My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Wednesday, November 9, 2011

ဘဝထဲက အချစ်



(၁)

သင်္ကြန်ကားများမောင်းသွားသံတွေ.. အော်ဟစ်နောက်ပြောင်သံတွေက လေပြေနဲ့အတူ သဲ့သဲ့ အပြေးပါလာသည်။ တိုးသွားလိုက် ကျယ်လာလိုက်နှင့် သေချာတာက ရေတွေရွဲရွဲစိုနေမည့် အပြုံးကိုယ်စီနဲ့ လူတွေ.. ကားတွေ .. ရှုပ်နေသော်လည်း ပျော်စရာတော့ ကောင်းနေပါလိမ့်မည်..။
ပိတောက်ပင်ခြေရင်းမှာ ကွပ်ပျစ်လေးမှာ ထိုင်နေရင်း ..စာအုပ်တစ်အုပ်နှင့် ဘေးတွင် ရေငွေ့သန်းစပြုနေသည့် ရွှေရင်အေးတစ်ခွက်ကို ဘေးမှ ချကာ.. ဟိုအဝေးကို အဓိပ္ပယ်မဲ့ ငေးနေမိသည်။
လွမ်းဆွတ်ခြင်း ဝေဒနာက ဘယ်အချိန်မှ သက်သာမှာတဲ့လဲ.. ချစ်သူကို လွမ်းတယ်..။
ချစ်သူကတော့ အခုအချိန်ဆို.... သူ... ချစ်သူအသစ်များရနေလေမလား.. မတွေးချင်ပဲ ခေါင်းထဲရောက်လာတယ်..ပျော်ပါစေလေ.. တကယ်တော့ .. ငယ် လိုချင်တာ.. ချစ်သူပျော်ရွှင်ဖို့ တစ်ခုပဲ မဟုတ်လား.. ကျေနပ်ရမှာပဲပေါ့ ။
ဒီပိတောက်ပင်ကြီးရဲ့ အောက်မှာပဲ .. သူနဲ့ စတွေ့ပြီး .. သူ နှုတ်ဆက်သွားတာလဲ ဒီပိတောက်ပင်ကြီး အောက်မှာပဲလေ..။

(၂)

“ဟဲ့ .. နင့် လိပ်စာပေး..ငါ ရေလာလောင်းမယ်..” တုံ ဆိုတဲ့ အသံနဲ့အတူ Chat Box မှာ ပေါ်လာတဲ့ စာကြောင်းလေးကို ဖတ်ရင် ပြုံးမိတယ်..
“အမယ် မလာပါနဲ့ ..”
“ လမ်းမှားရင် ဖုန်းဆက်လိုက်မယ်”
“ ဟ နင်တကယ်လာမှာလား.”
“ အေးပေါ့… ”
“ ဆောရီး.. နင်မလာစေချင်လည်း ပြီးရော .. ဒါပဲ ..”
“ ဟဲ့ ငါက နောက်တာ.. ရော့ရော့ သေချာထပ်မှတ်ထားဦး.. ”
ကျမ လိပ်စာကို အမြန်ရိုက်ပေးလိုက်တယ်..
သင်တန်း အတူတူ တက်နေတဲ့ သူငယ်ချင်း မူမူရဲ့ မိတ်ဆက်ပေးလို့  သိခဲ့ရပြီး
အွန်လိုင်းမှာလည်း ဆက်ခင်နေခဲ့လို့ တစ်ယောက်နဲ့ တစ်ယောက်လည်း သိနေလို့ ယုံကြည်ခင်မင်ရပေမယ့်
အပြင်မှာ တွေ့လေ့တွေ့ထ မရှိတော့ .. တကယ် လာမယ် မထင်ဘူးပေါ့..

(၃)

မနက် မိုးလင်းလင်းခြင်း ခံစားမိတာက.. နံနက်ခင်းလေနဲ့ အတူ ပါလာတဲ့ ပိတောက်နံ့ သင်းသင်းလေးတွေ ..
အိုး…ပိတောက်တွေ ပွင့်ပြီးပဲ … ပျော်လိုက်တာ ..
အဲဒီနေ့လေးက အပျော်တွေနဲ့ စတင်ခဲ့တဲ့ နေလေးပါပဲ..
ဒီနေ့ မှာ တို့ ဘဝရဲ့ အရေးပါတဲ့ သူတစ်ယောက်နဲ့ အပြင်မှာ စတွေ့ရမယ်လို့ ကြိုပြီး သိမနေခဲ့ပေမယ်.. ပျော်နေခဲ့တယ်..
ပိတောက်တွေခူးပြီး.. ဘုရားတင်.. အိမ်နီနားချင်းတွေ ဝေပြီး မောမောနဲ့ ..ပိတောက်ပင်ရိပ်မှာ ထိုင်နေတုန်း..
“ညီမရေ.. ဖုန်းလာတယ်.. ”
“ ဟုတ် အမ.. လာပြီ”
ဖုန်းကောက်ကိုင်လိုက်တော့..
“ ဟယ်လို..”
“ ဟဲ့ ငါ.. နင်တို့ လမ်းထိပ်ကိုရောက်နေပြီ .. ခြံဝက စောင့် ငါလာပြီ”
“ ဟယ်တော့ .. နင်တကယ် လာတာပဲနော်”
“ ဘာလဲ .. နင် မကြိုက်ဘူးလား.. ငါ အခု ချက်ချင်းလှည့်ပြန်သွားရမလား”
ဂျစ် ကန်ကန်နဲ့ နင့်အသံကို ငါ လန့်သွားတာပဲ .
“ ဟယ် ..သူငယ်ချင်းရယ်.. ငါက အဲလို ပြောတာမဟုတ်ပါဘူး.. အံ့သြသွားရုံသက်သက်ပါ.. ငါ ခြံထိပ်မှာ ထွက်စောင့်နေပြီနော် .. လာခဲ့..လာခဲ့..”
ကျမ ခြံဝကို အပြေးတပိုင်း ထွက်လာခဲမိတယ်..
ကျမတို့ ခြံဘက်ကို ဦးတည်ပြီး လာနေတဲ့ ကောင်လေး တစ်ယောက်ကို ကျမတွေ့လိုက်ရတယ်..
အသားခပ်လတ်လတ်.. အရပ်အနေတော်လေးနဲ့ .. ခပ်မတ်မတ်လေး လျှောက်လာပြီး ကျမကိုတွေ့တော့ လှမ်းပြုံးပြပဲ..
သူပဲပေါ့..
“နင်..
“ အေးဟုတ်တယ်.. ငါပဲ.. ”
သူက ပြုံးပြရင် ပြန်ပြောတော့.. ကျမတို့ နှစ်ယောက်လုံး ပြိုင်တူ ရယ်မိကြတယ်။
ကျမ တွေ့တွေ့ချင်းပဲ .. သူ့အပြုံးလေးကို မြင်မြင်ခြင်း နှစ်သက်စိတ်နဲ့ အရင် ခင်တာထက် အဆပေါင်းများစွာ ပိုရင်းနှီး ခင်မင်သွားသလိုပါပဲ..။
“ ကဲ ဘယ်မှာလဲ ရေ.. နင့်ရေ ပါမလာဘဲ.. ငါ အိမ်က ရေတောင်းလို့ကတော့ ဈေးကြီးတယ်နော်..”
“ အောင်မယ်.. ဒီမှာပါတယ်နော်..” သူ့ ကျောပိုးအိတ်ထဲက ရေသန့်ဗူးကို ထုတ်ပြတယ်။
“အေး လာလည်တဲ့ ဧည့်သည်ကလဲ ပါချီပါချက် မဟုတ်ဘူး အဝေးကြီးက လာရတာ ကောင်းကောင်း ဧည့်ခံ ဒါပဲ.. နင် ကောင်းကောင်းဧည့်မခံလို့ကတော့ ငါက ဖွပြီသာမှတ်”
“ အမလေး ခြောက်လှန့် နေလိုက်တာဟာ.. လာပါ..ဝင်ပါ.. ”
ကျမက ခြံတခါးကို ဖွင့်ရင်း ..
“ အိမ်က အမေနဲ့ အဖေ ဘုရားသွားတယ်.. ငါနဲ့ ငါ့ အမပဲရှိတယ်.. အောက်မှာ အေးတယ်.. ခြံထဲက ပိတောက်ပင်အောက်မှာ သွားထိုင်ရအောင်နော်ဟဲ့..”
“ အေးပါ..အေးပါ.. နင့်အိမ်ဆိုတော့ .. နင့်သဘောပေါ့..”
“ ဟယ်.. အဲလို မဟုတ်ပါဘူးဟယ်.. ငါက စေတနာနဲ့ပါ..”
အဲဒီနေ့ တစ်နေ့လည်လုံး.. ပိတောက်ပင်ကြီး အောက်မှာ မုန့်စားရင်း ဟို နှစ်ပေါင်း များစွာက ရင်နှီးလာခဲ့တဲ့ သူတွေလို ခင်သွားကြတယ်..
သူရေလောင်းပြီး ပြန် အသွား.. ရင်ထဲမှာ အပြုံးချိုချို သူငယ်ချင်းလေးတစ်ယောက် ကျန်ခဲ့ပါပြီကော…

( ၄ )

ဒီလိုနဲ့..
ငါတို့ ခြံထဲက ပိတောက်ပွင့်တွေ ကြွေ.. အသီးတွေဝေ… အခက်တွေ.. ဝေ…
သင်္ကြန်ရက်တွေလည်း ပြီးလို့ ..နှစ်သစ်လည်း ရောက်ခဲ့တယ်..
နှစ်ယောက်သားရဲ့ ခင်မင်မှုကလည်း တစ်စပြီး… တစ်စ ..ပိုပိုတိုးလို့ … ချည်လာခဲ့တာ..
တစ်နေ့.. နင်ပြောလာတယ်…
“ ချစ်.. ငါ့ နင့်ကို ချစ်တယ်.. နင့်ရင်ထဲက ငါ့ကို ချစ်တဲ့ အချစ်ဟာ.. သူငယ်ချင်းလိုလား.. ဒီထက်ပိုလား နင် ဆန်းစစ်ပေးပါတော့နော်..ငါ ခရီးသွားရမယ်.. နင့်ကို စိတ်မချဘူး..”တဲ့..
တကယ်တော့ ချစ်ရယ်… ငါ ရင်ကို ဆန်းစစ်စရာ မလိုအောင် နင်နဲ့ငါ ထပ်တူကြနေခဲ့တာပဲလေ..
ဒီလိုနဲ့ ..
ချစ်သူဘဝရဲ့ အပျော်ရက်လေးတွေဟာ..
ဘဝ အတွက် အင်အားတွေ ဖြစ်စေခဲ့တယ်..
သူဟာ ..ကျမအတွက်.. အအေးမြဆုံး အရိပ်လေးပေါ့…
ကျမဟာလည်း သူ့အတွက် အနွေးဆုံးရင်ခွင်တစ်ခု ဖြစ်ရမယ်လေ..

(၄)

ငယ် ဘယ်သွားသွား.. အနားက အရိပ်လို လိုက်ပို့..
ကျောင်းသွား.. ကျောင်းပြန်.. ဂရုတစိုက် လာကြိုပေးတဲ့သူ..
ငယ့် အီးမေးထဲမှာဆို သူရဲ့ အချစ်စာ.. အချစ်ကဗျာလေးတွေနဲ့..
မေးကို ဖွင့်လိုက်တိုင်း .. မပြုံးဘဲကို မနေနိုင်ပါဘူး..
ချစ်သူနဲ့ အတူ ဘယ်သွားသွား.. မောသလားမေးရင်း..
ချွေးသုတ်ပေးတတ်တဲ့ သူ့အကြင်နာတွေကို မေ့မရနိုင်ပါဘူး..
ငယ် စွဲလမ်းစွာ ချစ်သထက် ချစ်မိလာတယ်…။
ဒါပေမယ့် တနေ့…
“ ငယ်.. ကိုယ့်မိဘတွေက ကိုယ့်ကို နိုင်ငံခြားပို့ဖို့ အားလုံး စီစဉ်ပြီးသွားပြီ..
ကျောင်းတက်ရင်း အလုပ်လုပ်ရမယ်တဲ့.. အားလုံး စီစဉ်ပြီးသွားပြီ .. ကိုယ်မသွားလို့ မဖြစ်ဘူး
နောက်ပြီး ဟိုမှာ ဘယ်လောက်ကြာမလဲ.. မသိဘူးကွာ.. ”
“ ဟင်.. ဘာပြောတာလဲ… ဘယ်တော့သွားပြီး ဘယ်တော့ ပြန်လာမလဲဟင်..”
“ သေချာ မပြောတတ်ဘူး .. ကိုယ်တို့ ဝေးသွားရင်လည်း .. ချစ်နေမယ်မဟုတ်လား..”
“ အင်းပေါ့.. ငယ်သစ္စာရှိရှိနဲ့ စောင့်နေမယ်နော်..”
ဒီလိုနဲ့…
ချစ်သူ.. ငယ့်ကို ထားခဲ့ပြီး…. အဝေးတစ်နေရာကို ထွက်သွားခဲ့တယ်…

( ၅ )

အဝေးကို ထွက်သွားတဲ့နေ့မှာပဲ....
ငယ်ဆီကို လုံးဝ ဆက်သွယ်မလာတော့ဘူးလေ..
ငယ်..ဆီကို တစ်နေ့တော့ ..
“ ငယ်. ဘယ်အချိန်ပြန်လာမလဲ မသိတဲ့ .. ကိုယ့်ကို မေ့လိုက်ပါ..ပျော်အောင်နေနော်… ”
ဆိုတဲ့ စာတိုလေးသာ ရောက်လာခဲ့တယ်..
ငယ်အလူးအလှိမ့် ခံစားရင်း.. နေ့တွေကို ခက်ခက်ခဲခဲ ဖြတ်ကျော်ရတယ်..
ရင်ထဲက အပူသက်သာဖို့.. အာရုံပြောင်းဖို့.. မူကြိုကျောင်းတစ်ကျောင်းမှာ ဆရာမဝင်လုပ်ရင်း..နေ့တွေကို ဖြတ်ကျော်လာခဲ့တာ..
ချစ်သူနဲ့ အဆက်သွယ်ပြတ်သွားခဲ့တာ.. အခုဆို နှစ်သစ်ကူးလို့ ..
ဒီကြားထဲမှာ.. ငယ်နဲ့ အတူတူ ကျောင်းအတူ တက်ခဲ့တဲ့ ချစ်သူကို သိတဲ့ သူငယ်ချင်းကတော့ ချစ်သူကို လမ်းမှာ ကောင်မလေး တစ်ယောက်နဲ့ တွေ့လိုက်တာ ၂ ခါလောက် ရှိတယ်လို့ လာပြောဖူးပေမယ့်.. ငယ်တော့ တစ်ခါမှ မတွေ့ခဲ့ပါဘူး.. သူငယ်ချင်း လူမှားပြီး လာပြောတယ်လို့သာ ငယ် ထင်တယ်.. ချစ်သူက နိုင်ငံခြားမှာ..
ချစ်သူကွယ်ရာမှာ ချစ်သူကို မစုံစမ်းချင်ဘူး.. မယုံကြည်သလို .. မလုပ်ချင်ပါဘူးလေ။
ခုဆို.. နှစ်တွေကြာလို့ ပိတောက်တွေ ဝေနေတဲ့ နှစ်ယောက်စတင်ဆုံရာ သင်္ကြန်နေ့လေးတွေကိုတောင် ရောက်ခဲ့ပါပေါ့ ..
ငယ့်အကြောင်းတွေးရင်တောင် ရင်ခုန်ပြီး… ငယ့်အကြောင်း သူငယ်ချင်းတွေနဲ့
ပြောရင်တောင်.. သတိရလွန်းလို့ ..ရင်ဘတ်တွေ အောင့်လာတတ်တယ်ဆိုတဲ့. ငယ့်ချစ်သူ ..
ငယ့်ကို တကယ်မေ့နိုင်င်္ပြီလား..
ငယ်ကတော့ .. ချစ်သူကို ပေးထားတဲ့ ဂတိအတိုင်း.. နှစ်တွေ ဘယ်လောက်ကြာကြာ စောင့်နေဆဲ..
ဒီပိတောက်ပင်ကြီး အောက်မှာပေါ့… သြော်.. ရွက်ကြွေဟောင်းတွေ ကြွေသလို .. နှစ်တွေ ပြောင်းခဲ့ပါပေါ့..

( ၆ )

သမီးရေ..
ပိတောက်ပင်အောက်မှာ မျောလွင့်နေတဲ့ အတွေးတွေနဲ့ အတိတ်ကမ္ဘာထဲ ရောက်နေတဲ့ ငယ့်ကို
မေမေ့ ခေါ်သံက လှန့်နှိုးလိုက်သလို..
လာပါပြီ မေမေ..
သမီးရေ ..ခဏနေရင် သူရိန်က သူတို့ မိသားစု ဘုရားသွားကြမယ်.. မေမေတို့ မိသားစုကိုပါ လာခေါ်မယ်တဲ့ .. သမီး အပြင်သွားရအောင် ပြင်တော့နော်..
သြော် သူရိန်တို့ လာခေါ်မယ်တဲ့လား .. ဟုတ်မေမေ ..
စိတ်ထဲမှာ .. သူရိန်.. ငါ့ကိုတောင် ကြိုမပြောဘူးလို့ .. စူပုတ်ပုတ်လုပ်ရင်း တွေးမိတယ်..
အဲဒီအချိန်မှာပဲ..
အိမ်ရှေ့က ကားဟွန်းသံကို ကြားရတယ်..
မေမေက..
ဟယ်မြန်လိုက်ကြတာ.. သမီးရေ မြန်မြန် လူကြီးတွေပါ စောင့်နေရမှာ ..
ဟုတ်ကဲ့ပါ.. မေမေ..
အလှတောင် မပြင်အားဘဲ .. ထွက်လာတဲ့ .. ငယ့်ကို သူရိန်မေမေက ပြုံးကြည့်နေတယ်..
ပြီးတော့ ငယ့် ဖေဖေနဲ့ သူ့ခင်ပွန်းဆီကို လှည့်ရင်း ကဲ အဖေကြီးတို့ နှစ်ယောက်သား တိုင်းရေးပြည်ရေးဆွေးနွေးရင်း ကျန်ခဲ့သိလား.. ဘုရားတရားနဲ့ နီးရမှာ သိပ်ကြောက်တဲ့သူတွေ ..လို့ လှမ်းပြောတော့..
ငယ့်ဖေဖေနဲ့ သူရိန်တို့ရဲ့ ဖေဖေက .. ရယ်ရင်း ..
မင်းတို့တွေပဲ သွားပါကွာ.. ငါတို့က ဒီရက်လေး နားရလို့ အေးအေးဆေးဆေးစကားပြော
တာလို့ သူရိန်ဖေဖေက ပြန်ပြောတယ်..
ကဲပါ သွားစို့လို့ ငယ်မေမေက ခေါ်ရင်း..
ဘုရားကို လေးယောက်သား ထွက်ခဲ့ကြတယ်..။

( ၇ )

ငယ် နင်ရည်းစားနဲ့ ဘုရားလာဖူးလား..
ပုတီးစိတ်နေတဲ့ အမေ နှစ်ယောက်ကို စောင်းတန်းမှာ ထိုင်စောင့်ရင်း.. ငယ်နဲ့ အတူ ထိုင်နေတဲ့ သူရိန်က မေးလာတယ်..
ငယ်က ရှက်ပြုံးနဲ့ ငါ ရည်းစားထားဖူးတာ နင်ဘယ်လိုသိတုန်း..
ငါနဲ့ အတူ ကျောင်းတက်ဖက် သူငယ်ချင်း ၃ ယောက်လောက်ကလွဲပြီး ဘယ်သူမှ မသိလိုက်ပါဘူး
အဲဒီအချိန် နင် နိုင်ငံခြားမှာလေ..
ဟား..ဟား…
သူရိန်ရဲ့ အားပါးတရ ရယ်လိုက်သံကြောင့် ဘေးကလူတွေပါ လှည့်ကြည့်တော့..
သူက ဇက်ကိုပုရင်း..
“ ငတုံးမ.. အစ်လိုက် ..တစ်ချက်တည်းပဲ.. ခုရော.. ဘယ်မှာလဲ..သူက နင်တို့ ကြိုက်နေတုန်းလား”
“ အင်း… ဒါပေမယ့် အဆက်အသွယ် မရတာ ၃နှစ်လောက်ရှိပြီ..”
“ ဟေ.. ကြိုက်နေတုန်းပဲ.. အဆက်သွယ် မရတာ.. ၃ နှစ်.. ဘာကြီးလဲဟ”
နင် မေမေတို့ကို သွားမပြောရဘူးနော်.. ဒီလိုဟ.. လို့ ငယ်က အကြောင်းစုံ ပြောပြတော့..
“ ဟား..ဟား.. …. ဟားဟား.. ”
သူရိန်က အတောမသတ် ထပ်ရယ်ပြန်တယ်..
ဟယ် သူရိန် နင်ဟာလေ နှလုံးသားမပါသလိုပဲ.. သူများ လွမ်းနေတာကို နင်က ဟာသလို့ ထင်တယ်”
“ ဟ.. ငတုံးမရ.. ဟိုက လှလှပပလေးနဲ့ ဇတ်သိမ်းပြီး..ဟိုက နင့်ကို ခေါက်သွားတာကို .. နင်က လွမ်းပေးနေတာ ၃ နှစ်တောင် .. ဒါမှ မရယ်ရင် .. ငါဘာကို ရယ်ရမလဲဟ..ဟား..ဟား..”
“ နင် အဲဒီလို မပြောပါနဲ့.. သူ့မှာ ဘာအခက်ခဲတွေ ရှိမှာလဲ.. နင်သိနိုင်လို့လား.. ငါ့ချစ်သူကို ငါတို့ အချစ်ကို မလှောင်နဲ့.. ငါ မကြိုက်ဘူး.. ”
ငယ်က .. စိတ်ဆိုးတကြီးပြောလာတော့..
သူရိန်က မျက်နှာပိုးကို ကြိုးစားသတ်ရတဲ့ ပုံစံနဲ့..
“ အေးပါ.. စိတ်ကူးယဉ် အချစ်သူရဲကောင်း သစ္စာရှင်မကြီး ..မမငယ်ရာ.. ဟီးဟီး.. ကျနော် မလှောင်ရဲပါဘူး.. နင်သာ စူပုတ်မနေပါနဲ့.. တော်ကြာ ဟိုမှာ ပုတီးစိတ်ပြီးရင် .. ငါက ဘာအနိုင်ကျင့်လဲ ဆူနေပါ့မယ်.. ငါ အကြောင်းအရင်း ရှင်းပြရင် နင် ကွိမှာနော်”
“ နင်လျှောက်မပြောနဲ့နော်.. ငါ စိတ်မဆိုးတော့ဘူး”
“ အေးပါ..အေးပါ.. နင်ပြောပါဆိုရင်တောင်.. ငါကလည်း မပြောပါဘူး”
“ ပြီးရော..တော်လိုက်တဲ့.. ငါ့သူငယ်ချင်း..”
“ မချီးမွမ်းနဲ့.. မနေ့ညကပဲ.. ငါအခု ပြန်လာပြီး ဒီမှာ ကိုယ်ပိုင် စီးပွားရေး စလုပ်မယ်.. ပြီးရင် မိန်းမယူမယ်.. နင်နဲ့ဆို သဘောတူလားလို့ ငါ့မားသားနဲ့ ဖားသားကို ညကပဲ မေးထားတာ.. သူတို့က မဆိုင်းမတွ … ဖားသားကြီးက ဟ.. သဘောတူတာပေါ့ကွတဲ့.. ငါ့ မားသားကြီးကလည်း နင့်ကို ချစ်ပြီးသားတဲ့.. ငါ ပြန်လာပြီး နင်တို့အိမ် လာလည်တဲ့နေ့ကတည်းက ငါ နင့်ကို လက်ထပ်ချင်တယ်လို့ သိလိုက်တာ.. ”
အသက်မရှူတမ်း.. ပြောချလိုက်တဲ့.. သူရိန်စကားကြောင့်.. ငယ်က ကြောင်ကြည့်နေမိတယ်..
နောက်တော့..
“ ဟာ နင်ဘာတွေ ပြောနေတာလဲ.. ငါ့မှာ ချစ်သူရှိတယ်လေ..
ငါ့ချစ်သူကို ငါ သစ္စာမဖောက်နိုင်ဘူးနော်.. နင့်ကို ငါပြောပြပြီးသား”
နင့် ချစ်သူက ငါပြောတာ မမှားဘူးဆိုရင် ဒါ နင့်ကို အဆုံးခန်း လှအောင် လုပ်ပြီး ထားခဲ့ပြီးသားလို့
ငါယူဆတယ် ဒါကြောင့် ငါ စိတ်မဝင်စားဘူး..
နင်သာ ငါ့ကို အိမ်ထောင်ဘက် တစ်ယောက်အဖြစ် လက်ခံနိုင် လက်မခံနိုင် စဉ်းစားပေးဟာ.. ငါတို့ အရွယ်တွေ ပြန်ကြည့်ဦး.. ဆယ်ကျော်သက်တွေလို စိတ်ကူးယဉ်ရမယ့် အချိန်လည်း မဟုတ်ဘူး .. အူတူတူ လုပ်မနေနဲ့..”
“ ဟာ.. နင် မိန်းမလိုချင်ရင် တခြားသွားရှာဟာ.. ငါ နင့်ကို မယူနိုင်ဘူးနော်.. ဒါပဲ..”
“ နင် စဉ်းစားထား ငါလည်း အလုပ်ကြိုးစားရဦးမှာ .. ခုချက်ချင်းလည်း မဟုတ်ပါဘူး.. ဒါပဲ”
ကဲ လာလာ.. ဟိုမှာ ပုတီးစိတ်လို့ ပြီးပြီ ပြန်ကြရအောင်..
ပြောပြောဆိုဆို သူရိန်က .. ထသွားတယ်..
ငယ့် စိတ်ထဲမှာ .. သူရိန်.. မိန်းမလိုချင်တာများ… ငါ့ကို ချစ်တာ ..ဒါလား..
သူရည်းစား စကားပြောပုံက ဈေးဝယ်တာကြနေတာပဲ..
ငယ့်ချစ်သူနဲ့တုန်းကလို ရင်ခုန်ဖို့ လက်ဖျားတွေ အေးစက်နေဖို့ နေနေသာသာ..
နောက်ကနေ တွေ့ရာနဲ့တောင် လှမ်းပေါက်လိုက် ချင်သေးတယ်..
ငယ်မချစ်တဲ့.. နင့်ကို.. ယူပါလိမ့်မယ်.. အားကြီးကြီးလို့ .. စိတ်ထဲကပြောရင်း.. သူနောက် အပြေးလိုက်ရတော့တယ်..။

( ၈ )

အလုပ်နားရက်မို့.. ပိတောက်ပင်ကြီးအောက်မှာ နေ့လည်ဘက် အေးအေးလူလူ လက်ဖက်သုတ်စားရင်း .. ထိုင်နေကြရင်း…

“ သမီးလေး.. မသက်က သူ့သားနဲ့ သမီးကို မြန်းချင်တယ်လို့ ဘုရားသွားကြတဲ့နေ့က မေမေ့ကို ပြောသွားတယ်
သမီးလေး သဘောကို မေးထားပါ့မယ်လို့ မေမေကတော့ ပြောလိုက်တယ် သမီး..”

ငယ် မေမေ့ကို အလန့်တကြားလှည့်ကြည့်တော့..
မေမေက ဆက်ပြီး..

“ မေမေလည်း သမီးအဖေရဲ့ သဘောကို တီးခေါက်ကြည့်ပြီးမှ သမီးကို ပြောမယ်ဆိုပြီး သမီး ဖေဖေနဲ့ အေးအေးဆေးဆေး စကားမပြောဖြစ်သေးတာနဲ့ သမီးနဲ့ မပြောဖြစ်သေးတာ.. မနေ့ကပဲ သမီးအဖေ ခရီးသွားဖို့ မေမေပြင်ပေးနေရင်း အဲဒီအကြောင်းပြောဖြစ်ကြတယ်.. သမီး အဖေ့ကလည်း ကောင်လေးကို သဘောကျတယ်.. ပြောစရာ မရှိပါဘူး.. သမီးသဘောတဲ့.. ”

“ ဟာ.. မေမေရာ သမီး အိမ်ထောင်မပြုချင်သေးပါဘူး.. နောက် သူရိန်ကိုလည်း သူငယ်ချင်းလိုပဲ ခင်တယ်”
“ သမီးမှာ ချစ်သူရည်းစားရော ရှိနေလား သမီး.. သမီး မငယ်တော့မှန်း မေမေတို့ သိတာပဲ ရည်ရွယ်သူရှိရင် မေမေတို့နဲ့ မိတ်ဆက်ပေးပေါ့..”

ငယ် ချစ်သူရဲ့ မျက်နှာကို အပြေးအလွှားမြင်ယောင်လာတယ်.. ငယ် ဘာပြောရမှာလဲ.. ချစ်သူရေ..
ငယ် ဝေ့ဝဲလာသော မျက်ရည်တို့ကို အားတင်းသိမ်းရင်း..

“ မေမေရယ် .. ငယ်မှာ အလုပ်ရယ် အိမ်ရယ်ကလွဲပြီး တခြားဘယ်ရောက်ဖြစ်တာကြလို့.. ငယ်မှာ တခြား ဘာမှ မရှိတာ မေမေ အသိပဲဟာ..”'

“ ဒါဆိုလည်း သမီးရယ်.. မိန်းကလေးဆိုတာ အရွယ်ရှိတယ်.. နောက်သမီးက တစ်ဦးတည်းသော သမီး.. မေမေတို့ မရှိရင် .. သမီးလေးမှာ မိသားစုဆိုတာ .. ရှိမှာမဟုတ်ဘူး.. လူလောကမှာ .. လူတစ်ယောက်အတွက် မိသားစုဆိုတာ လိုအပ်တာပဲသမီး.. အမေတို့တော့ သမီးနောင်ရေးအတွက် စိတ်အေးချင်တယ်.. သမီး စဉ်းစားပေါ့ဟုတ်လား..”

“ သမီး နားလည်ပါတယ် မေမေရယ်.. ဒါပေမယ့် သမီး အိမ်ထောင်မပြုချင်သေးဘူး.. နော်.”

“ အေးလေ.. သမီး စဉ်းစားပါဦး.. ”

ငယ်ဘာမှ ထပ်မပြောဘဲ .. တိတ်နေစဉ်မှာ..

“ ကြီးကြီးမေရေ.. ဖုန်းလာတယ်..”

အိမ်မှာ မွေးစားသမီးလိုပဲ ငယ်တို့နဲ့ အတူနေတဲ့ မအုန်းခင်ရဲ့ ခေါ်သံကို ကြားတော့..
မေမေက “ အေး..အေး.. လာပြီ” လို့ ဆိုကာ.. အိမ်ဘက်ကို ပြန်လျှောက်သွားတယ်..
ငယ်လည်း ပိတောက်ပင်ရိပ်မှာ တိတ်တိတ်လေး ထိုင်နေခဲ့တုန်း..

“ ညီမလေးရေ… ညီမလေးရေ.. ကြီးကြီးမေ..ဘာဖြစ်လဲ မသိဘူး.. ခေါ်လို့မရတော့ဘူး.. မြန်မြန်လာပါ” ..ဆိုတဲ့ .. အော်ခေါ်သံကြောင့်..
ငယ် အိမ်ဘက်ကို ပြန်ပြေးလာခဲ့တော့..
မေမေ့ကို ပွေ့ချီထားတဲ့ မျက်ရည်တွေနဲ့ မအုန်းခင်ကို.. ဖုန်းနားမှာ တွေ့ရတယ်..။

“ အစ်မ.. ပေးပေး မေမေ့ကို ဆေးရုံကားခေါ်.. ဆေးရုံကားခေါ်… ”

“ ညီမလေး.. ကြီးကြီးမေနောက်ဆုံးပြောတာ .. ဦးလေး..ကားမှောက်လို့ ဆုံးပြီတဲ့… ”

ဘာ…
ငယ့် မျက်လုံးတွေ ပြာဝေပြီး လောကကြီး အမှောင်အတိကျသွားတယ်။

( ၉ )

နောက်ထပ် သင်္ကြန် တစ်ခုကို ကျော်လွန်လာ ခဲ့ပြန်ပါပြီ..
မနက်ဖြန်ဆို ဖေဖေဆုံးတာ နှစ်ပတ်လည်နေ့မို့.. အိမ်မှာ ဆွမ်းကပ်ဖို့ ပြင်ဆင်နေကြတယ်..
ဖေဖေကို ..သတိရလိုက်တာ.. ဖေဖေရယ်။

ငယ်လည်း မနေ့ကတည်းက မနားရသေးတာမို့.. အစစ အရာရာ စီစဉ်ရင်း မနားရသေးတာမို့ .. ပိတောက်ပင်အောက်ကို ခဏ ရောက်ခဲ့ပြန်ပါတယ်..

ပိတောက်ပင်ကြီးတောင် အရင်ကနဲ့ မတူပဲ နည်းနည်း အိုစာလာသလိုပဲလို့ ငယ်တွေးမိတယ်..
အရင်လောက်လည်း မပွင့်နိုင်တော့သလိုပဲ..

ငယ်ကရော.. ဖေဖေဆုံးပြီး တစ်နှစ်အတွင်းမှာ .. ငယ် အများကြီး ပြောင်းလဲ ရင့်ကျက်လာခဲ့တာပဲ..။
သုံးယောက်ထဲ ရှိတဲ့ မိသားစုမှာ အရင်က အိမ်နဲ့ ကျောင်းမှာပဲ ဘဝကို နစ်မြှုပ်ရင်း အပူပင်ဆိုလို့ ချစ်သူကို လွမ်းတာလောက်ပဲ သိခဲ့တဲ့ ငယ်ပုခုံးဆီကို မိသားစု တာဝန်ဟာ ကျရောက်လာပါတယ်။

ဖေဖေဦးဆောင် ခဲ့တဲ့ တနိုင် မိသားစု စီးပွားရေးဟာ တစ်ဦးတည်းသောသမီး ငယ့်ရဲ့ တာဝန်ဖြစ်လာခဲ့ပါတယ်..
ဖေဖေရှိတုန်းက .. ဖေဖေ့ကို ကူညီရုံလေး နဲနဲလောက်သာ နောက်က ကူခဲ့ပြီး .. ထဲထဲ ဝင်ဝင် မလေ့လာခဲ့တဲ့ ငယ်.. အိုးနင်းခွက်နင်း ဖြစ်တော့မယ့် အခြေအနေမှာ..
သူရိန်နဲ့ သူရိန်ဖေဖေ.. က ဝင်ပြီး ကူညီလမ်းပြပေးတာကြောင့်.. ခုဆို ငယ် စီးပွားရေး လုပ်ငန်းကို အခြေအနေပျက် ကောင်းကောင်း ထိန်းနိုင်လာခဲ့ပါပြီ..။

ဒါပေမယ့် မိန်းမသားတစ်ယောက်တည်း စီးပွားရေး လုပ်ငန်းကို ဦးစီးတဲ့အခါ.. ကြုံရတဲ့ အခက်အခဲတွေကြောင့် .. ငယ် တစ်ခါတစ်လေ အရုပ်ကြိုးပြတ်လဲကျ ချင်မိတဲ့နေ့ပေါင်းများစွာ..ကို ဖြတ်ခဲ့ရတာ မနည်း…
ဒီနှစ်အတွင်း.. ချစ်သူကို အရင်လို လွမ်းစိတ်တွေနဲ့ မဝေနိုင်တော့တာ အမှန်..

တိုက်ဆိုင်မှုကြုံတိုင်းတော့ သတိတရ ဖြစ်မိတယ်.. ခုလို.. ပိတောက်ပင်ကြီးအောက် ရောက်လာရင်ပေါ့လေ…

“ ဟိတ်.. အရူးမ”

နောက်က ခေါ်လိုက်တဲ့ အသံကြောင့် .. အတွေးလွန်နေတဲ့ ငယ် လန့်သွားတယ်..

“ အမယ် .. နင် .. စိတ်ကူးယဉ်နေတာ.. ပြောပါဦး ချစ်သူ အကြောင်းမှ ဟုတ်ရဲ့လား”

“ အေး.. မှန်ပ ဟယ်.. ဒီအပင်ကြီးအောက်မှာ သူနဲ့စတွေ့တဲ့ နေ့က စကားတွေပြောခဲ့ကြတာပေါ့..”

“ နင်တော့ ဒါနဲ့ အပျိုကြီးဖြစ်ပြီး အရိုးထုတ်တော့မှပဲ.. မဖြစ်ပါဘူးလေ.. ငါကယ်မှပါ”

“ အမယ်.. နင်ကယ်မှ ငါက အပျိုကြီး မဖြစ်မှာ ဟုတ်လား.. နင်လို အရာရာကို လက်တွေ့ဆန်လွန်းတဲ့ နင့်ကို ငါမကြိုက်ရေးချာ မကြိုက်..”

“ထားပါ..ထားပါ.. နောက်မှ ချစ်လှချည်ရဲ့.. သူရိန်ရယ်..ဖြစ်နေမယ်.. ဒါနဲ့ မနက် ဘုန်းကြီး ..လေးနာရီ ပင့်မှာဆို.. အဲဒါ ငါ ကားမောင်းပေးရမှာမို့ ..အန်တီ လှမ်းခေါ်လို့ လာခဲ့တာ.. သွားဟာ.. ဧည့်သည်ကို လက်ဖက်လေး ဘာလေး သုတ်ကြွေး..”

“ အေးပါ အငတ်ရယ်.. ကျေးဇူးရှင်အတွက် သွားသုတ်လိုက်မယ်.. ပိုဆိမ့်အောင် အဆိပ်မှုန့်တွေပါ ဖြူးလာပေးမယ်.. ခဏစောင့်”

ပြောပြောဆိုဆို ငယ်က အိမ်ဘက်ကို ပြန်ပြီး… လက်ဖက်သုတ်.. ပြီးတော့ သူရိန်ဆီ ပြန်လာခဲ့တယ်..

“ ငယ်လက်ထဲက လက်ဖက်ခွက်ကို ဆွဲယူရင်း သူရိန်က .. အဆိပ်ထည့်ခဲ့တာ .. သေချာတယ်နော်… ချစ်သူက စေတနာနဲ့ ကျွေးရင် အဆိပ်တောင် အာဟာရဖြစ်သတဲ့.. ငါ ဒါစားပြီး မသေလို့ကတော့.. နင်ငါ့ကို ကြိတ်ကြိုက်နေလို့ပဲ.. ဟား.ဟား..”

“ သေလိုက်.. သေလိုက်.. ငါတကယ် ထည့်လိုက်ရင် ..နင်တော့ သေဦးမှာ..”

ပြောလည်းပြော.. စားလည်း စားနေတဲ့ သူရိန်ကို ငယ်က ရယ်ရင်း.. ပြန်ပြောရင်း.. ငေးကြည့်နေမိတယ်..
စိတ်ကူးယဉ်တတ်လွန်းတဲ့ငယ်..

အရာရာကို တုတ်ထိုးအိုးပေါက်ပြောပြီး.. လက်တွေ့ဆန်ဆန် လုပ်တတ်လွန်းတဲ့.. သူရိန်..
ဘယ်လိုမှ မဖြစ်နိုင်ပါဘူး.. ဒါပေမယ့်.. လက်တွေ့မှတော့.. သူပဲ.. တစ်ခုခုဆို .. အားကိုးတကြီး တိုင်ပင်ဟယ်.. အကူညီတောင်းဟယ်.. လုပ်နေရတာတော့ အမှန်ပါ..
တစ်ခုခုဆို.. ငယ်လိုတယ်..ဆို.. အပြေးရောက်လာသူကလည်း.. သူရိန်ပါပဲ..။
သူရိန်မေမေနဲ့ ဖေဖေကလည်း ငယ်တို့ သားအမိနှစ်ယောက်ကို ဆွေမျိုးရင်းချာလို.. အမြဲစောင့်ရှောက်တာတတ်သူတွေပါ..။

(၁၀)

မနက်စောစော မြည်လာတဲ့ ဖုန်းကို ကောက်ကိုင်လိုက်တော့..

“ ဟေ့ကောင်... နင်နိုးပြီးလား.. ငါပါ.. သူရိန်..”

“ အင်း..နိုးပြီ.. ပြော..”

“ ငါအခု .. မနက်စာကို ခေမရဋ်မှာ သွားစားမလို့.. လိုက်ခဲ့နော်.. ငါလာခေါ်မယ်လေ”

“ အမယ်.. စိတ်ကူးတရ.. အင်း .. ငါလည်း စားချင်နေတာ.. ဂျူးမြစ်ကြော်လည်း ဝယ်ချင်နေတာ.. အတော်ပဲ..”

“ အေး .. နောက်နာရီဝက်ဆို ငါရောက်မယ်.. စောင့်နေနော်..”

ငယ်.. ရေချိုး သနပ်ခါးလိမ်းပြီးပြီးချင်းပဲ.. အိမ်ရှေ့မှာ သူရိန်နဲ့ မေမေနဲ့ နှုတ်ဆက်သံကြားရတယ်..
ငယ်က အိမ်ရှေ့ကို ထွက်လာရင်း…

“ မေမေရေ..သမီး.. သူရိန် နဲ့ မုန့်လိုက်စားမယ်နော် .. သူ.. မုန့်ကြွေးမယ်ပြောလို့..”

“ အေး…အေး… ကားကို ဂရုတစိုက်မောင်းနော်..”

“ ဟုတ်ကဲ့.. အန်တီ.. ခွင့်ပြုပါဦးဗျ”

လှည်းတန်းမှာ မီးပွိုင့်မိတော့ .. တစ်ဖက်ကားက ကလေးလေးက လှမ်းပြုံးပြတာကို.. ငယ်က မျက်နှာကို အမျိုးစုံ လုပ်ပြပြီးစ.. ကလေးက ရယ်နဲ့ .. အဖွဲ့ကျနေတဲ့ငယ်ကို သူရိန်က ရယ်ရယ်ရင်း..

“ အော် မိငယ်.. မိငယ်.. ကလေးချစ်တတ်ပုံများ.. မဖြစ်ပါဘူးလေ.. ငါကယ်မှပါ..”

“ ဘာလဲဟ.. နင်.. မိန်းမယူပြီး ငါ့ကို တူမလေး မွေးပေးမလို့လား”

“ မဟုတ်ပါဘူး..“

သူရိန်က ပြုံးပြီး .. ကားရှေ့ကို လှမ်းကြည့်တော့.. စကားစပြတ်သွားပြန်တယ်..

တကယ်တော့.. ငယ်လည်း.. ခုနက ကလေးလေးလို သမီးလေး ငယ့်မှာ ရှိရင် ကောင်းမှာပဲလို့ .. အရုပ်လေးလိုချင်သလိုမျိုး.. လိုချင်မိလာတယ်..။

ကျောင်းနေဖက် သူငယ်ချင်းတွေလည်း မိသားစု ကိုယ်စီနဲ့ ဖြစ်ကုန်ကြပါပေါ့..
တွေးရင်း ချစ်သူက ခေါင်းထဲ ပေါ်လာတယ်.. သြော်.. သူတောင် မိသားစုများရနေပြီလား..။

“ ငယ်.. ငါတို့ မိသားစုဘဝလေး အတူတည်ဆောက်ကြရအောင်”

ငယ် မွှေလက်စ ရှမ်းခေါက်ဆွဲကို ရပ်ရင်း သူရိန်ကို မော့ကြည့်မိတယ်..

“ မကြည့်နဲ့.. ငါတကယ်ပြောနေတာ.. နင့်ကို ငါ ဘုရားပေါ်မှာ ပြောခဲ့တာ မှတ်မိသေးလား.. ငါအခု အခြေအနေ တစ်ခုကို တည်ဆောက်နိုင်ပြီလို့ ထင်တယ်.. ငါလက်ထပ်ဖို့ အသက်အရွယ်အရရော..
အခြေအနေအရပါ အဆင်သင့် ဖြစ်ပြီ.. ဒါကြောင့် .. ဒီတစ်ခါတော့.. ငါ အတည်ပြောတာ.. နေသေချာ စဉ်းစားပေး.. ဟုတ်လား”

“ ငါ… ”

ငယ်ပြောမယ့် စကားကို သူရိန်က ဖြတ်ပြီး…

“နင့်ရဲ့ ဟို ချစ်သူအကြောင်းတော့.. မပြောနဲ့နော်.. ငါရယ်မိရင်. နင်စိတ်ဆိုးဦးမယ်..”

“ ငါ .. ငါအမေကိုလည်း .. ပြောပြီးသွားပြီ.. နင့်ဆုံးဖြတ်ချက်ပဲ လိုတယ်.. နင်ငါ့ကို စဉ်းစားပေးဟာနော်.. ငါ နင့်ကို အာမခံနိုင်တာက နင်ငါ့ကြောင့် စိတ်မဆင်းရဲ စေရပါဘူးဆိုတဲ့ ဂတိပါပဲ”

သူရိန်က သူပြောချင်ရာပြောပြီး.. တိတ်သွားတယ်.. သူ နဲနဲ ရှက်လို့ ထင်ပါရဲ့..

ငယ်လည်း ငြိမ်ပြီး တိတ်နေမိတယ်.. ပထမဆုံး အကြိမ်တုန်းကလို ရန်မစွာဖြစ်တော့တာတော့ အမှန်ပဲ..
ငယ့်စိတ်တွေ ရှုပ်ထွေးကုန်တယ်.. ချစ်သူကိုလည်းပို သတိရမိလာသလိုပဲ…။


(၁၁)

“ သမီးလေးကို မေမေ အတင်းဘာကိုမှ မတိုက်တွန်းခဲ့ဘူးတာ သမီး အသိနော်..”

ငယ် ..မေမေ့ မျက်နှာကို ငေးကြည့်နေမိတယ်..
မေမေက ဆက်ပြောတယ်..

“ မေမေ သမီးဖေဖေ ဆုံးသွားကတည်းက ဘာမှ မမြဲတဲ့ လောကကြီးအကြောင်း ပိုနားလည်လာပြီး တရားဓမ္မနဲ့ပဲ အေးအေးဆေးဆေး ဖြတ်သန်း ချင်တော့တယ်.. သမီးလေး တစ်ယောက်တည်းကို စိတ်မချလို့.. အမေ သမီးကို ကိုယ်အိမ်ထောင် ကိုယ့်မိသားစုလေးနဲ့ တည်ငြိမ်တဲ့ ဘဝလေးကို ထူထောင်စေချင်ပြီ..
သူရိန်လေးရဲ့ မိဘတွေကလည်း ထပ်ပြောလာတယ်သမီး..
ဟိုအရင် တစ်ခါက သမီးကို အတင်းမတိုက်တွန်းခဲ့တာ သမီးသိပါတယ်.. ဒီတစ်ခါတော့ သမီး သေချာ စဉ်းစားစေချင်တယ်..”

မေမေက စကားအရှည်ကြီးပြောပြီးတော့.. ငယ်..ကမ်းပေးနေတဲ့ နွားနို့ခွက်ကို အဆုံးသတ် မော့လိုက်ရင်း..
ကဲ မေမေဘုရားခန်းဝင်လိုက်ဦးမယ်ဆိုပြီး.. ဘုရားရှိခိုးဖို့ ထွက်သွားခဲ့တယ်..

ငယ်လည်း .. ပြူုတင်းကနေ အပြင်ကို ငေးပြီး.. စဉ်းစားရင်း တွေးမဆုံးနိုင်အောင်.. ဖြစ်နေခဲ့တယ်.. ငယ့် အာရုံထဲမှာ.. ချစ်သူက တစ်ဝဲလည်လည်.. အခုဆို .. ချစ်သူနဲ့ ဝေးခဲ့တာ.. လေးနှစ်ကျော်..ပြီပေါ့..။

တကယ်ဆို သူရိန်ဟာ ငယ်အပေါ် တကယ်ပဲ ကောင်းတဲ့သူတစ်ယောက်..
ငြင်းစရာမရှိသလို..

ငယ်လည်း တကယ်ပြောရရင် လူထဲက လူတစ်ယောက်မို့ ဘဝမှာ ကိုယ်ပိုင်မိသားစုဘဝလေး လိုချင်တာ အမှန်ပဲ..
နောက် မေမေ့ကိုလည်း ငယ်ကြောင့် နောက်ဆန်မတင်းစေချင်ဘူးလေ..

ချစ်သူရေ.. ငယ့်ကို ခွင့်လွှတ်ပါတော့..
ငယ်ဟာ မိန်းကလေးပါ.. ငယ့်အတွက်.. ပင်ပန်းနေချိန် နားခိုဖို့.. ပုခုံးတစ်ဖက် တကယ်ပဲ လိုအပ်နေတယ်.. ငယ် မိသားစု လိုအပ်တယ်.. ငယ် သစ္စာမဲ့တယ်ပဲ ဆိုပါတော့..

ငယ် သူရိန်ကို လက်ထပ်ဖို့ လက်ခံလိုက်ဖို့ ဆုံးဖြတ်လိုက်တော့မယ်..။

( ၁၃ )

“ ဟင်…”

ငယ်ရင်ထဲမှာ တလှပ်လှပ်နဲ့ မှင်သက်နေမိတယ်..

ဟုတ်တယ်.. သူပါ.. သူ …. ငယ့်ရဲ့ ချစ်သူပါ.. အနည်းနည်း ဝလာတာကလွဲလို့ .. ဘာမှ မပြောင်းလဲသေးတဲ့ အပြုံးတွေ…

သူအပြုံးတွေရဲ့ လားရာက ဘေးက ကောင်မလေးဆီမှာ..
၂ဝကျော် ပတ်လည်အရွယ် နုနယ်လှပတဲ့ ကောင်မလေးရဲ့ မျက်နှာဆီမှာ..

ငယ် ငေးကြည့်နေတုန်း ဘေးက ပါလာတဲ့ မအုန်းခင်က ..
“ ငယ် ဘာလုပ်နေတာလဲ မောင်းတော့လေ..
အမလေးဟယ်.. ဟိုစုံတွဲကို ငေးနေတာများ.. အသက်ပါပျောက်နေသလိုပဲ.. မထူးဆန်းပါဘူး ငါ့ညီမရယ်…
ဒီလူ …. ငယ်တို့နဲ့ ရွယ်တူလောက်ရှိမှာ.. ကြည့်စမ်းပါဦးအေ တွဲတော့ တူမအရွယ် ညီမအရွယ်လေး..
မိန်းမရှိဖို့များတယ် သိလား မိငယ်ရ..
ငယ်မသိလို့ လမ်းထဲက ကြည်ကြည့် ယောင်္ကျားလဲ အဲလိုပဲအေ.. အခုဆို သူ့ခမျာ.. မျက်ရည်နဲ့ မျက်ခွက်..

သြော် .. ငါ့နှယ် လက်ထပ်ကာနီး ငါ့ညီမကို ယောင်္ကျားမကောင်းကြောင်းပြောမိတယ်..
ညည်းရဲ့ သူရိန်လေးကတော့ ကိုယ့် မျက်စိအောက်ကပါ တော်ရှာပါတယ်..
ငါ့ညီမ ကံကောင်းမှာပါအေ..။”

မအုန်းခင်က တစ်ခါပဲ မြင်ဖူးတဲ့ သူ့ကို မမှတ်မိဘူး ထင်ပါရဲ့..

ငယ့် နားထဲမှာ .. တဖြည်းဖြည်း မအုန်းခင် ပြောနေသံက ဝေးသွားလိုက် နီးလာလိုက် အိမ်ကို ဘယ်လို ပြန်ရောက်လာမှန်းတောင် မသိလိုက်သလိုပဲ…

ငယ်ရင်ထဲမှာ တစ်စုံတစ်ရာ ဆုံးရှုံးသွားသလိုပဲ..
လူကလည်း ဖျားချင်သလိုလို ဖြစ်လာတယ်..

အိမ်မှာလဲ မေမေက တရားစခန်းသွားနေတော့.. ဆူမယ့်သူမရှိတဲ့တူတူ.. ဘာမှ မစားဘဲ ဝင်အိပ်နေလိုက်တယ်..
အိပ်မပျော်နိုင်ပါဘူး.. ငယ် ငိုချရမလိုလို…

လေးနှစ်ကျော် ငယ်စွဲလမ်းစွာ စောင့်နေခဲ့တဲ့ ချစ်သူ..တဲ့လား… ငယ် ခံစားချက်တွေ ဖော်ပြလို့ မရအောင်ဘဲ..


(၁၄)

သူရိန် ဖုန်းဆက်တော့ ငယ် ဖျားနေပြီ..။ မင်္ဂလာဆောင်အတွက် စီစဉ်ရင်း ပင်ပန်းရတာရယ်.. အလုပ်ကစ္စတွေကြောင့် ပင်ပန်းတာရယ်.. နောက် စိတ်ခံစားမှုကြောင့်ရယ်.. ငယ် ဖျားပ်ါပြီ။

သူရိန်က စိုးရိမ်တကြီးရောက်လာပြီး ..

“ ငယ်လာ .. ဆေးခန်းသွားရအောင်.. နင်လေ ပေတာကိုး.. မနေ့က ထမင်းမစားဘဲ ဝင်အိပ်သွားတယ်ဆို.. ”

ငယ်က ဘာမှမပြောဘဲ.. အရင်ကလို သူ့ကို ခံငြင်းချင်စိတ်မရှိတော့ပဲ.. တိတ်တိတ်လေးပဲ ကားပေါ်တက်လိုက်လာခဲ့တယ်..

ဆေးခန်းတစ်ခုရှေ့မှာ ရပ်ပြီး .. အဆင်း.. သူရိန်က ငယ့်လက်မောင်းကို ဆွဲပြီး .. ဆေးခန်းရှေ့က ရေမြောင်းကို သူ့ကို တွဲပြီး ကျော်စေတယ်.. နောက်တော့ ထိုင် ခိုင်းထားပြီး.. ဆေးခန်းက ကောင်တာကို ထွက်သွားတယ်..

ငယ်တို့ နှစ်ယောက်ကို ခုံမှာ တစ်ယောက်တည်း ထိုင်နေတဲ့ ငယ်နဲ့ သက်တူ ရွယ်တူလောက်ရှိတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးလေး တစ်ယောက်က သဘောကျတဲ့ ပုံနဲ့ ပြုံးကြည့်နေတာမို့..
ငယ်လည်း ပြုံးပြလိုက်တယ်..

“ဆရာဝန်စောင့်နေတာပဲလား” လို့ နှုတ်ဆက်တော့..
သူက..
“ ဟုတ်တယ်.. ညီမလေး.. အမပြရမယ့် ဆရာဝန်မရောက်သေးလို့ အပြင်ထွက် ထိုင်နေတာ..
ခုနက ညီမလေး အမျိုးသားလား.. ဂရုစိုက်လိုက်တာနော်..”

ငယ်က ရှက်ရှက်နဲ့..

“ ဟုတ်ကဲ့.. နောက်လထဲမှ လက်ထပ်မှာပါ အမ”…ဆိုတော့..

“ သြော် ဒါကြောင့်ကိုး.. ယောင်္ကျားတွေက ဒီလိုပါပဲ.. မရခင်နဲ့ ရပြီးကာစမှာ လူတွေ မျက်စိနောက်လောက်အောင် ဂရုစိုက်တတ်တယ်.. နောက်တော့လည်း.. အလုပ်အကြောင်းပြတော့တာပါပဲလေ..
အမ အမျိုးသားတုန်းကလည်း ဒီလိုပဲ.. ဒါပေမယ့် .. အိမ်ထောင်တည်ဆောက်ပြီးရင် ဒီလိုပဲ နားလည်ပေးရတာပါပဲလေ..” လို့ အပြုံးလေးနဲ့ ပြောလာတယ်..

ငယ်လည်း .. ဟုတ်.. လို့ သံယောင်လိုက်တုန်း….
သူရိန် ပြန်ရောက်လာပြီး..

“ ငါစိတ်ပူပြီး ဆေးခန်းတန်းခေါ်လာတာ .. နင်ဘာမှ မစားရသေးဘူး မဟုတ်လား.. ရော့ ဒီစာအုပ်လေး ယူထား.. နာမည်ခေါ်ရင် ဝင်သွားနော်.. ငါ နင့်အတွက် စားဖို့ တစ်ခုခုသွားဝယ်မယ်..”

ပြောပြောဆိုဆို ထွက်သွားတော့…
အမက ပြုံးပြီး လိုက်ကြည့်နေတယ်..
ငယ်က ..

“အမက ဒီလောက် ချစ်စရာကောင်းတာ.. သူ ပစ်မထားလောက်ပါဘူး.. အမရယ်.. တကယ် အလုပ်များတာ ဖြစ်မှာပါ.. အမ အမျိုးသားက ချောလားလို့..ဒါကြောင့် အမ စိတ်ပူရတာ ထင်တယ်” ..
“ အင်း ကြည့်ကောင်းတယ် ပြောရမှာပေါ့..
ဒီမှာလေ.. အမတို့ မင်္ဂလာဆောင်တုန်းကပုံ” ..ဆိုပြီး.. သူ့လက်ထဲ အလွယ်တကူ ရှိနေတဲ့ ပိုက်ဆံအိတ်ထဲက ပို့စကတ်အရွယ်ပုံလေးကို ပြလာတယ်..

ဘုရား… ငယ် စွဲလန်းခဲ့ရဖူးတဲ့ ချစ်သူပါလား.. သူ လက်ထပ်ပြီးပြီပေါ့..
ငယ် ဆွံအနေစဉ်မှာပဲ..
အနားကို သူရိန်ရောက်လာရင်း..

“ ငယ် နင့်နာမည်ခေါ်နေပြီလေ.. လာ..လာ.. ဝင်ရအောင်..”
“ အမ.. ခွင့်ပြုပါဦးနော်.. သူ့နာမည် ခေါ်နေပြီဗျ ” လို့ .. ငယ်ကိုယ့်စား နှုတ်ဆက်တော့

ငယ်လည်း သူရိန်ခေါ်ရာကို ..ကြောင်တောင်တောင်နဲ့ ပါလာခဲ့တော့တယ်..။


(၁၅)

ငယ် အိပ်ရာက နိုးလာတော့.. လူက တော်တော်လေး လန်းဆန်းနေတယ်..
ဆရာဝန်ထိုးလိုက်တဲ့ ဆေးအရှိန်ရယ်..
သောက်ဆေးအရှိန်ရယ်နဲ့..
အချိန်တော်တော်ကြာ.. အိပ်ပျော်သွားခဲ့သည်ပဲ…။

အိပ်ရာနံဘေးက အနွေးထည်အပါးလေးကိုထပ်ဝတ်ပြီး ငယ် ပိတောက်ပင်ကြီးအောက်ကို ဆင်းလာခဲ့တယ်..
သြော်.. ချစ်သူရယ်.. ငယ်ကတော့ သစ္စာဖောက်သူလို ဒီရက်ပိုင်းအတွင်း ခံစားလိုက်ရတာ..

သူက လက်ထပ်လို့ .. ကလေးတောင် ရတော့မှာပါလား..

ဒါဆို ငယ်တွေ့ခဲ့တဲ့ ကောင်မလေးနဲ့ကရော..
ငယ်ကို ထားခဲ့တုန်းကရော.. သူရိန်ပြောခဲ့သလို.. အသစ်တွေ့လို့ လှလှပပ ဇတ်သိမ်းသွားခဲ့တာလား..
ငယ် ဘာမှ တွေးမရပါ.. တွေးလည်း မတွေးချင်တော့တာ အမှန်ပါ..

ငယ်ကို ထားခဲ့တုန်းက.. သူရိန်ပြောခဲ့သလို ဇတ်လမ်းထွင်ခဲ့တာ ဖြစ်နိုင်သလို… အခက်ခဲ တစုံတရာကြောင့် .. ငယ့်ဆီပြန်မလာနိုင်ခဲ့တာလည်း ဖြစ်နိုင်တာပဲ..။

ကောင်မလေး ငယ်ငယ်လေးနဲ့ ချစ်သူသည်.. တကယ်ပဲ မအုန်းခင်ပြောသလို.. ဖောက်ပြန်မှု ဇတ်လမ်းတစ်ခု ဖြစ်နိုင်သလို.. သူ့ရဲ့ တကယ့် တူမလေးလည်း ဖြစ်နိုင်တာပဲ။

သူ့အမျိုးသမီး ယုံကြည်ထားသလို အလုပ်များနေတဲ့ ခင်ပွန်း ဖြစ်နိုင်သလို တခြားကောင်မလေးတွေဘက်ကို အချိန်လှည့်ပေး အလုပ်များနေတဲ့ ခင်ပွန်းတစ်ယောက်လည်း ဖြစ်နိုင်တာပဲ.. ။

ဘာပဲဖြစ်ဖြစ်.. လောကကြီးမှာ မသိကိန်းတွေ အများကြီးရှိပေမယ့်.. ဘဝကို အတူတည်ဆောက်သူ အချင်းချင်း နားလည်မှုနဲ့.. သူဟာ သူ့ဘဝမှာ ပျော်နေလိမ့်မယ်လို့ ငယ်တွေးမိတယ်..။

ငယ့်စိတ်ထဲမှာ သူ့ကိုလည်း အပြစ်မတင်လိုသလို .. ကိုယ့်ကိုကိုယ်လည်း အပြစ်ရှိသူလို မခံစားမိတော့ဘူး…
ဘာအဖြစ်ဖြစ်.. လောကကြီးဟာ… ကံစီမံရာပါပဲလို့…တွေးရင်း..

ငယ် လေးနှစ်ကျော် ခံစားလာခဲ့ရတဲ့ ..တစ်စုံတစ်ရာရဲ့ လောင်းရိပ်အောက်က လွတ်မြောက်လာသလို ပေါ့ပါးလွတ်လပ်မှု၊ ငြိမ်းချမ်းမှုကို ခံစားလာရတယ်..

အခုတလော ညစ်ညူးနေတဲ့ .. ငယ့် အာရုံတွေ..လန်းဆန်းလာသလို ခံစားရတယ်..

ငယ်လည်း ငယ်ဘဝကို အကောင်းဆုံးတည်ဆောက်ရင်း .. ဖြတ်သန်းနိုင်ပြီလို့ .. ငယ်ခံစားလာရတယ်..
တပြိုင်နက်…

အမြဲအနားမှာ လောကရဲ့ ဒုက္ခ၊ သုခ အားလုံးကို မျှဝေခံစားပေးပြီး ရဲဘော်ရဲဖက်လို အတူရှိနေပေးခဲ့တဲ့ သူရိန်ရဲ့ တန်ဖိုးကိုလည်း မြတ်နိုးစိတ်ဖြစ်လာခဲ့တယ်.. တကယ့် ဘဝအဖော်ဆိုတာ.. စိတ်ကူးယဉ် အချစ်ထက် အများကြီး လေးနက်တယ် ဆိုတာ ကိုပေါ့..

ငယ် … နှစ်ကာလ အကြာကြီး.. ကိုယ့်ဆီမှာ ရှိနေတဲ့အရာကို တန်ဖိုးမထားမိပဲ.. ဝေဝါးမှုတွေကြား အသက်ရှင်ခဲ့မိတာပါလား..

လက်ရှိအချိန်တွေကို တန်ဖိုးမထားဘဲ.. အတိတ်တွေကြားမှာ နာကျင်မှုတွေကိုပဲ ရှာနေခဲ့သူ ဖြစ်မှန်းမသိ ဖြစ်နေခဲ့တာလား..

ဒါပေမယ့်..

တချိန်က ချစ်သူဖြစ်ခဲ့ဖူးတဲ့ သူ့ဆီက ရခဲဖူးတဲ့ အကြင်နာတွေနဲ့ ကြည်နူးစရာတွေကလည်း အမှတ်ရစရာကောင်းတဲ့ အတိတ်တွေပါပဲ.. အဲဒီအတွက်လည်း ငယ် နောင်တဆိုတာ မရှိချင်ပါဘူးလေ..။

ဘာပဲဖြစ်ဖြစ်..
အသေချာဆုံး တစ်ခုကတော့..

ငယ်.. မင်္ဂလာပွဲနေ့မှာ ဟန်ဆောင်စရာမလိုပဲ .. စိတ်ပါလက်ပါ.. ပြုံးနိုင်ပြီ ဆိုတာပါပဲ…။



။။။။။။ ။။။။။။။။ ။။။။။။။။ ။။။။။။။။။ ။။။။။။။ ။။။။။။။။ ။။။။။။။။။ ။။။။။။။။။။ ။။။။။။။။။။ ။။။။။။။။။။။။။ ။။။။။။။။။။။ ။။။။။။။။။။။ ။။။။။။။။

အားလုံးလည်း ချစ်သူနဲ့ ဘဝအဖော်မွန်ဟာ တစ်ယောက်တည်းဖြစ်နိုင်တဲ့ ကံကောင်းသူတွေ ဖြစ်ကြပါစေလို့..

်ခင်မင်စွာဖြင့်..

အလွမ်းပြေ



 Blog ကို မြန်မာပြည်ကနေ ဝင်ကြည့်ဖို့ မလွယ်တဲ့ အချိန်က Facebook မှာ အလွမ်းပြေဆိုတဲ့နာမည်နဲ့ရေးထားတဲ့ ပို့စ်လေးတွေကို Facebook အကောင့်ကိုလည်း ဖျက်လိုက်ဖို့ ဆုံးဖြတ်လိုက်တာကြောင့်ပြန်စုထားတာပါ။

0 comments: