 နေ့စဉ် တွေ့မြင်နေကြ ပန်းကလေးတွေ .. လိပ်ပြာလေးတွေ က အစ .. လမ်းဖြတ်ကူးနေကြ လူတွေ .. 
ပဲပြုတ်သည်ကြီးက ပဲပြုတ်လို့ အော်လိုက်တဲ့ အသံကအစ၊ နေဝင်ချိန် ညနေတွေ အထိ  မြင်မြင် သမျှ အရာရာက  လှပ ချိုမြနေသည်လို့ ပြောရင် ပိုတယ် ထင်ပါလိမ့်မည်။ 
ဒါပေမယ့်… သင်ကိုယ်တိုင် လူတစ်ယောက်ကို တကယ် ချစ်မိသွားတဲ့အခါ.. အဲဒီ အပိုဆိုသော အရာများက အမှန်သို့ ပြောင်းသွားပါလိမ့်မယ်။ နောက်ပြီး ချစ်မိတဲ့သူနဲ့  ရင်းနှီးဖို့ ကြိုးစားရတာတွေ၊ သူ ကိုယ့်ကို စိတ်ဝင်စားဖို့ ကြိုးစား ရတာ လေးတွေကလည်း စိတ်လှုပ်ရှားစရာ ကောင်းနေပါလိမ့်မည်။ သဝန်တိုခြင်းကလည်း အချစ်နဲ့ အတူ တွဲပါလာသော ရသနောက်တစ်မျိုးပဲ ဖြစ်ပါလိမ့်မယ် ထင်ပါတယ်။ 
ဘယ်သောအခါမှ သဝန်မတို တတ်ခဲ့သော သူဟု ဆိုပါစေ.. အနည်းနဲ့ အများတော့  သူ ချစ်သော သူကို ပိုင်ဆိုင်ခွင့် အပြည့်အဝ မရသေးချိန်တွင် စိုးရိမ်စိတ်တို့နှင့်  သဝန်တို ချင်လာပါလိမ့်မည်။ 
သည်လိုနှင့် ကိုယ် စိတ်ဝင်စားသူ ကိုယ့်ဘက်ပါမလာခဲ့လျှင်တော့  ဆက်ပြီး ခံစားရတာက ဝမ်းနည်းခြင်းနှင့် စိတ်အားငယ်ခြင်း ပင် ဖြစ်ပါလိမ့်မည်။  ဝမ်းနည်းတတ်သလို အားလည်း ငယ်တတ် လာပြန်သည်။ 
ဒီလို ကြုံတွေ့လာပြီ ဆိုလျှင်တော့  သင့်ကို ချစ်သော သူငယ်ချင်းများ၊ မောင်နှမများက သင့် ဝမ်းနည်းမှုတွေကို နားထောင်ပေးဖို့ ၊ အားပေးဖို့ ကူညီဖို့ တစ်ယောက်မဟုတ် တစ်ယောက်က ရှိနေကြပါလိမ့်မည်။  ထို အားငယ်မှုကို ဖုံးလွှမ်းပစ်ချင်သော စိတ်ကို ပြောင်းလဲ ပြစ်ချင်သော နည်းလမ်းများကို ရှာဖွေရင်း .. ရှာဖွေရင်းနှင့်ပင် နောက်ထပ် အချစ်ကို ထပ်မံ တွေ့လာပါလိမ့်ဦးမယ်.. သို့နှင့် .. နှစ်ဘက်စလုံးက ချစ်သော ချစ်သူ ဟူသော တစ်စုံ တစ်ယောက် သင့်ဘဝ ထဲကို ရောက်လာ ခဲ့ပါလိမ့်မည်။


အချစ်ခံရသော ခံစားချက် သည်လည်း လွန်စွာပင် ကြည်နူးကျေနပ်ဖွယ် ကောင်းသော နွေးထွေး လုံခြုံသော ပြည့်စုံခြင်း တစ်ခုပင်ဖြစ်သည်။ 


ထို့အခါ … သင့်ဘဝကို ပြောင်းလဲ စေသော အရာတစ်ခုကို  ထပ်မံ သိလာပြန်ပါလိမ့်မည်… ထိုအရာကတော့ .. တစ်နေ့ထက် တစ်နေ့… မနက်အိပ်ရာနိုးတိုင်း ပိုတိုးလာသော သင့်ရင်ထဲက ပေါက်ဖွားလာသော  အချစ်တွေပင် ။
      ချစ်တဲ့ သူအကြောင်း တွေးနေရတာကိုက စိတ်ထဲနွေးထွေး ပျော်ရွှင်နေသလို ကိုယ့်ကို သတိတရရှိသူ ကိုယ့် အကြောင်း အရေးထား တွေးပေးတတ်သူ တစ်ယောက် ကိုယ့်မှာ ရှိနေပြီ ဆိုတဲ့ အသိက အလိုလို ကြည်နူးပျော်ရွှင်မှုကို သယ်ဆောင်လာပေးပါတယ်။
      ချစ်သူနဲ့ သင့်ချစ်သူ အတူရှိနေချိန် မဟုတ်လျှင်ပင်၊ သင်နှင့် သင့် ချစ်သူအကြောင်းကို မသိသူပင် ဖြစ်ပါစေ  လူတွေက… သင် ချစ်သူရှိနေပြီလားဟု မေးပါလိမ့်မယ်။ 
သူတို့ သိသောကြောင့်ဟု မယူဆလိုက်ပါနှင့် ဟန်ဆောင်မရအောင်  တောက်ပနေသော သင့်မျက်ဝန်းများနှင့်  ထူးခြားပျော်ရွှင်နေသော သင့် အမူအရာများတွေ ကြောင့်ပါ။
   ချစ်သူရှိပြီး ပျော်ရွှင်ပြီး စိတ်ချမ်းသာနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အလှကို သူ့မျက်နှာမှာတွေ့နေရတတ်သလို၊ချစ်သူရှိတဲ့ယောင်္ကျားလေးတစ်ယောက်ရဲ့ကျေနပ်ပျော်ရွှင်နေတဲ့ 
ယောင်္ကျားလေးတစ်ယောက်ရဲ့လေးနက်တည်ကြည်မှုကျက်သရေကိုလည်းသူ့မျက်နှာမှာ တွေ့နေရ တတ်တာကြောင့် သေချာပါတယ် နင် ချစ်သူရှိနေပြီဟု သူတို့ရဲ့ သူငယ်ချင်းများက တပ်အပ် ခန့်မှန်းနိုင်တာပါ။ 


          အချစ်သင်စ နုနယ်ပြီး စိတ်ကူးယဉ်ဆန်တဲ့ အရွယ်နဲ့ မပြည့်စုံသေးတဲ့  ဘဝ အတွေ့အကြုံ တွေကြောင့်  နားလည်မှုလွဲတာတွေ ၊ အချစ်ကို အဓိပ္ပါယ်ကောက် လွဲခဲ့ကြတာတွေ၊ အချစ်ကို စူးစမ်းချင်တာတွေ၊ လူငယ်မို့ အသစ် အဆန်းကြိုက်ရင်း စိတ်ပြောင်းလဲ  ခဲ့ကြတာတွေနဲ့ ၊ အနိုင်လိုချင်စိတ်တွေ၊ ဦးစားပေး ဂရုစိုက်ခံ ချင်တာတွေ ၊ တစ်ဖက်သတ် ဆန်ဆန် တွေးတတ်တာ တွေ စတဲ့ မရင့်ကျက်သေးတဲ့ ကာလရဲ့ ထိုးနှက်မှုတွေက အချစ်ကို စစ်မစစ် စမ်းသတ်လာကြတဲ့ အခါ အချစ်ရဲ့ နောက်ဆက်တွဲ အသည်းကွဲ ဇာတ်လမ်းလေးတွေလည်း ဖြစ်လာပြီး အမုန်းတရား၊ လွမ်းဆွတ်ခြင်း တို့ကို နက်နက်နဲနဲ ခံစား တတ်စေလာပြန်ပါတယ်။ 
   အဆင်မပြေမှုတွေ၊ ကတောက်ကဆတွေ၊ ရန်ဖြစ်တာတွေ၊ အရွဲ့တိုက်တာတွေနဲ့ အတူ ညောင်ညိုပင်စခန်းက လမ်းခွဲကြတဲ့ အဖြစ်တွေနဲ့ အဆုံးသတ်မှုတွေ ဆီ ရောက်ရပြန် ပါတယ်။ 
      ကုန်ဆုံးသွားတဲ့ ချစ်ခြင်း မေတ္တာတစ်ခုကို မာနနဲ့ ဖက်တွယ် မထားလိုက်ပါနဲ့။ သူတပါးကို ချုပ်နှောင်ထားတာ ဖြစ်သလို။ အမုန်းတရားတွေကို ဖန်တီးမိသလို ဖြစ်တတ်ပါတယ်။နောက်ထပ် သင်ရမယ့် ချစ်ခြင်းမေတ္တာ အတွက် သင့်ကိုယ်သင်လည်း အခွင့်အရေး မပေးသလို ဖြစ်နေတတ်ပါတယ်။ စွန့်လွှတ်သင့်တဲ့ အချိန်မှာ စွန့်လွှတ်ရဲတာကလည်း ချစ်ခြင်း တရား တစ်မျိုးပါပဲ။
     ဒီလိုနဲ့ပဲ.. အချစ်ဟာ ငုံ့တစ်ခါ ပေါ်တလှည့်၊  လင်းတစ်ခါ မှိန်တလှည့်နဲ့  ကိုယ်လိုချင်တဲ့ အချစ်ဆိုတာ ဘာလဲ ဆိုတာတောင် မှိန်ပျောက်သွား နိုင်တဲ့ အထိပါပဲ။ 
ကိုယ့်အနားမှာ ရှိနေတတ်သူ တစ်ယောက် ကိုယ့်အတွက် မရှိတော့ဘူး။ ကိုယ့်ကို သတိမရတော့ဘူး။ ကိုယ်ဟာ သူ့အတွက် အရေးမပါတော့ဘူး။ ကိုယ့်ကို ချစ်တဲ့သူ တစ်ယောက်  မရှိတော့ဘူး။ စတဲ့ စွန့်လွှတ် လိုက်ရခြင်းအတွက်၊ ခံစားရတဲ့  ခံစားမှုကလည်း ခါးသီးခြင်းပါပဲ။ ဒါတွေဟာ အချစ်နဲ့ မကင်းတဲ့ လူတိုင်း ခံစားဖြတ်သန်းရတဲ့  အရာတွေပါပဲ။
  
 
ဒီလို ဖြတ်သန်းပြီးတဲ့ အချိန်မှာတော့ အချစ်ရဲ့ အပူအအေး၊ အကောင်းအဆိုး ၊ ၁၅၀၀ နဲ့ ၅၂၈ တို့ရဲ့ ကွာခြားမှုတွေကို သင်ခံစား တတ်လာပါပြီ။ တနည်းပြောရရင် နှိုင်းယှဉ်ချင့်ချိန်တတ်တဲ့ ဥာဏ်ပညာလည်း ရလာပြီလို့ ဆိုလို့ရပါတယ်။
အရှေ့မှာ သင်ခံစားခဲ့ရသမျှ တွေဟာ အရမ်းအရေးကြီးတဲ့ သင်ခန်းစာတွေနဲ့ သင့်ဘဝအတွက် သင်နဲ့ အသင့်တော်ဆုံး အကောင်းဆုံး ချစ်သူကို ရဖို့ ရင်းနှီးပေးဆပ်ခဲ့ ရတာတွေပါ။ နောက်ပြီး သင်ဟာ တကယ်ပဲ ဘဝရဲ့ ပျော်ရွှင်ခြင်းတွေကို ပိုင်ဆိုင်ဖို့ ထိုက်တန်သူလား ဆိုတာကို စမ်းသတ် မှတ်ကျောက်တင် ခံလိုက်ရတာပါပဲ။ 
ဘာလို့လဲ ဆိုတော့  ဒီစမ်းသပ်မှုတွေမှာ သင် ကျရှုံး သွားရင် သင်က မချစ်တတ်တော့တဲ့ အတွက် သင့်ဘဝဟာလည်း ဗလာသက်သက်ဖြစ်သွားနိုင်သလို သင်အောင်မြင်စွာ ကျော်လွှားနိုင်တဲ့သူ ဆိုရင်တော့ ပိုချစ်တတ်တဲ့ သူ ဖြစ်လာမှာပါ။ 
ဒီအချိန်မှာတော့ ချစ်တယ် ဆိုတဲ့ စကားကို လွယ်လွယ် မပြောတတ်တော့သလို ချစ်ခြင်းအပြင် မေတ္တာကိုပါ ပေါင်းထည့်တတ်လာပါပြီ။တန်ဖိုးလည်း ပိုထားတတ်လာပါပြီ။ ချစ်ခြင်းနဲ့ ရင်ခုန်ခြင်း၊ ကြည်နူးခြင်း၊ ဝမ်းမြောက်ပျော်ရွှင်ခြင်း တွေအပြင် မေတ္တာတရားရဲ့ ခွင့်လွှတ်ခြင်းနဲ့ နားလည်ခြင်း၊ စိတ်ရှည်ခြင်းနဲ့ သည်းခံခြင်း၊ သဘောထားကြီးခြင်းနဲ့ ကွဲပြားခြားနားခြင်းတို့ကို လက်ခံခြင်း စတာတွေပါ ပါဝင်လာပါတယ်။ ရင့်ကျက်တဲ့ ချစ်ခြင်းမှာတော့ အချစ်ခံရဖို့ထက်  တစ်ဦးကို တစ်ဦး အပြန်အလှန် ချစ်ခင်ခြင်းနဲ့ တစ်ယောက်ကို တစ်ယောက် ပေးဆပ်ခြင်းနဲ့ ချစ်တတ်လာပါတယ်။ 
တစ်ယောက်ရဲ့ အိပ့်မက်တွေကို တစ်ယောက်က ဖြည့်ဆည်းပေးရင်း၊ တစ်ဦးကို တစ်ဦးစိတ်ချမ်းသာ ပျော်ရွှင်စေချင်တဲ့ စေတနာနဲ့ တစ်ယောက်ရဲ့ စိတ်ကို တစ်ယောက်က နားလည်အောင် ကြိုးစားရင်း  နှစ်ဦး စလုံးရဲ့ အပေးအယူမျှ မှုနဲ့ ဘဝကို တည်ဆောက်ဖို့ ယုံကြည်မှုတွေ ပေါ်ပေါက်လာရတာပါ။  


                 ဒီလို ချစ်ခြင်းကို ပိုင်ဆိုင်ပြီ ဆိုရင်တော့ ချစ်ခြင်းမေတ္တာတည်ဆောက်မယ့်  သင့်ကိုယ်ပိုင် နားခိုရာ အိမ်ကလေးကို တည်ဆောက်ဖို့ အပြန်အလှန် ဂတိသစ္စာ ဆိုကာ လက်ထပ်ဖို့ အဆင်သင့်ဖြစ်ပြီပေါ့... ။

 
မင်္ဂလာပွဲတွေဟာ လူတွေရဲ့ ဘဝတွေမှာ ဘာလို့ အကြီးကျယ်ဆုံးပွဲ တစ်ပွဲ ဖြစ်နေရလဲ ဆိုတဲ့ အရာကို သင်တွေးမိရဲ့လား .. ချစ်ခြင်းမေတ္တာကြောင့်ပါပဲ။ သင့်ဘဝတစ်လျှောက် သင့်ကို ချစ်တဲ့ မိသားစု၊ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေ ရှိခဲ့သလို သင့်ရဲ့ အိမ်ထောင်ဖက်ချစ်သူမှာလဲ တို့အတူပဲပေါ့။ သင့်ကို ချစ်တဲ့သူတွေနဲ့ သူ့ကို ချစ်တဲ့ သူတွေဟာ သင်တို့ရဲ့ မင်္ဂလာပွဲကိုလာပြီး သူတို့ရဲ့ချစ်ခင်မှုကို ပြသကြရင်း  ပထမဆုံး တွေ့ဆုံခွင့်ကို ရကြတယ်လေ။ 
သင်တို့ကလည်း သင်တို့ရဲ့ ကိုယ်ပိုင်ဘဝလေး တည်ထောင်နိုင်တာဟာ သူတို့ရဲ့ ချစ်ခင်ပန့်ပိုးမှု မပါဘဲ ဖြစ်မလာဘူးဆိုတာကို လေးလေးစားစား ပြသရင်း သင်တို့နှစ်ယောက်ရဲ့ အချစ်တွေကို သူတို့ရဲ့ အချစ်တွေနဲ့ ပေါင်းစည်းပြီး  နှစ်ဘက်အသိုင်းအဝိုင်းအသိအမှတ်ပြုမှုနဲ့ သင်တို့ရဲ့ အချစ်တွေနဲ့ တည်ဆောက်တဲ့ အိမ်ထောင်ကို  သူ့တို့ရဲ့ ချစ်ခင်မှုကို ထပ်ပေါင်းလို့ ပိုတည်တံ့အောင် မွန်းမံလိုက်တဲ့သဘောတရားတွေ ပါဝင်နေတာကြောင့်  နောင်တစ်ချိန်မှာ ပျော်ရွှင်စရာ အမှတ်တရ ပြန်ပြောစရာ ချစ်ခြင်းမေတ္တာကို ပြသတဲ့ ပွဲလေးပဲ ဖြစ်နေတာကြောင့်ပါပဲ။
ဒါကို ရိုးရာဓလေ့နဲ့ ရိုးရှင်းတဲ့ မင်္ဂလာပွဲ တွေကို ကြည့်ရင် ပျက်ပျက်ထင်ထင်  တွေ့မြင်နိုင် ပါသေးတယ်။မြန်မာ့ ယဉ်ကျေးမှုဓလေ့ကိုလည်း သခင်ကိုယ်တော်မှိုင်းရဲ့ အညာမင်္ဂလာဆောင် ဆိုတဲ့ လေးချိုးမှာ အညာဓလေ့နဲ့ အချင်းချင်း ချစ်ခင်မှု၊ စောင့်ရှောက်မှုတို့ ကို ရေးသားခဲ့သည်ကို ကြည်နူးစရာ တွေ့ရနိုင်ပါတယ်။ ဒါပေမယ့် အနှစ်နဲ့ အကာ မခွဲခြား နိုင်ခဲ့ဘဲ ဂုဏ်ပကာသနဖက်တဲ့ မင်္ဂလာပွဲ သက်သက်တွေကတော့ ချစ်ခြင်းမေတ္တာကို ယုတ်လျှော့စေတဲ့ အရာတွေ ဆိုတာကိုပါ သတိထားမိစေချင်ပါသေးတယ်။
သင့်ဘဝအတွက် အရေးပါသော ချစ်ခြင်းမေတ္တာစက်ဝိုင်းသည် တစ်ပတ်လည်ပါပြီ .. သင့်အတွက် သင့်ဘဝအဖော်နဲ့အတူ သင်တို့ရဲ့ ချစ်ခြင်းကို ပိုမိုခိုင်မြဲစေမယ့် သား၊သမီးလေးတွေနဲ့ သင့်ဘဝသည် လှပ နေပါဦးမည်။ ထိုသားသမီးလေးများသည်  ကမ္ဘာမြေအတွက် သင်ထားခဲ့မယ့် ချစ်ခြင်းမေတ္တာ မျိုးစေ့လေးတွေပါပဲ..  

ချစ်ခြင်းမေတ္တာကြောင့်  ဘဝဟာ တကယ်ပဲ အသက်ဝင် ပျော်ရွှင်ပြီး နေချင်စရာ ကောင်းပါတယ်။ 

ဒါပေမယ့်  သင်ဘဝကို သင်တကယ်ပဲ အသက်ဝင်ပြီး နေချင်စရာ ကောင်းစေချင်ရင်တော့  ဒီချစ်ခြင်း မေတ္တာကို သင်က သတိပြုမိဖို့နဲ့ သင်ကိုယ်တိုင် တန်ဖိုးထား ချစ်တတ်ဖို့ လို ပါလိမ့်မယ်။ 
စစ်မှန်တဲ့ မေတ္တာဆိုတာ အသွား အပြန် ရှိပါတယ်။ သင် တန်ဖိုး မထားခဲ့ရင် ကြာကြာ ခံစား ရရှိနိုင်မှာ မဟုတ်ပါဘူး။ 
      နောက်ပြီး ကမ္ဘာပေါ်မှာ ချစ်ခြင်းမေတ္တာ ဝေမျှစရာ အခြား အရာလေးတွေ ရှိပါသေးတယ်။ 

မိဘမဲ့ ကလေးငယ်တွေ ၊ တိရိစ္ဆာန်လေးတွေ၊ သစ်ပင်  ပန်းမာန်လေးတွေ တခြား ကိုယ့်ပတ်ဝန်းကျင် က  အရာတွေပါပဲ။မြင်အောင်ကြည့်ပြီး ခံစားနိုင်ခဲ့မယ် ဆိုရင်ပေါ့..။ 
ကိုယ်ရဲ့ဘဝမှာ ကိုယ်နဲ့ ချစ်ခြင်းမေတ္တာကို ဝေမျှနေကြတဲ့သူတွေ ဝေမျှဖူးတဲ့သူတွေ အားလုံးဟာ ကိုယ့်ဘဝကို အသက်ဝင်စေခဲ့တဲ့ သူတွေ ချည်းပဲမို့ ကျေးဇူးတင်စရာ ကောင်းပါတယ်။  ကိုယ့်ရဲ့မိသားစု၊ မိဘ၊ ညီအစ်ကို မောင်နှမ ၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်း၊ မိတ်ဆွေတွေ အားလုံးနဲ့ ချစ်သူဟောင်းတွေ အားလုံးပဲပေါ့လေ။ 
ချစ်ခြင်းမေတ္တာဆိုတာ ချစ်ခင်ယုယစွာပြုစုပျိုးထောင်ရင်း ပျော်ရွှင်ခြင်းဆိုတာ ကို ခံစားမိလာတာ ဖြစ်ပါတယ်။ ဒါကြောင့် ချစ်တတ်ဖို့နဲ့ ချစ်ခင်မှုကို ရယူခံစားဖို့ သင့်နှလုံးသားကို ဖွင့်ထားဖို့ လိုအပ်ပါတယ်။ ဒါမှ သင့်ဘဝရဲ့ စာမျက်နှာတွေဟာ အဓိပ္ပါယ်ရှိပြီး အသက်ဝင်နေမှာပါ။ 
ထပ်ပြောရရင် ဘဝဆိုတာ မွေးနေ့ကနေ သေနေ့ဆီကို သွားနေရုံ မွေးကတည်းက အသက်မဲ့ပြီးသား နေ့တွေပဲ လို့တောင် ပြောလို့ရသလိုဖြစ်နေမှာပေါ့။  
ဒီတော့ ချစ်ခြင်းမေတ္တာဆိုတာ ဒီဖြတ်သန်းရမယ့် ရက်တွေကို အဓိပ္ပါယ်ပြည့်ဝစေတဲ့  တစ်ခုတည်းသော လောကကြီးက ပေးထားတဲ့လက်ဆောင်ပါ။ ပန်ဒိုရာရဲ့ သေတ္တာလေးပါပဲ။  အဲဒီ လက်ဆောင်ကို လက်ခံရယူနိုင်ဖို့  .. ကိုယ့်ရဲ့ ချစ်မေတ္တာစွမ်းအားကို ကိုယ်ယုံကြည်စွာနဲ့ ဒီနေ့ပဲ ဘဝရဲ့ အဓိပ္ပါယ်ကို ခံစားဖို့ သင့်နှလုံးသားတခါးကို ဖွင့်ထားလိုက်ပါ.. ။ သင့်ဘဝရဲ့ စာမျက်နှာသစ်ကို သင့်ရဲ့ ချစ်ခြင်းမေတ္တာက သင့် ဘဝကို အသက်ဝင် ပျော်ရွှင်စေမယ့် ဖန်တီးရှင်ပါပဲလို့ ယုံကြည်ထားပြီး ပျော်ရွှင်ခြင်းရဲ့ လေပြေညင်းကို တစ်ဝကြီး ရှူရှိုက် ခံစားပြီး ချစ်ခြင်းက ပေးတဲ့ သင့်ဘဝရဲ့ မောင်းနှင်အားကို ရယူခံစား လိုက်ပါ။ 
 ဘာမှ မသေချာတဲ့ လောကကြီးမှာ မနက်ဖြန်ဆိုတာ မသေချာတဲ့ အရာပါ။ ဒါကြောင့် မနက်ဖြန်ဆိုတာ မရှိတော့သလိုမျိုး တန်ဖိုးထားပြီး ချစ်ခြင်းတရားအပြည့်နဲ့ လက်ရှိအချိန်တိုင်းကို ချစ်သော သူနှင့် အတူကျော်ဖြတ်နိုင်ပါရစေ ..ကိုယ် ချစ်တဲ့ သူကို ချစ်တယ်လို့ ပြောခွင့်ရတာ ဘဝမှာ ကျေနပ်စရာ တစ်မျိုးပါ။ အချိန်တိုင်းနဲ့ စကားလုံးတိုင်းကို တန်ဖိုးထားပြီး မနက်ဖြန်ဆိုတာ မရှိတော့သလို သင်ချစ်တဲ့သူတွေကို ချစ်တယ်လို့ ပြောနိုင်ပါစေ။ 


စာဖတ်သူ အားလုံး ဘဝကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဘဝကို  ဖြတ်သန်းနိုင်ပါစေလို့..

ခင်မင်စွာဖြင့်
အလွမ်းပြေ

0 comments: