My Blog List

Popular Posts

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Wednesday, January 2, 2013

ကြယ်ကလေးသို့




မီးညွှန့်လေးတွေ တဖြတ်ဖြတ် လင်းနေပုံက ရွှေဝါရောင် မင်းသမီးလေးတွေ ကခုန်နေသလို…ကျွန်မ ဘေးက ဖန်ခွက်ချင်း ထိခတ်သံတွေ တဖြည်းဖြည်း အကြိမ်ရေတွေနည်းလို့ နည်းလို့လာပြီး….  နှုတ်ဆက်သံတွေ .. ကားမောင်းထွက်သံတွေ တစ်ခုပြီး တစ်ခုရဲ့ နောက်မှာ… တဖြည်းဖြည်း ပါးလျှလာတဲ့ လူသံတွေ။

နောက်ဆုံး ဂစ်တာသံ ပါးပါးနဲ့ သီချင်းသံ.. သီချင်းလိုက်ဆိုသံတွေ လောက်ပဲ ကျန်တော့တဲ့ အချိန်မှာ နှစ်သစ်ကူးညဟာ ကျွန်မကို လွှမ်းဆွတ်ခြင်းဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။ ကျွန်မ နှစ်သက်ပျော်ဝင်ဖူးတဲ့ မီးပုံ နံဘေးက ဂစ်တာ သံ နဲ့ သီချင်းသံ….. 

မိန်းကလေးပီပီ ကျွန်မ အစွဲလေးတော့ … ရှိမိတယ်… နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ အလွမ်းနဲ့ စရသတဲ့လား။ ကျွန်မ တစ်နှစ်လုံး လုံးရမှာတော့ စိုးသားနော်။ ဒါပေမယ့်လေ မိန်းမသားဆိုတာ အလွမ်းပါရမီ ဓါတ်ခံ ရှိသူတွေမို့ လွမ်းခွင့်တော့ ရှိမှာပါနော်။ အဝေးက ဖုန်းခေါ်သံနဲ့ ရယ်သံလေးများ ကြားရလေမလား ကရောင်ခြောက်ခြား အတွေးနဲ့ ဘယ်သူ့ဆီကိုမှ ဖုန်းမဆက်ဘဲ တင်းခံနေတဲ့ ကျွန်မရဲ့ စိတ်ကလေး အရည်ပျော်ကျလာတယ်။ 

“ မျှော်သာမျှော် ပေါ်မလာသူရယ် စိမ်းကား… မချစ်လို့ မုန်းလို့ စိမ်းပြီလား… အရင်လို တေးသံများ ကြားရင် ကိုယ်ထင်ပြကာ နားဆင်ဦး…”  အစိုင်းရဲ့ သီချင်းကို ဆိုနေတဲ့ သူငယ်ချင်းရဲ့ အသံကို ကျွန်မ နားစိုက်ထောင်ရင်း ကျွန်မ စွဲလမ်းနေကျ ဂစ်တာသံကို ပြန်တမ်းတမိတယ်။ 

တကယ်တော့ စွဲလမ်းခြင်းဆိုတာ ဖြတ်တောက်ရခက်ခြင်းနဲ့ အချိုးညီတဲ့ ဝေါဟာရ တစ်ခုပေပဲ မဟုတ်လား။ စွဲလမ်းခြင်းဟာ အိမ်ရှေ့တံခါးက ဘဲလ်မတီးဘဲ ဝင်လာတဲ့ သူလိုပဲ သူရောက်နေတာကို မသိလိုက်ပါဘူး… အိမ်ထဲရောက်လို့ သူခိုင်းစေသံတွေကြားမှ ကိုယ့်မှာ အထိတ်တလန့်ရယ်ပါ။ 

ရောက်တတ်ရာရာ စကားသံတွေဟာ … ရောက်တတ်ရာရာထက် ပိုကျော်လွန်ပြီး စိတ်ဝင်တစား ဆိုတဲ့ အနေအထားကို သူ့အလိုလို ရောက်သွားတာ။ 

အဲဒီ ရောက်တတ်ရာရာကိုပဲ အစဉ်တစိုက် ပြောစရာ မကုန်အောင် ဖြစ်ရတာ… ရင်ဘတ်ချင်း နီးစပ်… ဘာသာစကား တူလို့ပေါ့ ရှင်ရယ်…။ 

ကဗျာတွေ၊ စာပေတွေ၊ ဂီတတွေ၊ နိုင်ငံရေး အတွေးအမြင် နဲ့ ဘဝ ဒဿနတွေကို ကျွန်မ ငေးကြည့်ရင်း တမေ့တမော နားထောင်ရတာကို နှစ်သက်သူပါ။ 

ကျွန်မကိုလည်း စကားများသတဲ့ တကယ်ဆို ကျွန်မက ရင်းနှီးသူတွေနဲ့သာ စကားအများကြီးပြောတတ်ပြီး တစိမ်းတွေနဲ့ဆို စကားနည်းသူဆိုတာလည်း သိရဲ့။ 

အခုတော့ အဲဒီလို စကားပြောခွင့်တွေ မကြုံတဲ့ နောက်မှာ ရင်ထဲမှာ စကားလုံးတွေနဲ့ တင်းကြပ်နေခဲ့တာ အချိန်အကြာကြီးလိုပါပဲ။ 

“ အမြဲတမ်း.. မင်းအတွက် လမ်းခင်းထားတယ်… ပြန်မလာရင်လည်း ငါ့ဘဝ ငါ့ရဲ့ အကြောင်းပဲ… ဘာကြောင့်များ.. ရက်ရက်စက်စက် လမ်းခွဲသွားတယ်.. ငါမမေးဘူးနော်… အမြဲတမ်း… မင်းက အရေးကြီး ဆုံးပဲ .. ငါဆိုတာ ထည့်မတွက်နဲ့တော့ တနေ့ကြတော့ကွယ်.. အနယ်ထိုင်ကာ တဖြည်းဖြည်း ဝေးရင်း သွေးအေးသွားမယ် … အကုန် မင်းသဘောနော်..” 

တစ်ခါ တစ်လေကြတော့လည်း  မာနတခွဲသားလေးက တင်းခံနေပြန်တော့ မကြုံ ကြုံအောင် လုပ်ဖို့ ကိုယ့်ကိုကိုယ် ခွင့်မပြုချင်ပြန်ဘူး… နောက်ပြီး နောက်ထပ် အမိန့်နာခံ လိုတဲ့ နောက်ထပ် မိန်းကလေး အငုံ့စိတ်ကလေး ပေပဲလား သူ့ဆုံးဖြတ်ချက်နဲ့ သူ့လွတ်လပ်ခွင့်ကို ငါ မထိပါးရဘူးလို့ ကိုယ့်ကိုကိုယ် ပြန်ဆုံးမမိပြန်တယ်။ 

ဒီလိုနဲ့ ကြယ်လေးတွေဆီကိုပဲ မော့ကြည့်ရင်း ကိုယ်ပြောချင်တာတွေကို  ညကောင်းကင်ရဲ့ ကြယ်လေးတွေနဲ့ စိတ်ချင်း စကားပြောမိတဲ့ညတွေ … များသထက် များလာတယ်။ 

ကျွန်မချစ်တဲ့ ကြယ်တွေဟာ ပုံရိပ်ရောင် သဘောကို ဘယ်လိုဆောင်ကြောင်း၊ ကြယ်တွေရဲ့ ဇစ်မြစ်နဲ့ တည်ရှိခြင်းတွေကို ကျွန်မကို ပြောပြပြီး ကျွန်မရဲ့  ကြယ်တွေကို ချစ်တဲ့ စိတ်ကို သူ တွန်းလှန်ဖို့ ကြိုးစားခဲ့ဖူးတာ လည်းရှိရဲ့။ 
ဒါပေမယ့် ကျွန်မကလည်း ကြယ်တွေကို ချစ်တယ်ဆိုတာ သူတို့ဆီက ကြယ်ရောင်လေးတွေကိုပါ ချစ်မြတ်နိုးတဲ့ သူမို့ သူတို့ ရဲ့ အရောင်လေးတွေနဲ့တင် ကျေနပ် ပျော်ရွှင်တတ်သူပါ… ။ နောက်တော့  အဲဒီလို ပြောတဲ့သူပါ ကျွန်မရဲ့ ကြယ်ကြည့်ဖော် ဖြစ်လာခဲ့တာ သူကိုယ်တိုင်  သူ့ကိုယ်သူ မသိဟန်ဆောင် နေခဲ့တာကို ကျွန်မ တိတ်တိတ်ကျေနပ် ပျော်ရွှင်ခဲ့ပါတယ်။ 

မီးပုံကို ထိုးဆွရင် ဟိတ် ထင်းလေး ထပ်ထိုးလိုက်ဦး လို့ ပြောတဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ အသံကြောင့် ကျွန်မ စိတ်တွေက မီးပုံဘေးက စကားဝိုင်းဆီ ပြန်ရောက်လာတယ်။
မိန်းကလေး သီချင်းတွေ ဆိုကြဦးလေဟာ… ဂစ်တာတီးတဲ့ သူငယ်ချင်းက ပြောရင်း သီချင်း စတီးတယ်…
ကဗျာဘွဲ့မူးရဲ့ ချစ်သူ့ အနား…
“ ချစ်သူရှိရင်တော့… ကိုယ်ဘာမှ မလိုချင်တော့ဘူးပေါ့… သူ့ကိုပဲ ရင်ခုန် ခဲ့ဖူးတယ်…. ရူးတယ်ပြောပါတော့ ရင်ဆိုင်လို့ ဘာမဆို ကျေနပ်တယ်…. ချစ်သူအတွက် သေဆို သေဝံ့တယ်…. ချစ်သူအနားမှာ အမြဲ ယုယ ချင်တယ် .. ချစ်သူအနား ချွဲနွဲ့လို့ နေချင်သေးတယ်… ချစ်သူအနားမှာ ချစ်ရနံ့လေးတွေနဲ့ ချစ်သူ အနား အရိပ်လေး အဖြစ်နဲ့ကွယ်” 

ချစ်သူ… အချစ်… ၅၂၈… ၁၅၀၀… စတဲ့.. စတဲ့.. သတ်မှတ်ချက်တွေ… ဘောင်တွေ စည်းတွေနဲ့ လူတွေ ပိတ်မိနေကြတယ်နော်။ 

ကျွန်မရဲ့ စိတ်ကို ကျွန်မ အခုတလော နည်းမျိုးစုံနဲ့ ပြန်ရှာကြည့်နေမိတယ်။ ငါ ဘယ်လို လူပါလိမ့်လို့။ ကျွန်မကို ဘာတွေက လွှမ်းမိုးပါလိမ့်။ အဲဒါတွေက ကျွန်မကို ပုံဖော်နေတဲ့ အရာတွေပဲ။ ကျွန်မ ဘယ်သူဆိုတာကို အဲဒါ တွေနဲ့ တိုင်းတာလို့ရတာပေါ့။

ကျွန်မ တောင်ကုန်းတစ်ခုပေါ်ကနေ ထိုင်ရင်း ကလေးတွေ ကစားတာကို ငေးရင်း ငယ်ငယ်က ဘာကစားနည်းတွေ ကစားမိပါလိမ့်လို့ တွေးမိတယ်….  
ကစားတာတော့ အများကြီးပဲပေါ့.. ဒါပေမယ့် အများဆုံး ကစားဖြစ်တာ ငှက်ကလေး လုပ်တမ်းပဲ။ ဟုတ်တယ်..။ ကျွန်မ ငှက်ကလေးတွေလို လွတ်လွတ် လတ်လတ် အဝေးကို ပျံချင်တယ်။ ဒါကြောင့် ငှက်လုပ်တမ်း ကစားတယ်။ အဲဒါကို အများဆုံး ကစားဖြစ်တယ်။ အဲဒီကစားနည်းကို တစ်ယောက်တည်း ကစားတဲ့ အခါ အများဆုံး ကစားဖြစ်တယ်။ ကျွန်မ ခြံထဲမှာ လိုက်ပျံနေရုံပါပဲ။  လက်ကလေး နှစ်ဘက်ကို ဖြန့်ပြီး ဟိုဟို ဒီဒီ ပြေးလွှားနေတာကိုပဲ အပြင်က လူတွေ မြင်ရမှာပေါ့။ ဒါပေမယ့် ကျွန်မ အာရုံထဲမှာတော့  တောင်တန်းတွေကို ဖြတ်လိုက် ပင်လယ်တွေကို ဖြတ်လိုက် စပါးခင်းတွေကို ဖြတ်လိုက်နဲ့ လွတ်လွတ် လပ်လပ် ပျံသန်းနေတာ။ ကျွန်မ အတွေးထဲမှာ ငှက်ကလေးရဲ့ မြင်ကွင်းတွေက ပြာလွင်တဲ့ ကောင်းကင် ဖြူဖွေးနေတဲ့ မိုးသားတွေ ကြားထဲအထိ ပျံလိုက် အောက်ကို ထိုးဆင်းပြီး သစ်တော တွေကြား ပန်းခင်းတွေကြား ပျံလိုက်နဲ့ပါ။ ဒါပေမယ့် ကျွန်မ ဒီလောက်နဲ့ အားမရဘူး စိတ်ကူးယဉ်လို့ ပိုနည်းစပ်အောင် ကြံစည်သေးတယ်။ လက်ထဲမှာ မှန်ကို ကိုင်ထားပြီး တကယ့်မြင်ကွင်းထဲမှာ ကောင်းကင်ပေါ်လာအောင် လုပ်ပြီး ပျံတာလေ။ မှန်ကို လက်ထဲမှာ ပက်လက်အနေအထား ကိုင်တော့ မှန်ထဲမှာ ကောင်းကင်ကြီး ပေါ်လာတာပေါ့ အဲဒါကို ကြည့်ပြီး ကျွန်မ ပျံတယ်။ တခါတစ်လေလည်း တိမ်တွေကို စီးတယ်လို့ စိတ်ကူးယဉ်သေးတယ်။ ကျွန်မ လွတ်လပ်တဲ့ ငှက်ကလေး ဘဝကို နှစ်သက်တယ်။ ဒါပေမယ့် တစ်ခါတစ်လေတော့ ကျွန်မ အသိုက်ပါ ဆောက်ပါသေးတယ်။ ဒါပေမယ့် အသိုက်ဆောက် တာထက် လွတ်လွတ်လပ်လပ် ပျံသန်းချိန်က ပိုများတယ်။
ကျွန်မ ဘဝကို ကျွန်မ စိတ်ကြိုက်ပုံဖော်ခွင့် ရတဲ့ လွမ်းမိုးမှု တစ်စုံတရာက လွတ်မြောက်ခွင့် ရတဲ့ အချိန်ကစပြီး ကျွန်မ ဘဝကို ကျွန်မ ကိုယ်ပိုင်ဗီဇက စတင် လွှမ်းမိုးပါတော့တယ်။ ကျွန်မ လွတ်လွတ်လပ်လပ် ပျံသန်းရတဲ့ ငှက်ကလေးလိုပဲ လွတ်လပ်စွာ အသက်ရှင်ရတာကို ကြိုက်လာတယ်။ ဘယ်သူ့ရဲ့လွှမ်းမိုး ချုပ်ကိုင်မှုကိုမှ မခံရဘဲ အသက်ရှင်ခွင့်ကို တကယ် မြတ်နိုးလာတယ်။ နောက်ပြီး လူတစ်ဘက်သားရဲ့ လွတ်လပ်မှုကိုလည်း မြတ်နိုးတတ်လာတယ်။
လူတွေဟာ စကားလုံးတွေကို ဘာလို့ တည်ထွင်ခဲ့ကြပါလိမ့်… ဆက်သွယ်မှု အတွက်ပဲ မဟုတ်လား။ ကိုယ့်ကိုကိုယ် ပြန် လှောင်ပိတ်ထားဖို့ အတွက်မှ မဟုတ်တာပဲနော်။
လူနှစ်ယောက် ကြားက သူ့အလိုလို ဖြစ်တည်မှုတွေကို အမည်နာမတွေ လိုက်တတ်နေစရာမလိုသလို… စကားလုံးတွေနဲ့လည်း ပုံလိုက်ဖော်နေစရာ လိုမှမလိုဘဲ…
ဖြစ်တည်မှုကို ဖြစ်တည်မှုအတိုင်းလေး ထားခြင်းဟာ တခါတလေ စကားလုံးတွေထက် ပိုပြီးလေးနက်နေတတ် ပါတယ်။ စိတ်ချင်း စကားပြောနိုင်သူတွေ အတွက်ပေါ့။ 

စိတ်… ရုပ်တစ်ခု စိတ်ကိုးဆယ်… အကျယ်ချဲ့ရင် ၁၂၀ ရှိတယ်လို့ ကျွန်မတို့ အိမ်က ငယ်ငယ်က ဘုန်းကြီးကျောင်းသား ဖြစ်ဘူးတဲ့ အဘက ပြောပြောနေတာ ကြားဖူးတယ်။ ထားပါလေ… အဓိပ္ပါယ်အတိအကျ ကျွန်မ မသိပေမယ့် လူ့စိတ်ဆိုတာ.. အခြေအနေ အချိန်အခါအရ ပြောင်းတတ်သလို.. တစ်ခါတလေ ဘဝပေးလိုအပ်မှုတွေကြောင့် …. နောက်ထပ် အကြောင်းကြောင်းတွေကြောင့် ပြောင်းတတ်သေးတယ် မဟုတ်လား။
နွေရယ်..မိုးရယ်…ဆောင်းရယ် ပြောင်းသလို စိတ်ရဲ့ ရာသီပြောင်းချိန်ဆိုတာ ရှိတတ်မြဲပဲလေ…။ 
စိတ်ရဲ့ ရာသီအပြောင်းအလဲအရ စိတ်ရဲ့အိမ် လူရဲ့ အပြုအမူတွေလည်း ပြောင်းလာရစမြဲမို့…
 ပြောင်းလဲတတ်တဲ့ လောကကြီးရဲ့ သဘော စောကျောဖို့တော့ ခက်ပါရဲ့။ ဒါပေမယ့် သူ့စိတ် ရာသီပြောင်းချိန်မှာ ကျွန်မ နှလုံးသားဟာ ဖျားနာရရှာပါတယ်။ ကျွန်မ ကိုယ်တိုင် ကိုယ်ခံအားမှ မကောင်းသူကိုးနော်။ ဘာဖြစ်ဖြစ် ဘဝရဲ့ အရသာအဖြစ် ဖျားနာရတာကိုးလည်း ကျွန်မ နှစ်သက်တတ်ပါတယ် ယုံပါ။
 လောကကြီးမှာ မေတ္တာတရားတို့ သံယောဇဉ်တို့ ဆိုတာ အခြေတည်ထားတဲ့ အတ္တကို ကျော်လွှားပြီး  စိတ်နှလုံးကို နူးညံ့ပြီး ပျော့ပြောင်း စေတဲ့ ပြုလွယ်ပြောင်းလဲ ဖြစ်စေတဲ့ အရာတွေပါ။

သူငယ်ချင်း တွေ့ရဲ့ ဖဲထုပ်ကို ချိုးရင် ဖဲထုပ်ကို မွှေလိုက်သံ တဖျပ်ဖျပ်က ကျွန်မ အာရုံကို ပြန်ဆွဲခေါ်လာတယ်။ ဂစ်တာသံက ရပ်သွားပြီး ဖွင့်ထားတဲ့ သီချင်းသံက ဆက်လာနေတယ်။ ထုံးစံမပျက် ဆုံတုံးဆုံခိုက် အိပ်မငိုက်ဘဲ စကားထိုင်ပြောလို့ ရတဲ့နည်းက ဒါပဲလေ… လို့ ပြောရင်း ရယ်မောကြတယ်။

ပိုကာ ဒေါင်းကြတယ်။ ဆွဲထုတ်လိုက်တဲ့ ဖဲချပ်လေးတွေ…. ပစ်ချ လိုက်တဲ့ ဖဲချပ်လေးတွေ … လက်ထဲမှာ ကိုင်ပြီး တွဲထားတဲ့ ဖဲချပ်လေးတွေ… အဲဒီ ဖဲချပ်လေးတွေက တစ်ယောက်အတွက် အသုံးမတည့် ကံမစပ် ပေမယ့် နောက်တစ်ယောက်အတွက် သိပ်လိုချင်တဲ့ အချပ် ဖြစ်နေပြန်ရော.. ကိုယ့်လက်ထဲမှာ ကိုင်ထားတဲ့ အချပ်တွေနဲ့ ကိုက်ညီမှု ရှိရင်ပေါ့…။ ဒီလိုပဲ လူတွေဟာ ကိုယ့်လိုအပ်ချက်နဲ့ လိုချင်မှုတွေနဲ့။ သို့တည်းမဟုတ် ဆန္ဒတွေ မျှော်လင့်ချက်တွေနဲ့ မကိုက်ညီတဲ့ အရာဟာ အမှိုက်တစ်ခုလို ဖြစ်နေတတ်တယ်။ လွှတ်မချလို့ မရဘူး မဟုတ်လား။ ကျွန်မက သူတစ်ပါးအတွက် အမှိုက်မဖြစ်ချင်သူပါ။
နောက်ပြီး ဘဝမှာ မှောက်ထားတဲ့ ဖဲချပ်တွေနဲ့တူတဲ့ မထင်မှတ်ထားတဲ့  ထူးဆန်းတဲ့ ကံတရား တွေကလည်း ရှိနေတတ်သေးတယ် မဟုတ်လား။
အဲဒီနေ့ညက အတွေးမျိုးစုံနဲ့ ကျွန်မ ကစားဝိုင်းမှာ ရှုံးပါတယ်။ နှစ်သစ် အလှူရှင်ကြီး လို့ သူငယ်ချင်းတွေက ဝိုင်းနောက်ပါရဲ့။ ဒီလိုနဲ့ ရောင်နီလာကာနီး ကောင်းကင်ကို မော့ကြည့်တော့ ကျွန်မ ချစ်တဲ့ ကြယ်တွေက အတောက်ပဆုံး ကျွန်မကို ပြုံးပြတယ်။ 

အော် နှစ်သစ်ရောက်ပြီပေါ့….  အဲဒီနေ့က  အိပ်ယာမဝင်ခင် ကဗျာလေး တစ်ပုဒ် ကျွန်မ ရေးဖြစ်ခဲ့တယ်…

ကြယ်ကလေးသို့….

ကြယ်ရောင်ပျပျ
အလွမ်းရိပ်
နိုးတစ်ဝက်အိပ်မက်
လွမ်းရေးခက်လှ
နွယ်ခက်ဆက်ရှည်
သံယောဇဉ်
နှောင်တင်းလှချည့်ရဲ့
လွတ်လပ်ခြင်း
ပျော်ရွှင်ခြင်းကို
သူ ခိုးယူသွားပေါ့
နှလုံးသား ဒဏ်ယာလည်း
ဘလောင်ဆူ နာကျင်လှပေါ့
သို့ပေသော်ငှား
ပြစ်ကားမယူ
မူတော့မူမိ
လူမသိပေမယ့်
ပူမိသူ စိတ်နှလုံး
အချိန်သုံးကာ
ကုထုံး ဘယ်သူ
ကူနိုင်ပါလိမ့်မလဲ
အို..ပြောလှည့်ပါဦး
ကြယ်ကလေးရယ်။

အလွမ်းပြေ
(၂၀၁၃ -နှစ်သစ်ကူးည)



0 comments: