My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Wednesday, October 29, 2014

ဘဝရဲ့ မျှော်လင့်ချက်များ





လူတွေနဲ့ သူတို့ရဲ့ မျှော်လင့်ချက်တွေဟာ နေရာရယ် အချိန်ရယ် လူရယ် လွဲနေတတ်ကြတယ်။ မျှော်လက်ချက်မဲ့သူဟာ ကိုယ်ကိုကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို အယုံကြည်မဲ့နေသူ တစ်ဦး ဖြစ်သလို မျှော်လင့်ချက်ကို နေရာထားမှားခဲ့ရင်ဖြင့် ကိုယ့်ကိုကိုယ်ရော ကိုယ့်ပတ်ဝန်းကျင်ကိုရော ဒုက္ခပေးနေသူ တစ်ဦးဖြစ်နေမှာ။ ကျွန်မလည်း ဒီနောက်ပိုင်း ကိုယ့်ဘာသာကိုယ် စဉ်းစားမိတာက မျှော်လင့်ချက် သိပ်မထားတတ်တော့ဘူး ဆိုတာပဲ။ မျှော်လင့်ခြင်းတွေ ဖြစ်မလာမှာကို ကြောက်တာလား။ လောဘပဲ နည်းလာတာလားတောင် ကိုယ့်ဘာသာကိုယ်တော့ ခွဲခြားသိမနေပြန်ဘူး။
သူငယ်ချင်းတစ်ယောက်က ကျွန်မ အခန်းဖော် ရှာနေမှန်း သိတော့ စာရေးလာတယ်။ သူ့ သူငယ်ချင်း တစ်ယောက်လည်း အခန်းဖော် ရှာနေတယ်။ နင်တို့ Expectation တွေ ကိုက်ညီလား တွေ့ပြီး ပြောကြည့်ကြပေါ့တဲ့။ တစ်နေ့ကလည်း သူငယ်ချင်းတစ်ယောက် ဖုန်းဆက်လာတယ်။ သူ့ အမျိုးသား အကြောင်းကို ရင်ဖွင့်တာ.. သူ့စကားတစ်ခွန်းက ငါ မျှော်လင့်ထားတဲ့ ပုံစံနဲ့ သူလုပ်နေတဲ့ ပုံစံက တခြားစီပဲတဲ့။ ဒီလိုနဲ့ Expectation ဆိုတဲ့ စကားဆီ ကျွန်မ အာရုံရောက်သွားခဲ့တယ်။ မျှော်လင့်ခြင်းတွေ၊ မျှော်လင့်မိတဲ့ အရာတွေ။ မျှော်လင့်ချက်တွေ။ ကျွန်မတို့ လိုချင်တဲ့ အရာတွေပေါ့။ မျှော်လင့်ခြင်းများနှင့် ဆက်စပ်ပြီး ရှုထောင့် မျိုးစုံကနေ စဉ်းစားမိကြည့်နေမိပါတယ်။
လူမှုရေးသိပ္ပံရှုထောင့်မှ မျှော်လင့်ချက်
ကျွန်မက လူမှုရေးသိပ္ပံသမားဆိုတော့ လူမှုရေး သိပ္ပံ ရှုထောင့်ကနေ အရင်ဆုံး စဉ်းစားကြည့်တဲ့အခါ မျှော်လင့်ချက်ဆိုတာ တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခု အပေါ် ထားတဲ့ အရာ မို့ ဒီနေရာမှာ “ယုံကြည်မှု (Trust)” ဆိုတာနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ယုံကြည်မှု အကြောင်းကို ပြောရရင် ယုံကြည်သူ (Trustor) က ယုံကြည်ခံရသူ (Trustee) အပေါ်ကို မှီခိုမှု ပြုခြင်းပါပဲ။ သူလိုချင်တဲ့အရာ၊ ဖြစ်ချင်တဲ့အရာ၊ သူ့ဆန္ဒကို ထိုသူက ဖြည့်ပေးနိုင်လိမ့်မယ် ဆိုတဲ့ ရလဒ်ကို ယူဆထားခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေရဲ့ နောက်ဆက်တွဲအရ မျှော်လင့်ချက် အထားခံရသူ မှီခိုခံရသူအပေါ် ဖိအားတွေ ကျရောက်စေလို မျှော်လင့်ချက်အတိုင်း ဖြစ်မလာဘူး ဆိုရင် နာကျင်ခံစားရပြီး သူထားရှိထားတဲ့ နှစ်ဦးကြားက ယုံကြည်မှုတွေဟာ ပျက်စီးသွားပါတယ်။
ယုံကြည်မှုဆိုတာ လူမှုဘဝတွေမှာ အရေးအကြီးဆုံးပါ။ လူနှစ်ဦးကြား၊ မိသားစုကြား ကနေ တိုင်းပြည် တစ်ပြည်မှာရှိတဲ့ လူအုပ်စု တစ်ခုစီကြား၊ တိုင်းပြည်တစ်ပြည်နဲ့ တစ်ပြည်ကြားအထိ ကျယ်ပြန့်ပါတယ်။ မျှော်လင့်ချက် နေရာ အထားမှားလို့ ယုံကြည်မှုပြိုကွဲပြီး နားလည်မှုလွဲကြရင် သံသယ (mistrust) ပွားကြရင် မကောင်းလှပါဘူး။ ဒါကြောင့် မျှော်လင့်ချက်ထားတာဟာ တစ်ယောက်နဲ့တစ်ယောက်အကြား ယုံကြည်မှုရဲ့ ပြရုပ်အဖြစ် ကောင်းပေမယ့် နေရာထားမှားကြရင်ဖြင့်တော့ ရလဒ် မကောင်းတတ်တာ သတိထားရမှာပါ။
စိတ်ပညာ ရှုထောင့် မှ မျှော်လင့်ချက်
ကျွန်မဟာ ဒီနောက်ပိုင်းမှာ ကလေးစိတ်ပညာ (child psychology) ကို စိတ်ဝင်တစားလေ့လာမိပါတယ်။ ဒီနေ့ ကျွန်မတို့ ကြုံနေရတဲ့ လူမှုဘဝ အခက်အခဲများစွာဟာ လူ့ဘဝရဲ့အစ အခြေခံလို့ ပြောရမယ့် ကလေးဘဝမှာ ကျွန်မတို့ ဘယ်လို ကြီးပြင်းခဲ့ရသလဲ၊ ဘယ်လို ကျော်ဖြတ်ခဲ့ရပါသလဲ ဆိုတဲ့ အချက်အပေါ် အများကြီး တည်နေခဲ့ပါတယ်။ ဒီလိုပဲ မျှော်လင့်ချက်အကြောင်းပြောရရင်လည်း ကလေးစိတ်ပညာဟာ မပါမဖြစ် ပြောရမယ့် အကြောင်းအရာ တစ်ခုဖြစ်လို့နေပါတယ်။
ကလေးဘဝရဲ့ ၂ နှစ်အရွယ်မှာ ခံစားရတဲ့ လုံခြုံမှု၊ အောင်မြင်မှု၊ ဆုံးရှုံးမှု၊ အကောင်းမြင်မှု၊ အဆိုးမြင်မှု စတာတွေဟာ ကျွန်မတို့ တစ်ဘဝလုံးစာ သက်ရောက်မှု ဖြစ်စေပါတယ်။ ကလေးတစ်ယောက်ဟာ ငယ်စဉ် ဘဝ ၂ နှစ်သားအရွယ်မှာ လူကြီးတွေရဲ့ လိမ်လည်မှုကို တစ်ချိန်လုံး ခံစားရရင်၊ ဆူပူရိုက်နှက်ခံရရင်၊ အားငယ် ဝမ်းနည်း နေရရင်၊ ပတ်ဝန်းကျင်က လူတွေက သူ့ကို လူရာမသွင်း ဂရုတစိုက်မရှိမှု ပြစ်ပယ်မှုကို ခံစားရရင်၊ အထီးကျန်ရရင်၊ ကစားဖော်တစ်ယောက်ယောက်ရဲ့ အနိုင်ကျင့်ခံရရင် …. ကလေးရဲ့ စိတ်ထဲမှာ ဘာတွေ စွဲသွားစေပါမလဲ။ ကလေးအရွယ်မှာ သူ့မိဘ၊ သူ့ပတ်ဝန်းကျင်က လူတွေကို မှီခိုတာ သဘာဝပါပဲ။ အဲဒီ ပတ်ဝန်းကျင်က သူ့ကို ခဏ၊ခဏ ကလေးပဲ ကိစ္စမရှိပါဘူး ဆိုတဲ့ စိတ်နဲ့  ကလေးတစ်ယောက်ရဲ့ မျှော်လင့်ချက်တွေကို ခဏ ခဏ ရိုက်ချိုးခဲ့ရင်ဖြင့် … သူဟာ မျှော်လင့်ချက် မထားရဲသူ၊ လူတွေကို မယုံကြည်စိတ်နဲ့ ကြီးပြင်းလာရမှာပါ။ ဒါက တစ်ဘဝလုံးစာပါ။
နောက်တစ်မျိုးက ကလေးဘာလုပ်လုပ် အကောင်းမမြင်တာရယ်၊ စိုးရိမ်စိတ်လွန်ကျူးပြီး မိဘကချည်း လူကြီးကချည်း ရှေ့ကနေလုပ်ပြီး ဂရုစိုက်လွန်တာမျိုး ကြတော့ ကလေးကို  မိမိကိုယ်ကို ယုံကြည်မှု ပျောက်စေပါတယ်။ ငါကိုယ်တိုင် လုပ်လို့ မဖြစ်နိုင်ဘူး ဆိုတဲ့ စိတ်မျိုးနဲ့ အောင်မြင်မှုကို မခံစားတတ်တော့ဘဲ သူတပါးကိုချည်း မျှော်လင့်ချက် ပုံထားမိတဲ့ အဖြစ်မျိုး ရောက်စေပါတယ်။ အထူးသဖြင့် သမီးမိန်းကလေးတွေ ခမျာ ဒီလို ခံစားရပြီး ကြီးပြင်းလာတဲ့အခါ နူးညံ့သိပ်မွေ့ အားနွဲ့တယ်ဆိုတဲ့ စကားလှလှ နောက်ကွယ်မှာ ကိုယ့်ပိုင်ဘဝ ပျောက်ဆုံးတဲ့ မိန်းကလေးတွေ ဖြစ်လာပြီး သူတပါးကို မျှော်လင့်ချက်ပုံချ ထိခိုက်နာကျင်မှုကို အမြဲခံစားရသူတွေ ဖြစ်လာပါတော့တယ်။
ဒါကြောင့် ကလေးငယ်တစ်ယောက်ရဲ့ ငယ်ဘဝ ၂ နှစ်သားအရွယ်ကနေ ၅နှစ်သားအရွယ်အထိမှာ မျှော်လင့်ချက်ထားမှုကို ပုံဖော် နေတာကြောင့် နည်းလမ်းမှန်နဲ့ မကြီးပြင်းခဲ့ရရင်ဖြင့် အန္တရာယ်ကြီးလှပါတယ်။
မျှော်လင့်ချက် မှန်မှန်ကန်ကန် ဘယ်လိုထားရမလဲ
          ဒီမေးခွန်းကိုတော့ ကျွန်မကိုယ် ကျွန်မ ပြန်မေးမိပါတယ်။ အထက်က ပြောခဲ့တဲ့ အချက်တွေကို ပြန်ကြည့်မိရင် မျှော်လက်ချက်မဲ့သူဟာ ကိုယ်ကိုကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို အယုံကြည်မဲ့နေသူ တစ်ဦး ဖြစ်သလို မျှော်လင့်ချက်ကို နေရာထားမှားခဲ့ရင်ဖြင့် ကိုယ့်ကိုကိုယ်ရော ကိုယ့်ပတ်ဝန်းကျင်ကိုရော ဒုက္ခပေးနေသူ တစ်ဦးဖြစ်နေမှာ။ လူဟာ လူ့မှုဘဝ ပတ်ဝန်းကျင်နဲ့ ကင်းနေလို့ မရဘူး မဟုတ်လား။ ဒီနေရာမှာ နှစ်ချက်ရှိတာက တစ်ဦးတစ်ယောက်(individual) နဲ့ လူ့အသိုက်အဝန်း (society) ပါပဲ။
          ၁။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိဖို့
          ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိဖို့လိုအပ်ပါတယ်။ ဒါမှလည်း တခြားတစ်ယောက် အပေါ် မျှော်လင့်ချက် ထားခဲ့ရင်တောင်မှ အလွန်အကျွံ မျှော်လင့်ချက်တွေ မထားမိမှာပါ။ ဒီလိုဆိုရင် မျှော်လင့်ချက် အထားခံရတဲ့ သူ အပေါ်မှာလည်း ဖိအားတွေ ပိမနေဘူးဆိုရင် ယုံကြည်မှု ပျက်ပြယ်ရတာတွေ၊ တစ်ယောက်ကို တစ်ယောက် အပြစ်မြင်ရတာတွေ နည်းသွားပြီး ဆက်ဆံရေးမှာ ပို သာယာပြီး ရေရှည်တည်နိုင်ပါတယ်။
၂။ အတ္တနဲ့လောဘကို ထိန်းညှိဖို့
          တစ်ခါတစ်လေ လူတွေက ကိုယ့်နဲ့ အနီးဆုံးလူတွေ အပေါ် မျှော်လင့်ချက်တွေ အတင်းကာရော ပုံချတတ်တာ ကိုယ်မလုပ်နိုင်လို့ မဟုတ်ဘဲ တခြားသော ကိုယ့်ကို ဂရုစိုက်စေချင်တာမျိုး၊ ကိုယ်ပိုင်ဆိုင်မှုကို ပြချင်တာတွေ၊ အများအမြင်မှာ ကြွားချင်တာတွေ .. စသော အကြောင်းအရာတွေ အများကြီး ပါနေတတ်ပါတယ်။ ဒါကြောင့် အတ္တနဲ့ လောဘကို လျှော့ပါလို့ ပြောရတာပါ။ ဥပမာ- ကိုယ်လိုချင်တဲ့ ဂရုစိုက်မှုမျိုးကို ကိုယ်လိုချင်တဲ့ သူဆီက မဟုတ်ဘဲ တခြားသူ ဆီက ရနေတာမျိုး။ နေရာလွဲနေတာမျိုးပေါ့။ ကိုယ်လိုချင်တဲ့သူဆီမှာ အကန့်အသက်တွေ အတားအဆီးတွေ ရှိကောင်းရှိနေနိုင်သလို နောက်ပြီး လူတွေ တစ်ယောက်စီတိုင်းမှာလည်း သူတို့ စိတ်ကူးနဲ့ ဘဝ ကိုယ်စီ ရှိကြပါတယ်။ ဒါကြောင့် လူတွေကို ကိုယ့်စိတ်တိုင်းကျကြီးပဲ ဖြစ်လာရမယ် ဆိုတာမျိုး မဟုတ်ဘဲ။ ကိုယ်ချင်းစာပြီး ကြည့်တတ်ရင်ဖြင့် ကိုယ့်မျှော်လင့်ချက်နဲ့ မကိုက်လို့ စိတ်ဆင်းရဲရတာမျိုး သက်သာသွားပါလိမ့်မယ်။ ဒါအပြင် သူမပေးနိုင်ပေမယ့် ကိုယ့်ဘဝမှာ ကိုယ်လိုအပ်နေတာကို ပေးနေတဲ့ သူတွေကိုလည်း ပို တန်ဖိုးထားတတ်လာလိမ့်မယ်လို့ ထင်မိပါတယ်။
          ၃။ ကလေးတွေကို ချစ်မြတ်နိုးပါ
          ကလေးတွေဟာ အနာဂတ် ကမ္ဘာကြီးကို ဖန်တီးကြမယ့် သူတွေပါ။ အနာဂတ်မှာ တစ်ယောက်ကို တစ်ယောက် ယုံကြည်ပြီး သာယာတဲ့ ကမ္ဘာကြီး ဖြစ်ဖို့ ကျွန်မတို့ ပတ်ဝန်းကျင်က ကလေးတွေကို စောင့်ရှောက်ဖို့ ကျွန်မတို့မှာ တာဝန်ရှိပါတယ်။
          အနာဂတ်မှာ မျှော်လင့်ချက်မဲ့မဲ့ အနာဂတ်ကို ပတ်ဝန်းကျင်ကို ယုံကြည်မှု ပျောက်ဆုံးပြီး ကြီးပြင်းလာသူတွေ မဟုတ်ဘဲ ကိုယ့်ကိုကိုယ်ရော ပတ်ဝန်းကျင်ကိုရော ယုံကြည်မှုအပြည့်နဲ့ သာယာတဲ့ ဘဝကို ဖန်တီးနိုင်သူတွေ ဖြစ်လာဖို့ ပတ်ဝန်းကျင်က ကလေးတွေကို ကျွန်မတို့ ချစ်မြတ်နိုးစွာ စောင့်ရှောက်ပေးရင်ဖြင့် အနာဂတ်အတွက် တာဝန်ကျေသူတွေ ဖြစ်လာနိုင်မှာပါ။ ကလေးတွေဟာ အနာဂတ် ကမ္ဘာရဲ့ မျှော်လင့်ချက်ရောင်ခြည်တွေပါ။

0 comments: