Sunday, January 31, 2010

ချစ်တတ်သူများရဲ့နေ့


အခန်း(၁)

ညီမလေးကို “ ကိုကို” သိပ်ချစ်တယ်..
နွေးထွေးတဲ့ ကိုကို့ အပြုံးနဲ့ မြတ်နိုးမှု၊ တန်ဖိုးထားမှုတွေ ပြည့်နေတဲ့ ကိုကို့ရဲ့ မျက်ဝန်းက ဘယ်တော့မှ မလိမ်တတ်တဲ့ ကိုကို့ ရဲ့ ပုံရိပ်ကို ကိုယ်စားပြုနေတာမို့ ကိုကို့ စကားကို ကျမ နှလုံးသားက အစစ်အမှန်ဆိုတာ ခံစားမိပါတယ်။ အဲဒီနေ့က လွန်ခဲ့တဲ့ ( ၁၀ ) နှစ်က ချစ်သူများနေ့ပေါ့..။

အခုလည်း ကိုကို့ရဲ့ သားကြီးကို ကျမ လာမယ့် ချစ်သူများနေ့မှာ ကိုကို ပြောခဲ့တဲ့ စကားကို ပြန်ပြောရတော့မယ် ကိုကို ..။ ကိုကို့ လိုပဲ ကျမ သူ့ကို ပြောပြနိုင်မယ် ထင်ပါရဲ့ ချစ်မြတ်နိုးမှု အပြည့်နဲ့လေ…။ ကိုကို့ရဲ့ သားကြီးကိုလည်း ညီမလေး တကယ့်ကို ချစ်တယ် ကိုကို..။

အခန်း ( ၂)

“မမ နင် သွားကောက်ပေး..”
“ ဟာ ငါရှက်တယ်.. အဲဒီ အိမ်က လူသစ်တွေ .. နင်သွားကောက် မောင်လေးရာ”
မောင်နှမ နှစ်ယောက် ဘောလုံးကန်ရင်း ညီမလေး ကန်တဲ့ ဘောလုံးက ဘေးက ကိုကို တို့ ခြံထဲ ဝင်သွားရာက စတဲ့ ဇာတ်လမ်းလေးပေါ့နော်..။
“ဟေး... ”
ဟိုဘက်ခြံက လှမ်းခေါ်သံကြောင့် ညီမလေးတို့ နှစ်ယောက် ငြင်းနေတဲ့ အသံက တိကနဲ ရပ်သွားတယ်..
“ မင်းတို့ ဘောလုံးလားကွ..”
ညီမလေးက ကိုကို့ ကိုပဲ ငေးနေမိတယ်.. စိတ်ထဲကလဲ ချောလိုက်တာလို့…
“ အား.. ဟုတ်တယ် ဗျ .. သားတို့ဟာ.. အဟဲ အစ်ကိုကြီး .. သားတို့ကို ကောက်ပေးတာလား.. ကျေးဇူးဗျာ…” ပြောလဲပြော ပြေးလဲပြေးသွားသူက မောင်လေး..
နောက်တော့… ကိုကို့ မေမေနဲ့ ညီမလေးတို့ မေမေက သူငယ်ချင်းတွေတဲ့လေ..
ဒီလိုနဲ့.. နှစ်အိမ့်တစ်အိမ်.. ပျော်စရာကောင်းအောင် လမ်းသလားကြတာပေါ့..
အစ်ကိုရလို့ မောင်လေးက အရမ်းကိုပျော်နေတယ်..
နဂိုကတည်းက ဘောလုံးကစားရင် အမေ မသိအောင် ခိုးကစားရတဲ့ ညီမလေးကို မောင်လေးက အဖော်မရှိလို့သာ ခေါ်ပေမယ့် အခု ကိုကို နဲ့ ကစားရတော့ မခေါ်ချင်တော့ဘူးလေ..
ဒါကိုတော့ ညီမလေးက .. ကိုကို့ ကို မကြည်ပါဘူး..
ဒါကို သိတဲ့ ကိုကိုက ချာတိတ်လေး လာကွာ ..လူများအောင် လာဆော့လို့ ခေါ်တတ်တယ်နော်.. သိပ်သိတတ်တဲ့ ကိုကို့ကြောင့် .. ညီမလေး မေမေ့ အဆူ့ပါလွတ်ရောပေါ့.. သိပ်သိတတ်တဲ့ ညီမလေးရဲ့ ကိုကိုပါ..။

အခန်း( ၃)

အသားဖြူဖြူ အရပ်မြင့်မြင့် နဲ့ အမြဲ ပြုံးနေတတ်တဲ့ “ ကိုကို”။
အမြဲ တက်ကြွ လန်းဆန်း နေတတ်တဲ့ ဆက်ဆံရေး ပြေပြစ်လှတဲ့ ဆေးကျောင်း နောက်ဆုံးနှစ် တက်နေတဲ့ ကိုကို့ သတင်းက လမ်းထဲမှာ၊ ရပ်ကွက်ထဲမှာ အရမ်းမွှေးနေတယ်…။

လမ်းထဲက အပျိုကြီးမမတွေ ကိုကို့ အကြောင်း ညီမလေးကို.. ညီမလေး စာအုပ်အငှားဆိုင် သွားတိုင်း လာလာမေးတတ်၊ စပ်စုတတ်ကြတာ .. ညီမလေး မကြိုက်ဘူး.. ကိုကို။

ကိုကိုကျောင်းသွားရင် ကချင်ပုဆိုးလေးနဲ့ ရှပ်အကျီလက်ရှည် ရောင်စုံ အရောင် နုနုလေးတွေကို လက်ခေါက် ဝတ်တတ်တယ်၊ ကတ္တီပါ ဖိနပ်လေးစီးလို့ .. ကိုကိုက ပဲများတာကိုး ဒါကြောင့် ဟိုမှ သဲသဲလှုပ်နေကြတာလို့ ညီမလေး စိတ်ထဲက မျက်စောင်းထိုးချင်ပေမယ့် .. ကိုကို သိပ်ခန့်တယ် ညီမလေး ကြည့်လို့ကို မဝဘူး သိရဲ့လား။

ကိုကို လှေလှော်လေ့ကျင့်တိုင်း ညီမလေးနဲ့ ညီမလေးရဲ့ မောင်လေး ကိုတွတ် တို့ လိုက်ရှုပ်ရတဲ့ အင်းယားရဲ့ စနေ၊ တနင်္ဂနွေ ရက်တွေ။ ကိုကို အင်္ဂလိပ်စာ သင်ပေးတဲ့ ညနေပိုင်း အချိန်တွေက ဆယ်တန်းဖြေပြီး အိမ်မှာ နေနေရတဲ့ ညီမလေးအတွက် အပျော်ရွှင်ရဆုံး နေ့တွေပေါ့ ကိုကိုရာ..။

အခန်း(၄)

“ဟိတ်ကောင်မလေး.. ကြည့်စမ်း ညည်းတော်တော် လှနေပါလား”
ကိုကို့ သူငယ်ချင်း ကိုလှမင်းရဲ့ စကားကြောင့် ညီမလေး မျက်နှာ ဘယ်နားထားရမှန်း မသိဖြစ်သွားတယ်။ ဒီနေ့မှ နိုင်ငံခြားက အန်တီလေး လက်ဆောင် ပို့လိုက်တဲ့ နှုတ်ခမ်းနီဆိုးထားမိတာကိုး
.. ။

ပြုံးစစ လုပ်နေတဲ့ ကိုကို့ သူငယ်ချင်းကို ကိုကို က
“ဟေ့ကောင် .. ကလေးကို ဘာတွေ လာမြှောက်နေတာလဲ”ဲ ဆိုပြီးပြောရင်း..
ညီမလေး သွားသွား .. စာသွားလုပ်ချေ ဆိုပြီ .. နှင်ထုတ်တယ်..။
ကိုကိုတို့ နားက အပြေးတစ်ပိုင်း ထွက်လာပေမယ့်..

ဟေ့ကောင် ဒါလားကွ ကလေး… ငါသိပါတယ်.. မင်း တိုနေတာ.. ဟေ့ကောင် မင်း ဝန်ခံရင်ခံ မခံရင် ငါ လှုပ်ရှားမှာနော် ဆိုတဲ့ ကိုလှမင်းရဲ့ အသံကိုရော..
ဟေ့ကောင်း မင်း ကလေးကိုတော့ ချမ်းသာပေးပါကွာ.. ဒါက ငါ့ ညီမလေးကွ..
ဆိုတဲ့ ကိုကို့ အသံကို ရော ညီမလေး ကြားဖြစ်အောင် ကြားပါသေးတယ်..

ညီမလေး ရင်တွေ ခုန်နေလား.. မပြောတတ်ဘူး…ရင်ထဲမှာတော့ တစ်မျိုးကြီးပဲ..
ကိုလှမင်းက ညီမလေးကို လှတယ်တဲ့..
ကိုကို့ မျက်လုံးထဲမှာ ညီမလေး လှရဲ့လား .. ကိုကိုရယ်..။

အခန်း (၅)

“ကောင်မ.. နင့်ကိုကို ကို ငါ ဒီနေ့ မြို့ထဲမှာ တွေ့ခဲ့တယ်.. သိရဲ့လား ..
သူက ဆော်ကြည်ဘဲပဲ.. သူ့ဘေးမှာ အမချောချောတွေ အများကြီးနဲ့.. နင်တော့ ကျန်ရစ်ပြီ ငတုံးမ .. သိရဲ့လား”
ဖုန်းကိုသာ ဆောင့်ချ လိုက်ချင်မိတယ်..။
တွေ့မယ် ငါ့ကိုပြောတဲ့ အစုတ်ပလုတ်မ ကွန်ပျူတာ သင်တန်းရောက်မှ သူ့စက်ကို ဖွင့်မရအောင် ကလိပြမယ်လို့..စိတ်ထဲက တေးထားလိုက်တယ်..။
“ ဘာလဲဟ.. ငါ့ ကိုကိုက ဒီလောက် ခန့်ချောကြီး.. စွန်တာ ဘာဆန်းလဲ”
“ အမယ် မိန်းမ .. ပြန်ပြောသံက ငိုသံပါကြီးနဲ့.. သနားပါတယ်”
“ ဘာမှ လာသနားမနေနဲ့ .. ဘာမှ မဖြစ်ဘူး”
“ကျန်ရစ်ဖြစ်မယ်နော်.. နင် လက်နှေးနေရင်.. သူများနောက် ပါသွားမှ ကောင်မလေးတစ်ယောက် ကျိတ်ငိုနေရပါမယ်ကွယ်.. ငါက စေတနာနဲ့ သတင်းပေးတာနော်.. ဘိုင့်..”
ပြောရင်း ညီမလေး သူငယ်ချင်း စင်ဒီက ဖုန်းချ သွားတယ်။
ခုမှ တွေးရင်း ညီမလေး ပိုငိုချင်လာတယ်..။
ကိုကို့မှာ ချစ်ရတဲ့သူ တကယ် ရှိနေပြီလား..ကိုကို..။

တီ..တီ..
ဖုန်းက ထပ်မြည်လာတယ်..
“ဟယ်လို..”
ကောက်ကိုင်လိုက်တော့ ..

“ မိန်းမ.. ငါ စင်ဒီ.. ငိုနေပြီလား.. ဟာဟ .. ”
“ ဘာမှ မငိုဘူး.. ကြားစကားတွေလဲ မယုံဘူး.. ငါ့ကိုကို က ငါ့ကို ချစ်ပြီးသား..”
“ အေးပါ.. သတိပေးမလို့ .. နင့်ကိုကို မှာ ချစ်သူရှိတာ မှန်ရင် လာမယ့် ဖေဖော်ဝါရီ ( ၁၄) ရက် ချစ်သူများနေ့မှာ လျှောက်လည် ကြမှာ သေချာတယ်.. ”
“ အဲ.. ဒီတော့ ..ဘာဖြစ်လဲ”
“ တုံးပါ့.. နင့်ကိုကို သူ့ကောင်မလေးနဲ့ မလည်ဖြစ်အောင် တစ်နေကုန် ဆွဲထား.. ခြံ အပြင် မရောက်စေနဲ့ပေါ့ဟ.. သူကောင်မလေးလဲ စိတ်ကောက်..သူနဲ့ ပြတ်.. နင် အသဲမကွဲ ရတော့ ဘူးပေါ့ဟ”
“ အာ.. မလုပ်ရဲပါဘူး”
“ အေး နင်မလုပ်ရဲရင် ကျန်ရစ်ဖြစ် ဒါပဲ..ဘိုင့်ဘိုင်.”
စင်ဒီ ဖုန်းချသွားတော့ ညီမလေးလဲ စိတ်တွေ ရှုပ်ကျန်ခဲ့တယ်..။
ညီမလေး ကိုကို့ ကို သူများ ပိုင်သွားမှာတော့ .. မဖြစ်စေချင်ဘူး..။
ညီမလေး ကိုကို့ ကို ချစ်တယ်လေ..။

အခန်း ( ၆ )

ဖေဖော်ဝါရီ ( ၁၄ ) ရက်နေ့ (၂၀၀၀ )

“အမယ်.. ငါ့ သမီးက ဒီနေ့ အစောကြီး ဒီဘက်အိမ် ကူးလာတယ်.. လှလို့ပါလား.. ကိုဆက်ရေ.. ထမင်းကြော် လာစားတော့ ..သားရေ.. လာ သမီးလေးလည်း ဝင်စား ..”
ကိုကို့ မေမေက ညီမလေးကို လှမ်းပြောရင်း ကိုကို့ကို ခေါ်တယ်..
မျက်နှာသစ်ပြီးကာစ ကိုကိုက .. တီရှပ် အဟောင်းလေးနဲ့ ပုဆိုးအဟောင်းလေးနဲ့ အခန်းထဲ ထွက်လာတယ်.. ညီမလေးက ကိုကို ရှိုးအပြည့်ထုတ်ပြီလောက်နေပြီ ထင်နေတာ..
“ဟိတ်..သဲသဲ.. ညီမလေး အစောကြီးလာတယ်.. ”
“ ဟုတ်တယ်.. ကိုကို့ ကို စာပြခိုင်းမလို့..” ပြောသာပြောရတာ စိတ်မလုံလို့ ညီမလေး ကိုကို့ မျက်နှာကို မကြည့်ရဲဘူး.. ထမင်းကြော်ကိုပဲ ငုံ့စားနေရတယ်။
ကိုကို ကတော့ အေးအေး ဆေးဆေးပဲ..
“ အေးအေး.. ဘာပြပေးရမှာလဲ..”
“ ညီမလေး.. သင်တန်းဝင်ခွင့် တစ်ခုဖြေဖို့ အင်္ဂလိပ်စာ ပြန်ပြပေးပါ၊ အင်တာဗျူးဖြေဖို့ နည်းနည်းး သင်ပေးနော်..”
“ အိုခေ.. ခဏနေ ခြံထဲဆင်း သင်ကြတာပေါ့”

တစ်နေကုန်.. ကိုကိုက စာတွေ ပြန်သင်ပေး.. အင်တာဗျူး ဖြေရင် ဘယ်လိုဖြေ.. ဘယ်လိုမေးရင် ဘယ်လို ဖြေနဲ့ .. သင်ရှာတယ်..။ သူက က မေးပြလိုက် ဖြေခိုင်းလိုက်နဲ့
ဘယ်မှလဲ သွားမယ့်ပုံ မပေါက်ဘူး..

“ ကိုကို.. ဒီနေ့ ဘယ်မှ မသွားဘူးလားဟင်”
“ ညီမလေး အင်တာဗျူးဖြေဖို့ အရေးကြီးပါတယ်ကွ.. ကိုကို့မှ သွားမယ်ဆို သွားစရာ ရှိပေမယ့် အရမ်း အရေးကြီးတာ မရှိပါဘူး ချာတိတ်ရ.. အားနာလို့လား.. အမယ် ဂျီးတော်က အလိုက်တွေ ဘာတွေ သိတတ်လာပြီပဲ.. မကြာခင်.. လူကြီးဖြစ်တော့မယ်..”

ကိုကိုက ညီမလေးကို ချစ်စနိုးကြည့်ပြီး ပြောတယ်..

“အမယ်.. ညီမလေး .. ဆယ်တန်းအောင်ပါပြီနော်.. အပျိုဖြစ်နေပြီ..”

အဲ .. ပြောပြီမှ ရှက်သွားပြီး မျက်နှာဘယ်မှာ ထားရမှန်း မသိ ဖြစ်သွားတယ်..
ညီမလေး ရှက် သွားမှန်းသိတော့ .. ကိုကိုက .. အော်ရယ်တယ်..

“ ဟား..ဟား…. ဒါနဲ့ ကိုကို မေးမယ် မှန်မှန်ဖြေနော်.. ညီမလေးကို ကိုကို့ကို အပြင်မသွားအောင် တားထားလို့ ဘယ်သူက မြှောက်ပေးလိုက်လဲ..”

အယ်…. ညီမလေး အကြံ ကိုကိုက သိနေတော့ ပိုရှက်စရာ ကောင်းသွားတယ်.. ညီမလေး ခေါင်းတောင် မဖော်ရဲ အောင်ပါပဲ..

“ညီမလေး..သဲသဲ.. ဒီမှာ ကြည့်စမ်း…”

ကိုကို့ ခေါ်သံကြောင့် ညီမလေးမော့ကြည့်မိတော့..

“ဒီ နှင်းဆီပန်းအနီလေး မလှဘူးလား..”

ညီမလေး အဆက်အစပ်မရှိတဲ့ ကိုကို့ စကားကြောင့် ကြောင်သွားတယ်..

“ အရမ်းလှတယ် ကိုကို..”

“ဒီအဖူးလေးကို တွေ့လား.. အခု ခူးလိုက်ရင်..ပန်းအိုးထဲ ထည့်ထိုးထားမယ် ဆိုရင်တောင် ဒီလောက် လှတဲ့ ပန်းပွင့် ဖြစ်လာမှာ မဟုတ်ဘူး.. ဒီအချိန် ပိုးကိုက်သွားမယ် ဆိုရင်.. ပွင့်ကို လာနိုင်မှာ မဟုတ်တော့ဘူး..
မိန်းကလေးဆိုတာ.. ပန်းလေးတွေလိုပဲ.. လှပတယ်.. နူးညံ့တယ်.. ဒါပေမယ့် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တဲ့ ကိုယ်ပိုင် အရည်အချင်း ဆူးတွေလည်း ရှိနေတယ်..။ ဒီ နှင်းဆီလိုပေါ့ ..
ညီမလေးတို့ အရွယ်လေးတွေက နှင်းဆီ ပန်းဖူးလေးတွေ အရွယ်ပဲ ပွင့်ဖို့ အစွမ်းကုန် အားယူနေတဲ့ အရွယ်ပေါ့..”
ညီမလေးကို ကိုကို “ သိပ်ချစ်တယ်”..
ကိုကို့မှာ ညီမအရင်းလဲ မရှိသလို ညီမလေးမှာ အစ်ကို အရင်း မရှိဘူး အဲဒီတော့ တို့နှစ်ယောက် အပြန်အလှန် တွယ်တာကြတာ မဆန်းပါဘူး.. ။ ဒါဟာလည်း ရေစက် တစ်ခုပါပဲ..။
အချစ်တွေဆိုတာ အရောင်ပြောင်းတတ်တဲ့ သဘော ရှိပါတယ်.. ဒါလည်း လောက သဘာဝပဲ ညီမလေး.. အပြစ်မဟုတ်ဘူး။
ဒါပေမယ့် မေတ္တာတရား၊ ကိုယ်ချင်းစာ တရားနဲ့ ပေါင်းစပ်ရင် ပိုတန်ဖိုးရှိပါတယ်။
ကိုကို ညီမလေးကို တကယ့် ညီမလေးအရင်းလို သိပ်ချစ်ပါတယ်။ ညီမလေးကို တစ်နေ့ ဒီနှင်းဆီဖူးလေးကနေ အစွမ်းကုန် ပွင့်လန်းနေတဲ့ နှင်းဆီတစ်ပွင့် အဖြစ် တွေ့ခွင့်ရချင်တယ်.. ကိုကို့ စေတနာကို ညီမလေး အရွယ်ရောက်လာတဲ့ တစ်နေ့ သိလာပါလိမ့်မယ်.. အလိုလို နားလည် လာပါလိမ့်မယ်..

ပန်းတစ်ပွင့် အစွမ်းကုန်း ပွင့်လန်းပြီး လောကကို အလှဆင်နိုင်ဖို့ မျိုးရင်းလည်းမှန်ရတယ်
ရေခံမြေခံလည်း ကောင်းရတယ်.. သူပွင့်လန်းတဲ့ ပတ်ဝန်းကျင်ပေါ့.. နောက် ဥယျာဉ်မှူးကလည်း ပြုစုပျိုးထောင်တတ်ရတယ်.. ညီမလေးရဲ့..
ကိုကို သိတယ်.. ငါညီမလေးဟာ.. တစ်နေ့ အစွမ်းကုန် ပွင့်လန်းပြီး လောကအလှဆင်မယ့် ပန်းလေးဖြစ်လာမယ် ဆိုတာ.. ”
“ ကဲ.. ညီမလေး.. တစ်နေကုန် စာလုပ်ရတာ ပင်ပန်းပြီး..နားတော့.. ကိုကိုလည်း စာဖတ်တော့မယ်နော်…”

ပြောပြောဆိုဆို.. ကိုကိုက .. ညီမလေး ခေါင်းကို သူ့လက်နဲ့ အုပ်ကိုင် ပြုံးပြပြီး.. အိမ်ဘက်ကို ပြန်လျှောက်သွားတယ်..

အခန်း ( ၇)

ဒီလိုနဲ့..
ကိုကို နယ်ကို အလုပ်နဲ့ ပြောင်းသွားသလို..

ညီမလေးလည်း ညီမလေးမေမေနဲ့ ကိုကို့ မေမေတို့ ဆုံးမမှု၊ စောင့်ရှောက်မှုအောက်မှာ ..ကျောင်းတက်ရင်း.. ဝါသနာပါတဲ့ လူမှုရေး စေတနာဝန်ထမ်း အလုပ်နဲ့ ကလေးသူငယ် စောင့်ရှောက်ရေး အဖွဲ့ တစ်ခုမှ ဝင်လုပ်ရင်း.. အခုတော့ ညီမလေး ဝါသနာပါတဲ့ ဆရာမဖြစ်နေပြီလေ..။

ကိုကို နယ်မှာ ၁၀ နှစ်အရွယ် မိဘနှစ်ဦးစလုံး ဆုံးပါးသွားတဲ့ ကလေးကို မွေးစားထားတယ်လို့ ပြောသလို ဓါတ်ပုံတွေလဲ ပို့ပေးတာကြောင့် ကိုကို့ ရဲ့ သားကြီးကို ညီမလေးတို့ ပုံထဲက ရင်နှီးနေကြတယ်..။

ကိုကို လက်ထပ်တော့ ညီမလေး ဘွဲ့လွန်ဆက်တက်ဖို့ စာမေးပွဲနဲ့မို့ ကိုကို တာဝန်ကျတဲ့ နယ်ကို မလိုက်နိုင်ခဲ့ပေမယ့် ကိုကို့ကို နှင်းဆီပန်းခင်း ပန်းချီကားတစ်ခု ကိုကို အမေနဲ့အတူ လက်ဖွဲ့ထည့်ပေးလိုက်တယ်။

ညီမလေး အရွယ်ရောက်ပြီ ကိုကို.. ကိုကို ဖြစ်စေချင်တဲ့ ပန်းပွင့်လေး အဖြစ် လောက အလှဆင်ဖို့ ကြိုးစားနေပါပြီ၊ တကယ်တော့ ကိုကိုသာ အဲဒီ အချိန် ညီမလေး စိတ်ကစားတဲ့ အရွယ်မှာ ကိုကို့ဘက်က မထိန်းသိမ်းဘဲ အချစ်ကို အရောင်ပြောင်းခဲ့ရင် ..
မရင့်ကျက်သေးတဲ့ ဘဝအတွေ့အကြုံ ဗဟုသုတ နုနယ်သေးတဲ့ ညီမလေးဟာ ကိုကိုက ရင့်ကျက်လို့ ပဲ့ထိန်းနိုင်ခဲ့ရင် အိမ်ထောင်ရှင် ဘဝမှာ နစ်မြှုပ်သွားပြီး ၊ ကိုကို ကပါ ပဲ့မထိန်းနိုင်ခဲ့ရင် .. ရည်းစားဘဝ ၊ ဒါမှမဟုတ် အိမ်ထောင်သည် ဘဝမှာ ကိုကိုရော ညီမလေးပါ ဒုကတွေ ကြုံနိုင်သလို…ဘဝ ဝဲကရက်ထဲမှာ..

ညီမလေး ဘဝလည်း ဒီလောက် လှပ လာနိုင်မယ် မထင်ဘူးနော်။
နောက်ပြီး အခုမှ ညီမလေး ကိုယ် ညီမလေး သိလာတာက ကိုကို့ကို အစ်ကို မရှိခဲ့တော့ အစ်ကို တစ်ယောက်လို ချစ်ခဲ့တယ်၊ နောက် လူအများရှေ့မှာ လှတဲ့ အရုပ် တစ်ခုလိုမျိုး ပိုင်ဆိုင်ချင်ခဲ့တဲ့ စိတ်ဟာ.. ချစ်သူလို ချစ်တဲ့ အချစ် မဟုတ်ဘူး ဆိုတာပဲ၊ ဒါကို မခွဲခြားနိုင်တဲ့ အရွယ်မှာ ကိုကို နဲ့သာ ချစ်သူ ဖြစ်ခဲ့ရင် နောက်ပိုင်း ချစ်သူဘဝ ခိုင်မြဲဖို့ အခက်အခဲတွေ အများကြီးနဲ့ နောက်ဆက်တွဲ ပြသနာတွေကြားမှာ ဘဝရည်မှန်းချက်တွေလဲ ကစဉ့်ကလျားဖြစ်ကုန်မှာ သေချာတယ် ကိုကို..။

ခုတော့ အရာရာကို တွေးတောဆင်ခြင်နိုင်တဲ့ ကိုကိုကြောင့်၊ ကိုယ်ချင်းစာတရားတရားနဲ့ ပြည့်ဝတဲ့ ၊ အခွင့်အရေးမယူတတ်တဲ့၊ ကိုကို မေတ္တာကြောင့် .. ညီမလေး အစွမ်းကုန် ပွင့်လန်းတဲ့ ပန်းကလေး ဖြစ်ခဲ့ရတာပါ ..။

ခုဆို ကိုကိုကလည်း နားလည်မှု အပြည့်နဲ့ ပါရမီဖြည့်ဖက် ဇနီးနဲ့အတူ အောင်မြင်တဲ့ အိမ်ထောင်စုရဲ့ အိမ်ထောင်ဦးစီးကောင်းဖြစ်လို့နေပြီ.. ။

အခန်း (၇)

ညီမလေး ဘွဲ့လွန်တက်ခွင့် အောင်စရင်းထွက်တဲ့နေ့.. ကိုကို့ သားကြီး.. ကိုကိုတို့အိမ်ကို ရောက်လာခဲ့တယ်..။
ဆယ်တန်း အောင်ပြီးစ ကလေး တစ်ယောက် ရဲ့ တက်ကြွမှုကို ကြည့်ရင်း ညီမလေး ငယ်ဘဝကို သတိရမိတယ် ကိုကို..။
ကိုကိုရဲ့ သားကြီး “ဇွဲ” ကိုလည်း ညီမလေး ကိုကို့ ကိုယ်ပွားလေးလိုပဲ ကိုကို့ ဆုံးမမှု အောက်မှာကြီးပြင်းလာတဲ့ ကလေးလေးလည်း ဖြစ်တော့ တွေ့တွေ့ချင်း ချစ်သွားတယ်။
ကလေးနဲ့ အတူပါလာတဲ့ ကိုကို့စာမှာ…

“ညီမလေးရေ… နှင်းဆီပန်းပွင့်လေး အစွမ်းကုန်း ပွင့်လန်းတယ် ဆိုပေမယ့် လောကအလှဆင် တာဝန်ကျေတာက အပင်ပေါ်တင် မပြည့်စုံသေးဘူး..။
သတိပေးရဦးမယ်ကွ.. ပန်းခြံထဲမှာတင်မက သူ့ကိုယ်ပိုင်နေရာမှာ အလှဆင်ပို့ နောက်ဆုံး အဆင့်အနေနဲ့ ကျန်သေးတယ်လို့ ထင်တယ် ကွ..။ ကိုကို ပြောတာ ညီမလေး သဘောပေါက်မှာပါ..
ပန်းကလေးတွေ ဆိုတာ.. သူတို့ကို ခူးတဲ့ ပိုင်ရှင်ရဲ့ လက်မှာ သူတို့တန်းဖိုးက ရှိသွားပြန်ရော . ညီမလေးရေ..
ခူးသွားတဲ့ ပိုင်ရှင်က ဘုရားတင်မလား၊ ဧည့်ခန်းမှာ အလှဆင်မလား၊ ပန်းခွေလုပ်မှာလား၊ ကစားပြီး ခြွေပစ်ခဲ့မှာလား… ဒါ အရေးကြီးတယ်..
သက်မဲ့ပန်းလေးတွေမှာ ရွေးချယ်ခွင့် မရှိကြပေမယ့် .. သက်ရှိ ပန်းကလေးတွေကတော့ အရွေးမမှားဖို့ လိုတယ်နော်… ညီမလေးကို ကိုကို စိတ်ချပါတယ်.. ဆရာမကြီးရယ်..” တဲ့လေ.. ။

အခန်း(၈)
ဖေဖော်ဝါရီ ( ၁၄) ရက်၊ ၂၀၁၀ ။

ကိုကိုရေ… ဆယ်ကျော်သက်တွေရဲ့ စိတ်ကစားမှုအတိုင်း..
ကိုကိုသားကြီးက သူ့ကိုစာပြပေးနေတဲ့ ညီမလေးကို .. သူက ချစ်တယ်တဲ့လေ.. ဒီနေ့မှာ အတူလျှောက်လည်ခွင့် ပေးပါတဲ့လေ..။
ကိုကိုရေ.. မိဘနဲ့ဝေးနေတဲ့ ကိုကို့သားကြီးဟာ မိခင်မေတ္တာပေးတဲ့ တစိမ်းမိန်းကလေးတစ်ယောက်ကို စိတ်ကစားတာ သူ့အပြစ်မဟုတ်ပါဘူး..။
တစ်ချိန်က ကိုကို့ရဲ့ နားလည်မှု၊ စာနာဖေးမမှု၊ ကိုယ်ချင်းစာတရားနဲ့ ပြည်ဝတဲ့ မေတ္တာကို ရဖူးသူမို့.. သူ့ကိုလည်း ညီမလေး .. စာနာ နားလည်နိုင်ပါတယ်။

ဒီကနေ့တော့ ကိုကို ဆီက ရခဲ့တဲ့ ချစ်ခြင်းမေတ္တာကို ညီမလေး သူဆီ လက်ဆင့်ကမ်း ရတော့မယ်..။
ကိုကို ညီမလေးကို ရှင်းပြသလိုပဲ.. ရှင်းပြရတော့မယ်..။
သူ့ကိုလည်း ကိုကို ညီမလေးကို ပြောခဲ့သလို..

သိပ်ချစ်ပါတယ်လို့ .. ပြောပြရဦးမယ်..။

စိန့်ပီတာရဲ့ချစ်ခြင်းဟာ ပူလောင်မှုကင်းလို့ ချစ်သူများနေ့ဟာ ၁၅၀၀ ချစ်ချင်းတစ်ခုတည်း သက်သက်အတွက် မဟုတ်ဘူး ဆိုတာလည်း ကိုကို့ ရဲ့ သားကြီးကို နားလည်အောင် ပြောပြနိုင်ဖို့ .. ညီမလေး ကြိုးစားပါ့မယ် ကိုကိုရေ..။




ခံစားပေးသူအားလုံးကို ကျေးဇူးတင်စွာဖြင့်..

ကိုယ်ချင်းစာတရား ၊ စစ်မှန်သော မေတ္တာဖြင့် ချစ်တတ်ပါစေ..

အလွမ်းပြေ

( ၁.၂.၂၀၁၀)





Sunday, January 24, 2010

ဗန်းစကား ဆိုတာ ..


“ဗန်းစကားများသည် အချည်းအနှီးမဟုတ်ပေ။ လူမျိုး၏ ယဉ်ကျေးမှုနောက်ခံကားနှင့် စရိုက်သွင်ပြင်ကိုလည်းကောင်း၊ စကားပြေအတတ်ကိုလည်းကောင်း၊ ဥပမာ၊ ဥပစာ သုံးစွဲပုံကိုလည်းကောင်း ဖော်ပြလျက်ရှိနေပေသည် …” ဟု စာရေးသူ လှသမိန်က "မြန်မာဗန်းစကား အဓိပ္ပာယ်နှင့် သုံးနည်း" စာအုပ်မှာပြောခဲ့ပါတယ်။

ဗန်းစကား တွေကို ကျမတို့ နေ့စဉ် သုံးစွဲပြောဆိုရာမှာ ကိုယ်မသိလိုက်ဘဲ အနည်းနဲ့ အများ သုံးဖြစ်သွားကြတာပါပဲ။ တကယ်တော့ စကားပြော စကားလုံး အသုံးအနှုန်းတေ၊ွ ကျမတို့ စကားပြောဟန်တွေ ပြောင်းပြောင်းလာကြတာကို ကျမတို့တွေ သတိမထားမိလိုက်တာများပါတယ်။ နေ့တိုင်း ဒီလိုပဲ ပြောဖြစ်နေကြတာကိုး။

၅နှစ်လောက် ကြာအောင် မြန်မာပြည်နဲ့ ဝေးသွားတဲ့ ကျမ ဦးလေးတစ်ယောက် မြန်မာပြည်ကို ပြန်ရောက်တော့ သူက တအံ့တသြ ..“ဟ .. ငါ မြန်မာစကား မတတ်တော့ သလိုပဲ မင်းတို့ ပြောနေတာတွေ ငါ တစ်ဝက်လောက်ပဲ နားလည် တယ်ဟ” လို့ သူ့သားတွေကို ပြောနေတာ ကျမ သတိထားမိခဲ့ဖူးတယ်။ လူငယ်တွေရဲ့ ဗန်းစကား သုံးစွဲမှုက ပိုသိသာပါတယ်။ ကျမတို့ ရှေးဟောင်း ရုပ်ရှင်တွေ ကြည့်မိကြတဲ့အခါလည်း စကားပြောပုံစံ အသုံးအနှုန်းတွေ လုံးဝမတူအောင် ကွဲပြားနေတာ သတိထားမိမှာပဲ.။

ဗန်းစကားတွေ ဘယ်လိုပေါ်လာ..

ဗန်းစကားတွေက တစ်ချို့ ဝတ္တုတွေ၊ ရုပ်ရှင်တွေထဲမှာ ဇာတ်လမ်းထဲက ဇာတ်ကောင် တွေ၊ ဇာတ်သမား၊အငြိမ့်လူပျက်စတဲ့သူတွေ ပြောလိုက်ရာက ခေတ်စားလာပြီး လူသုံးများလာတာတွေ အတွေ့ရများပါတယ်။ တချို့က စာရေးဆရာက ဥာဏ်ကွန့်ပြီး သုံးလိုက်တဲ့ စကားလုံးဖြစ်ပြီး၊ တချို့ကတော့ အပြင်မှာ သုံးနေတာ တွေ့တဲ့ စကားကို ယူသုံးလိုက်တာမျိုးကနေ ပိုတွင်ကျယ်လာတာကိုလည်း တွေ့ရပါတယ်။

ဘယ်သူတွေက ဘယ်လိုသုံး..

ဗန်းစကားကို သုံးစွဲကြတာကတော့ ခေတ်လူငယ် အများစုပါ။ ဗန်းစကားတွေဟာ လူအစုအဖွဲ့တစ်ခုခုကနေပြီး သူတို့အချင်းချင်းသာ နားလည်သုံးစွဲဖို့ စတင်တည်ထွင် လိုက်ရာကနေ စတင်ပြန်လာကြတာ များပါတယ်။ ဥပမာ - ကျောင်းသားလောက၊ အလုပ်သမားလောက၊ ဂေးလောက၊ အရောင်းအဝယ် သမားလောက စတဲ့ သူအဖွဲ့ နေရာေးသအလိုက် လူတွေက သူတို့အချင်းချင်း နားလည်ဖို့သာ စကားကို တည်ထွင် သူံးစွဲ တတ်ကြပါတယ်။

ဘာကြောင့် အရေးပါ..

တချို့သော ဗန်းစကားတွေဟာ ပေါ်လာကြပြီး တာရှည်မခံပဲ ပျောက်သွားကြပြီး တချို့ စကားတွေကတော့ မူရင်းသုံးနေတဲ့ စကားနေရာမှာ အစားထိုး သုံးစွဲပြီး နေရာယူသွားကြတာလည်း ရှိပါတယ်။ တကယ့်ကို ပို ဆိုလိုရင်းရောက်တဲ့ စကားလုံးမျိုးဆိုရင် နေရာယူ သုံးစွဲမှုက ပိုမြန်ပါတာတွေ့ရပါတယ်။

ဒါကြောင့် ဗန်းစကားတွေဟာလည်း စာပေ ယဉ်ကျေးမှု တိုးတက်မှု လမ်းကြောင်းရဲ့ မှတ်ကျောက်တွေ ထဲက တစ်ခု အပါအဝင်လို့လဲ ဆိုနိုင်တာကြောင့် အရေးကြီး လေ့လာရမယ့် တစ်ခုလည်း ဖြစ်တယ်လို့ ထင်မိပါတယ်။ ဗန်းစကားတွေထဲမှာလည်း စာပေ အလင်္ကာ အဖွဲ့တွေ ၊ နောက်တစ်ချက်က ခေတ်တစ်ခုကို ကိုယ်စားပြု ဖော်ပြနေတဲ့ ပုံရိပ်တွေလည်း တွေ့ရတတ်တာကြောင့် ဗန်းစကားမှတ်တမ်း တစ်ခုတော့ အသေအချာ ရှိသင့်တယ်လို့ ယူဆရပါတယ်။

ခေတ်ရဲ့ ဗန်းစကားက ဘယ်သူတွေအတွက် ဘာကြောင့်အရေးပါ..

ကျမတို့တွေ ရှေးတုန်းက ရုပ်ရှင်တွေ ကြည့်ရင် ကြည့်လို့သာ ကြည့်ရော စကားပြောပုံ တွေကြောင့် ဇတ်လမ်းအရမ်း(အရမ်း)ကောင်းမှသာ ဇတ်လမ်းထဲ ကိုယ်ပါသွားပြီး မဟုတ်ရင်တော့ ကိုယ်နဲ့မဆိုင်သလို ဇာတ်လမ်းကြည့်နေတာပါလား ဆိုတဲ့ စိတ်ပျောက်ပြီး ဇာတ်လမ်းထဲ ကိုယ်ဝင်သွားသလို ခံစားရတာ သွားတာ မရှိသလောက်ပါပဲ။

အဲဒီလိုပါပဲ ခုခေတ် အနုပညာဖန်တီးသူ စာရေးဆရာ၊ သီချင်းရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ ၊ သရုပ်ဆောင်၊ အဆိုတော်၊ ဘလော့ကာ အစရှိသူတွေဟာ ခေတ်စကားတွေနဲ့ အဆက်အသွယ် မပြတ်သင့်ပါဘူး။ ကိုယ်ဖန်တီးလိုက်တဲ့ အရာ သူ့ရင်ထဲရောက်ဖို့ သူ့စကားနဲ့ပြောမှသာ ထိုးဖောက်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ပေးချင်တဲ့ အကြောင်းအရာ (Message) ကို တားကတ်ရောက်အောင်ပို့နိုင်ဖို့ ဒါကလည်း အရေးကြီးတဲ့ အချက်တစ်ချက်လို့ ထင်မိပါတယ်။ ဒီနောက်ပိုင်း မီဒီယာရဲ့ အရေးပါမှုကလည်း ပိုပို ကြီးထွားလာတာ မြင်သာထင်သာပါပဲ။

ဒီလိုပါပဲ ဖွံ့ဖြိုးရေး လုပ်တဲ့သူ (Development worker ) တွေ၊ သုတေသနသမား (Researcher ) တွေကလည်း တစ်မျိုးတစ်ဘာသာ တစ်ရွာ တစ်ပုဒ်ဆန်းနေတဲ့ စကားတွေကို သိရှိထားရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် နေရာဒေသတစ်ခု ဒါမှသာ တကယ့် ရပ်ရွာဒေသမှာ ဖြစ်ပျက်နေတာတွေ ၊ လိုအပ်နေတာတွေကို သိရှိဖို့ ဒေသက လူတွေနဲ့ အဆင်ပြေဖို့လိုပါတယ်၊ သူတို့နဲ့ တသားတည်း ဖြစ်လာမှ ကတယ့်ပြသနာတွေကို သိရှိလာမှာပါ၊ မဟုတ်ရင် အပေါ်ရံအလွှာမှာ အစစ်မှန်ဘာမှ တွေ့ရမှာမဟုတ်ပါဘူး။ ဗန်းစကား၊ ဒေသစကားတွေဟာ ဒေသကလူတွေနဲ့ သူတို့ အကြား အလွယ်တကူရင်းနှီး ကျွမ်းဝင်စေတဲ့ အကောင်းဆုံး အထောက်အကူပြုတဲ့ အရာလို့ ဆိုနိုင်ပါတယ်။ ထင်သာမြင်သာ ပြောရရင် English စကားပြောနိုင်တဲ့သူက American သူငယ်ချင်းနဲ့ ပိုရင်းနှီးခင်မင်သလိုမျိုးပေါ့။

အဓိက အားဖြင့်တော့ လူတိုင်းအတွက် လူမှုဆက်ဆံရေးမှာ ဗန်းစကားက တစ်ထောင့် တစ်နေရာက အရေးပါတယ် ဆိုတဲ့ အချက်ပါပဲ။ ဒါကြောင့် ဗန်းစကားကို မျက်ချေ မပြတ်သင့်ဘူးလို့ ဆိုချင်ပါတယ်။

သတိမူစရာ..

ဘယ်အရာမဆို အကောင်းနဲ့ အဆိုး အမြဲ ဒွန်တွဲနေသလို ဗန်းစကားသုံးစွဲမှုက လည်း အလွန်အကျွံဆို မကောင်းသလို။ ဗန်းစကားတိုင်းကလဲ သုံးစွဲသင့် မသုံးစွဲသင့် စဉ်းစားဆင်ခြင်ပြီးမှ သုံးသင့်ပါတယ်။ နောက် ဗန်းစကား သုံးလွန်းရင် လူပေါ့ ၊ စကားအတည် မပြောတဲ့ လူတစ်ယောက်လို ဖြစ်ပြီး လူလေးစား ယုံကြည်မှု ကျဆင်းနိုင်တာလည်း သတိပြုမိဖို့ လိုပါတယ်။

သူငယ်ချင်းအချင်းချင်း စကားပြောရာမှာ ဗန်းစကားဟာ ပိုပြီး ရင်းနှီးမှုကို ပြသရာ ရောက်သလို လူငယ်ချင်း ပိုပြီး မြန်မြန်ဆန်ဆန် ရင်းနှီးစေတာ တွေရပါတယ်။ ဒါပေမယ့် နားမလည်တဲ့ စကားမျိုး ဖြစ်နေရင်တော့ အထင်မှား မှုတွေကိုပါ သယ်ဆောင်လာနိုင်စေပါတယ်။

ဒါကြောင့် ဗန်းစကား ပြောဆိုရာမှာ နေရာ၊ ဒေသ၊ အခြေအနေ၊ အချိန်အခါ စတဲ့ ကာလံ ဒေသံကို မပြောခင် စဉ်းစားဖို့တော့ လိုမယ် ထင်ပါတယ်။

ရုံးအစည်းအဝေးမှာ ဘော့စ်ကို သွားပြီး “ ဘိုးတော်.. ပွားတာတွေတော့ များနေပြီ၊ နားပါဦး။ ဘေးဘီလည်း ဝေ့ဦးနော်။ အိုင်ဒီရာတွေ ကျန်ခဲ့နေပြီ။ ဒီအတိုင်းဆို နားကားသွားလိမ့်မယ်.. အခြေအနေကို နားလေးဘာလေး စွင့်ဦး” လို့ သွားပြောလို့ကတော့ စေတနာစကားပေမယ့် .. ရုံးပေါက်ဝကနေ ကန်ချခံရမှာ.. သေချာပါပဲ..။

ဒါကြောင့် အရေးပါတဲ့ မြန်မာ့ ဗန်းစကားတွေကို မှတ်တမ်းမှတ်ရာ သေချာလေ့လား ထားရှိရအောင် သတိပြုမိစေချင်တာရယ်။ အသုံးအစွဲမှာ သတိနဲ့ ကာလံ ဒေသံကြည့်ပြီး သုံးဖို့ ကိုယ်တွေ့လေးနဲ့ ယှဉ်ပြီး ကိုယ့်လို ဝါသနာရှင်တွေကို သတိပေချင်တာရယ်ကြောင့် .. ဒီစာလေးကို ရေးလိုက်ပါတယ်ရှင်..။

ခင်မင်စွာဖြင့် ..

အလွမ်းပြေ

(မှတ်ချက် - ကိုယ်ထင်ရာ ကိုယ်ပွားထားခြင်းသာ ဖြစ်တာကြောင့် ပညာရှင်များက အမှားများရှိရင် ပိုးစိုးပက်စက် ထောက်ပြနိုင်ပါကြောင်း၊ ဖြည့်စွက်နိုင်ပါကြောင်း အကူညီတောင်း ပါတယ်ရှင်း)

Thursday, December 3, 2009

နှုတ်ဆက်ချိန်


ဝေးဖို့ ...
သခင် သွားစေညွှန်းလို့
နှုတ်ဆက်ကြပါစို့ကွယ်။

စေ့ထားတဲ့
နှုတ်ခမ်းအစုံမှာ..
မပြောဖြစ်တဲ့
စကားတွေ ရှိနေပါလိမ့်မယ်..။

အေးစက်ဆဲ
နှလုံးသားနှင့်
သိမ်းထားစေတော့..
ဆောင်းညနဲ့အတူ
အေးခဲနေမပေါ့..။

မဆုံဖြစ်တဲ့
မျက်ဝန်းအစုံမှာ
သိမ်းထားတဲ့
အကြင်နာရိပ်တွေ ရှိနေပါလိမ့်မယ်..။

တန်ဖိုးမဲ့ အမှိုက်လို
လမ်းမထက်
ပြိုပျက်ကျစေတော့
လေပြင်းက
ရှင်းလင်းသွားပေမပေါ့။

အစကတည်းက
ဆုံးပြီးသား ဇာတ်ညွန်းမို့
ဘာဆိုဘာမှ ပိုင်ဆိုင်ဖို့ မရှိခဲ့သူလေ..

တကယ်ဆို..

သတိရခြင်းတွေလောက်တော့
ပိုင်ဆိုင်ခွင့်ရချင်သေးတယ်..။

အလွမ်းပြေ ( ၃.၁၂.၀၉)



Tuesday, November 24, 2009

လွမ်းတဲ့ည



သံစဉ်တွေ ဆွံ့အ.
ကြယ်ရောင်တွေ မှုန်ဝါး..
မှောင်ရိပ်တွေဆီ..
တဖြည်း...ဖြည်း..
ခြောက်ကပ်..နာကျင်စွာ..
ရင်ခုန်ခြင်း..
အင်းအားမဲ့စွာ.
နှေး..နှေးလာ..
ရင်ခုန်သံ..
တိုး..တိုး..သွား..
မျှော်လင့်ခြင်း..
ဝေး..ကွာ...
ရင်တစ်လုံး..
တိုးတိတ်စွာ..
ကွဲအက်ကြေမွ...။

အလွမ်းပြေ ( ၂၄.၁၁.၀၉)

Wednesday, November 11, 2009

အိမ်

နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်..တဲ့.. ကျမကြိုက်တဲ့ ဒီရာမိုရ်ရဲ့ အိမ် ဆိုတဲ့ သီချင်းလေးထဲက စာသားလေးပါ…

ဒီနေ့ညနေ မြန်မာထမင်းဆိုင်မှာ ထမင်းသွားစားရင်း .. ဆိုင်က အမတွေ .. အစ်ကိုတွေ.. သူငယ်ချင်းတွေနဲ့ အတူတူ.. လွင်မိုး၊ ဦးကင်း၊ ဦးဖြူ တို့ ပါတဲ့ “ သုံးဗုံ တစ်ဗုံ” ပြဇာတ် အတူ ကြည့်ဖြစ်ကြတယ်..

အတူတူ ပါးစပ်မပိတ်အောင် ရယ်ကြရတာ .. အူတက်မတတ်ပါပဲ ..

ရယ်နေရင်း ကျမ စိတ်ထဲမှာ အိမ်ပြန်ရောက်သွားသလိုပဲ..

အိမ်မှာဆို အငြိမ့်တို့ ဒီလို ပြဇာတ်တို့ဆိုရင် သားအမိသားအဖတွေ အတူတူ ကြည့်ရင်း အတူရယ်နေကြ. အမေသုတ်ကျွေးတဲ့ ပဲလှော်သုတ်တို့ လက်ဖက်သုတ်တို့ကို မောင်လေးနဲ့ ကျမ လုစားနေကြပါ…

အခုလည်း အိမ်ပြန်ရောက်သွားသလိုပဲ ရင်ထဲမှာ နွေးထွေးမှုကို ပြန်ခံစားမိတယ်..

ဒီအတိုင်းနေတော့ .. ကိုယ့် အထီးကျန်တာကို .. မသိသလို မခံစားမိသလိုနဲ့.. တကယ်တော့ အထီးကျန်မှုကို မသိစိတ်နဲ့ ခံစားမိနေပါလားလို့ ကျမ သိလိုက်မိတယ်..

ဘာဖြစ်ဖြစ် .. ဒီနေ့ ခံစားလိုက်ရတဲ့ နွေးထွေးမှုဟာ.. ကျမအတွက်.. တန်ဖိုးမဖြတ်နိင်စရာတွေထဲက တစ်ခုလိုပါပဲ..

ကျမက ခံစားချက်တွေကို စာထဲမှာသာ ထည့်ရေးတာ .. တကယ်ဆို နှုတ်နဲ့ ပြောထွက်ဖို့ ဝန်လေးတတ်တယ်..

ဘာဖြစ်ဖြစ် ဒီပို့စ်လေးနဲ့ ..

“မွှေး” မြန်မာထမင်းဆိုင်က ဆိုင်မိသားစု၊ ခင်မင်ရတဲ့ အစ်ကိုတွေ.. အစ်မတွေ..မောင်လေး..ညီမလေး.. တွေ အားလုံးကို ကျေးဇူးတင်တဲ့ အကြောင်း မှတ်တမ်းတင်ထားချင်တာပါ..။

နှလုံးသားတွေ နွေးထွေးစေတဲ့ ..အတွက်.. အိမ်တစ်ခုလိုပါပဲ.. ( အမေ့အိမ်မှာ အမေချက်တဲ့ ထမင်းကို

အပြင်က ပြန်လာရင် လက်ဆေးစားရသလို.. ကိုယ်မချက်ပဲ မြန်မာထမင်းဟင်း စားရလို့တာလဲ ပါမှာပေါ့ ..း)

အင်း အမေ့ကို လကုန်မှ လခထဲက ကန်တော့ရသလို .. ဒီအတိုင်း စားပြီး .. ပိုက်ပိုက် မပေးရရင် ပို နွေးထွေးမလားပဲ ..း) .. အဟိ.. နောက်တာပါနော်..း)

ဒီကဗျာလေးကတော့ ကျမ မနှစ်က ရေးဖူးတဲ့ .. အိမ်လွမ်းချင်းလေးတစ်ခုပါ..

http://alwanpyay.blogspot.com/2008/11/blog-post_17.html

ခင်မင်စွာဖြင့်...

အလွမ်းပြေ ( ၁၂.၁၁.၀၉)

Tuesday, November 10, 2009

ကြယ်ကြွေကောက်သူ..


တစ်ပွင့်.. နှစ်ပွင့်…သုံးပွင့်…
ကောင်းကင်ကို မော့ကြည့်ရင်း ကြယ်လေးတွေကို ရေတွက်ကြည့်ရတာ ကျွန်မ ဝါသနာ..
ဆောင်းညချမ်းတွေမှာ ကြည်ရတဲ့ ကြယ်တွေဟာ ချစ်စရာ အကောင်းဆုံးပါပဲ.. ကြယ်ကလေးတွေ ပိုပြီး အရောင်လက်ကြတယ်.. ညတိုင်းလည်း ကြည့်လို့ရတယ်လေ..
စိတ်သိပ်ညစ်တဲ့ အချိန်တွေဆိုရင် အိပ်ရာပေါ်ကနေ ကြယ်တွေကို မေ့ကြည့်ရေတွက်ရင်း.. တဖြေးဖြေး စိတ်ညစ်တာတွေ လွင့်သွားပြီး… အိပ်ပျော်သွားတတ်တယ်..
အိပ်ပျော်မှာပေါ့လေ.. ကလေးဘဝ စိတ်ညစ်စရာ ဆိုတာ .. စားချင်တာမစားရတာ.. သွားချင်တာ မသွားရတာ.. အမေ အဖေနဲ့ စိတ်ကောက်တာလောက်ကိုး..
ဒီနောက်ပိုင်း လူကြီးဘဝ ရောက်လာတော့ .. စိတ်ညစ်ရင် ကောင်းကင်ကို မော့ကြည့်ဖို့တောင် မေ့လျှော့နေတတ်ပြန်ရော..
ဒါပေမယ့် ကျွန်မရဲ့ ကြယ်လေးတွေကို တွေ့ရင် ပျော်လာတတ်တဲ့ စိတ်ကတော့ မပြောင်းလဲ သေးတာ အမှန်ပဲ..
ဟော… ကြယ်လေးတစ်ပွင့် ကြွေသွားပြီ… နှမြောလိုက်တာ.. ကြယ်ကြွေရင် ဆုတောင်းပြည့်တယ် ဆိုတာကို ကျမ ကြယ်ကြွေမြင်တိုင်း မေ့လျှော့ သွားတတ်တယ်..။ ဆုတောင်းရမယ့်အစား နှမြောစိတ်နဲ့ ငေးနေတတ်တာများတာကိုး..
ကြယ်လေးတွေကို ချစ်တယ်.. နောက်.. ချစ်တဲ့ သူကို တွေ့ရင် .. ရင်ခုန်တယ်…
ကြယ်လေးတွေကို တွေ့ရင် ပြုံးလာတတ်သလို.. ချစ်တဲ့သူ အကြောင်းတွေး၇င်.. သူ့အလိုလို ပြုံးလာတတ်တယ်..။ သူများတွေလဲ ဒီလိုပဲ ထင်ပါရဲ့…
ကောင်းကင်မှာ ကြယ်တွေ အများကြီး ရှိသလို.. လောကမှာ လူတစ်ယောက် ချစ်မိတဲ့သူဟာ တစ်ယောက်မက ရှိနိုင်တာပဲပေါ့နော်…
ကောင်းကင်ပေါ်မှာ မြင်ရတဲ့ ကြယ်လေးတိုင်း အရောင် မလက်ကြပါဘူး.. တချို့.. တချို့.. ပဲ အရောင်လက်ကြတာပါ..
ကိုယ့် မျက်လုံးထဲမှာ ပိုပြီးတောက်ပနေတဲ့ ကြယ်လေးတွေကတော့ ကိုယ်နဲ့ ပိုနီးတယ်လို့ ခံစားရသလိုပဲ..
နေ့စဉ်.. လျှောက်နေရတဲ့ ..လမ်းပေါ်မှာ တွေ့ကြုံရတဲ့.. လူတွေ အများကြီးမှာ.. ကိုယ် ချစ်တဲ့သူ .. ကိုယ့်ချစ်သူရမယ့်သူကို တွေ့ရင်.. အများနဲ့ မတူတဲ့ .. ခံစားချက်တစ်ခုခု .. ရင်ထဲမှာ ဖြစ်လာတတ်တာ..
ဒါကို မသိစိတ်လို့ပဲ ခေါ်မလား…
ဒါပေမယ့်လေ..
တကယ်တော့ အရောင်တောက်နေတဲ့ ကြယ်တွေဟာ နီးနီးလေး လို့ ထင်ရပေမယ့်.. လက်လှမ်းမှီနိုင်တဲ့ ကြယ် ဆိုတာ မရှိမှ မရှိတာ..
ဒီလိုပဲ .. မြေပြင်ပေါ်မှာ ဆုံလာတဲ့ မျက်ဝန်းတစ်စုံဟာ ရင်ထဲရောက်လာပေမယ့် .. အနားရောက်လာဖို့ဆိုတာ.. ကြယ်တွေ ဝေးနေသလိုပါပဲ…
ကြယ်လေးတွေ ကြွေသွားခဲ့ရင် အပိုင်းအစတွေအဖြစ် ကမ္ဘာမြေရဲ့ တစ်နေရာကို ကျလာ သလား… တကယ်လို့ ကျလာခဲ့တယ် ဆိုရင်ရော.. သူ့ကို ချစ်မြတ်နိုးစွာ ငေးကြည့်ဖူးတဲ့ သူတစ်ယောက်ရဲ့ အနီးဆုံး နေရာကို ရောက်လာဖို့ မသေချာသလိုပဲ.. ဆုံလာတဲ့ မျက်ဝန်းပိုင်ရှင် နှစ်ယောက်လုံးရဲ့ ရင်ထဲက ခံစားချက်ချင်း တူခဲ့ရင်တောင်.. ဆုံးဆည်းပေါင်းစပ်နိုင်ဖို့ဆိုတာက...

အဝေးကြီးပဲမို့…

ကိုယ် ချစ်တဲ့သူနဲ့ ဆုံဆည်းခွင့်ဆိုတာက ကြယ်ကြွေစောင့်ပြီး.. ကောက်ရသလိုပါပဲ…


အလွမ်းပြေ ( ၁၁.၁၁.၀၉)

( မျိုးကျော့မြိုင်ရဲ့ အဝေးကြီး သီချင်းအား ခံစား ရေးဖွဲ့ပါသည်)။

Wednesday, November 4, 2009

သခင်သိစေ..


သခင်..
သင့်နှုတ်ခမ်းဖျားမှာ
အပြုံးများ ဖန်တီးခွင့်
ထာဝရ ရချင်တယ်။

ဒီဇင်ဘာရဲ့
ဆောင်းနှင်းဖြူ
ခပ်ပါးပါးလေးလို
သခင့်ရင်ကို
သိမ်သိမ်မွေ့မွေ့လေး
အေးမြပေးချင်ပါတယ်။

သခင့်အပါးမှာ
လိုရာဖြည့်ဆည်းပေးဖို့
ကိုယ်စောင့် နတ်သမီးတစ်ပါး
(တို့) ဖြစ်ခွင့်ရချင်တယ်။

သခင့်အတွက်
ပျော်ရွှင်ခြင်းတွေ
ယူလာပေးဖို့
တေးသွားလေးလို
ခပ်မြမြလေး
လှပနေချင်တယ်။

လွတ်လပ်ခြင်းတွေ
မြတ်နိုးတဲ့
သခင်အတွက်
အတူလွင့်မျောရာ
ညနေခင်းရဲ့
လေပြည်လေးအဖြစ်
သခင့်အပါး ခစားချင်တယ်။

လွမ်းလှပေါ့..
ကြင်နာပါတော့..
ချစ်တဲ့ သခင်ရယ်..။

အလွမ်းပြေ
(၅.၁၁.၀၉)

ကမ္ဘာပျက်ခဲ့ရင်..



ကိုဟန်သစ်က Tag လာတော့ တစ်ကျောင်းထဲသားချင်း မျက်နှာချင်းဆိုင်တွေ့တိုင်း အကြွေးတောင်းခံနေ ရမှာ စိုးတာနဲ့ မြန်မြန်ပဲဆပ်လိုက် ပါတယ် နော်..း) .. ကဲ ဖြေပြီနော်..

၁)ဘယ်သူတွေနဲ့ရှိနေချင်လဲ။

ဘယ်သူတွေနဲ့ အတူရှိရှိပါ ။ ရှိသင့်တဲ့ လူတွေနဲ့ ရှိနေမှာပေါ့လေ။ လောကကြီးမှာ ကိုယ်ဖြစ်ချင်တဲ့ အတိုင်းဖြစ်မှတော့ ကမ္ဘာပျက်တဲ့နေ့က ရှိပါဦမလား။ ချစ်တဲ့သူတွေအတွက် ရှင်သန်ချိန်မှာ တတ်စွမ်းသလောက်ချစ်ပြခဲ့ပြီးပြီပဲ။သေကာနီးမှတော့ချစ်ပြမနေတော့ဘူးနော်။


(၂)ဘာတွေခံစားနေရမလဲ။

အဲဒီ အချိန်မှတော့ ဘုရားတရားသာ အာရုံပြုနေဖြစ်အောင် ကျိုးစားတော့မယ်။ တစ်ဘဝလုံး ခံစားခဲ့ပြီးပြီပဲ.. တော်ပြီပေါ့။

(၃)ဘာတွေပြင်ဆင်ထားမလဲ။

လူတစ်ယောက် မွေးလာကတည်းက သေရမှာ သိနေတာပဲနော်။ ပြင်ဆင်မယ်ဆို သိတတ်စကတည်းက ပြင်ဆင်နေရမှာပဲ.. ခုမှ ပြင်မှာလား.. “ ဘာအကြွေးမှ မတင်အောင် အသက်ရှင်ဖို့ ကျိုးစားနေပါတယ်၊ အဲဒါ သေဖို့ ပြင်ဆင်တာပါပဲ”။

(၄)ဝမ်းနည်းမိမှာက..
ဝမ်းမနည်းပါဘူးရှင်… သေချာတယ်။ ( ကိုသီဟန်ရေ.. ဒါတော့တူသွားပြီ ထင်တယ်)

(၅)ကြောက်လန့်မိမှာက..
အားလုံးအတူတူ သေပါမယ်ဆိုမှတော့ .. သေဖို့ ကြောက်ရမှာလား.. ဟင့်အင်း.. ။

(၆)ဆောင်ထားချင်တာ..
သတိ .. အသိစိတ်လေးပါ။ သူက အထိန်းရခက်ဆုံး မဟုတ်လား။

(၇)ဘာတွေရေးမိမလဲ..
ကမ္ဘာပျက်ပါတယ်ဆို ..ရေးစရာ မလိုတော့ဘူးလေ..။

(၈)တွေးမိတွေးရာအတွေး..

( မတော်တဆ) ရှင်ကျန်နေမှာကိုတော့ ကြောက်သလိုလိုပဲ..း)


(၉)ဂုဏ်ယူချင်တာက..
(ကျမ အတွက် ကျမ ဂုဏ်ယူရမှာလား) ဂုဏ်ယူရလောက်တာ မရှိသေးဘူးလို့ ထင်တာပဲရှင့်။

(၁၀)ရှာကြံဖြေသိမ့်မိတာက..
ငါ သေဖို့ အသင့်ဖြစ်မယ် ထင်ပါတယ်လေ။

(၁၁)ကျူးရင့်ချင်တဲ့ဥဒါန်း..
အဲချိန်မှာ ဥဒါန်းကျူးနေရဦးမှာလား.. မလို အပ်ဘူးထင်တယ်။

သူငယ်ချင်း ကိုကိုဖရီး ကို လက်ဆင့် ကမ်းချင်ပေမယ့် .. သူက အလုပ်တွေရှုပ် အရှုပ်တွေလုပ် နေတော့ .. အားရင် ရေး ပေးပါ လို့ ပဲ ... ပြောလိုက်မယ်နော်..း)

Tuesday, November 3, 2009

Heinrich Boell Foundation call for M.A. Scholarship Program

Heinrich Boell Foundation, Southeast Asia Regional Office, holds an annual scholarship competition for a small number of students from Myanmar/Burma to study at two Thai premier Universities offering three international Programs specifically designed for younger generation candidates from Myanmar/Burma.

Application forms and entrance qualifications for the international Programs of the respective Universities are available at web links provided below and at HBF Website


http://www.boell-southeastasia.org/web/141.html

The Master of Arts in International Development Studies (MAIDS) Program at Chulalongkorn University's Faculty of Political Science;

http://www.ids.polsci.chula.ac.th/

The Master of Arts in Sustainable Development of the Regional Center for Social Science and Sustainable Development (RCSD) at Chiang Mai University, Faculty of Social Sciences;

http://rcsd.soc.cmu.ac.th/

The International Master of Economics Program of the Faculty of Economics (MEcon) at Chiang Mai University;

http://fuangfah.econ.cmu.ac.th/programs.asp#2



The selection process is highly competitive. Students for the Scholarship Program are selected by both the Foundation and the respective Universities in an open competition.



The Program Coordinator will conduct interviews with interested candidates for the Scholarship Program on December 6th and 7th in Yangon. For further information pls. contact olga@hbfasia.org



PLEASE NOTE:Ms. Olga will leave her position by 31st of December 2009; her emails will be then forwarded to Mr. Rainer Einzenberger (Assistant to the Director). Pls. email any further inquiries after Dec. 2009 to Rainer at rainer@hbfasia.org.

Monday, October 26, 2009

ဘဝ ကို ရှာဖွေ ခြင်း

အား.. အာခေါင်တွေ ခြောက်လိုက်တာ.. ခေါင်းကြီး လေးလေး ကြီး ဖြစ်နေတယ်.. နားထင် နှစ်ဖက်က အရမ်းနာတာပဲ.. တစ်ကိုယ်လုံးလဲ ကိုင်ရိုက်ထားသလိုပဲ.. ရေသောက်ချင်လိုက်တာ.. ဟားးး….ငါ ဖျားနေပြီလား.. ကိုယ်တွေလဲ ပူနေပြီ.. အာ.. မနက်ကျောင်းသွား မလို့ပါဆိုမှ..

အိပ်ရာဘေးက ရေဘူး နဲ့ ရေခွက် ထည့်ထားတဲ့ ဘန်းလေးကို ဖြေးဖြေးစမ်းကြည့်တာ .. အား.. မရှိပါလား..
အော် မအိပ်ခင် ရေဖြည့်ပြီး နေရာမှာ ပြန် မထားမိပါလား..။ ငါဘယ်မှာ ထားလိုက်ပါလိမ့်.. ရေသန့် ဘူးကြီး နားမှာပေါ့..

အား .. သွားယူရမှာ ဝေးလိုက်တာ.. အခုတော့ အခန်းကျဉ်းလေးက အဝေးကြီးလိုပဲ …
စိတ်ထဲမှာ အမေရေလို့ .. တမ်းတမိတယ်.. မျက်ရည်လဲ ဝဲလာတယ် .. မဖြစ်သေးဘူး ..
တစ်ယောက်တည်းရယ်… ဒီထက်ဖျားလို့ မဖြစ်ဘူး…
ငါ ဆေးသောက်မှ.. နာရီကို စမ်းကြည့်တော့ မနက် ၅ နာရီ .. ဆေးသောက်ဖို့ ..
ကျိုးစားပြီး ကုန်းထရတယ်.. အား တစ်ကိုယ်လုံး နာလိုက်တာ …
မီး ခလုတ် ဆီကို စမ်းသွားပြီး .. ဖွင့်..ရေ ဘူးဆီ သွားပြီး .. ရေကို အငမ်းမရသောက်ချ မိတယ်..
ဆေးဘူးကို ဖွင့် ဆေးရှာ.. မုန့် ဘူးကို ကြည့်တော့ .. မုန့် က ကုန်နေပြီ..
အိုး.. တော်ပါပြီ.. တခြား ဘာမှ မလုပ်နိုင်တော့ဘူး..
တစ်ခါ ဘာမှ မပါပဲ ဆေးသောက်ချလိုက်လို့ အူပေါက်မှာ မဟုတ်ပါဘူး..
ဆေးသောက်ပြီး ပြန် အိပ်မှ .. ချမ်းလိုက်တာ.. စောင်အထူကလဲ .. ဗီဒို အပေါ်ဆုံးမှာ..
ခေါင်းမူးလိုက်တာ.. ခုံ နဲ့ တက်ရမှာ ကြောက်တယ်.. ဗီဒိုထဲက လောင်းကုတ်ကြီးကို ဝတ်ပြီး.. အိပ်မယ်ဟာ.. အနွေးထည်ထပ်ထားတဲ့ အပုံထဲမှာ ရှာမတွေ့ ပြန်ဘူး ..
လူက ငိုချင်လာ ပြီ.. အနားမှာ အဖော်လေး တစ်ယောက်ယောက် ရှိနေရင် ကောင်းမှာပဲ..
ခေါင်းလဲ ပိုမူးလာပြီ… ဒါနဲ့ မြင်တဲ့ အနွေးထည်တွေ ဝတ်ပြီး ပြန်အိပ်ချလိုက်တယ်..
ခေါင်းထဲက နာတဲ့ ဟာကို မခံနိုင်လို့ မြန်မြန် ပြန် အိပ်ပျော်အောင် အိပ်ဆေးပါ သောက်ထားတာကြောင့် .. သိပ်မကြာခင် ပြန် အိပ်ပျော်သွားခဲ့တယ်..။

” ဒေါက်.. ဒေါက်..” .. အား… ဘာ သံပါလိမ့်.. တံခါးခေါက်နေတာပါလား..။
အား သေလိုက်ပါတော့ .. စာသင်မယ့် .. ထိုင်းသူငယ်ချင်းရောက်လာပြီ။
တံခါး ကို ပြေးဖွင့်တော့ သူက ဟ နင် နေမကောင်းဘူးလားတဲ့ .. သူနဲ့ ကျမ အပြန်အလှန် ထိုင်းစာနဲ့ မြန်မာစာ တစ်ယောက်ကို တစ်ယောက် သင်ကြတာလေ..သူက အလုပ်နဲ့ တခြား မြို့ကို ပြောင်းကာနီး နေပြီမို့ .. စာသင်တာ မပျက်စေချင်တာနဲ့ .. နည်းနည်းပါ ရပါတယ်.. ငါတို့ သင်ကြတာပေါ့လို့ ပြောလိုက်တယ်။ တစ်ကယ်တော့ လူက တစ်ကိုယ်လုံးနာပြီး လေးလေးကြီး ဖြစ်နေတုန်းဘဲ ..။ ခေါင်းမူးတာ နဲနဲ သက်သာရုံပဲ ရှိသေးတာ.. ။

ဒီလိုနဲ့ စာသင်ပြီး သူ ပြန်သွားတော့ .. အဝတ်တွေ လျှော် အိမ်မှာပဲ စာ နဲနဲဖတ် .. ဆေးသောက်လိုက် ထပ်အိပ်လိုက်..နဲ့အခုညဆယ်နာရီလောက်မှအဖျားလုံးလုံးကျသွားတော့တယ်။လူကတော့ထိုင်းမှိုင်းနေတုန်းပဲ..။
ကျမကခပ်ပေပေမို့ဖျားတာလောက်ကလမ်းသွားရင်းပျောက်နေကြပါ။ဒီတစ်ခါဖျားတာတော်တော်ခံရခက်တယ်။
ခေါင်းတွေ အရမ်းမူးနေတုန်းက ခုနေများ ငါသေသွားခဲ့ရင် လို့တောင် တွေးမိတယ်..

ကျမ အပါအဝင် လူတော်တော် များများ.. ရှင်သန်ဖို့ .. ကျိုးစားရင်း.. တစ်ခါ တစ်ခါ သေဖို့ အကြောင်းကို မေ့နေကြတယ်..။ တကယ်ပါ.. ။

ရက်တော့ မမှတ်မိတော့ဘူး သတင်းတွေ ဖတ်ရင်း ဆရာ စံဇာဏီဘိုနဲ့ အင်တာဗျူး ဖတ်လိုက်ရတယ်။ ၁၀၁၂ ကမ္ဘာပျက် ကိန်းအကြောင်းတွေပြောသွားတယ်..။ကြားကြားနေတာကြာပြီဒါပေမယ့်အခုပိုစဉ်းစားလာမိသလိုပဲ..

ငါ ကြောက်လားလို့ ကိုယ့် ဘာသာ ပြန်မေးမိတယ်..။ မကြောက်ပါဘူး..။ အားလုံး သေရမယ်ဆိုရင် ကျမ မသေဘူး နေခဲ့ မလားလို့ မေးရင်တောင် မနေချင်ပါဘူး။

ရှင်နေရမှာက ပိုကြောက် စရာ ကောင်းမနေဘူးလားနော်..။ အဲ.. နေမကောင်းတုန်းက ငါများသေသွားမလားလို့ တွေးမိတုန်းကကတော့.. ဟင့်အင်း ငါမသေချင်သေးဘူးလို့ .. စိတ်ထဲက ပြောမိတယ်။ ကျမ မိဘတွေ အတွက် ကျမ စိတ်မချ သေးဘူး..။ နောက် မသေခင် ကျမ အကောင်အထည်ဖော် ချင်တဲ့ စိတ်ကူးလေးတွေလဲ ရှိသေးတယ်.. လို့ တွေးမိတယ်။

ကျမအနေနဲ့ တွေးကြည့်ရင်း သေရမှာ ထက် နေရတာ ပိုခက်သလို ထင်လာရတယ်။ တစ်ချိန် သေရမှာကို လက်မခံနိုင်ရင်၊ တမင် မေ့ထားရင် အဲဒီနေရတဲ့ ဘဝက နေဖို့အပြင် သေဖို့ ပါခက်လိမ့်မယ်လို့ ထင်တယ်။
ဘဝကို ရုန်းကန်နေရတဲ့ သူထဲမှာ ကျမလည်း ပါပါတယ်။ တကယ်ပါ။ ဒါပေမယ့် ကျမက သူတပါးကိုတော့ ကျမဆီက အပျော်တွေပဲ မျှပေးချင်တယ်။ ဒါကြောင့် တစ်ခါတစ်ခါ စိတ် အရမ်း ညစ်နေတဲ့ အခါတွေမှာ ဘလော့ ရေးတာမျိုးကို သူ့ အလိုလို ရပ်ထား မိတယ်။ အကျင့် တစ်ခုလို ဖြစ်နေပြီ။

နောက်တော့လည်း ရုန်းကန်မှုနဲ့ အသားကျလာပြီး၊ ရုန်းကုန်မှု တွေထဲ ပျော်စရာတွေကို ကွဲအောင် ခွဲထုတ်တတ်လာပါတယ်။ စိတ်ညစ်စရာ ၊ ဖြေရှင်းစရာ ၊ ကျိုးစားစရာတွေ ရှိရင် အပီ အပြင် ကျိုးစားလိုက် ပြီးရင် ၅ မိနစ် အေးအေးဆေးဆေး နေလို့ ရမလား အဲဒီ ၅ မိနစ်ကို ပျော်အောင် နေလိုက်တာမျိုးလုပ်တတ်လာပါတယ်။

အဲဒီလို နေတာဟာ ကိုယ့် အတွက်ရော ကိုယ်ပတ်ဝန်းကျင်က လူတွေ အတွက်ပါ ကောင်းတယ် ဆိုတာ ကျမ တွေ့ရှိလာပါတယ်။ တစ်ချိန်လုံး စိတ်ညစ် ညည်းညူးနေရင် မကျေနပ်ချက်တွေ များနေရင် ကမ္ဘာပေါ်မှာ နေစရာ နေရာတောင် ရှိမှာ မဟုတ်ပါဘူး ရှင်။

နောက်တစ်ခုက ဘဝမှာ နားလည်မှုတွေနဲ့ ဟန်ချက်ညီမှုတွေ ရှိဖို့က အရေးအကြီးဆုံးလို့ ကျမ ယူဆမိတယ်။ ဒါပေမယ့် အဲဒါတွေကလဲ တကယ် ခက်ခဲဆုံး အရာတွေလို့လဲ ပြောလို့ရပါတယ်။

ကျမတို့ နေထိုင်နေတဲ့ ကမ္ဘာကြီးမှာ အသိုင်းအဝိုင်း၊ အဖွဲ့ အစည်းတွေနဲ့ နေထိုင် နေရတာ မဟုတ်ပါလား။ လူဖြစ်လာမှတော့ လူ့ အသိုင်းအဝိုင်းထဲက ခွဲထွက်ချင်လို့ မှ မရတာ။ အဲဒီတော့ အချင်းချင်း နားလည်မှုတွေ ထားနိုင်မှ လူမှု ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ အဆင်ပြေ နေပျော်မှာပါ။ လူက ကိုယ်တစ်ယောက်တည်း ကောင်းအောင် ကျိုးစားနေလို့ မဖြစ်ပါဘူး၊ ကိုယ် အသိုင်းအဝိုင်း တစ်ခုလုံး ဟန်ချက် ညီညီ တိုးတက် ကောင်းမွန်လာမှ ကိုယ့် ရဲ့ နေထိုင်ရတဲ့ အခြေအနေကလဲ စိတ်ကျေနပ်စရာ ကောင်းမှာပါ။ ဒါကြောင့်လည်း ဒီနောက်ပိုင်း လူမှုရေး လုပ်ငန်းတွေ ခေတ်စားလာကြတာလို့ ထင်ပါတယ်။ ဒါမျိုးတွေကို လေ့လာထားတဲ့ သီအိုရီတွေ ရှိပေမယ့် ကျမ ရိုးရိုးလေး ပဲ ပြောချင်လို့ ထည့် မပြောတော့ ပါဘူး.. ။ လူတွေဟာ တစ်ဦးချင်း ဖွံ့ဖြိုးမှုကို အရင် လုပ်ကြရပေမယ့် ကိုယ်တစ်ယောက်တည်း တိုးတက်ဖွံ့ဖြိုးနေပြီး အသိုင်းကပါမလာ ဘူးဆိုရင် အလကားသက်သက် ကြီးလို ဖြစ်နေမှာပါ။

ဒါပေမယ့် အရာအားလုံးမှာ အဖြစ်အပျက် အားလုံးမှာ .. တစ်ချိန် သေကြရဦးမယ့် ကျမတို့ ဘဝတွေလိုပဲ Limit တွေ ရှိနေတာပဲမို့ နားလည်မှုနဲ့ ဟန်ချက်ညီမှု (Balance) တွေကို ရှာဖွေရင်း ဖြတ်သန်းနေရတဲ့ လူတစ်ယောက်ရဲ့ ဘဝရှင်သန်မှုက အနုပညာ တစ်ရပ်လိုပါပဲ..

ဒါရိုက်တာ ကြည်ဖြူရှင်ရဲ့ ”A Sketch of Wathone” ဆရာ ဝသုန် ဆုံးတဲ့ နှစ်ပတ်လည်နေပြီး နောက်တစ်နေ့မှာ သူငယ်ချင်းတွေနဲ့ အတူ ထပ်ကြည့်ခွင့် ကြုံခဲ့ရပါတယ်။ ဆရာရဲ့ ဖန်းတီးမှု အနုပညာ၊ ခံယူချက်တို့ အပြင် ဘဝ နေနည်း အနုပညာကိုပါ ပီပီပြင်ပြင် တွေ့လိုက်ရပါတယ်။

ဆရာက ပြောတယ် ” “ပိုက်ဆံနည်းတာများတာ ပြသာနာ မဟုတ်ဘူးလေ.. လုံလောက်အောင်တော့ နေနိုင်တာပဲ… နောက် ၀ါသနာ ပါတဲ့အလုပ်နဲ့ အသက်ရှင် ရတယ် ဆိုတဲ့ကိစ္စက လွယ်တာမှတ်လို့… တချို့လူတွေ စိတ်မပါဘဲ နဲ့ ထမင်းစားဖို့အတွက်နဲ့ တချို့ အလုပ်တွေ လုပ်နေကြရတာ…” တဲ့..။ ကျမ တို့ရော .. ဘယ်လို အသက်ရှင်နေကြတာပါလဲ။

နောက် ဆရာက ပြောသေးတယ် ဇနီးကလည်း နားလည်တယ်၊ သားသမီးတွေကလည်း နားလည်လို့ သူတို့ မိသားစုမှာ အေးချမ်းမှုတွေ ရောင်ပြန်ဟပ်ကြတယ်တဲ့။ ဆရာပြောသွားတာကတော့ ..မလိမ်ဖို့ပါတဲ့ .. သူများကို လိမ်လို့ရမယ် ကိုယ့်ကိုကိုယ်တော့ လိမ်မရပါဘူးတဲ့။ အဲဒီ မလိမ်တဲ့ စိတ်သန့်တဲ့ အကျိုးက သူ့မိသားစုကိုပါ ရောင်ပြန်ဟတ်ပြီး အပြန်အလှန် အေးအေးချမ်းချမ်း နေဖြစ်ကြပါတယ်တဲ့..။ ဆရာက ” လိပ်ပြာ လှပါစေ” လို့ ပြောသွား ရှာတယ်။

ကျမတို့တွေ .. ၁၀၁၂ မှ မဟုတ်ပါဘူး..။ အချိန် မရွေး သေနိုင်ကြသလို.. မသေခင်လဲ ရှင်သန် နေကြရဦးမှာပဲ။ သေချင်း၊ ရှင်ချင်းက ဘယ်သူမှ ပြောလို့ ဟောလို့ ရတဲ့ အရာ မဟုတ်တော့ ..
ကိုယ့်အတွက်.. ကိုယ့် လူ့အသိုင်းအဝိုင်း အတွက်..
ဘယ်လို နေ ကြမလဲ ..
ဘယ်လို သေ ကြမလဲ ..
အနည်းဆုံး တွေးမိဖို့တော့ လိုပါလိမ့်မယ် ထင်တယ် နော်…။

ကြည့်ချင်တဲ့ သူတွေ အတွက် ဒါရိုက်တာ ကြည်ဖြူရှင်ရဲ့ ”A Sketch of Wathone” ကို YouTube ကနေ (ကျမ သူငယ်ချင်း ကိုဟိန်းရဲ့ FB မှာ Share ထားတာ တွေ့လို့ ) အလွယ်တကူ ကြည့်လို့ ရအောင် ထည့်ပေးလိုက်ပါတယ် ရှင်..








ခင်မင်စွာဖြင့်..

အလွမ်းပြေ ( ၂၇.၁၀.၀၉)

Friday, October 23, 2009

သို့/ မှ - အလွမ်းပြေ

တစ်နေ့က အမလိုသူငယ်ချင်းလိုခင်သူ တစ်ယောက် ဆိုလာသည် လူတိုင်းသည် အနုပညာ ဖန်တီးသူတွေဟု သူမ ထင်သည်။ နေထိုင်မှု လုပ်ကိုင်မှုတိုင်းသည် အနုပညာ ဖန်တီးမှုတစ်ခုလိုပင် ဖြစ်သည် ဟု ဆိုလာသည်။

ကျမ နေထိုင်မှု အနုပညာအကြောင်းကို တွေးမိပါသည်။ အမှန်ပင်...

“ ကျွန်မ တို့ နေစဉ်နေ့တိုင်း ကိုယ့်ဘဝကိုကိုယ် ပုံဖော် ရေးဆွဲ နေကြသော သူများပင် ဖြစ်သည်”။

ကိုယ့်ဘဝကို အမှန်တကယ် ရေးဆွဲနေသူမှာ ကိုယ်တိုင်သာ ဖြစ်သည်။ ကိုယ့်စိတ်က ကိုယ့် အမူအကျင့် တို့ကို ပုံဖော်ပြီး တို့အမူအကျင့်တို့က ကိုယ့်ဘဝပုံရိပ်များအဖြစ်ပုံပေါ်လာဖြင်းပင်။ ပတ်ဝန်းကျင်က ပုံဖော်မှုကို ခံနေရသူဟု မိမိကိုယ်ကို ခံယူသူသည် ကိုယ်ကိုကိုယ်လေးစားမှုမရှိသော လူညံ့တစ်ယောက်ပင်ဖြစ်သည်။ မိမိ၏ ဥာဏ်နည်းမှုကို ဖုန်းကွယ်လိုခြင်းသာ ဖြစ်လိမ့်မည်။

မိမိဘဝ၏ ကောင်းခြင်း၊ ဆိုးခြင်း အားလုံးသည် ဘယ်သူမပြု မိမိမှုသာ ဖြစ်သည်။ ထို့ကြောင့် ဘာကြောင့် ကံဆိုးရသလဲ၊ ဘာကြောင့် ကံကောင်းရလဲ မေးနေစရာမလိုအပ်ပါ။

“ စိတ်ကြောင့် အလုပ် ဖြစ်ပြီ၊ အလုပ်ကြောင့် ကံ ဖြစ်သည်” ဆိုသည့် သဘောတရားကိုသာ နားလည်ဖို့ လိုပါသည်။

မိမိ အလုပ်တိုင်း၊ အလုပ်တိုင်းသည် မိမိကံ ဖြစ်လာမည်ကို လူတိုင်း သတိလက်မလွတ်ခဲ့လျှင်.. ထိုသူ၏ ဘဝသည် ကောင်းမည်သာ ဖြစ်သည်။

တခါတစ်ရံ ငါ ကောင်းအောင် နေနေတာပဲ။ ဘာလို့ ကံလိုက်ဆိုးနေရတာလဲ ဆိုသော မေးခွန်း ပေါ်လာတတ်သည်။ တော်ပြီ ကောင်းနေလဲ အလကားပါပဲဟု ဖြစ်တတ်သည်။ အမှန်တွေ့ အကြွေးဟောင်းများ ဖြစ်ပါလိမ့်မည်။ ကိုယ့် အလုပ်ဟောင်း ဖြစ်ပါလိမ့်မည်။

ထို့ကြောင့် စိတ်ပျက်လက်ပျက် ကြွေးသစ်ထပ်မည့် လမ်းဘက်သို့ ပြန်မလှည့် လိုက်ပါနဲ့လို့ သတိပေးချင်ပါသည်။

ထို့ကြောင့်..

“ စိတ်ထားကောင်းလျှင် ကံကောင်းပါသည်”

“စေတနာမှန်လျှင် ကံဖြစ်ပါသည်”

အဓိက အချက်မှာ..

စိတ်ထားမှန်ဖို့ ၊ စေတနာမှန် ဖို့ တော့ “ အထူး” လိုအပ်ပါသည်။

ထို့ကြောင့်..

တကယ် မိမိ“ကံ” ကို ကောင်းအောင် ပြုပြင်ဖို့ မိမိ “စိတ် ကို မလိမ်ညာတမ်း အမှန်တိုင်းသိဖို့ အရင်လိုအပ်ပါသည်။”

စိတ်ကောင်းမှ ဘဝကောင်းနိုင်မှာ ဖြစ်တာကြောင့် ..

ဘဝစာမျက်နှာသစ်များအတွက်....အခြားပိုင်ဆိုင်မှုများထက်..

မိမိ “စိတ်” ကို အရင်ပိုင်ဖို့ ကြိုးစားစေချင်ပါသည်။

မိမိ “ စိတ်” ကို မိမိပိုင်ပြီးဆိုလျှင် အရာအားလုံးကို ပိုင်ဆိုင်သလိုပင်..

ထို့ကြောင့်..

ကံကောင်းဖို့ မိမိလုပ်သည့် အလုပ်တိုင်း စေတနာမှန်နှင် လုပ်တတ်ဖို့ လို့အပ်တာမို့ ..

“ စိတ်ထားမှန်” ဖို့ ကြိုးစားဖို့ လိုပါသည်။

Thursday, October 22, 2009

ကောင်လေးနဲ့ ကောင်မလေး



ကောင်လေးနဲ့ ကောင်မလေး

လက်သူကြွယ်မှ လက်စွပ်ကလေးကို ငုံကြည့်ပြီး ကောင်မလေး တစ်ယောက်တည်း ပြုံးမိသည်။ ကောင်လေးတစ်ယောက် အခုဆိုရင် ဘာတွေများလုပ်နေမလဲ….

တကယ်တော့ နီးတကျက်ကျက် ဝေးတစ်သက်သက် ဆိုတာ ဒါမျိုးပါလားဟု တွေးမိသော်လည်း ကောင်လေးကို သတိရခြင်းများသည် ပူလောင်မှုကင်းလှသည်။

နားလည်မှု၊ စိတ်ချယုံကြည်မှု တွေသည် သူတို့နှစ်ဦးကြားမှာ ပျိုးထောင်စရာမလိုသော သဘာဝအတိုင်း ပေါက်သည့် ပန်းပင်တွေလိုပင် ဘယ်အချိန်က အမြစ်တွယ်နေမှန်း မသိလိုက်.. သေချာတာက ဒါသူအလိုလို ဖြစ်ထွန်းခဲ့သည် ဆိုတာပါပဲ။

ငယ်ငယ်ကပေါ့…

ကောင်လေးက စာငုံ့ရေးနေသော ကောင်မလေး၏ ကျစ်ဆံမြီး ကို မနာအောင် နောက်က ဆွဲလိုက်ပြီး

“ ကဲ ထ မုန့်ဟင်းခါးသွားသောက်ကြမယ်..”

“ငါ စာမပြီးသေးဘူးဟ.. မနက်ဖြန် ထပ်ရမှာ”

“ကျူရှင်မှာလာပြီး ကျောင်းစာ လာလုပ်နေတယ်.. အိမ်မှာ ပြန်လုပ်ဟာ.. ထမလားမထဘူးလား ..မထလို့ကတော့ နော်.. နင်အစား ငါဟိုမဲမဲကြီးကို နင်ပေးခိုင်းတယ်ဆိုပြီး အဖြေသွားပေးလိုက်မှာ.. ဘာမှတ်လဲ ”

“ နင်နော် မမိုက်ရိုင်းနဲ့ ..ငါကြောက်ပါတယ် ဆိုတာ .. နင်က..ငါ့ကို မစောင့်ရှောက်ချင်နေဟာ.. သွားတော့..”

“ကဲ .. နင် သွားမလားမသွားဘူးလား ဆရာ လာတော့မယ်.. သွားမယ်”

စိတ်မရှည် သလိုထွက်သွားသော ကောင်းလေးနောက် ကောင်မလေးက ပြေးလိုက်လာခဲ့သည်..

အပေါက်ဝရောက်တော့ ကောင်လေးက

“ဘယ်မှလဲ ထီး ”

ကောင်မလေးက စပ်ဖြီးဖြီး လုပ်ပြတော့..

“ ရုပ်ကဆိုးရတဲ့အထဲ အသားမဲရင် ကျက်သရေမရှိတဲ့ ရုပ်ကို နေ့တိုင်း မြင်နေရမှာစိုးလို့ ရော့.. ငါ့ထီးဆောင်း” ဆိုပြီး အရှေ့မှ ထွက်သွားသည်..။

ကောင်လေးက ဆယ်ကျော်သက်အရွယ်မှာ ကောင်မလေးကို သို့လော သို့လော အပြောမခံရစေချင်လို့.. ကောင်မလေး ထီးအောက် ဝင်မဆောင်းခဲ့မှန်း ကောင်မလေး အဲဒီ အချိန်ကတော့ မတွေးမိခဲ့..

“ မုန့်ဟင်းခါး သောက်ချင်ပါတယ် ဆိုမှ ရေလည် ရှာရည်နေတယ်”

“စားတာပါဟာ ..ဘာသောက်တာလဲ..”

ငြင်းနေကျ ထုံးစံအတိုင်း ငြင်းဖြစ်အောင် ငြင်းကြတော့ ဆိုင်ရှင် အဒေါ်ကြီးက ရယ်ပြီး

ရော့ သားလေးကသောက်ပြီး သမီးလေးကစား ဆိုပြီး မုန့်ဟင်းခါး ပန်းကန်တွေ လာချပေးတိုင်း

ကောင်မလေးက နင် သောက်မှာ မဟုတ်လား ဒီအကြော်တွေက စားရမှာလို့ပြောရင်း ကောင်လေး ပန်းကန်းထဲက အကြော်တွေ ဘဲဥတွေ အကုန် သူ့ပန်းကန်ထဲ ခပ်ထည့်..

ကောင်လေးကလည်း ပြန်လုသည်.. သို့သော်.. ကောင်လေး ပြန်လုတိုင်း သူမ ကောင်လေး ပန်းကန်ထဲက ခပ်ယူသမျှရဲ့ တစ်ဝက်လောက်သာ ပြန်ပါသွားတတ်တာ ကောင်မလေးသိပါသည်။

စာမေးပွဲကြောက်သော ကောင်မလေးဖြေသော အခန်းရှေ့တွင် နေ့တိုင်း သူ့စာမေးပွဲခန်းမှ အရင်ထွက်ပြီး ကောင်လေးက ကောင်မလေး ထွက်အလာကို အမြဲစောင့်ပြီး အားပေးတတ်သည်။ သို့သော် အများ မျက်စိနောက်လောက်အောင်တော့ အတူသွား အတူပြန် မလုပ်ခဲ့ပါ။ ဒီလိုနှင့် သူတို့နှစ်ဦး၏ စတိတ်ကျောင်းသား ကျောင်းသူဘဝက ပြီးဆုံးခဲ့သည်။

နွေကျောင်းပိတ်ရက်များ၏ နေ့လည်ခင်း၊ ညနေခင်းများတွင် ကောင်လေးက ကောင်မလေးဆီ ရောက်ရောက်လာတတ်သည်။ ဟိုကပြန်လာသည် ဒီက ပြန်လာသည် အကြောင်းပြရင်း ကောင်မလေးအိမ်တွင် ထမင်း ဝင်တောင်းစားတတ်သေးသည်။ ကောင်မလေး ချက်သော ဟင်းများကို စားရင်း “ ဟား..ဆိုးလိုက်တဲ့ လက်ရာဗျာ၊ ကျွန်တော့တို့ အိမ်က ခိုင်းတဲ့ ကောင်မလေးတောင် ဒီထက်ချက်တတ်သေးတယ်” ဟု ကောင်မလေး ကြားအောင်ပြောသောအခါ ကောင်မလေးက အနားတွင် ရှိတတ်သော အရာများနှင့် ကောက်ပေါက်သည်။ သူ့ထံ ပျံဝဲလာသော အရာများကို ရှောင်ရင်း “ဟဲ့ နင်ထိုးနေတဲ့ အနူလက်သီးဆုတ် ပြီးပြီလား.. သူများသွားမပြနဲ့ ရှက်စရာကောင်းတယ်။ ပြီးရင် ငါ့ကိုပေး နင့်ကို သနားလို့ ငါဝတ်ပေးမယ်။ ငါလို ခပ်ချောချောသန့်သန့် ဝတ်မှ နင့်အသုံးမကျတာ လူမသိတော့မှာ။ သနားလို့ အခွင့်ရေး ပေးတာနော်” ဟု အော်ရင်း ထွက်ပြေးတတ်သေးသည်။

ကောင်လေး ပြန်သွားတိုင်း တိတ်တိတ်လေးထားသွားတတ်သော သူမ ဖတ်ဖို့ စာအုပ်၊ အချည်ထုတ်တွေကို သူမ စာဖတ်တတ်သော စားပွဲလေးပေါ်တွင် တွေ့ရဦးမည်ကိုတော့ ကောင်မလေးက သွားမကြည့်ဘဲ သိပါသည်။

အောင်စာရင်း ထွက်သောနေ့တွင် ကောင်မလေး အိမ်တွင်းအောင်းနေပါတော့သည်..။ ဘယ်သူငယ်ချင်း ဖုန်းဆက် ဖုန်းဆက် အပြင်သွားသည်ဟုပြောသော်လည်း ကောင်လေးကတော့ ကောင်မလေး အိမ်သို့ ဆက်ဆက် ရောက်ခဲ့သည်။

ငူငူလေး ထိုင်နေသော ကောင်မလေးကို “နင်က ဒီ ဂုဏ်ထူးတွေကို ဂုဏ်လို့ ထင်နေတာလား။ နင်အသက်ကြီးမှ အဲဒါ ဂုဏ်မဟုတ်မှန်းသိမယ်။ လုပ်မနေနဲ့ ဒါဝမ်းနည်းစရာ မဟုတ်ဘူး ဟ၊ နောက်ပြီး နင်ကရှာကျွေးရမှာ မဟုတ်ဘူး၊ ငါတို့ ယောင်္ကျားလေးတွေက ရှာကျွေးရမယ့်သူတွေ” လို့ လူကြီးယောင်ယောင် ပြောခဲ့သည်။

ကောင်မလေးက “သူက အများကြီးရတော့ သူများကို လာပြောမှပေါ့၊ အီး … ငါ့ကို လာမခေါ်နဲ့..” ဟု ဆိုကာ.. အိမ်ခန်းထဲ ပြေးဝင်သွားခဲ့သည်။ နောက် တစ်ရက်ကျော် အကြာတွင် အိမ်က လူကြီးမပါပဲ ရန်ကုန်ပြင်ပ ဘယ်မှ မရောက်ဘူးသော ကောင်မလေးရဲ့ ဆန္ဒတစ်ခုဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ လျှောက်လည်ချင်သောဆုတောင်းကို ကောင်းလေးက စီစဉ်ပေးခဲ့သည်။ ကောင်မလေး အိမ်က သဘောတူ အောင်လည်း ဗျူဟာတွေသုံးပြီး စီစဉ်ပေးခဲ့တာကိုတော့ ကောင်မလေး အမြဲ သတိရခဲ့သည်။ ထိုနေ့က သိပ်ကို ပျော်နေခဲ့တာကိုး….။

ဒီလိုနဲ့ .. တစ်နေ့ ကောင်လေးက ပြောလာသည်..

“ နင့်ကို ငါ ထိခိုက်အောင်၊ ဝမ်းနည်းအောင် ဘယ်တော့မှ မလုပ်ဘူး၊ လုပ်ခဲ့မိရင်တောင် မဖြစ်မနေ လုပ်ရမှာမို့ အသက်သာဆုံးဖြစ်အောင် လုပ်တာလို့ မှတ်ထားနော်” တဲ့..

ကောင်မလေးက နားမလည် သလို ကြည့်နေသော်လည်း ကောင်လေးက ဘာမှ ဆက်ရှင်း မပြခဲ့ပါ။

နောက်ပိုင်း ကောင်လေးနှင့် ကောင်မလေး အနည်းငယ် အနေဝေးသွားကြသော်လည်း အဆက်သွယ်တော့ ပြတ်မသွားခဲ့တာအမှန်..

ကောင်လေး ဘယ်မှာပဲ ရှိနေရှိနေ.. ကောင်မလေး စိတ်ထဲမှာ နီးနီးလေးလိုသာ ခံစားရတာကို ကောင်မလေးသိပါသည်။

သူငယ်ချင်းများနှင့်ဆိုင်သော အလှူအတန်း၊ လူမှုရေးကိစများ ရှိရင် ကောင်လေးနှင့် ကောင်းမလေးက အတူသွားရမှ ပြည့်စုံသလို ထင်တတ်ကြသည်။ ကောင်မလေး အလှပြင်လာသည့် နေ့များတွင် ကောင်လေးက

“ကံဆိးုတာ ဒီနေ့တော့ မျက်စိရော နားရော ဒုကရောက်ရ တော့ မှာ ပါလား။ အား ကားကလည်းကွာ ခွေးချေးများ တက်နင်းမိလား မသိဘူး နံသကွာ” လို့ သူဘာသာ ရွတ်သလို ပြောလေ့ရှိပြီး ကောင်မလေး က သူ့ကို မျက်လုံးပြူးကြည့်လျှင်..

“လန့် လိုက်တာ ဟာ ။ နင်ကလဲ မိန်းမ မဟုတ်သလိုဘဲ။ မျက်စောင်းမထိုးတတ်ဘူးလား။ ငါသင်ပေးမယ် ဒီလိုထိုး” ဟု မျက်စောင်ထိုး သင်တတ်သေးသည်။

နောက်ပိုင်း ကာလ များတွက်တော့ နှူတ်မှ ဒုကဟု ရေရွတ်တတ်သော်လည်း ခိုးကြည့်တတ်သည့် ကောင်လေးမျက်ဝန်းများ၊ သင်းသင်းလေး မျှသာသော ကောင်မလေး ဆွတ်တတ်သည့် ရေမွေးရနံ့ကိုပင် သတိထားမိတတ်သည့် ကောင်လေးကို ကောင်မလေး သတိပြုမိလာခဲ့သည်။ မျက်စောင်းထိုးခံရတိုင်း ပိုပြုံးသွားတတ်သော ကောင်းလေးရဲ့ အပြုံးတွေအတွက် ကောင်မလေး မျက်စောင်းထိုးတတ်လာခဲ့သော်လည်း ရယ်စရာကောင်းသည်က ကောင်မလေးက မျက်စောင်းသည် ကောင်လေးကိုသာ ထိုးရမည့် အရာလို ထင်မှတ်နေတတ်သည်ပင်..ကောင်လေးနှင့် မတွေ့ရသည့် အချိန်များတွင် မျက်စောင်းဆိုသည့် အရာကို မေ့လျှော့နေသည်အထိပင်။

ကောင်လေးသည် တခြားသော အရွယ်ရောက်ယောင်္ကျားသားများကဲ့သို့ ရင်းနှီးသော မိန်းကလေးများ (အီစီကလီ) ရှိသည်ကို ကောင်မလေးကို အမြဲပြောပြလေ့ရှိသည်။ ကောင်လေး၏ ကိုယ်ချင်းစာစိတ်နှင့် နှမချင်းစာနာစိတ်ကို ကောင်မလေးက သိသလို သူတစ်ပါး နစ်နာအောင် ကောင်လေး ဘယ်တော့မှ မလုပ်ဘူးဆိုတာ သိပါသည်။ ငါသူတစ်ပါး သားသမီးကို မယူနိုင်ဘဲ ရည်းစားစကား မပြောဘူး။ ခြေပါလက်ပါ မလုပ်ဘူး။ သူတို့လည်း ယောင်္ကျားလေးတွေ အကြောင်းလေ့လာချင်လို့ ရင်ရင်းနှီးနှီးလာရောတယ်။ ငါလည်း အဲလိုပဲဟ။ ဒါပေမယ့် နင် စိတ်ချ ငါ ရည်စား ဖြစ်တဲ့ အထိ မရည်ရွယ်ပါဘူးဟု..ပြောလေ့ရှိသော ကောင်လေးကို ကောင်မလေးက အမြဲ ပြုံးပြီး ကြည့်နေတတ်သည်။ ကောင်လေးသည် ကောင်မလေးကို မလိမ်ညာတတ်သူ ဖြစ်သည်ကို ကောင်မလေးက သိပါသည်။

သည်လိုနှင့် ကောင်လေးနှင့် ကောင်မလေး ရေမြေခြား ဝေးရမည့် နေ့တစ်နေ့ ကောင်လေး က ကောင်မလေးဆီ ရောက်လာခဲ့သည်။ နှစ်ယောက်သား အတူ မတိုင်ပင်ဘဲ အတူခြေဦးတည့်ရာ သွားကာ တွေ့ရာ မုန့်တွေ ဝင်စားကြရင်း နေဝင်ချိန်ကို ရောက်လာခဲ့ အထိ..

ကောင်လေးက ကောင်မလေးမျက်နှာကို ခိုးကြည့်သည့် အကြိမ်ရေသည် အချိန်နှင့် အမျှ ပိုစိပ်လာတာ ကောင်မလေးရိပ်မိသည်.. သို့သော် ..ကောင်လေး မျက်နှာကို သေချာပြန်ကြည့်နိုင်ဖို့ စွမ်းအားတွေ ကုန်ဆုံးနေသလို ကောင်မလေး ရင်ထဲမှာလည်း နွမ်းလျ နေသည်။

ဒီလိုနှင့် ကောင်မလေး အိမ်ဘက်သို့ ခြေဦးပြန်လှည့် ကြချိန်တွင် ကောင်လေးက ကောင်မလေးလက်ကို မထင်မှတ်ဘဲ ကောက်ကိုင်လိုက်ပြီး အလန့်တကြား ပြန်ကြည့်သော မျက်လုံးဝိုင်းများကို အချိန်ကြာကြာ ငေးကြည့်နေသည်။

ကောင်မလေးနှင့် ကောင်လေး တစ်ဦးကို တစ်ဦး ဆွံ့အစွာ ဘယ်လောက် အချိန်ကြာကြာ ငေးကြည့်နေမိမှန်း ကောင်မလေး မပြောတတ်ပါ။

ကောင်မလေး အသက်ပြန်ဝင်လာသလို ကြောင်ငေးနေရာမှ သတိပြန်ဝင်လာချိန်တွင် သူမ လက်သူကြွယ်တွင် ကောင်လေးစွပ်ပေးသော လက်စွပ်လေး တစ်ကွင်း ရှိနေပြီ။

ကောင်လေးက ကြည့်စမ်း ရုပ်ဆိုးလိုက်တဲ့ ဒီလက်စွပ်ယူသွား ကြားလား။ ဒါမှ သူများတွေက နင့်လက် ရုပ်ဆိုးတာ မသိအောင်။ နင်အရမ်း ချွတ်ထားချင်စိတ်ရှိတဲ့ နေ့မှာ ချွတ်ထားပါ ငါ စိတ်မဆိုးပါဘူး။ ကဲ သွားတော့နော် မိုးချုပ်နေပြီ ။ နင်အိမ်က ခရီး သွားကာနီးမို့ စိတ်ပူနေဦးမယ်။ ဟိုမှာလည်း ကိုယ့်ကိုကိုယ် ဂရုစိုက်။ ကောင်းကောင်းသွား ကြားလားဟု ဆိုပြီး လှည့်ထွက်သွားခဲ့သည်။

ဘာဖြစ်ဖြစ် တစ်ယောက်ရင်ထဲ တစ်ယောက် နားလည်ခံစားနိုင်ကြပါသည်။

ကောင်လေးငယ်ငယ်က ပြောသလို .. “ နင့်ကို ငါ ထိခိုက်အောင်၊ ဝမ်းနည်းအောင် ဘယ်တော့မှ မလုပ်ဘူး၊ လုပ်ခဲ့မိရင်တောင် မဖြစ်မနေ လုပ်ရမှာမို့ အသက်သာဆုံးဖြစ်အောင် လုပ်တာလို့ မှတ်ထားနော်” ဆိုသည့်အတိုင်း ကောင်လေးဟာ.. သူမ နစ်နာ နာကျင်အောင် ဘယ်တုန်းကမှ မလုပ်ခဲ့တာ အမှန်ပဲမို့ ..

ဒီလက်စွပ်လေးသာ.. ကောင်လေးရင်ထဲက စကားတွေ အသက် တစ်နေ့ ဝင်လာခဲ့ရင် ..

ကောင်လေးက.. နင်တစ်ယောက်တည်း နေရမှာ သနားလို့ဟု

စကားနိုင် လုဦးမှာပဲလို့ ကောင်မလေးတွေးရင်း ပြုံးမိသည်။

ထိုသို့ မဟုတ်ဘဲ..

တစ်ချိန် ဒီလက်စွပ်ကလေး အသက်ဝင်မလာ ခဲ့ရင်တောင်..

ကောင်လေး ရင်ထဲက စကားတွေ .. အသက်ဝင်မလာခဲ့ရင်တောင်..

ကောင်မလေး.. နားလည် နိုင်လိမ့်ဦးမည်… ။

သူတို့နှစ်ဦးကြားမှာ ပျိုးထောင်စရာမလိုသော သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် နားလည်မှု၊ စိတ်ချယုံကြည်မှု တွေနှင့် အေးမြသည့် ကောင်လေး မေတ္တာကို ကောင်မလေး ယုံကြည် တန်ဖိုးထားသည်..

ကောင်လေးကို သတိရ ရခြင်းသည် ပူလောင်မှု ကင်းသလို.. ကောင်လေး ဘယ်နေရာရှိရှိ သူ့အကြောင်းတွေးလျှင် လုံခြုံမှုကို ခံစားရသည်။

ကောင်လေးသည် ကောင်မလေး မျက်ရည်များကို သန့်စင်စွာ သုတ်ပေးလေ့ ရှိသော ပေးဆပ်သူတစ်ယောက်လည်း ဖြစ်သောကြောင့်ပင်..

ကောင်လေး၏ ရယူခြင်းကင်းသော မွန်မြတ်သောစိတ်၊ ထိန်းချုပ်နိုင်စွမ်းအားကို ကောင်မလေး လေးစားမြတ်နိုးပါသည်။

သူမ လက်သူကြွယ်ရှိ လက်စွပ်လေးကို ထပ်မံ ပွတ်ကြည့်ရင်း .. တစ်ယောက်တည်း ရှင်သန်နေရတဲ့ နေ့တွေမှာ လုံခြုံမှုနဲ့ အားအင်တွေ ပေးလို့ ကျေးဇူးပါကွယ်လို့.. တိုးတိုးလေး ပြောရင်း.. ပြုံးနေသည့် ကောင်မလေးကို ချမ်းစိမ့်သော လေးအေးက လာထိကစားသည်..

အော် တဆောင်းသစ်ခဲ့ပြန်ပြီ…။

အလွမ်းပြေ ( ၂၀. ၁၀. ၂၀၀၉ )

(ဝတ္တုထပ်ရေးပါဦးလို့ အားပေးပြောကြသူတွေကြောင့် တစ်နေ့ နည်းနည်းရေးထားတာလေးကို အခုမှ သတိရပြီး တင်လိုက်တာ..)

စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပါကြောင်း..း)