My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Tuesday, January 3, 2012

ဆရာနေ



သူ အသက်ရှင်ခဲ့တဲ့ အနှစ် ၅၀ အတွင်း ချစ်တဲ့ မြန်မာပြည်ကို အမှောင်တိုက်ကနေ လွတ်မြောက်ဖို့ သူ အစွမ်းကုန် မနေမနား ကြိုးစားတယ်။ စာတွေရေးပြီး ဥာဏ်အလင်းပြခဲ့တယ်။ သူ ကျောက်တုံးကို တွန်းခဲ့တယ်။ ချောတိုင် တက်ခဲ့တယ်။  ကျောင်းဆရာဘဝ နဲ့လည်း တိုင်းပြည်အနာဂတ်အတွက် မျိုးစေ့တွေလည်း ချခဲ့တယ်။ 

သူ့ နှလုံးသား တစ်ခုလုံးက တိုင်းပြည်ကို ချစ်တဲ့စိတ်၊ ကိုယ့် တိုင်းသူပြည်သားတွေကို ကောင်းစေချင်တဲ့ စိတ်နဲ့ပြည့်နေခဲ့တယ်။  

၊မြန်မာနိုင်ငံတော်ကြီးကို လည်း ပန်းတိုင်ရောက်၊ မြန်မာနိုင်ငံသားတွေကိုလည်း ပန်းတိုင်ရောက် စေပြီး တိုင်းပြည်အတွက် ကောင်းမွန်တဲ့  အနာဂတ်ကိုရစေချင်လို့ သူ့ကိုယ်သူ စတေးပြီး ချစ်ခဲ့တာများ၊ သူ့နှလုံးသားနဲ့ မဆန့်အောင်မို့၊  မနားတမ်း ကြိုးစားလွန်းတဲ့ သူ့ကို အခုတော့ နှလုံးရောဂါက အနိုင်ယူ အနားပေး လိုက်ခဲ့ပြီ တဲ့လား..... ။ 

သူဆိုတာ ကျွန်မရဲ့ ဆရာ၊ အဖေ တစ်ယောက်လိုပဲ ချစ်ခင်လေးစားရတဲ့။ ဒေါက်တာ နေဝင်းမောင်။ ကျွန်မတို့ အားလုံး ချစ်စနိုး ခေါ်ခဲ့တဲ့ ဆရာနေ။

ကျွန်မ ဆရာနေကို စတွေ့တဲ့ အချိန် ၂၀၀၁ ခုနှစ် ကနေ ၂၀၁၂ ခုနှစ် .. ၁၁ နှစ်ကာလအတွင်း ကျွန်မဘဝကို သူအလင်းပြခဲ့တယ်။ နောက်ဆုံး ကျွန်မ ကျောင်းကို ခဏပြန်ဦးမယ် ဆရာလို့ ပြောပြီး ကန်တော့ခဲ့တဲ့ အချိန်က ဆရာ့ကို လူကိုယ်တိုင် နောက်ဆုံး တွေ့ခဲ့တဲ့ အချိန်။
ကျွန်မသူ့ကိုနောက်တစ်လဆိုပြန်တွေ့ရပြီလို့ထင်နေခဲ့တာ။ခုတော့ဘယ်တော့မှ ပြန်မတွေ့နိုင်တဲ့ဆီကို ဆရာ သွားနှင့်ပြီ။


Livingcolor Magazine မှာ  ကြော်ငြာတာဝန်ခံ အလုပ်စဝင်တဲ့ အချိန်က စပြီး အစည်းအဝေးတိုင်းမှာ အံ့သြစရာ စကားတွေ ချည်းပဲ စကြားရတယ်။  အရင် ကျွန်မ သိခဲ့တာက  စီးပွားရှာတာက ငွေများများရဖို့၊ လူတွေ အလုပ်လုပ်တာ သူတို့ ကြီးပွားဖို့  ခုတော့ ..  ဘယ်လိုလူပါလိမ့်။ ဒါနဲ့ပဲ သူ့ကို စူးစမ်းရင်း သူ့ စိတ်ဓာတ်တွေ ကျွန်မသွေးထဲ စီးလာခဲ့တယ်။ 
ဆရာက ကျွန်တော်တို့ ကြီးပွားဖို့ စာဖတ်သူတွေ မျက်စိထိခိုက်မယ့် စာရွက်သားမျိုးနဲ့၊ Recycle လုပ်လို့မရတဲ့ စာရွက်တွေ မသုံးချင်ဘူး ။ ကြော်ငြာရဖို့အတွက်နဲ့ စာရွက်အသားကောင်းကြီးတွေပဲ သုံးဖို့မလိုပါဘူး။  စောင်ရေကို လိမ်မပြောပါနဲ့။ ရိုးသားပါ။  ကြော်ငြာရှင်မို့လို့ မဝေဖန်ရဲ  ပြည်သူဆီ အမှန် မတင်ပြရဲ ဖြစ်မယ်  ဝန်ထမ်းအားလုံး ပွဲသွားတက်ရင် လက်ဆောင် လုံးဝမယူပါနဲ့။ မီဒီယာဟာ Watch Dog Role ကို ယူထားရတာ ပြည်သူတွေ ဘက်က ရပ်ရမှာ၊ ဘယ်သူ့ လက်အောက်မှ ရောက်လို့ မရဘူး။   

ရုံးမှာ စာကြည့််တိုက် ထားပေးတယ်။ သူကိုယ်တိုင်လည်း ဘယ်စာအုပ်လေးတွေ ဖတ်လို့ သတိတရ ညွှန်ပြ တတ်တယ်။ သူကိုယ်တိုင်လည်း စာတွေ မပြတ် ဖတ်တယ် ရေးတယ်။ သူကိုယ်တိုင် သူတပါးကို လေးလေးစားစား ဘယ်လောက် ငယ်သူ ဖြစ်ဖြစ် ခင်ဗျားနဲ့ ကျွန်တော် လို့ သုံးတတ်တယ်။ ပြောစရာ ရှိရင်တော့ တဲ့တိုးကြီး ပြောချတတ်သလို၊ သူ့ကိုလည်း အဲလို ပြောတာကို ကြိုက်တယ်။ သူကိုယ်တိုင် အာဏာရှင်ဆန်တဲ့ ဓလေ့တွေကို လက်တွေ့ကျကျ ဆန့်ကျင်သူ။ သူ့ကို ခခယယ လုပ်နေတာမျိုး မကြိုက်ဘူး။ ပွင့်ပွင့် လင်းလင်း ဝေဖန်ပြီး ထက်ထက်မြက်မြက် ထောက်ပြတတ်တဲ့ တပည့်တွေကို ပိုသဘောကျတတ်တော့ သူနဲ့ ကျွန်မတို့ရဲ့ ဆက်ဆံရေးက ပွင့်လင်းပြီး မိသားစု ဆန်တယ်။

တစ်နေ့ ခင်ဗျား ရုံးတက်ချိန်မဟုတ်တဲ့ မနက်ပိုင်းနဲ့ ညနေပိုင်းတွေ ဘာလုပ်လဲတဲ့ ဆရာကမေးတော့ အမြဲ ဘိုသီဘတ်သီ ပြေးလွှားနေတာ ကြည့်မရများ ဖြစ်နေပြီလားလို့ ကျွန်မ စိတ်ထဲမှာ တွေးဖြစ်တယ်။ အဲဒီအချိန်က ကျွန်မမနက်ဆို MHR မှာ Sales and Marketing course တက်၊ ညနေဆို RC 2 က စီးပွားရေးတက္တသိုလ်မှာ ကျောင်းတက်၊ အလုပ်အားရက် လုပ်အားပေး အလုပ်က တစ်ဖက်၊ ဟိုစပ်စပ် ဒီစပ်စပ်နဲ့  အယ်ဒီတာ ဦးကျော်နိုင်တို့မြှောက်ပေးလို့ တစ်ခါတစ်ခါ ကြုံသလို စာဝင်ရေးသေးတယ်။ The Voice စထွက်ခါစ စာလေးလေးကြီးတွေ လို့ ဆိုပြီး လူဖတ်မများသေးတဲ့အချိန် ပြည်တွင်း မီဒီယာတို့ ထုံးစံအတိုင်းပြည်ပလို Funding အားကိုး မဟုတ်တော့ ဆက်ပြီး ရှင်သန် ရပ်တည်ရေးအတွက်  ကြော်ငြာ ဝင်ငွေအတွက်ရော၊ စာဖတ်သူတိုးပွားရေးအတွက်ပါ  အစွမ်းကုန် ကြိုးစားရတဲ့အချိန်ကိုး ကျွန်မကို ကြည့်လိုက်ရင် အမြဲ ပြာယာခတ်နေလို့ ဆရာ မျက်စိနောက်လောက်တာပေါ့။ ဒါပေမယ့် ကျွန်မ ထင်တာ မှားပါတယ်။  

ခင်ဗျားလို ကြိုးစားတဲ့ သူက နိုင်ငံခြားကျောင်းသွားတက် ပြီးရင် တိုင်းပြည်အတွက် ပြန်လာအလုပ်လုပ်ရင် ပို ပေါက်ရောက်မယ်။  အဲလို လုပ်နိုင်အောင် ကြိုးစားလေဗျာ။ ဟုတ်ကဲ့ ကျွန်မ ကြိုးစားပါ့မယ်။ အခုတော့ မဖြစ်နိုင်သေးဘူး နောက်တစ်နှစ်လောက်မှ ပေါ့ဆရာ။ ကျွန်မတဝန်ယူထားတဲ့ ကြော်ငြာပိုင်း ဝင်ငွေ စိတ်ချရမှ လို့ ပြန်ပြောတော့။ ဆရာက ဒါတွေ ထားလိုက်ပါ။ ကျွန်တော့် စီးပွားရေးထက် တိုင်းပြည် အနာဂတ်က အရေးပါတယ်။ အနာဂတ်မှာ တိုင်းပြည်အတွက် ခင်ဗျားတို့ ကြိုးစားတဲ့ လူငယ်တွေရဲ့ အားတွေ ပိုကောင်းလာဖို့ လိုတယ်။ ကြိုးစားစရာ ရှိတာ ကြိုးစား။

လောက မှာ ပညာက အရေးအကြီးဆုံး ပိုက်ဆံနဲ့ အာဏာနောက်ကိုတော့ မလိုက်မိစေနဲ့။ ခင်ဗျား ပညာရှိလာပြီးဆိုရင်တော့ သူတို့က ခင်ဗျားနောက်ကို လိုက်လာကြမှာ အဲဒီကြရင်လည်း ပညာနဲ့ သုံးသတ်တတ်ဖို့ အရေးကြီးရော၊ ပညာသာ အဓိက ဗျ။ ခင်ဗျား ရည်းစားကို သင်တန်းလာတက်ခိုင်း  ဒါမှ မဟုတ်ရင် ခင်ဗျားတို့ အတွေးအခေါ် မတူတဲ့နေ့ ကွဲသွားကြဦးမယ်။ အဲဒီလို တိုင်းပြည်ရဲ့ အနာဂတ်၊ တပည့် တွေရဲ့ပညာရေးအပြင်၊ ဘဝခရီး အတွက်ပါ စိတ်ပူပေးတတ်တဲ့ဆရာပါ။ ကျွန်မ ပထမ ရည်းစားနဲ့ ကွဲတော့လည်း ဆရာက ခင်ဗျား ကံကောင်းတာပါတဲ့။သူ့စကား တစ်ခွန်းနဲ့တင် ကျွန်မ စိတ်ပြန်ထူထောင်လာခဲ့တယ်။  ဆရာက ကျွန်မကို စိတ်ဓာတ်အင်အားတွေ အများကြီး ပေးခဲ့တယ်။ တပည့်တွေရဲ့ အနာဂတ် မတိမ်းစောင်းဖို့ အမြဲလမ်းပြတယ်။ တပည့်တွေရဲ့ အရည်အချင်းကို မြှင့်တင်ပေးတယ်။ သူတပည့်တွေရဲ့ အရည်အသွေး ကို သူက ယုံကြည်သလို၊ ကျွန်မတို့ တပည့်တွေကလည်း ဆရာ့ စကားဟာ ကျွန်မတို့ ဘဝအတွက် အားအင်တွေပဲ။ ကျွန်မတို့ ဆရာတပည့်တွေ ကြားမှာ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုရှိ ကြတယ်။


ဆရာဟာ တိုင်းပြည်အတွက် အလုပ်လုပ်နေချိန် အမြင်မတူသူတွေရဲ့ ဝေဖန်ပြောဆိုခံရတဲ့ အချိန်မှာ ဆရာ အပြုံးမပျက်ပါဘူး။ ဝေဖန် တိုက်ခိုက် ခံရမှုတွေထက် တိုင်းပြည်ရှေ့ရေးကိုသာ တွေးတော နိုင်ဖို့ ဆရာ အာရုံထဲမှာ ရှိခဲ့တယ်။ ဆရာ့တပည့်ပါလို့ ရောက်တဲ့ နေရာမှာ ရဲရဲ ပြောဝံ့တဲ့ ကျွန်မတို့လည်း ကြုံရင် ကြုံသလို ပြောဆိုခံခဲ့ရ ဘူးပါတယ်။ ကျွန်မ ပြန်ပြောနေကြ စကားက ကျွန်မ ဆရာကို ဘယ်လိုမြင်လဲလို့မေးရင် ချီးမွမ်းခန်းတွေ နားထောင်သွားချင်လို့လား ဆိုတာပါပဲ။ ခင်ဗျား သူနဲ့ အမြင်အားလုံး တူတူပဲပေါ့ ဟုတ်လားလို့ ခပ်ထေ့ထေ့ ပြန်မေးခံရရင် ကျွန်မ ပြန်ပြောတဲ့ စကားက လူပဲ အမြင်မကွဲတာ ရှိမလား.. လူတွေပဲလေ ဒါပေမယ့် ဆရာဟာ အမြင်မတူတာတွေကို လက်ခံတတ်တဲ့သူပဲမို့ အမြင်မတူတာ ရှိရင် ကျွန်မ သူ့ကို တိုက်ရိုက် သွားပြောလိုက်ရုံပဲ။ သူများကိုပြောနေစရာ မလိုဘူး။  နောက်ပြီး ကျွန်မတွေး နိုင်တာထက် အများကြီး  ဆရာက ရှေ့ကို တွေးနိုင်တယ် ကျွန်မ ဘာလို့ သူနဲ့ ဒီနေရာမှာ အမြင် မတူရပါလိမ့်လို့ လိုက်လေ့လာလေ ကျွန်မအတွက် ပို တိုးတက်တဲ့ အမြင်ကို ရလာလေပါပဲ။ ကျွန်မ ဆရာနဲ့ ကျွန်မတို့ ကြားက ပွင့်လင်းတဲ့ ဆက်ဆံရေးက အဲဒီလိုလို့  ပြန်ပြောခဲ့ဖူးတယ်။ 


သူ လူတွေကို ပြုစုပျိုးထောင်ပေးပေမယ့် ဘယ်သူ့ကိုမှ ဘာဂတိနဲ့မှ မချုပ်ချယ်တတ်ဘူး။ လူတွေကို တန်ဖိုးထားတယ်။ ဘယ်နေရာပဲ ဖြစ်ဖြစ် တိုင်းပြည်အတွက် အလုပ်လုပ်နေရင် ပြီးတာပဲတဲ့။ သူတို့ အရည်အချင်းတွေ တက်လာဖို့ပဲ အရေးကြီးတယ်တဲ့ ။ သူ့စေတနာကို အမြင်လွဲတဲ့ တချို့ တပည့်တွေ ကိုလည်း သူ အပြစ်မတင်ခဲ့ပါဘူး။ စေတနာကို အနှောင်အဖွဲ့ ကင်းကင်းနဲ့ ထားတတ်တဲ့သူပါ။ 


ဆရာဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ် ယုံကြည်ရာကို တစ်စိုက်မတ်မတ် ကြိုးစားခဲ့သူမို့ ဆရာ့မျက်နှာပေါ်မှာ သူ့စေတနာ မှန်ကန်မှုက ပေါ်နေတယ်။ ဆရာ့ စကားသံတိုင်း၊ ဆရာ့ ရေးတဲ့ စာတိုင်းက ပေါ်နေတယ်။ တစ်ခါ တစ်ခါ တဲ့တိုးပြောတတ်တဲ့ သူအကျင့်ကြောင့် ရေးတာ သားတာ ကြမ်းလှချည်လို့ နာမည်ထွက်ပေမယ့် ကြမ်းလှပါတယ် ဆိုတဲ့ စာမှာလည်း စေတနာကို အထင်းသား တွေ့နိုင်ပါတယ်။ ဆရာနေ ဆရာဝန်ပေါက်စ ဘဝက ဆေးခန်းဖွင့်တော့  တုပ်ကွေးဖြစ်တဲ့သူ လူနာကို  ရေသောက်ပြီး ကောင်းကောင်းနား လိုက် ကောင်းသွား လိမ့်မယ်။ ဆေးသောက် စရာ ဆေးထိုးစရာ မလိုပါဘူး။ ဆေးဖိုးလည်း ပေးစရာ မလိုပါဘူး လို့ ပြောလို့  အဲဒီ လမ်းကပဲ နောက်ဆေးခန်း တစ်ခုကို ထပ်သွားတာကို သူ့ခမျာ မချင့်မရဲဖြစ်ခဲ့ ဖူးပါတယ်။ သူက အဲလို လူလေ။


လက်တွေ့ကျကျနဲ့ ပညာရှင် ပီပီ သသ နိုင်ငံရှေ့ရေးကို တွေးမြင် နိုင်တဲ့သူ၊ အပြောင်းအလဲအတွက် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာတွေကို ကြံ့ကြံ့ခံ၊ ဥာဏ်ကြီးကြီးနဲ့ ရှေ့ဆောင်ပြီး လက်တွေ့ကျကျ နိုင်ငံရေးအရွေ့ ကို ဖန်တီးကြိုးစားခဲ့သူ၊ သူ့ရဲ့ ကြိုးစားပင်ပန်းခဲ့ရသမျှဟာ အခုတော့ အညွှန့်အဖူး ဝေစပြုနေပါပြီ။ ကမ္ဘာမှာလည်းမြန်မာရဲ့ အကောင်းဘက်ကို ဦးတည်တဲ့ အပြောင်းအလဲ အတွက် အားလုံးက ဂရုတစိုက် ရှိနေကြပြီ။ပြည်တွင်းမှာလည်း အပြောင်းအလဲတွေကို ရေးပြစရာ မလိုအောင် တွေ့နေကြပြီ။ ဒီလိုအချိန်မှာ ဆရာကတော့ သူရဲ့နောက်ဆုံး မှာကြားချက်လိုမျိုး တိုင်းပြည်အတွက် ဆက်ပြီး လှော်လည်း လှော် ပြင်လည်းပြင် ဖို့ မှာပြီး မထင်မှတ်ဘဲ ခွဲခွာ သွားခဲ့ပါပြီ။   


ဆရာ့ကို ဆုံးရှုံးရတာ တိုင်းပြည်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လူတော် တစ်ယောက် ကျွန်မတို့အတွက် အစားမထိုးနိုင်တဲ့ ဆရာတစ်ယောက်ကို ဆုံးရှုံးရတာပါ။ 


ဆရာ့ရဲ့ ပြိုင်တူ တွန်းလျှင် ရွေ့နိုင်ပါသည် ဆိုတဲ့ အတိုင်း ဆရာ ပိတ်နေတဲ့ နိုင်ငံရှေ့ရေးကို သူပုခုံးနဲ့ ထမ်းပြီး အားသွန်ခွန်စိုက် တွန်းလိုက်တာများ၊ သူ့ခန္ဓာက ခံနိုင်ရည် ထက်ပိုတဲ့ ဆန္ဒဇောတွေနဲ့  နေ့မအား ညမအား တွန်းခဲ့သူပါ။ အဲဒီအတွက် သူ စီးကရက်တွေနဲ့ အားယူခဲ့တယ်။ ကျွန်မတို့လည်း ပါးစပ်က ဆရာရယ် ဆေးလိပ် လျှော့ပါဦးလို့ ပြောမိပြီး လက်တွေ့ကတော့   duty free ရောက်ရင် ဆရာ့ကို သတိရတတ်သလို ဆေးလိပ်ရောင်းတဲ့ဆီ လူက ရောက်သွားတတ်တာ ကျွန်မ အကျင့်လို ဖြစ်နေပြီ။ အခုတော့ ကိုယ့်အကျင့်ကို ကိုယ်မုန်းမိတယ်။ သူစီးကရက်နဲ့ အားယူခဲ့သမျှ အခု စီးကရက်တွေက သူ့အသက်ကို ပြန်ယူ သွားတာလား။ တိုင်းပြည်ရဲ့ မျှော်လင့်ချက် အနာဂတ် အဖူးလေးတွေကနေ အပွင့်ဖြစ်လာဖို့ တာဝန်က ကျွန်မတို့ ဆီမှာသူချန်ထားရစ် ခဲ့ပြီး သူထွက်သွားပြီ။


မနှစ်က ရန်ကုန်ပြန်ရောက်တော့  ကျွန်မ အဖေရဲ့ ကျန်းမာရေးကြောင့် သီးစစ်ရေးဖို့ ခဏထားပြီး  အဖေ့ကို ဂရုစိုက်ဖို့နဲ့ အိမ်အတွက်  မြန်မာပြည်မှာ ကြာဦးမယ် ဆရာ၊ ကြာမယ့်တူတူ အလုပ်ပြန်ဝင်တော့မယ် ဆိုတော့ ကျွန်မ ပြန်တိုင်း စာဝင်သင်ဖို့ သူပြောနေကျအတိုင်း။  အိုခေ ဒါဆို အရင်အလုပ်နေရာအပြင် Myanmar Egress မှာလည်း စာသင်မလားတဲ့။ ဟုတ်ကဲ့ သင်ချင်တာပေါ့ဆရာ ဆိုတော့ .. ဘာသင်မလဲတဲ့။ ကျွန်မ လူမှုအရင်းအနှီးအကြောင်းနဲ့ လူမှုအဖွဲ့အစည်း၊ ပါတီ တွေနဲ့ အပြင် ယုံကြည်မှု တည်ဆောက်ရေး ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စတွေ အတွက်ပါ အရေးပါတဲ့ အကြောင်းတွေကို သူကို ဆွေးနွေးပြီး အဲဒါ သင်ချင်တယ် ဆရာ ဆိုတာနဲ့ အိုခေ။ အဲဒါ သင်ပေတော့ ဗျာတဲ့။ ဆရာမို့ သူဘာသင်ဆို ကျွန်မ သင်ဖြစ်မှာပဲ ဒါပေမယ့်  သူကတော့ သူတပါးကို အဲဒီလို ယုံကြည် နေရာပေးတတ်သူပါ။ လွတ်လပ်စွာ ရှင်သန်ခွင့် ပေးသူပါ။


 မန္တလေးကို ဆရာအပါအဝင် အဖွဲ့နဲ့ သင်တန်းသွားပေးရတဲ့ ခရီးကိုတော့ ကျွန်မ ဘဝမှာ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။  ဆရာ့အမျှော်မြင်ရှိတဲ့ စကားတွေကို အေးအေးဆေးဆေး အနီးကပ် နားထောင်ရတဲ့အပြင် မန္တလေးသား ဆရာက အစားကောင်းမက်တဲ့ ကျွန်မတို့ကို  ငယ်ငယ်ကတည်းက သူစားတဲ့ဆိုင်တွေကို ကျွန်မတို့ကို လိုက်ကျွေးပြီးတော့  ဟောဟိုမှာ တွေ့လား ချက်နေတဲ့ နေရာရဲ့ အပေါ်က ကျပ်ခိုးအမဲတွေကို ကြည့်လိုက်တဲ့ အဲဒါ ဒီဆိုင်ရဲ့ Experience ကို ပြတာလို့ ပြောတတ်တဲ့ ဆရာရဲ့ စကားသံတွေ။ 


တိုင်းပြည်ရေးရာ အလုပ်များတဲ့ ဆရာက သူ့တပည့်တွေ ဘယ်လို နေနေရလဲ၊ ဘာတွေ လိုအပ်လဲ၊ ရှေ့ရေးဘယ်လိုရှိ မလဲ  ဆိုတာကိုလည်း မျက်ချေမပြတ်တတ်တဲ့ သူပါ။  တပည့်တွေ ရှေ့ရေး ၊ ဘဝအရေး အတွက်ပါ စိတ်ကူးပေါ်သလို ထည့်တွေးပေးတတ် ဂရုစိုက်တတ်တဲ့ ဆရာ။ဆရာ တာဝန် ကျေပွန်သူ၊ မေတ္တာပေးတတ် ဂရုစိုက်တတ်တဲ့ ဆရာပါ။


ဒါ့အပြင် အန်တီစုနဲ့ သွားတွေ့တုန်းကတောင် NLD ရုံးရှေ့မှာ သူ့ကို ဘယ်သူလဲလို့ တစ်ချက်မမေး ရုံးထဲအထိဝင်ပြီး အန်တီရုံးခန်းနား ရောက်မှ သူ့ကိုယ်သူ မိတ်ဆက်ပြီး အထဲဝင် အန်တီနဲ့ တွေ့ရလို့ ။ အန်တီ့ လုံခြုံရေး အတွက်တောင် စိတ်ပူတယ်လို့ပြောခဲ့သေးတဲ့သူ။  နိုင်ငံအတွက်၊ ပတ်ဝန်းကျင်က လူတွေ မိတ်ဆွေတွေအတွက် စိတ်ပူတတ်ပြီး သူ့ ကျန်းမာရေးကြတော့ သူ အဲဒီလို ဂရုမစိုက်ခဲ့ဘူး။  


ဆရာက သူ့တပည့်ကျွန်မတို့တွေကိုတော့ စမတ်ကျကျ လှစေချင်တယ်။ တပည့်တွေ နေရေး ထိုင်ရေး၊ စားရေး သောက်ရေး လူတန်းစေ့ ရေး အတွက် စိတ်ပူပေးတတ်ပေမယ့် သူကိုယ်တိုင်တော့ ပါပလစ်ကာ အစုတ်လေး၊ အထည်ချုပ်ထုတ် ဘောင်းဘီတို၊ စပို့ရှပ်လေးနဲ့ စီးကရက် တစ်လိပ် လက်ကြားညှပ်လို့ ခပ်ရိုးရိုး ခပ်ကုပ်ကုပ်။ မလိုအပ်တဲ့ အချိန်ဆို ရှိုးမထုတ်တတ်တဲ့သူ။ 


ဟိုအရင်နှစ်တွေ တုန်းက စတော်ဘယ်ရီချစ်သဲရှင်.. အခုနောက်ပိုင်း အမြဲလို ဆိုတတ်တတ်တဲ့ ရှမ်းပဲပုတ် ကျောင်းဆင်းပွဲတွေနဲ့ ပါတီတိုင်း မိုက်ခဲလုပ်ပြီး  ဝင်ကခိုင်းပြီး သူ့ကို အားနာပြီး ရှိန်နေမှာ စိုးလို့ တပည့်တွေကို ပျော်အောင် ပွဲစည်အောင် လုပ်ပေးတတ်ပြီး  ပျော်တတ်တဲ့ ဆရာ ကျွန်မတို့ကို ထားခဲ့တာ မယုံချင်သေးဘူး ဆရာရယ်။ 


ဆရာနဲ့ ကျွန်မတို့ ကြားမှာ စာချုပ်မပြောနဲ့ နှုတ်ဂတိတောင် ကိုယ်မပေးဘဲ သူတောင်းတဲ့ ဂတိဆိုတာ မရှိခဲ့ပါဘူး။ သူကသာ ပေးချင် ပေးပါလိမ့်မယ်။ ဒါပေမယ့် ဆရာ ရင်ထဲမှာ ဘာဖြစ်ချင်တယ်။ ကျွန်မတို့ စိတ်ထဲမှာ ဘာဖြစ်ချင်တယ် ဆိုတာတွေကို အလိုလို  မပြောလည်း  သဘောပေါက် နားလည် ခဲ့ကြတာ ဆရာ စစ်မှန်တဲ့ စေတနာနဲ့ မေတ္တာတရားတွေကြောင့်ပါ။ ကျွန်မနဲ့ဆရာ့ ကြားမှာ နှုတ်က မပြောတဲ့ စိတ်ဂတိတွေ ရှိတယ်။


ဆရာဆုံးပြီ ဆိုတော့ ကျွန်မ ဘယ်လိုမှ မယုံနိုင်ဘူး။ ပြန်လာဖို့ ကြိုးစားတော့ မြေကျ မမီတောဘူးတဲ့ ။ ပြန်မလာဖြစ်တော့ပေမယ့် LC အယ်ဒီတာချုပ် ကိုကျော်မင်းဆွေရဲ့ အားပေးစကားလိုပဲ ဆရာ့ နာရေး မီမမီထက် ဆရာ ဖြစ်စေချင်တဲ့ တိုင်းပြည်အတွက် အလုပ်လုပ်တဲ့ သူ ဖြစ်ရင် ဆရာ ကျေနပ်မှာပါဆိုတာ ကျွန်မ သိပါတယ်။ 


ဒါကြောင့် ဆရာ့ဟာ သူ့နှလုံးသားထဲမှာ တိုင်းပြည်ကို နေရာအပြည့် ပေးခဲ့သလိုမျိုး ကျွန်မတို့ကိုလည်း တိုင်းပြည်အတွက် နှလုံးသားထဲမှာ နေရာပေး ကြိုးစားစေချင်တယ်ဆိုတာ ကျွန်မတို့ သိပါတယ်ဆရာ။
ဆရာ့မြေကျ မမီတော့ ကျွန်မ ပြန်မလာဖြစ်တော့ပေမယ့် ကျွန်မ ဆရာ့ကို စိတ်ထဲက ပေးတဲ့ ဂတိကို ဆရာ ကြားနိုင်ပါစေ။ ကျွန်မ ဆရာ ဖြစ်စေချင်တဲ့ သူ ဖြစ်အောင် အတတ်နိုင်ဆုံး ဆက်ကြိုစားမှာပါ။ 


 ဆရာ လောကကြီးထဲက ထွက်သွားတာ သိပ်စောတာပဲ ဆရာ.. အခုအချိန်ထိ မယုံချင်သေးဘူး... ဖြစ်နိုင်ရင် သေမင်းဆီက ငါ့ဆရာ ပြန်ပေးလို့ လိုက်လုချင် စိတ်ဖြစ်မိတယ်။ ကျွန်မစိတ်ထဲက အဲလို ဖြစ်တာကို ဆရာသိရင် ဆရာကိုယ်တိုင် တရားနဲ့ ဖြေပါလို့ပြောဦးမှာလား။ 


ဆရာ ကျွန်မတို့ ရင်ထဲမှာ အမြဲ ရှင်သန်နေပါတယ်။ ဆရာ ရှိနေပါတယ်။ ဆရာ စိတ်ချလက်ချငြိမ်းချမ်းစွာ အနားယူပါတော့ ဆရာ... 



အဝေးကိုရောက်နေတဲ့အတွက်ဆရာ့ကို မမြင် လိုက်ရ မကန်တော့လိုက် ရတာ.. ကြေကွဲရလို့ .. .ဆရာ့ကို ဒီစာလေးနဲ့ ကန့်တော့လိုက်ပါတယ်။ 


ဆရာ့ တပည့်
ဖြူဖြူသီ (အလွမ်းပြေ)

........................................... 




 ဒေါက်တာ နေဝင်းမောင် ( ခ) ဆရာနေ (၁၉၆၂ - ၂၀၁၂) ကိုယ်ရေးအကျဉ်း


အမည်ရင်း » နေဝင်းမောင်


ကလောင်အမည် » အောင်ထွဋ်၊ ကျော်စွာ၊ အခြားကလောင် အမည်များစွာနှင့် စာရေးသည်။


မွေးသက္ကရာဇ် » ၁၉၆၂ ခုနှစ်


ပညာအရည်အချင်း » ၁၉၈၈ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ M.B.,B.S ဘွဲ့ ရရှိ၍ ၂၀၀၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု YALE တက္ကသိုလ် World Fellows Program တွင် နိုင်ငံရေးသိပ္ပံ ဘာသာအထူးပြုဖြင့် Fellowship ရရှိ။


အလုပ်အကိုင် »


1. Founder/ Chief Executive/ Policy Director/ Writer (Living Color Media & The Voice Weekly)
2. Founder/ Secretary General  (Myanmar Egress)
3. Program Director/ Faculty/ Training Expert (Myanmar Egress Capacity Development Center)
4. Founder/ Board of Governors (Network Activities Group (Myanmar))

6 comments:

jacquelin123 said...

တကယ် အလွမ်းပြေမိပါတယ် အစ်မရယ်...
အစ်မလိုတော့ ဖွဲ့ဖွဲ့နွဲ့နွဲ့ မရေးတတ်ပေမယ့် အစ်မလိုပဲ ထိထိရှရှ ခံစားရတာပါ..

JulyDream said...

ဆရာနေဝင်းမောင်အကြောင်း သိချင်ဖတ်ချင်နေတာနဲ့ အတော်ပဲ ဖြစ်သွားတယ်။

တကယ်ကို ကျေးဇူးတင်ပါတယ်။ သူနဲ့ ပတ်သက်ပြီး ကျွန်တော် မသိသေးတာတွေ အများကြီး ရှိပါသေးတယ်။ လူတွေ ဘာကြောင့် သူ့ကို ချစ်ကြသလဲ ကျွန်တော် မသိပါ။ ကျွန်တော်နဲ့လည်း အနေဝေးခဲ့တာကိုး။ အဲဒါကြောင့် သူ့အကြောင်း ရေးထားသမျှ တက်လာသမျှစာတွေ လိုက်ဖတ်ပါတယ်။

မြန်မာပြည်က လူထုအတွက် အတော်ကို ကြိုးစားခဲ့တဲ့ လူတယောက်အဖြစ် ချီးကျူးပါတယ်။ တိုင်းပြည်ကို တကယ်ချစ်မချစ်ဆိုတာ လက်တွေ့ပြခဲ့သူ တယောက်အဖြစ် လေးစားပါတယ်။

ကျွန်တော် သူ့အကြောင်း သိခဲ့ရတဲ့အချိန်မှာ သူ လူ့လောကမှာ မရှိတော့တာ ကြေကွဲစရာပါပဲ။

thinzarwhite said...

အရမ်းကျေးဇူးတင်တာပဲ အမရယ်။ ဆရာနေရဲ့ ကျေးဇူးတရားတွေကို အောက်မေ့ပြီး ကြိုးစားချင်စိတ်တွေ တဖွားဖွားပေါ်လာမိပါတယ်။ အမ စာကိုဖတ်ပြီး တကယ် အားတက်လာပါတယ်။ ဆရာမရှိတော့ပေမယ့် ကျွန်မတို့တွေ ပြိုင်တူ ရွေ့အောင်ဆက်တွန်းကြရမှာပါ။

Nan Mya Depa said...

ဆရာ အတွက် အလွမ်းပြေရေးထားတာလေးကို ရတာ မျက်ရည်တောင်လည်မိပါတယ် ဆရာ အကြောင်းတွေ သိပ်မသိပေမယ့် ဆရာနဲ့စာသင်ခွင့် ရခဲ့တဲ့ တစ်လျှောက်မှာ .......... ရေးထားတာ အားလုံးကို တကယ်ခံစားမိပါတယ် ရေးထားသလိုပဲ ဆရာကို သေမင်းဆီက ပြန်လုချင်ပါတယ်
စဉ်းစားမိလေ မကျေနပ်နိုင်ဖြစ်ရပါတယ် ဒေါသလည်း ထွက်ရတယ်........... ဒါပေမယ့် အပူအပင်ကင်းတဲ့ နေရာ ၊ ငြိမ်းချမ်းတဲ့ နေရာမှာ ဆရာ နားခိုနိုင်ပြီပေါ့လို့ပဲ တွေးရမှာပါလေ.......

MMT said...

အရမ်းကျေးဇူးတင်ပါတယ် အစ်မရယ်...ကျွန်မသာငွေနောက်မလိုက်ခဲ့ရင် ဆရာရဲ့ အနားမှာ ဆရာရဲ့အဖိုးမဖြတ်နိုင်တဲ့ စကားတွေအတွေးအခေါ်တွေကို အနီးကပ်ကြားခွင့် သင်ခွင့် ရနေမှာ ..မဝေးတော့တဲ့အချိန်မှာ ငါ သင်ခွင့် ကြားခွင့် ရမှာပါလေဆိုပြီး ခုတော့ ...ဘယ်တော့မှ မရနိုင်တော့ဘူး...အရမ်းဝမ်းနည်းရပါတယ်...

ANM said...

ဆရာ့ နာရေး မီမမီထက် ဆရာ ဖြစ်စေချင်တဲ့ တိုင်းပြည်အတွက် အလုပ်လုပ်တဲ့ သူ ဖြစ်ရင် ဆရာ ကျေနပ်မှာပါဆိုတာ ကျွန်မ သိပါတယ်။ i