My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Monday, March 4, 2013

ချစ်သူ ရှိသော မိန်းကလေး


 
အချစ်သည် ဘဝကို အသက်ဝင်စေသော အရာဖြစ်လျှင် ချစ်သူသည် ဘဝ၏ အသက်ပင် ဖြစ်ပါလိမ့်မည်။ ချစ်သူ ဆိုသော ဝေါဟာရသည် ကိုယ် ချစ်နေတဲ့ သူ ဟု ဆိုလျှင် ကျွန်မ တွင် ချစ်သူ ရှိပါသည်။ ထို ချစ်သူကို ချစ်သော စိတ်ကို ပိုင်ဆိုင်သောကြောင့် ကျွန်မကို ကျွန်မ ချစ်ရသူလို့ သတ်မှတ်မိသည်။ သူက ကျွန်မကို ပြန် ချစ်ခဲ့ပါလျှင် ထို ကံကြမ္မာကို ချစ်ခွင့်လို့ ကျွန်မ အမည်တတ်ချင်ပါသည်။ သို့သော် ကျွန်မသည် သူ့ကို ချစ်ခွင့် စတင် တောင်းဆို မိမည် မဟုတ်ပါ။ အဘယ်ကြောင့် ဆိုသော ကျွန်မ ဆန္ဒထက် သူ့ဆန္ဒများကို ပို တန်ဖိုးထား မိသောကြောင့် ပင် ဖြစ်ပါသည်။

ကျွန်မ သူ့ကို ချစ်မိပြီ ဆိုတာ ကိုယ့်ကိုကိုယ် သေချာ သွားတဲ့ နေ့က စပြီး ကျွန်မမှာ ချစ်သူ ရှိပြီလို့ တွေးမိပါတယ်။ အဲဒီ အတွေးလေးနဲ့တင် ကျွန်မ ရင်ကို နွေးထွေးပြည့်စုံ သွားစေခဲ့တာ ….။
ချစ်သူ ဆိုတဲ့ ဝေါဟာရကို အဘိဓါန်ထဲမှာ ကျွန်မ ရှာကြည့်မိသေးသည်။   တစ်ဦး နှင့် တစ်ဦး ချစ်စိတ်ဝင် နေကြတဲ့ သူတွေ ။ ဒါဆို ဒီ အသုံး အနှုန်းက  ဘေးလူက သတ်မှတ်မှု မဆန်နေဘူးလား။  ကျွန်မ ကိုယ်ပိုင် သတ်မှတ် ချက်အရ ဆိုရင်တော့ ချစ်သူ ဆိုတာ ကိုယ့်အတွက်တော့ ကိုယ် ချစ်မြတ်နိုးရတဲ့ သူ ။ သူက ကိုယ့်ကို ချစ်သည် ဖြစ်စေ၊ မချစ်သည် ဖြစ်စေ၊ ဘာခံစား ချက်မှ မရှိသည် ဖြစ်စေ၊ ဒါမှမဟုတ် ၁၅၀၀ မေတ္တာလို့ လူတွေ ဆိုကြတဲ့  မေတ္တာမျိုးနဲ့ ချစ်တာ မဟုတ်တာ ဖြစ်စေ ကိုယ့် ဘက်က ချစ်လျှင် ကိုယ့် ချစ်သူသာ။ 



လူတစ်ယောက်ကို အမှန်တကယ် ချစ်မိဖို့က မလွယ်ပေမယ့်  ချစ်မိသည်လို့  ထင်မိသည်ကတော့ လွယ်ပါသည်။ သာယာမှု တစ်ခုခု ကိုယ်ကြိုက်တတ်တဲ့ အရာ တစ်ခုခု သူ့ဆီမှာ ရှိနေပြီ ဆိုရင် စိတ်ဝင်စားလာမယ် နောက် အဲဒါကို စွဲလမ်းလာမယ် ဆိုရင် ချစ်မိလာပြီလို့ လူတွေက သူတို့ စိတ်မှာ ထင်လာတတ်ကြသည်။  ဒီလိုနဲ့ ချစ်မိတယ်လို့ နာမည် တတ်လိုက်ကြ၊  ဒီလိုနဲ့ သူတို့ စွဲလမ်းတာတွေ တကယ် မရှိတော့ဘူး ဆိုရင်တော့ အချစ်ပြန်ပျယ် သွားကြပြန် ဒီလိုနဲ့ အချစ်သံသရာ ဝဲဂယက်လို့ နာမည်တတ်ရင်း တဝဲလည်လည်။ ကျွန်မလည်း ဒီလို ဝဲဂယက်ထဲမှာ လည်ဖူးလို့ သိခြင်းသာ။ 
 ဒါပေမယ့် သူ … ကျွန်မ ချစ်ရတဲ့ သူ။ ကျွန်မ ချစ်သူ နဲ့ တွေ့ဆုံ ရတဲ့ အချိန်က စပြီး ဒီ ဝဲဂယက် ထဲက တဖြည်းဖြည်းချင်း ကျွန်မ ထွက်လာရတာ ကျွန်မကို ကျွန်မ ရိပ်စားလာမိသည်။ 
ကျွန်မတို့ စတွေ့ကစက သူကို ကျွန်မ မစွဲလမ်းပါ။  ကျွန်မ သာမာန်ခင်ရုံလောက် တခြားသော  သူငယ်ချင်းများ လောက်သာ။ ဒါပေမယ့် ကံကြမ္မာက သူနဲ့ ကျွန်မကို ပိုနီးစပ်အောင် တစ်ခုပြီး နောက်တစ်ခု ဖန်တီးပေးလာရက တစတစ သူ ကျွန်မ အနား ရောက်လာခဲ့ပြန်ပါသည်။ ဒီလိုနဲ့ ကျွန်မ သူ့ ဆီမှာ  တူညီတဲ့ စိတ်ခံစားမှုတွေ ၊ နီးကပ်တဲ့ လောကကို ရှုမြင်ပုံတွေကြောင့် ကျွန်မ စွဲလမ်းတတ်တဲ့ အရာတွေကို ရှာဖွေ တွေ့လာတယ်။ ဒါပေမယ့် သတိထားတတ်တဲ့ ကျွန်မက ဒါကို စွဲလမ်းမှု သက်သက်ပဲလို့ နာမည် တတ်ပေမယ့် နှစ်ကာလ ကြာလာတဲ့ အခါ တစ်နှစ်ပြီး တစ်နှစ် ဒါဟာ စွဲလမ်းမှု သက်သက် မဟုတ်ဘူးဆိုတာ အချိန်က ကျွန်မ ကို သက်သေပြလာခဲ့တယ်။




ကျွန်မ နှလုံးသားထဲက အချစ်က ပူလောင်မှု အတ္တ အားလုံးကို လည်း ကျော်ဖြတ် နိုင်ပြန်တယ်။ ကျွန်မကို သူပိုင် ပေမယ့် ကျွန်မ စွဲလမ်းတဲ့ သူ့ကိုတော့ ကျွန်မ အပိုင် ရနိုင်ခြင်းထက် သူသာ သစ်တစ်ပင်ဆိုရင်  ပို ဝေဆာ စေချင်တဲ့စိတ်၊ ငှက်ကလေး တစ်ကောင်ဆိုရင်  အမြင့်ဆုံး သူ ပျံနိုင်သမျှ ပျံသန်းနိုင် စေချင်တဲ့ စိတ်မျိုးနဲ့  ကျွန်မရဲ့ စွဲလမ်းမှုထက် သူ့ရဲ့ ရှင်သန်မှုကိုသာ အလေးထား ပျော်ရွှင် တတ်လာပြန်တယ်။ သူမကြိုက်ဘူး၊ သူ စိတ်ဆင်းရဲတယ် အဲဒီလို ဆိုရင် ကျွန်မ သူ့သဘောလိုက်ဖို့ ခေါင်းငြိမ့်ပြီးသား ဖြစ်နေတာ။ နောက်ပြီး သူဖြစ်စေချင်တဲ့ပုံစံမျိုး ဖြစ်အောင် ကြိုးစားမိတာ၊ သူ စိတ်ဆင်းရဲတယ်ဆိုရင် အမြန်ဆုံး ပြင်ဆင်ဖို့ ခေါင်းငြိမ့်ပြီးသား နာခံပြီးသား ဖြစ်တာ  ကိုယ့်ကိုကိုယ်တောင် ပြန် အံ့သြရတဲ့ အထိပါ။ သူ့ဂရုစိုက်မှု၊ သူသံယောဇဉ်၊ သူ့ အပြုံး တွေကို ကျွန်မ ပိုင်ဆိုင်ရတဲ့ အခိုက်အတန့် လေးများစွာဟာ ကျွန်မ ဘဝရဲ့ သာယာလွန်းတဲ့ အချိန်လေးများစွာ။ အမှတ်တရ ပြန်တွေးတိုင်း ကြည်နူးမှုကို ခံစားရသူပါ ။ 
ကျွန်မရဲ့ နှလုံးသားထဲက အချစ်က မနာလိုမှု များကိုလည်း ကျော်ဖြတ်ပြီး  သူက ချစ်မြတ်နိုးတဲ့ အရာ အားလုံးကို သူနဲ့အတူတူ ခံစား ချစ်မြတ်နိုး တတ်လာတာလည်း စဉ်းစားတောင် မကြည့်မိဖူးတဲ့ အရာပါ။ သူ့ချစ်တာဟာ  လူတစ်ယောက် ဖြစ်မည် ဆိုလျှင်လည်း သူ့ ရန်သူ မဟုတ်တဲ့ အတွက် ကျွန်မ အတွက် မုန်းစရာ မကောင်းသလို သူ ချစ်တဲ့သူဟာလည်း သူ့ဘဝကို အသက်ဝင် စေတဲ့ သူမို့ ကျွန်မ အားကျရုံမှ တပါး သူ့ကို ပြန်ချစ်လို့ ကျေးဇူးတင်မိဦးမှာပါ။  သူ့ စီးမြောနေသော ဝါသနာများ ဖြစ်မည် ဆိုလျှင်လည်း သူနှစ်သက်သော အရာများအတွက် သူ့ အချိန်များကို သူပိုင်ဆိုင် စေချင်ပါတယ် သူအာရုံဝင်စားရာ သူ့ဝါသနာကြားမှာ သူနှစ်မြုပ်ရင်း ကျွန်မ ကမ္ဘာမြေပေါ်မှာ ရှိနေတယ် ဆိုတာတောင် သူမေ့လျှော့ နေတယ် ဆိုရင်လည်း ကျွန်မ သူ့ကို နားလည်ရင်း လွမ်းနေရုံသာ မငြိုငြင်မိတဲ့အပြင် သူ စိတ်ဝင်စားသော အရာများကို ကျွန်မ အလိုလို မြတ်နိုးလာ တတ်ပြန်ပါသည်။
ကျွန်မရဲ့ နှလုံးသား ထဲက အချစ်က သူ ပိုင်ဆိုင်တဲ့ အရာပဲ မို့ သူ့ ခံစားမှုတွေဟာ ကျွန်မ ခံစားမှုပဲမို့ သူ့ ပျော်ရွှင်မှု သူ့ လွတ်လပ်မှု အားလုံးဟာ၊ သူ့ ရှုံးနိမ့်မှု အောင်မြင်မှု အားလုံးဟာ ကျွန်မ ထပ်တူ ခံစားမိတဲ့ အရာတွေပါပဲ။  ကျွန်မ နှလုံးသားထဲက အချစ်ရဲ့ သခင်ဟာ သူသာ ဖြစ်တာမို့  အနီး အဝေးက ကျွန်မ ချစ်ခြင်းကို ဘယ်လိုမှ အတိုး အလျှော့ လုပ်ဖို့ မစွမ်းသာ ခဲ့ပါ။  ကျွန်မ အနားမှာ သူ ရှိနေတတ်တဲ့ အခါ ကျွန်မ ဘဝက ပြည့်စုံ နေတတ်သလို သူက အဝေးမှာပဲ နေချင်တဲ့ အခါ သူ့ ဆန္ဒကို လိုက်လျော ရတဲ့ အတွက် ကျွန်မ ကျေနပ်မိတာပါပဲ။



အချစ်စိတ်ဟာ သိပ်ကို ဆန်းကျယ်တဲ့ အရာပါ။ နူးညံ့စွာ ပြည့်စုံ နေတဲ့ ချစ်ခြင်းအတွက် စကားလုံး မရှိပါဘူး။ သူ့ကို မြတ်နိုးသော စိတ်နှင့် ပင် ကမ္ဘာမြေပေါ်မှာ ကျွန်မ နေထိုင်ရတာ ကျေနပ်စရာ ကောင်းလှပါပြီ။ လူတစ်ယောက်မှာ ချစ်မြတ်နိုးစိတ် ဆိုတာ တန်ဖိုး အရှိဆုံး အရာပဲ လို့ ကျွန်မတော့ ထင်ပါသည်။
ချစ်မြတ်နိုး စိတ်ဟာ လူတိုင်း ဖြစ်ပေါ် ခံစား နိုင်တ့ အရာ မဟုတ်တာတော့ သေချာပါသည်။ ဒါကို သိသော လူသားတွေက ချစ်မြတ်နိုးမှု ပုံရိပ်ရောင်များနှင့် ချစ်ချင်းကို ခံစားမိ သရောင်ရောင် ဖန်တီးတတ်ကြလေသည်။
သို့ သော် ဖန်တီးထားသော ချစ်မြတ်နိုးမှုများတွင် ဖန်တီးသူ၏ ကန့်သတ်ချက်များ ဘောင်များ ကွတ်ထားတတ်ကြပြီး ပြဇာတ်တစ်ပုဒ်လို ဖြစ်နေတတ်ကြတာ သနား စဖွယ် တွေ့ကြရတတ်ပါသည်။ သို့သော် စစ်မှန်သော ချစ်မြတ်နိုးမှုတွင်မူ မည်သည့် ကန့်သတ် သတ်မှတ်ချက် မပါဘဲ လွတ်လပ်ခြင်းနှင့် အဆုံးအစမဲ့ ကျယ်ပြန့်သော မေတ္တာဖြင့်သာ အချိန်အကန့်အသတ်မဲ့ တည်နေတတ်ပါသည်။ ကျွန်မ ချစ်သူကို ချစ်သော အချစ်သည် ထိုသူ တည်နေသော ချစ်ခြင်းမို့ ကျွန်မ ကံကောင်းပါသည်။ ကျွန်မ အချစ်ကို ရှာဖွေ တွေ့ရှိသော လူသား တစ်ယောက် အဖြစ် ကျေနပ်မိပါသည်။
ကျွန်မ ချစ်ခြင်းသည် ကန့်သတ်မှုများ ၊နယ်မြေများ၊ အချိန်များ၊ အတ္တများ စသည့် စသည့် အရာများ အားလုံးကို ကျော်လွှန်ခဲ့ပါသည်။

မိန်းမ တစ်ယောက်ရဲ့ အချစ်ဟာ နူးညံ့မှုတင်မက အရာအားလုံးကို ကျော်ဖြတ်နိုင်တဲ့ အားအင်နဲ့ပါ ပြည့် စုံနေတယ် ဆိုတာ ကျွန်မ သူနဲ့ ဆုံခဲ့ရတဲ့ အချိန်ကနေ အခုအထိ ရာသီတွေ ပြောင်းခဲ့သမျှကို ပြန်တွေးရင်း အတူ ကျော်ဖြတ် ခဲ့ကြတဲ့ ဆောင်း၊နွေ၊ မိုးတွေ။ ဝေးနေခဲ့ ဖူးတဲ့ အချိန်တွေ၊ အတူ ဖြတ်သန်းခဲ့သမျှတွေ ၊ မျှဝေ ခံစားဖူးတဲ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ကျရှုံးခြင်း၊ အောင်မြင်ခြင်း၊ ကြည်နူးခြင်း၊ အားငယ်ခြင်း စတဲ့ အရာအားလုံးဟာ ကျွန်မ ဘယ်လောက် ချစ်မြတ်နိုး တန်ဖိုးထား သလဲ ဆိုတာ ခံစားမိရုံနဲ့ သိနိုင်ပါရဲ့။ 
သူကျွန်မကို ပေးခဲ့ဖူးတဲ့ ပေးနေဆဲ ဖြစ်တဲ့ ခံစားချက် ရသတွေကိုလည်း ကျွန်မ မက်မက်မောမော ဖြစ်ဆဲ…ကျွန်မတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ညှို့ငင် လွှမ်းမိုး မိကြပြီလား….   
သူ့ကို ချစ်သော မိန်းကလေး ...
ကျွန်မမှာ ချစ်သူ ရှိပြီလေ။

2 comments:

စံပယ်ချို said...

လုံးဝကိုမှန်ကန်ပါတယ်
အချစ်သည် ဘ၀ကို အသက်ဝင်စေသောအရာလေ..............

သူ့ကို မြတ်နိုးသော စိတ်နှင့် ပင် ကမ္ဘာမြေပေါ်မှာ ကျွန်မ နေထိုင်ရတာ ကျေနပ်စရာ ကောင်းလှပါပြီ။ လူတစ်ယောက်မှာ ချစ်မြတ်နိုးစိတ် ဆိုတာ တန်ဖိုး အရှိဆုံး အရာပဲ လို့ ကျွန်မတော့ ထင်ပါသည်။

ချစ်မြတ်နိုး စိတ်ဟာ လူတိုင်း ဖြစ်ပေါ် ခံစား နိုင်တဲ့ အရာ မဟုတ်တာတော့ သေချာပါသည်။

အရမ်းလှတဲ့ အက်ဆေးကိုဖတ်ရတော့ ကော်ဖီခါးခါးတခွက်လိုပါပဲ အရသာရှိလှတယ်
ဆက်လက်ရေးသားနိုင်ပါစေနော်


Phyu said...

အားပေးတာ ကျေးဇူးတင်ပါတယ် စံပယ်ချိုရေ..