My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Thursday, November 6, 2014

အနှစ် ၃၃





ကျွန်မ အတ္တကင်းတဲ့ အလင်းတစ်ပွင့် ဖြစ်ချင်တယ်။ မနေ့ညက သတင်းတွေ ဖတ်ရင်း CNN က မြန်မာအကြောင်း အချက်အလက်တွေ ဖော်ပြထားတဲ့ ပုံလေး တစ်ပုံကို စိုက်ကြည့်မိတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ လူတွေရဲ့ သက်တမ်း (life expectancy ) က ၆၅.၅၊ ကမ္ဘာတဝှမ်း ပျမ်းမျှက ၆၉ လို့ ပြောထားပါတယ်။ကျွန်မ အသက် ဒီနှစ်ထဲ ၃၃ ပြည့်ပါတယ်။ ကျော်ဖြတ် ပြီးခဲ့တဲ့ ၃၃ ၊ နောက်ထပ် ၃၃။  လူ့သက်တမ်း တစ်ဝက်ကျိုးပြီပေါ့။
မျိုးကျော့မြိုင်ရဲ့ အသက် ၃၃ ကို ခဏ ခဏ နားထောင်မိတယ်။
“ရွေးလိုက်ဦး စိတ်လိုအင်များအတွက်..
တွေးလိုက်ဦး အတ္တစိတ်များနဲ့…
ချစ်လိုက်ဦး ဘဝမှာ အချစ်ဆုံးတဲ့..
ကွဲလိုက်ဦး အချစ် ဒဏ်ရာများနဲ့..
အားလုံးသိတယ်… အားလုံးရဲ့ အလည်…  ပြောလိုက်ဦး ကိုယ့် ဆင်ခြေများနဲ့
ရေးလိုက်ဦး ဟောဒီ အချစ်သီချင်းအတွက်..
မွေးလိုက်ဦး တစ်ဘက်လွန် ခံစားချက် ..
ဆွေးလိုက်ဦး… အထီးကျန် နေ့များထဲ
ပြောလိုက်ဦး.. အတ္တစိတ်များနဲ့…
နောက်ကျတော့မယ်… အတွေးများ ပတ်လည်..
သွားလိုက်ဦး  မဆုံးနိုင်တဲ့ ခရီးထဲ…
အသက် ၃၃ .. အထီးကျန် ဆန်လွန်းတယ်
လုပ်ပါဦး အကျည်းတန်ကျန်တော့မယ်..
နောက်ကျတတ်တယ် သီချင်းလည်းရေးတယ်
ပြောလိုက်ဦး မဆုံးနိုင် အချစ်များနဲ့ ”
ဒီလူ့ဘဝ သက်တမ်းတစ်လျှောက်မှာ အရာရာတွေ အားလုံး ကိုယ်မဖြစ်ဖူးတာ မလုပ်ဖူးတာ မရှိသလောက်ပဲ မဟုတ်လား။ ဒီလိုစုံအောင် တချို့အရာတွေကို ကိုယ်က လုပ်တယ်။ တချို့သော အရာတွေက ကံကြမ္မာက ကြုံစေ ဖယ်စေ စီစဉ်တယ် ဒီလိုနဲ့  ဘဝ တစ်ဝက်ကျိုးလာတယ်။ ခံစားချက်တွေလည်း အသစ်တွေ ရစရာ မကျန်တော့ဘူး အဟောင်းကြီးတွေပဲ ပြန်လည်လာတော့တယ်။
အားလုံးလိုလို ကျော်ဖြတ်ပြီးတဲ့ အသက် ၃၃ ဟာ တွေဝေတတ်စ အရွယ်ရောက်လာပြီ။ နောက်တစ်မျိုးပြောရရင် တည်ငြိမ်စ အရွယ်ရောက်လာပြီ။ ဘဝရဲ့ အရာရာက အရှိန်ကျပြီး တည်ငြိမ်ခွင့် ပေးလာခဲ့ပြီ။ နောက်တစ်ချက်က ခံစားချက်တွေ ထပ်ပြီး ရိုးအီလာပြီ။
 တစ်ခါတစ်လေ ဖန်တီးပေးနေတဲ့ ကြမ္မာက ငါ့တာဝန်ကျေပြီ ရော့နင့်ဘဝရဲ့ စတီယာတိုင် နင်မောင်းတော့ ဆိုပြီး ယဉ်မောင်းသင်တန်းဆင်းသလို ဘဝမောင်းနှင်းမှု သင်တန်း ဆင်းပေးလိုက်သလားလို့တောင် ထင်မိတယ်။ အဆင်းမှာ ဘီးလှိမ့်ပြီး လမ်းမပေါ်မှာ ရောက်နေပြီ… ကိုယ်ဘဝ ကားကြီးက မမောင်းလို့လည်း မရတော့ဘူး။ စက်က နှိုးလျက်သားကြီး။
လူ့ဘဝအစမှာ မီးစာ တစ်ခုကို မီးညှိထွန်းလိုက်သလိုပဲ ဘယ်သူ ရှို့ပေးလိုက်မှန်း မသိပေမယ့် မီးစာမကုန်မချင်း လောင်ရတော့မှာပဲ။ အရှိန်ငြီးငြီးနဲ့ တောက်လောင်ပြီး မီးတွေထပ်ကူး လောင်စာတွေလိုက်ရှာ လောင်သထက်လောင်တဲ့ မီးစာ ဖြစ်မလား။ ဖယောင်းတိုင်လေးလို မီးစာတော့ ရှိပေမယ့် သူတပါးကိုလည်း ပူလောင်မှု အရမ်းကြီးမပေးဘဲ အလင်းဆောင် မလား။
နောက်ထပ် ၃၃ နှစ် ကျွန်မ ထပ်လောင်ဖို့ မသေချာပေမယ့် လောင်နိုင်ချေအားတော့ ရှိသေးတယ်။ နောက်ထပ် ဘဝရဲ့ လောင်နေတဲ့မီးကနေ မီးထပ်မပွားဖို့ လောင်စာတွေနဲ့ ဝေးဝေးမှာ ကျွန်မနေချင်တယ်။ အခု လောင်နေတဲ့ မီးစာလေးကိုလည်း အပူပေမယ့် အမှောင်ကိုခွင်း အလင်းဆောင်တဲ့ အပူတိုင်လေးအဖြစ် ကျွန်မကိုယ်ကျွန်မ နေရာချချင်တယ်။
ပြီးခဲ့တဲ့ လက သီရိလင်္ကာမှာ ကျောင်းတက်နေတဲ့ ဆရာလေး တစ်ပါးနဲ့ စကားပြောမိတယ်။ ဆရာလေးက ရယ်ရယ်မောမော ပြောပြတယ်။ ဆရာလေး ဆယ်တန်းကျတော့ ငိုလိုက်ရတာလေ… အိမ်က ဆူမှာ ကြောက်တော့ နောက်ပိုင်း သီလရှင်ဝတ်လိုက်တယ်။ သီလရှင်ဝတ်လိုက်တော့ အရွယ်ကောင်းဆိုတော့ စာဝါလိုက်ရပြန်တယ်။ မြန်မာနိုင်ငံမှာသင်တာ ပါဋိစာပေတွေ စာရပေမယ့် အသိ ဒီလောက်မဖြစ်ဘူး… အခု နောက်ပိုင်း စာပေကို နည်းမှန် လမ်းမှန်နဲ့ လေ့လာ တရားမှာ မွေ့လျှော်တတ်လာမှ ကိုယ်သိတဲ့ စာပေတွေကို လူတွေရဲ့ ဘဝအတွက် ဘယ်လို အသုံးချ ဟောပြောညွှန်ပြ ပေးရမယ်။ ကိုယ်တိုင်လည်း ဘယ်လို ကျင့်ကြံအားထုတ်ရမယ် ဆိုတာ ရေးရေးသိလာတယ်။ ဆရာလေး လျှောက်ရမယ့် လမ်းက အဝေးကြီးကျန်သေးပေမယ့် လမ်းကို တွေ့ပြီ အရင်လို မဝေဝါးတော့ဘူး။ ကိုယ်တိုင်လမ်းရှာတွေ့ပြီး ဆိုတော့ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုလည်း ကိုယ်လျှောက်တဲ့ လမ်းကိုတော့ ပြခဲ့ဖို့ ကိုယ့်မှာ တာဝန်ရှိသွားပြီ။ ဒီလောက်ပါပဲ ဒကာမလေး.. လို့ ဆိုပါတယ်။
ကျွန်မဘဝရဲ့ မီးစာနဲ့ ဆရာလေး ဘဝရဲ့ မီးစာကို ယှဉ်ထိုးကြည့်မိတယ်။ ဆရာလေးကတော့ မီးစာရဲ့ အပူကို အရှိန်ငြီးငြီး မတောက်အောင် ထိန်းနိုင်ပြီး အလင်းဆောင်ဖို့ လုပ်နိုင်ခဲ့ပြီ။ သူ့ဘဝဟာ လှပတဲ့ အလင်းတိုင် လေးပါပဲ။ ကျွန်မ ဘဝမှာ ထင်ရှားကျော်ကြားပြီး လူတကာ အားထားရ အားကျရတဲ့သူ မဖြစ်ချင်ဘူး။ သေသွားရင် နှမြောတသသနဲ့ လူတွေကို ဝေဒနာ ပေးထားခဲ့ရတဲ့သူ မဖြစ်ချင်ဘူး။ ကျွန်မကြောင့်လဲ ကမ္ဘာကြီး မပြောင်းလဲ ချင်ပါဘူး။ အဲဒီလောက်ကြီး တောက်တောက်ပပ မထွန်းလင်းချင်ပါဘူး။ ကျွန်မက အပေါက်အပြဲလေးတွေ ဖာထေးပေးသူ လောက်တော့၊ ကွက်လပ်ဖြည့်သူလောက် ဖြစ်ရင် ကျေနပ်ပါတယ်။ ကျွန်မ ဘဝမှာ ဟိုလူ့ပူ ဒီလူ့ပူနဲ့ ဒုက္ခရောက်စေတဲ့ လောင်မီးလည်းမဖြစ်ချင်ဘူး။ ဒါပေမယ့် လောင်ပြီး ဟုတ်ကနဲပြီး ဘယ်သူ့ကိုမှလည်း အကျိုးမပေးတဲ့ ဒုက္ခလည်း မပေးတဲ့ ကောက်ရိုးမီးလည်း မဖြစ်ချင်ပြန်ဘူး။
နောက်ထပ် ကျန်လောက်သေးတဲ့ နောက်ထပ် အနှစ် ၃၃ လောက်ထဲက ၁၀-၁၅ နှစ်လောက်ကို လူဘဝမှာ သိပ်တောက်တောက်ပပ မဟုတ်ပေမယ့် အလင်း လည်းဆောင်တဲ့  ပျော့ပျော့ ပြောင်းပြောင်း ဖယောင်းတိုင်လေး တစ်တိုင်အဖြစ် လူပီပီသသ ဘဝကို စီးမြောခံစားရင်း နေချင်သေးတယ်။ အတ္တ-ပရ မျှမျှ၊ လောကီ-လောကုတ္တရာ မျှမျှ ကျိုးစားရင်းပေါ့။ အဲဒီနောက်တော့  ကိုယ့်ဘဝရဲ့ မီးစာကို ကိုယ်တိုင်ညှိမ်းပြီး လောကကြီးကို အဆိတ်ငြိမ်ဆုံး ဖြတ်သန်းပြီး ဘဝရဲ့ မီးစာတွေကို သိမ်းသွားချင်တယ်။ 
 ကိုယ်တိုင် မသိမ်းနိုင်သူတွေအတွက် ကံကြမ္မာက နောက်ထပ် မီးစာတစ်ခု ပြင်ထားဦးမှာလေ။ ဒီဘလော့လေးကို ကိုယ့်ဘဝရဲ့ ဒိုင်ယာရီလေး တစ်ခုလို ရေးပြီး တစ်ခါတစ်ခါ ကိုယ်လမ်းပျောက်တိုင်း ငါအရင်က ဘာတွေ တွေးမိပါလိမ့်ဆိုပြီး ကိုယ့်ကိုကိုယ် ပြန်ရှာချင်တိုင်း ပြန်ဖတ်မိတယ်။ ဒီစာလေးကိုလည်း ပြန်ပြန်ဖတ်မိပြီး မီးစာငြိမ်းချိန်တန်ရင် ညှိမ်းဖို့ သတိရနိုင်ဖို့.. ဘဝမှာ မြောပြီး မေ့မနေအောင် ရေးထားလိုက်မိတယ်။

0 comments: