My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Wednesday, August 1, 2012

တောင်ကုန်းပေါ်က အိမ်ကလေး



www.alwanpyay.com
Photo by TAL


(၁)

ကျွန်မတို့ နှစ်ဦးကြားကို တိုးဝှေ့ ကစားသွားသော လေကို ကျွန်မ တစ်ဝကြီး ရှူသွင်းလိုက်ရင်း ကြားလေသွေးရင် ဝေးမလားလို့ တွေးမိပြီး သူပခုံးပေါ်ကို ခေါင်းမှီချရင်း သူ့အနားကို တိုးလိုက်မိတော့  သူက ကျွန်မကို ငုံကြည့်ရင်း ပြုံးသည်။
 “လေနုအေးလေး ဆိုတာ ဒါပဲ ..လတ်ဆတ်လိုက်တာကွာ… ဘာလို့လဲ ချမ်းလို့လား”
သူက မေးလာတော့ ကျွန်မ ကိုယ့်ဘာသာ မလုံမလဲ ပြုံးရင်း
“ ဟင့်အင်း… မောင် ရှိနေတာပဲ မချမ်းပါဘူး” လို့ ပြန်ဖြေတော့ ။
သူက ကျွန်မကို ‘ ဟွန်း… အချွဲမလေး” ဆိုပြီး နှာခေါင်းရှုပ်ပြသည်။
“ ကျွန်မမှာ မောင် တစ်ယောက်ထဲပဲ ချွဲစရာ ရှိတာကိုး မောင့်ကိုပဲ ချွဲမှာပေါ့ ဘာဖြစ်လဲ”
ပြန်ပြောတဲ့ စကားကို စကားကို ကြားတော့ သူရယ်ရင်း ‘ ငါ့ခမျာလည်း ဒီလို အပြောနဲ့ပဲ သူ ပူဆာသမျှ ခံနေရတော့တာပဲ ..” ဟု တစ်ယောက်တည်း ပြောသလို ညည်းပြတော့ သူမလည်း လိုက်ရယ်မိသည်။
တကယ်ပါ… ကျွန်မ ဘဝမှာ မောင် သာ မရှိခဲ့ရင် ဘယ်လောက် ခြောက်သွေ့မလဲ ဆိုတာ မတွေးတတ်အောင်ပါပဲ။ မောင်ဟာ ကျွန်မအတွက်တော့ အစ်ကိုတစ်ယောက်လို၊ သူငယ်ချင်း တစ်ယောက်လို၊ မောင်ငယ်တစ်ယောက်လို၊ အဖေ တစ်ယောက်လို… အို… မောင် ဟာ အရာရာပါပဲ။ အဲဒီ အတွက် မောင့်ကို သိပ်ကို ကျေးဇူးပါတယ် မောင်ရယ်။
တစ်မြို့လုံးကို စီးမြင်နေရတဲ့ တောင်ကုန်းလေးပေါ်ကနေ  မောင် ပုခုံးပေါ်မှာ မှီရင်း… နေဝင်ချိန်ကို ကြည့်ရတဲ့
မောင်ရှိသော ညနေတွေဟာ ကျွန်မအတွက်တော့ သာယာပြည့်စုံလွန်းပါတယ်။
ဒီမြို့လေးကို လာဖို့ ဆုံးဖြတ်ခဲ့တာ သိပ်မှန်တာပဲလို့ တိတ်တိတ်လေး တွေးရင်း ပြုံးနေမိတယ်။ 

 (၂)

“ မောင် … အိမ်ဆောက်တတ်လား ဟင်”
ကျွန်မ အမေးကြောင့် ဂစ်တာကို ဆော့ကစားနေတဲ့ မောင့်လက်တွေ ရပ်သွားပြီး ကျွန်မကို မော့ကြည့်လာသည်။
“ ဘာဖြစ်လို့လည်း ဟန်နီရ.. မောင်က အင်ဂျင်နီယာမှ မဟုတ်တာ ဘယ်လို ဆောက်တတ်မှာလဲ”
“ မနက်က တို့တွေ့ခဲ့တာ အင်ဂျင်နီယာ တစ်ယောက်မှ မပါ ပါဘူးမောင်ရာ”
“ ဟား..ဟား… ဘာလဲလို့ကွာ… ကိုယ်တော့ လူပေါင်းမှားပြီ ထင်တယ်”
မနက်က ကျွန်မတို့ နှစ်ယောက် လမ်းလျှောက် ထွက်ရင်း  သစ်ပြားတွေသယ်လာတဲ့ မိသားစုတစ်ခုကို တွေ့တော့ မောင်က ဓါတ်ပုံ လိုက်ရိုက်တော့ ကျွန်မတို့ လိုက်သွားရင်း သူတို့ အိမ်ဆောက်နေတာ လေးကို တွေ့ရတော့ ကျွန်မတို့ သဘောတကျ ဓါတ်ပုံလည်း ရိုက်ရင်း ရပ်ကြည့်ခဲ့မိကြသေးတယ်လေ။
‘ တကယ်တော့ ကိုယ့်မိသားစု နေဖို့ အိမ်ကလေးကို ကိုယ်တိုင် စိတ်ကူးနဲ့ လက်တွေ့ ပေါင်းပြီး ဆောက်ရတာ ဘယ်လောက် ကောင်းလိုက်သလဲနော် မောင်’
‘ အင်းပေါ့… သားတွေ မြေးတွေ အထိ ခံရင် ဒါ ငါဆောက်ထားတာကွ ဆိုပြီး ကြွားလို့ရတာပေါ့”
‘ အင်းနော်.. နောက်ပြီး မိန်းကလေး တစ်ယောက် စိတ်နဲ့ဆို ကိုယ့် ချစ်သူ ဆောက်ပေးတဲ့ အိမ်ထဲမှာ နေခွင့်ရတာ ဘယ်လောက် နွေးထွေး ပျော်ရွှင်စရာ ကောင်းလိုက်မလဲ”
“ ဟိုက်…ဒါကိုး… ကိုယ့်ဘက်ရောက်လာပါလား”
“ အင်းလေ.. မောင် ကိုယ်တိုင် ဆောက်ပေးတဲ့ အိမ်လေးမှာ နေချင်လိုက်တာ”
“ အဲဒီလောက် အထိတော့ စိတ်ကူးမယဉ်လိုက်ပါနဲ့ကွာ.. ကိုယ်ဒုက္ခ ကိုယ်မရှာပါနဲ့ ဟန်နီရာ..”
“ဘာဖြစ်လို့လဲ မောင်ရ”
“ အလိုလိုက်ပြီး ဆောက်ပေး ဖြစ်ရင်တောင် တစ်ဝက်လောက်မှ ပြိုကျလို့ .. ကတော့ ..”
မောင်က ဆက်မပြောဘဲ ပြုံးပြတော့ ကျွန်မလိုက်ရယ် မိတယ်။
ဘာဖြစ်ဖြစ် ကွာ မောင် ဆောက်ပေးတဲ့ အိမ်လေး လိုချင်တယ်။ ကျွန်မက ဒီဇိုင်းဆွဲမယ် မောင်က ဆောက်ပေါ့ ..။

(၃)

လှပတဲ့ တောင်ကုန်းပေါ်က ချစ်ခြင်းတွေနဲ့ အိမ်ကလေး..ဟာ ကျွန်မတို့ နှစ်ဦးရဲ့ အချစ်သင်္ကေတ ချစ်သူ့အိမ်ကလေးပါ…
အိမ်ကလေးရဲ့ ပြူတင်းပေါက်ကနေတဆင့် တိမ်တွေ ဝင်လာနိုင်သလို ..
တိမ်တွေ ဝင်လာရင် အချက်ပြဖို့ ချိတ်ဆွဲထားတဲ့ ခေါင်းလောင်းသံလေးတွေက သာသာယာယာ အိမ်ကလေးထဲမှာ ပျံ့လွင့်နေလိမ့်မယ်..
ချစ်သူနှစ်ဦးရဲ့ သီချင်းသံနဲ့ ကလေးလေးရဲ့ ရယ်သံကိုလည်း တိမ်တွေနဲ့ အတူ ပါလာတဲ့ လေပြေ သယ်ယူရာ  ဟိုး အဝေးဆီအထိ …
တောင်ကုန်းလေးရဲ့ အစွန်းမှာ ရှိနေတဲ့ အိမ်ကလေးပေမယ့် ချစ်ခြင်းမေတ္တာနဲ့ ပေါင်းစပ်ပြီး ဆောက်ထားတာကြောင့် ခိုင်မြဲလှပ နေတာပေါ့…
ခန်းစီး အပြာရောင်လေးတွေနဲ့ အနီရောင်နှင်းဆီ ပန်းအိုးလေးဟာ အိမ်ကလေးကို ပိုပြီး ကဗျာဆန်စေသလို…
အိမ်ကလေးရဲ့ နံရံတွေပေါ်မှာ ချစ်သူနှစ်ဦးနဲ့ ကလေးလေး ရဲ့ ပန်းချီ လက်ရာတွေက သူတို့ရဲ့ ပျော်ရွှင်မှုနဲ့ လွတ်လပ်မှုကို ခင်းကျင်းထားပါရဲ့..
အိမ်ဘေး လှေခါးလေးက ဆင်းသွားလို့ ကျောက်တုံးလေးတွေ စီထားတဲ့ လှေခါးအဆုံး ကျောက်ခုံလေး အနားက စတဲ့ နှင်းဆီခင်းလေးနဲ့ သူဘေးက လမ်းတစ်လျှောက်က ရောင်စုံ ပန်းလေးတွေ…
လမ်းကလေးရဲ့ နောက်ထပ်ဘေး တစ်ဘက်မှာတော့ ပန်းသီးပင်တွေ အနားသတ်ထားတဲ့ စားပင် သီးပင် စိုက်ခင်းလေး..
စိုက်ခင်းလေးရဲ့ ကြားမှာ နေပူစာ ထိုင်လှုံလို့ ရတဲ့ သစ်သား စားပွဲနဲ့ သစ်သားခုံတန်းလေး…
အေးချမ်းတဲ့ အိမ်ကလေးက… ချစ်ခြင်းတွေနဲ့ ချိုမြနေတဲ့ အိမ်ကလေးဆီကို ရောက်ဖို့ တက်လာရမယ့် တောင်ကုန်းလေး အစမှာ.. တွေ့ရမယ့် သစ်သား ဆိုင်းပုဒ်လေး အတိုင်း..
“Home Sweet Home” ပေါ့..
တစ်ခုပဲ စိုးရိမ်မိတယ်… ကျွန်မ အခုတလော မောမော နေတတ်တာ.. ကျွန်မ ကိုယ်တိုင် ဒီတောင်ကုန်းလေးပေါ်ကို တက်နိုင်ပါ့မလား။  နေကောင်းအောင် ကျွန်မ မောင့်စကား နားထောင်ပြီး ဆေးမှန်မှန် သောက်မှပါ။ ကျွန်မ မောင်ကိုယ်တိုင် ဆောက်ပေးမယ့် အိမ်ကလေး လိုချင်တယ်။ 

(၃)

လောကကြီးကတော့ ကျွန်တော့တို့ကို အကောင်းတွေကြီး တစ်ချိန်လုံး ပေးနေမှာတော့ မဟုတ်ဘူး 
ဒါကြောင့် ကျွန်တော်တို့ ပေးထားတဲ့ အချိန်ကိုတော့ အကောင်းဆုံးဖြစ်အောင် နေရမယ်လို့ ကျွန်တော်ရော ဟန်နီပါ ခံယူထားတဲ့ အတိုင်း နှစ်ယောက်လုံး အတူရှိတဲ့ အချိန်တွေမှာ တစ်ယောက်ပေါ် တစ်ယောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင် ခဲ့ကြပါတယ်.. 
နှစ်ယောက်သား နားလည်မှုတွေနဲ့ အိမ်ထောင်သက်တွေကို ထုဆစ်ခဲ့ကြတယ်..
ဒါပေမယ့် .. ဟန်နီရယ်..
ကျွန်တော် ယူကြုံးမရ ရေရွတ်မိတယ်။
ကျွန်တော် ချစ်သူ ရေးထားတဲ့ ဒိုင်ယာရီ ထဲက သူရဲ့ စိတ်ကူးထဲက “Home Sweet Home”  ကို အကောင်အထည် ဖော်ပေးချင်ပါတယ်။
ကျွန်တော် ကိုယ်တိုင် အိမ်မဆောက်တတ်ပေးမယ့် ဟန်နီ အတွက် ကျွန်တော် ကြိုးစားပြီး ဆောက်လိုက်ချင်တယ်။
တကယ်တော့ ဒီတောင်ပေါ် ခရီးစဉ်ဟာ ကျွန်တော်တို့ နှစ်ယောက် အတွက် နောက်ဆုံး ခရီးစဉ်ဆိုတာ ဟန်နီ သိအောင် ကျွန်တော် မပြောရက်ဘူး။
ကျွန်တော်တို့ လက်ထပ်ပြီးကတည်းက တောင်းဆို ဖူးတာ ဒီ တောင်ပေါ်မြို့ကလေးကို လိုက်ပို့ပေးပါ ဆိုတာ တစ်ခုပဲ ကျွန်တော် သတိတရ ရှိမိပါတယ်။
ချစ်သူဘဝ၊ လက်ထပ်ပြီး အိမ်ထောင်သည် ဘဝမှာလည်း ဟန်နီက ဘာကိုမှ သိပ်မတောင်းဆိုဘဲ အေးအေးနေတတ်ခဲ့တဲ့သူ။
အဲဒီလို မတောင်းဆို တတ်တော့ တစ်ခါတစ်လေ ကျွန်တော်လည်း ဂရုစိုက်ဖို့ မေ့ပြီး  အလုပ်နဲ့ ဝါသနာတွေကြားမှာ ဟန်နီ့ ကို ခဏခဏ မေ့နေတတ်ခဲ့ပေမယ့် သူမကတော့ ဘယ်အချိန်ဖြစ်ဖြစ် မငြိုမငြင် ရှိနေတတ်သူ။
တစ်နေ့ … အဲဒီ တစ်နေ့ဟာ … ကျွန်တော့ ဘဝရဲ့ အတုန်လှုပ်ဆုံး နေ့တစ်နေ့ ပါပဲ။
ကျွန်တော့ရဲ့ ဖုန်းကို  ဆေးရုံ တစ်ရုံရဲ့ ဖုန်းဝင်လာခဲ့တယ်.. ခင်ဗျား မိန်းမ ဆေးရုံရောက်နေလို့ လာခဲ့ပါတဲ့။
ကျွန်တော် ရောက်သွားပြီး လိုအပ်သမျှ ဆေးစစ်ပြီးတဲ့ အခါမှ ကင်ဆာ ဆိုတဲ့ လူသတ်ကောင်ဟာ ကျွန်တော့ ချစ်သူနဲ့ အတူ ရှိနေခဲ့တာ ကြာပြီတဲ့…  သူမရဲ့ နောက်ဆုံးရက်ကို ဆရာဝန်က ခန့်မှန်းတွက်ချက်လိုက်တော့ ၃ လ တဲ့ဗျာ။ 
 အဲဒီအချိန်ကို ဘာလုပ်မလဲ အိပ်ပျော်နေတဲ့ ချစ်သူကို ငေးကြည့်ရင်း …ကျွန်တော် တွေးမိတယ်။  သူမကို အပျော်ရွှင်ဆုံး ထားချင်တယ်။ လက်မခံချင်ပေမယ့် အခြေအနေကို အမှန်အတိုင်း လက်ခံရလိမ့်မယ်။
သူမ ဖြစ်ချင်တယ်၊ လုပ်ချင်တယ် ပြောဖူးတာ ဘာရှိသလဲ။ 
ကျွန်တော် သူမ တောင်းဆိုဖူးတာ ကျွန်တော် မှတ်မိတာ ဒီတစ်ခုပဲရှိတယ်။
ဒီလိုနဲ့ ဒီတောင်ပေါ်မြို့လေးကို ကျွန်တော်တို့ ရောက်ခဲ့ကြတာ..
အခုတော့ …  ဟန်နီက စိတ်လို လက်ရ ထပ်တောင်းဆို ပြန်ပြီဗျာ..
ကျွန်တော် တကယ်ကို လိုက်လျော လိုက်ချင်တယ်…
ကျွန်တော် ချစ်သူအတွက် အိမ်ကလေး ဆောက်ပေးချင်တယ်။ 
ဒါပေမယ့်…ရက်စက်လွန်းတဲ့.. ကံကြမ္မာက ကျွန်တော်တို့ကို အချိန် သိပ်မပေးတော့ ဘူးဗျာ..
ကျွန်တော်တို့ ခွဲကြရတော့မယ်.. ဒါပေမယ့် ဟန်နီ လိုချင်တဲ့ ကျွန်တော် ကိုယ်တိုင်ဆောက်တဲ့ အိမ်ကလေးကို သူ ရစေရမယ်လို့ စိတ်ထဲက ဂတိပေးရင်း ကျွန်တော် ငိုမိတယ်..
ချစ်သူ မရှိတော့မယ့် အချိန်တွေကို ကျွန်တော် ဘယ်လို ရင်ဆိုင်ရမလဲ..  
ကျွန်တော် ဟန်နီ့ကို သိပ်ချစ်တယ်.. 
ကျွန်တော့ ဘဝမှာ သူမရှိလို့ မဖြစ်ဘူး... ဒါပေမယ့်..
ကျွန်တော် ရင်မဆိုင်လည်း အဲဒီ အချိန်ကတော့  မကြာခင် ရောက်လာတော့မယ်..

(၄)
ကျွန်တော် ရင်ခွင်ထဲမှာ ပွေ့ဖက်ထား ရင်း  ဟန်နီ့ မျက်လုံးတွေကို ကျွန်တော် စိုက်ကြည့်နေမိတယ်။ အရောင်ဖျော့ဖျော့ သူမ မျက်လုံးတွေက    ပြူတင်းပေါက် ကနေ တဆင့် အဝေးကို ငေးနေရင်း ကျွန်တော့ လက်ကို သူမ လက်ကလေးနဲ့ ပြန်ဆုပ်ကိုင်ထားတယ်။ သူမ ငေးကြည့်နေပေမယ့် မြင်ရရဲ့လား ကျွန်တော် မသေချာပါဘူး။ 

ဟန်နီက ရောဂါကို သိနေပေမယ့် ကျွန်တော့ကို မခံစား စေချင်လို့ မသိ ချင်ယောင် ဆောင်နေခဲ့ရှာတာ ကျွန်တော် သိတာပေါ့။ 
 
ဟန်နီ လိုချင်တဲ့ အိမ်ကလေးကိုတော့ ဒီလပိုင်းအတွင်း သူ့ကို ပြုစုနေရင်း ကျွန်တော် ဘယ်လိုမှ ဆောက်မပေးနိုင်ခဲ့ပါဘူး။ ဆောက်လို့လဲ အကြောင်းမထူး နိုင်ဘူးဆိုတာ နှစ်ယောက်လုံး တိတ်တဆိတ် သဘောပေါက် ခဲ့ကြတာကိုး။ သူမ အတွေးထဲမှာ အိမ်ကလေးများ ရှိနေသေးလား။

အခန်းဝကနေ ဆရာဝန်နဲ့ နာ့စ်က ကျွန်တော်တို့ နှစ်ယောက်ကို စောင့်ကြည့်နေတယ်။ 

အရာရာဟာ နောက်ကျခဲ့ပါပြီ။ ကျွန်တော့်ကို တစ်ချက် မော့ကြည့်ရင်း ဟန်နီ အားတင်းပြီး ပြုံးပြတယ်.. ပြီးတော့... ပြီးတော့... သူ ဆုပ်ကိုင်ထားတဲ့ ကျွန်တော့ လက်ကို သူမ ထာဝရ လွှတ်ချ သွားခဲ့တယ်..
ကျွန်တော့ ကို သူ ထားခဲ့ပြီ... ထာဝရ နှုတ်ဆက်သွားခဲ့ပြီ...။

(၅)


အဝေးက ခေါင်းလောင်းသံ.. ပျံလွင့်လာသည်။
တောင်ကုန်းလေးရဲ့ အပေါ်မှာ စကားပင်လေးရဲ့ အောက်မှာ အဖြူရောင် အိမ်ကလေး တစ်လုံး ရှိနေပါသည်။
အဲဒီ အဖြူ ရောင် အိမ်ကလေး ဘေးမှာတော့ .. ရောင်စုံပန်းကလေးတွေ ရှိနေပါသည်။
သို့သော် ထို အိမ်ကလေးတွင် တိမ်များ ဝင်လာနိုင်သည့် ပြူတင်းတံခါးများ မရှိပါ။
တစ်ခါတစ်ရံတော့ အိမ်ကလေး ဝန်းကျင်တွင် ချစ်သူ၏ သီချင်းဆိုသံနှင့် ဂစ်တာသံကို ဆွေးဆွေးမြေ့မြေ့ ကြားရပါလိမ့်မည်။ 

www.alwanpyay.com
photo by PPT

လူအများက ထိုအိမ်ကလေးကို ကောင်လေးက ကောင်မလေးအတွက် ကိုယ်တိုင် ဆောက်ပေးသော အိမ်ကလေး ဖြစ်ကြောင်း သတိတရ ပြောဆိုလေ့ရှိပါသည်။
ချစ်သူကိုယ်တိုင် ဆောက်ပေးသော  ကောင်မလေး ထာဝရ လှဲလှောင်းနားခိုရာ အိမ်ကလေးသည် လှပသော တောင်ကုန်းပေါ်က အိမ်ကလေးပင်….။ 

အလွမ်းပြေ

- သဘောတကျ စိတ်ထဲမှာ ရှိနေခဲ့တဲ့ ချင်းပြည်က တောင်ကုန်းပေါ်က အိမ်ကလေးနဲ့ ကလေးက ကဗျာဆန်ဆန် စကားပင်တွေနဲ့ သချိုင်းကို သတိတရဖြစ်တာနဲ့ ဆက်စပ်ပြီး ရေးထားတဲ့ စိတ်ကူးယဉ် ဇာတ်လမ်းလေးပါ -

0 comments: