My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Thursday, January 2, 2014

ကလေး ကဗျာများနှင့် ဆုံနေရက်နဲ့ လွမ်းလေခြင်း


     ကျွန်မ မနက်စောစော နိုးလာကာစမှာ ဒီနေ့ ဘာလုပ်မလဲလို့ စဉ်းစားလိုက်တဲ့ခါ ဒီနေ့ ဘာလုပ်မလဲထက် မနေ့ညက အိပ်ရာဝင်ကာနီး ဖတ်ခဲ့တဲ့ ဆရာမ ဂျူးရဲ့ ဝတ္ထုက ကျွန်မ ခေါင်းထဲ ဝင်လာပါတယ်။
     ဆရာမဂျူးရဲ့ ဝတ္ထုကတော့ ငယ်ငယ်ကတည်းက အတူကြီးပြင်းလာခဲ့တဲ့ သူနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို သူတို့ နှစ်ဦးရဲ့ ငယ်ဘဝတွေ၊ ကလေး ကဗျာတွေနဲ့ တန်ဆာဆင်ထားတဲ့ မြန်မာကလေး ကဗျာတွေရဲ့ လူမှုဘဝတွေ အပေါ် သက်ရောက်မှုကို လေ့လာနေတဲ့ ကျောင်းဆရာမ လေး တစ်ဦးနဲ့ ရနံ့ကုထုံးပညာရှင်လူငယ်လေး တစ်ယောက်တို့ရဲ့ လွမ်းမောစရာ အချစ်ဇာတ်လမ်းလေးပါ။ 
ဝတ္ထု ခေါင်းစဉ်ကိုလေးကိုတော့ ..

"ပုဆိုးဖြူ မှန်ကူကွက်
မနက်လည်းခြုံ ညလည်းခြုံ
ခြုံနေရက်နဲ့ ချမ်းလေခြင်း။

မိနဲ့ မောင်မှာ
မနက်လည်းဆုံ ညလည်းဆုံ
ဆုံနေရက်နဲ့ လွမ်းလေခြင်း။" .. ဆိုတဲ့ ကဗျာစာသားလေးကနေ စာရေးသူက သူထားပုံရပါတယ်။


       အဲဒီ ဝတ္ထုလေးက ကျွန်မ ငယ်ငယ်က ကြိုက်ခဲ့တဲ့ အခုထိ စွဲလမ်းနေဆဲ ဖြစ်တဲ့ ကဗျာလေးတွေကို လွမ်းမိ၊ ပြန်တွေး မိစေပါတယ်။
ကျွန်မ အိပ်ရာဘေးက သစ်ပင်ကြီးပေါ်က ငှက်ကလေးတွေရဲ့ အော်သံချိုချိုလေးတွေက ကျွန်မ ငယ်ငယ်က ကြိုက်ခဲ့တဲ့ ပန်းသည် ဆိုတဲ့ ကလေး ကဗျာလေးကို ပြန်သတိရစေပါတယ်။ ပန်းသည် ဆိုတဲ့ ကဗျာလေးကို သင်ပေးခဲ့တဲ့ သူက ကျွန်မ မေမေပါ။ မေမေက ကဗျာသင်ပေးတိုင်း မျက်စိထဲ မြင်လာအောင် ပြောပြတတ်သလို ကျွန်မ ပြန်မေးသမျှကိုလည်း စိတ်ရှည်လက်ရှည် ဖြေတတ်သူပါ။
ဆရာမဂျူးရဲ့ ဝတ္ထုထဲမှာ “မိခင်တို့သည် ကလေးများကို ညအိပ်ယာဝင် ပုံပြင်များ ဖတ်ပြတတ်သည်။ ကလေးသည် ပုံနားထောင်သောအခါ ကြားရသော စကားလုံး အနိမ့်အမြင့်ဖြင့် သူဟာသူ ပုံဖော်သည်။ ကလေးသည် စာဖတ်တတ်လာသော အခါ အက္ခရာ စာလုံးလေးများကို သူစိတ်ကူးထဲတွင် ပုံဖော်သည်။”  လို့ ရေးထားပါတယ်။ အဲဒါ အမှန်ပါပဲ။
ကျွန်မ သိပ်ကြိုက်ခဲ့တဲ့ စိတ်ထဲ စွဲနေခဲ့တဲ့ ပန်းသည် ကဗျာလေးနဲ့ ကျွန်မ အကြောင်းကို ကျွန်မ ပြန်တွေးမိပါတယ်။ ကျွန်မ ပန်းသည် ကဗျာလေးကို ကြားရတော့ .. မောင်လေးလည်း ရှိတဲ့ ကျွန်မက ကျွန်မနဲ့ မောင်လေး အတူတူ ခရေပန်းလေးတွေ သွားကောက် ကြမယ်လို့ စိတ်ကူးယဉ်ခဲ့ ဖူးသလိုလို ပြန်တွေးမိပါတယ်။ ဒါပေမယ့် ကျွန်မ အခု သေချာ ပြန်တွေးကြည့်လို့ရတာက ကျွန်မ ငယ်ငယ်က စောစောထပြီး ပန်းကောက်ပြီး ပန်းရောင်းရတဲ့ မောင်နှမကို သနားခဲ့တယ်လို့လည်း ပြန်ပေါ် လာပါတယ်။ အဲဒီ ကဗျာလေးကို ရေးသူကိုတော့ ကျွန်မ အသက်တွေ ကြီးလာမှပဲ သိလာရတာပါ။
ပန်းသည်
မောင်လေးရေ၊ ထပါတော့
ရောင်နီလာလှပေါ့။
တစ်ကြော့ နှစ်ကြော့ တေးကိုသီ
ငှက်ကြား နှုတ်ပလီ။
တောင်ဆီနားက ခရေပန်း
ပင်အောက် ကြိုင်လို့လန်း။
ဗန်းလေး ယူခဲ့မောင်လေးရယ်
သွားကောက်ချေစို့ကွယ်။
ပန်းသည် လုပ်စို့ တပြုံးပြုံး
ပန်းတွေ တကုံးကုံး ။
                 မင်းသုဝဏ်
ပန်းသည် ဆိုတဲ့ ကဗျာလေးဟာ ငယ်စဉ် ကလေးဘဝကတည်းက ကျွန်မကို ပုံဖော်ခဲ့သော များစွာသော အရာတွေ ထဲက တစ်ခု အပါအဝင် ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်မ ရင်းနှီးခဲ့တဲ့ ကဗျာတော်တော် များများဟာ ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာတွေ ဆိုတာ အသက်ကြီးလာမှ သိလာရပါတယ်။ ဒါကြောင့် ဆရာကြီးဟာ ကျွန်မ ဘဝရဲ့ ကျေးဇူးရှင်ထဲမှာ တစ်ယောက် အပါအဝင်လို့တောင် ဆိုရနိုင်ပါတယ်။ ဆရာကြီး မင်းသုဝဏ်ရဲ့ ဒီကဗျာလေးတွေဆိုရင် ကျွန်မရဲ့ ငယ်ချစ်ကဗျာလေးတွေလို့တောင် ပြောလို့ရပါတယ်။
သပြေသီးကောက်
မျှော့နက်မည်းကြီး တွယ်တတ်တယ်
မျှော့နက်ဆိုတာ ချိုနဲ့လားကွယ့်
မြွေနဂါးတောင် ကြောက်ဘူးကွယ်
တို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်
သွားမယ် သွားမယ်။
လယ်စောင့်တဲ
မိုးရေ တက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုတ်အောက်မှာတည်
ကြာနီတပွင့် ဖြူတပွင့် တဲနဲ့ ပဏာတင့်
ကျွန်မကိုယ်ကျွန်မ သတိထားမိတာက ကျွန်မ ပန်းသိပ်ကြိုက်တယ် ဆိုတာပါပဲ။ ကျွန်မ မေမေကလည်း ပန်းချစ်သူ တစ်ယောက်ပါပဲ။  သူကိုယ်တိုင်လည်း ပန်းစိုက်သူ မေမေဟာ ကျွန်မကို သင်ပေးခဲ့တဲ့ ကဗျာတွေ မှာ ပန်းနာမည် ပါတဲ့ ကဗျာ တော်တော်များများပါတယ်။ ပန်းလေးတွေ အကြောင်း စာသားပါ ကဗျာလေးတွေပေါ့.. ။  ငယ်ငယ်က ကျောင်းစာအုပ် တွေထဲမှာ မေမေသင်ပေးဖူးတဲ့ ကဗျာတွေ ပါလာတိုင်း.. ငါရပြီးသားကွ ဆိုပြီး ဝမ်းသာဖူးတာကိုလည်း သတိရမိပါသေးတယ်။
ကျွန်မတို့က ငယ်စဉ်ကတည်းက ကဗျာတွေ ရွတ်ရင်း၊ သင်ရင်း စိတ်ကူးထဲမှာ ပုံဖော်ရင်းနဲ့ ကမ္ဘာကြီး အကြောင်း၊ ကိုယ် ကြုံတွေရမယ့် ဘဝ လမ်းအကြောင်း၊ လူတွေအကြောင်း၊ ရသီဥတု ပြောင်းလဲမှုတွေ အကြောင်း၊ လူ့စရိုက်နဲ့ယဉ်ကျေးမှုတွေအကြောင်း ၊သဘာဝ ပတ်ဝန်းကျင်နဲ့ တိရိစ္ဆာန်လေးတွေ အကြောင်း စတာတွေကို စိတ်ကူးပုံဖော်ရင်း လေ့လာခဲ့ရတာပါ။
ကလေးလေးတွေဟာ မွေးကင်းစကနေ ၇ နှစ် အရွယ်အထိဟာ တစ်ဘဝလုံးစာအတွက် သင်ကြားမှု ပြုနေတဲ့ အချိန်လို့ ဆိုပါတယ်။
ဥပုသ်စောင့်
ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်နံနက် ကျောင်းတက်မယ်
မောင်လည်းလိုက်မယ် ချန်မထားနဲ့
အမေသွားတော့ ပျင်းလှတယ်
ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့ရင်
ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ်
မောင်မဆော့ပေါင် စိတ်ပုတီးနဲ့
ဘုန်းတော်ကြီးလို နေပါ့မယ်
လိုက်မယ် လိုက်မယ်။
                   မင်းသုဝဏ်
ဒီကဗျာလေးဟာ ဘုန်းကြီးကျောင်းကို သွားတဲ့အခါ လိုက်ချင်တဲ့  ကလေးတွေ အတွက် ဘုန်းကြီးကျောင်း ရောက်ရင် ဘယ်လိုနေ ဘယ်လို ထိုင်ရမယ် ဆိုတာလေးကို လိုက်နာ ချင်စဖွယ်လေး ဖြစ်အောင်နဲ့ မလိုက်နာရင် ဘာဖြစ်တတ်တယ် ဆိုတာလေးပါ ထည့်သွင်း စပ်ထားပြီး ကလေးလေးတွေ လိုက်ဆိုလို့ ကောင်းအောင် စပ်ထားတာကြောင့် ကျွန်မတို့ ငယ်ငယ်က အကြိုက် ကဗျာလေး တစ်ပုဒ်လည်း ဖြစ်သလို ဘုန်းကြီးကျောင်းမှာ နေတတ်ထိုင်တတ်အောင် သင်ကြား နားသွင်း ပေးတဲ့ ကဗျာလေးပါပဲ။
စဉ်းစားကြည့်ပါ။ “ကလေးတွေကို အတင်းအကြပ် ဘုန်းကြီးကျောင်းမှာ မဆော့ရဘူးနော်။ ဒါ ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ တရားကျင့်တဲ့နေရာ။ ဘုန်းကြီးတွေကလည်း လာဆူညံရင် မကြိုက်ဘူး။ ရိုက်မှာနော် ဘာမှတ်နေလဲ။ ငြိမ်ငြိမ်နေရမယ်လို့” အာဏာပြ တားမြစ်မယ့် အစား၊ အကြောက်တရား လွမ်းမိုးအောင် လုပ်မယ့် အစား… လိုက်နာချင်စိတ်လေး ဖြစ်ပြီး ကိုယ်ပိုင် အသိစိတ်လေးနဲ့ ထိန်းသိမ်းသွားအောင် ကဗျာလေးနဲ့ သင်ကြားလိုက်တာပါ။
ကျွန်မ ဖတ်ဖူးတဲ့ ကလေးစိတ်ပညာ အဂ်လိပ်ဘာသာနဲ့ ရေးထားတဲ့ စာအုပ်တစ်အုပ်ထဲက ( ဘယ်စာအုပ်လည်း ကျွန်မ တကယ် မမှတ်မိတော့ပါဘူး) အကြောင်းအရာလေး တစ်ခုကို သတိရမိပါတယ်။ ကလေးတွေဟာ အသက် ၇ နှစ်အရွယ် မတိုင်ခင်မှာ တစ်ဘဝလုံးစာအတွက် သင်ယူနေကြတဲ့ အချိန်ပါ။ ဒါပေမယ့် ဒီအချိန်မှာ ကလေးတွေရဲ့ ဦးနှောက်လေးတွေဟာ အကျိုးအကြောင်း ဆက်စပ်ပြီး တွေးတော သုံးသပ်နိုင်တဲ့ စွမ်းရည်လည်း မရှိသေးပါဘူး။ ဒါကြောင့် ဒီအရွယ်လေးတွေကို လေ့ကျင့် သင်ကြားပေးဖို့၊ နည်းလမ်း မှန်မှန်ကန်ကန်နဲ့ ဖွံ့ဖြိုးလာအောင် လုပ်ပေးနိုင်ဖို့က လွယ်ကူတဲ့ အလုပ်တော့ မဟုတ်လှပါဘူး။ သိပ်ကို ခက်ခဲပြီး သိမ်မွေ့တဲ့ အလုပ်ပါလို့ ဆိုထားပါတယ်။
ကလေးကဗျာနဲ့ ပုံပြင် တွေဟာ ကလေးတွေကို လောကကြီးနဲ့ လူနေမှု ဘဝတွေအကြောင်းကို လွယ်လွယ်ကူကူနဲ့ နားဝင်အောင် သင်ကြားပေးနိုင်စွမ်းရှိတဲ့ အရာတွေမို့  ဒီလို ခက်ခဲတဲ့ အချိန်တွေအတွက် အကောင်းဆုံး အဖော်မွန်ပါပဲ။
ဒါပေမယ့် ဆရာမ ဂျူး ဝတ္ထုထဲမှာ စတမ်းဖတ်တဲ့ ကျောင်းဆရာမလေးကို  ပရိတ်သတ်က မေးခဲ့တဲ့ မေးခွန်းနဲ့ တွေလိုပါပဲ။
“ ကဗျာတွေကို သင်ကြားတဲ့ ကျောင်းဆရာ၊ ဆရာမ တွေက ကလေးကဗျာတွေကို ကလေးတွေ တကယ် မြတ်နိုးလာအောင် သင်ကြားပေးနိုင်ရဲ့လား”
“ မိဘတွေကရော ကလေးကဗျာတွေကို ကလေးတွေကို ၇ နှစ်မတိုင်ခင် သင်ကြားပေးနိုင်ခဲ့ရဲ့လား”
          ကလေးတွေ ဆရာ၊ဆရာမ လက်ထဲ ရောက်တဲ့အချိန် ကျောင်းစတက်ချိန်ဟာ ၅ နှစ်ခွဲ ၆နှစ် အရွယ် ဖြစ်နေပါပြီ။ မိဘက ၅ နှစ်အရွယ်အထိ ထိန်းကျောင်းခွင့်ရပြီး နောက်လက်ကျန်နှစ်က ဆရာတွေရဲ့ ထိန်းကျောင်းမှုပါ ထပ်ပေါင်းလာပါတယ်။ ကျွန်မတို့ ဆီမှာ အခုဆို မူကြိုက ခေတ်စားပါတယ်။ ကျွန်မ သူငယ်ချင်းတစ်ယောက်ရဲ့ သားလေးဆိုရင် ၁ နှစ်ခွဲလောက်ကတည်းက မူကြိုရောက်နေပါပြီ။
အဲဒီတော့ကျွန်မတို့နိုင်ငံကမိဘတွေ၊မူကြိုဆရာဆရာမတွေ၊ ကျောင်းဆရာ-ဆရာမ တွေဟာ မြန်မာ ကလေးတွေကို မြန်မာ့ရေမြေယဉ်ကျေးမှုနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ မြန်မာ ကလေးကဗျာတွေကို  တကယ်ပဲ သင်ကြားနိုင်ခဲ့ရဲ့လား။ ကျွန်မမေမေလို မေမေတွေ ရှိပါသေးရဲ့လားလို့ ကျွန်မ တွေးမိပါတယ်။
              စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ မိဘ၊ အရင်းအနှီးရှိ  အချိန်အားရှိပြီး နေရာရှိတာနဲ့ လူမှု ဝန်ထမ်းက သင်တန်းဆင်း လက်မှတ် ရ တစ်ယောက်ပါတာနဲ့  ဖွင့်ခွင့် ရပြီး ဈေးချိုချိုနဲ့ ဖွင့်ထားတဲ့ မူကြိုတွေ၊ ကလေးကို တာဝန်အရ စာသင်ရပေမယ့် ကိုယ်စိတ်ပါဝင်စားတဲ့ ဘာသာရပ်ကို ရွေးချယ်ခွင့် မရှိ၊ သင်ထောက်ကူ ပစ္စည်း မပြည့်စုံ၊ လခနဲ့ မလောက်လို့ ကျူရှင်သင်ရင်း အားချိန်မရလို့ စိတ်မရှည် နိုင်တော့တဲ့  ကျောင်းက ဆရာ-ဆရာမ တွေ ၊ အရေးအကြီးဆုံးဖြစ်တဲ့ ပညာရေးစနစ်ပုံစံ ဒါတွေကို အခြေခံပြီး အခု လက်ရှိ မြန်မာနိုင်ငံရဲ့ လူနေမှု ဘဝနဲ့ ပညာရေး စနစ် ပုံစံအရ ဆိုရင်တော့ ဒီလို ချစ်စရာ့ ကဗျာလေးတွေကို ချစ်မြတ်နိုးအောင် သင်ကြားနိုင်ပါဦးမလား။ ဈေးကြီးပေးရတဲ့ မူကြိုတွေ၊ ပုဂလိကကျောင်းတွေကလည်း အင်္ဂလိပ်ကဗျာတွေ အင်္ဂလိပ်စာတွေ မတတ်တတ်အောင် သင်နေရလို့ မြန်မာ ကလေးကဗျာတွေဘက်ကို လှည့်ကြည့်နိုင်ပါရဲ့လား။ တန်ဖိုးကိုရော နားလည်ပါ့မလား။ မသင်နိုင်တာရော သူတို့ အပြစ်လို့တော့ မဆိုရက်ပါ။ ကလေးတွေရဲ့ အနာဂတ်အတွက်တော့ ဝမ်းနည်းမိပါတယ်။
မြန်မာ ကလေးကဗျာလေးတွေက မြန်မာ့ ကလေးတွေရဲ့ ဘဝ အစိတ်အပိုင်း တစ်ခုပါပဲ။  ဒီစာလေးကို ရေးနေရင်း မြန်မာ့ကလေးတွေနဲ့ အကိုက်ညီဆုံး မြန်မာကလေးကဗျာလေးတွေကို သံသာသာ ရွတ်ဆိုနေတဲ့ ကလေးတွေရဲ့ မျက်လုံးထဲမှာ အဲဒီကဗျာလေးတွေကို ချစ်မြတ်နိုးစိတ်ကို ရှာဖွေရင်း ကျွန်မ ကြည့်ချင်တဲ့ စိတ် ဖြစ်နေမိပါတယ်။ ဒီနေ့ ဖုန်းဆက်ရင် မေမေ့ကို ကျွန်မ ကျေးဇူးတင်စရာ ပြောမိမှာ သေချာတယ်.. မေမေကလေး နင် အထူးအဆန်းစကားတွေ ပြောပြန်ပြီ ဆိုပြီး ရယ်ပြီး နားထောင်နေဦးမှာ သေချာပါတယ်လေ။  
    ကျွန်မ ငယ်ဘဝလိုပဲ မြန်မာ့လူမှုဘဝနဲ့ သဘာဝ ဝန်းကျင်ကို ပုံဖော်ချစ်ခင်စေတဲ့ မြန်မာကလေးကဗျာလေးတွေကို မြန်မာကလေးလေးတွေနဲ့ ရင်းနှီးစေချင်မိ ပါတယ်။
 မြန်မာကဗျာနဲ့ မြန်မာကလေးတွေ.. ဆုံနေရဲ့ လွမ်းလေခြင်း.. မဖြစ်စေချင်ပါဘူးလို့ တွေးမိပါတယ်။

1 comments:

သက်ဝေ said...

Nice post... Love it..