My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Thursday, December 29, 2011

Bye Bye 2011 ... Welcome Happy New Year 2012!




Bye Bye …  




၂၀၁၁ .. ကို ပြန်လှည့် ကြည့်လိုက်မိတော့ … 


“ အနှစ်သက်ဆုံးအလုပ်တွေကို လုပ်ခွင့်ရတာ ဘဝမှာ ကျေနပ်စရာပါပဲ”
ကျွန်မ အလုပ်ချင်ဆုံး အရာတွေက စာဖတ်တာ၊ စာရေးတာ ၊ ခရီးသွားတာနဲ့ စာသင်တာပါပဲ။ 2011 မှာ ကျွန်မ အနှစ်သက်ဆုံး အရာတွေကို လုပ်ခွင့်ရခဲ့တယ်။ နယ်တွေကို ခရီးသွားပြီး ရွာတွေမှာ စာသင်ခဲ့ရတယ်။ လူ့ဘဝတွေကို ထဲထဲဝင်ဝင် လေ့လာခွင့်ရတယ်။  စာသင်တော့ သင်ရမယ့် အကြောင်းအရာရော ဆက်နွယ်တဲ့ ပြင်ပဗဟုသုတရော အတွက်ပါ စာဖတ်ရတယ်။ နောက် Blog လည်း နှစ်ကုန်ကာနီး လောက်မှာ မှန်မှန် ပြန်ရေးဖြစ်တယ်။

“ကိုယ်ချစ်တဲ့ သူတွေနဲ့ ပတ်သက်ရင် နောင်တဆိုတာ ဘယ်တော့မှ မရချင်ဘူး”
2011 ခုနှစ် တစ်နှစ်လုံး က အခက်အခဲတွေကြားမှာ ထူသားပေသားကျကျ လှုပ်ရှားရုန်းကန်နေခဲ့တယ်။ ငါ ဆိုတာ ပျောက်နေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် အခု ပြန်တွေးကြည့်တော့ ကျွန်မ ကျေနပ်ပါတယ်။ ကျွန်မ ကျွေးဟောင်းဆပ်ခွင့်ရခဲ့တယ်။ ပေးဆပ်ခြင်းဟာလည်း ဘဝမှာ လုပ်သင့်တဲ့ အရာတစ်ခုပဲ မဟုတ်လား။ 


“ဘဝဆိုတာ မွေးနေ့ကနေ သေနေ့ကို သွားနေရတာပဲ”
ကိုယ် ချစ်ခင်ရတဲ့ သူတစ်ယောက် ကိုယ့်လက်ပေါ်မှာ လောကကြီးကနေ ထွက်သွားတာကို တွေ့ရတဲ့ သူရဲ့ စိတ်ထဲမှာ ဘယ်လို နေမလဲ ဆိုတာ ခံစားဘူးရင် သိမှာပါ။ ကျွန်မ ဖေဖေ ကျွန်မလက်ပေါ်တင် ဆုံးတော့ သူ့အချစ်ဆုံး ကျွန်မရဲ့ ငိုသံဟာ သူ့ခရီးလမ်းကို မဖြောင့်မှာ စိုးလို့ ကျွန်မ မငိုခဲ့ဘူး။ ဒါပေမယ့် အဲဒီ အချိန်ကနေစပြီး ငိုလို့ မရတော့ဘူး။ ရင်ထဲမှာ ပြည့်ကျပ်နေတဲ့ ခံစားချက် တစ်ခုက ရှိနေခဲ့တယ်။ ကျွန်မ ပြန်ငိုလို့ရတာ လပိုင်းပဲ ရှိသေးတယ်။
စိတ်ထဲမှာ ဘာမှ မမြဲတဲ့ လောကကြီးဆိုတာနဲ့ ဘာဖြစ်ဖြစ် သေနေ့ကို သွားနေတာပဲ ကြားထဲက ဘာကများ အရေးကြီးလဲ တစ်နေ့ သေမှာပဲ ဆိုတဲ့ အတွေးကြီးနဲ့ ဘာကမှ အဓိပ္ပါယ် မရှိသလိုပါပဲ။ အဲဒီ အတွေးက ပျော်ရွှင်ခြင်း နဲ့ မျှော်လင့်ခြင်းတွေ အားလုံးကို ပျောက်ဆုံးနေခဲ့တယ်။ 

“မနိုင်ဝန်တွေကို လွှတ်ချလိုက်တာ အကောင်းဆုံးပဲ”
တာဝန်ကျေချင်လွန်းတဲ့ စိတ်နဲ့ ကိုယ်မနိုင်တဲ့ ဝန်ကို ထမ်းပေးတာကလည်း ကိုယ့်ကိုကိုယ်ရော သူတစ်ပါးကိုပါ ကူညီတာထက် ဒုက္ခပိုရောက်စေတယ် ဆိုတာ နားလည်လာရတယ်။ 


“ ငရဲဆိုတာ တခြားမှာ မဟုတ်ဘူး ကိုယ့်မျက်စိအောက်တင်ပါပဲ၊ နောက်ဘဝမှ မဟုတ်ပါဘူး”
 ကမ္ဘာ့ကပ်ဘေးတွေပဲလို့ ဆိုမလား မုန်တိုင်း၊ မီးဘေး ၊ ရေဘေး ၊ လူအချင်းချင်း နှိပ်စက်တဲ့ဘေး၊ သဘာဝ ဘေးအန္တရာယ်၊ လူလုပ် ဘေးအန္တရာယ်တွေ၊ နောက်ပြီး အာဏာရှင်တွေရဲ့ မလှပတဲ့ နိဂုံး အဆုံးသတ်တွေ စတာတွေကို ၂၀၁၁ တစ်နှစ်လုံး ပြည့်နေအောင် မနားတမ်း တွေ့ခဲ့ကြပါတယ်။ ဒီနေ့တင်ပဲ မနက် မိုးလင်းလင်းချင်း သတင်းတက်ကြည့်တော့ ဂိုဒေါင်ပေါက်ကွဲမှုကပုံတွေက တစ်နေကုန် မျက်စိထဲကမထွက်ဘဲ ဝမ်းနည်းစေပါတယ်။ တရားသဘောကိုလည်း ဘုန်းကြီးကျောင်းမသွား၊ ဘုရားမသွားဘဲရလိုက်ပါတယ်။ လူတွေ ကိုယ့်မနက်ဖြန်တောင် ကိုယ်မပိုင်တဲ့ ဘဝမှာ နေတတ်ဖို့ရော သေတတ်ဖို့ရော စိတ်ကို အသိ၊ သတိ ကပ်ပြီး ပြင်ဆင်ထားသင့်ပြီ။ 


“လောကမှာ ကြုံသမျှ ဘုရားဟောတဲ့  ဖြစ်ပျက်တရားပါပဲ”
တွေ့ကြုံ ဆုံကွဲ။ ကောင်းတယ် ထင်မှတ်ထားတာတွေ ဆိုးဝါး။ ကိုယ့်ယုံကြည်ထားတာတွေ ပြောင်းပြန်ဖြစ်။ ဘာပဲ ကြုံရ ကြုံရ တွေးမိတာတစ်ခုက ဖြစ်ပျက် ဆိုတဲ့ သဘောပါပဲလားလို့ပါ။ ဖြစ်ပြီးရင် ပျက်ကြတာပဲ။ လောကမှာ ကြုံရသမျှ အားလုံးကို တုန့်ပြန်စရာ စကားတစ်ခွန်းက ဖြစ်တတ်ပါတယ်လေ ပါပဲ။


“ချစ်ခြင်း မေတ္တာတရားနဲ့ စိတ်ကောင်းစေတနာကသာ ဘဝမှာ အရေးအကြီးဆုံးပါ”
မွေးနေ့ကနေ သေနေ့ကို သွားနေကြပေမယ့် ကမ္ဘာပေါ်မှာ အသက်ရှင်နေတဲ့ အချိန်မှာ တစ်ယောက်ကို တစ်ယောက် ပိုကောင်းတဲ့ ဘဝကို ပိုင်ဆိုင်စေချင်တဲ့ စေတနာနဲ့ ဝေမျှတဲ့ ချစ်ခြင်းမေတ္တာက တစ်ယောက်ရဲ့ ဘဝကို တစ်ယောက် အသက်ဝင်စေတဲ့ အရာတွေပါ။ ကိုယ့်ကိုကိုယ် ချစ်တဲ့စိတ်အပြင် ကိုယ့်ပတ်ဝန်းကျင်က လူသားတွေ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးနဲ့ ကိုယ်နေထိုင်တဲ့ ကမ္ဘာကြီးကို ကောင်းမွန်တဲ့ အနာဂတ် ရစေချင်တဲ့ မေတ္တာ၊ စေတနာတွေက ဘဝကို အသက်ဝင်စေလိမ့်မယ်လို့ ထင်မိပါတယ်။ အဲဒီလို ကြိုးစားရင်း မျှော်လင့်ချက်ဆိုတာလည်း ရှိလာမယ်၊ စိတ်ကျေနပ်မှုနဲ့ ပျော်ရွှင်ခြင်းလည်း ရလာမယ်။ အတ္တနဲ့ ပရ မျှမျှတတ နဲ့ ရှင်သန်သွားနိုင်အောင် ကြိုးစားရမယ်။ 


“  အနားမှာ အားကျ အတုယူစရာ လူတွေနဲ့ ပြည့်နေတယ်”
ကျွန်မ ဖြစ်ချင်တာတွေ ကြိုးစားတော့မယ်လို့ ဆုံးဖြတ်ပြီးတိုင်း ဖြစ်သင့်တာတွေ ဘက်ကိုချည်း ဦးတည်တည် နေရတော့ ကြာတော့ အားယုတ်လာတယ်။ အားယုတ်လာတာနဲ့ တစ်ပြိုင်နက် မပြီးမြောက်သေးတဲ့ အလုပ်တွေ ရှိလာတယ်။ ဒါပေမယ့် ကျွန်မ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တဲ့အခါ ကိုယ့်ယုံကြည်မှုနဲ့ စေတနာအတွက် မဆုတ်မနစ်ကြိုးစားပြီး သူတစ်ပါး ဘယ်လောက်ဝေဖန် ပုတ်ခတ်သည်ဖြစ်စေ ခိုင်မာတဲ့ စိတ်နဲ့ မဆုတ်မနစ်ကြိုးစားပြီး အောင်မြင်မှုကို ယူနိုင်တဲ့ သူတွေကို တွေ့ရတယ်။ သူတို့နဲ့ အနီးကပ် နေရတဲ့အခါ သူတို့ဆီက အားမာန်တွေ ကိုယ့်ကို ကူးစက်စေပါတယ်။ ရေခံ မြေခံကောင်း၊ ပတ်ဝန်းကျင်ကောင်းဟာ လူတစ်ယောက်အတွက် တကယ် လိုအပ်တဲ့ အရာပါပဲ။ 
နောက်ထပ် တစ်ခုက ကျွန်မကို ဖေးမ အားပေး ကူညီတဲ့ ခွန်အားမျှသူတွေရဲ့ ကူညီ စောင့်ရှောက်မှု ချစ်ခင်မှုကလည်း မေတ္တာစက်ဝန်းကို လည်ပတ်စေတဲ့ အားတွေပါ။ ကျွန်မကို ပိုချစ်တတ်လာအောင် သင်ကြားပေးပါတယ်။ 

“ ဟိုးတုန်းက စိတ်နဲ့ဆို ငိုလိုက်မိမှာပါ”
ဝိုင်းစုရဲ့ ချစ်ရိပ်ညနေ သီချင်းထဲက စာသားလေးပါ။ သေချာတာ ဆိုလို့ မသေချာတာပဲ ရှိတဲ့ လောကကြီးမှာ ဖြတ်သန်းလာခဲ့ သမျှကို သင်ခန်းစာ ယူတတ်ဖို့ပဲ လိုပါတယ်။ ဒါမှလည်း ရင့်ကျက်ခြင်းကို ရလာမှာ။ ဟိုတုန်းက စိတ်နဲ့ဆို ငိုလိုက်မိမှာပါ ဆိုတာ သူ ရင့်ကျက်လာပြီ ခံနိုင်ရည် အရာရာကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်စွမ်း ရှိလာပြီ ဆိုတာကို ပြတာလို့ ကျွန်မတော့ ခံစားမိပြီး အဲဒီ စာသားလေးကို သိပ်ကြိုက်မိပါတယ်။ နောက် သည်းခံစိတ်နဲ့ ပိုချစ်တတ်လာတယ် ဆိုတာကို ပြတာပါ။  ကိုယ် မလိုချင်တာ မဖြစ်ချင်တာတွေ ဖြစ်တော့မယ် ဆိုတိုင်း သတိရမိပါတယ်။
၂၀၁၁ က ကျွန်မကို ရုန်းကန်ပြီး ရင့်ကျက်စေခဲ့ပါတယ်။ ခက်ခဲလွန်းတာတွေကို ကျော်လွှားနိုင်ဖို့ ခွန်အားမျှတဲ့ သူတွေနဲ့ ကြုံခဲ့ရသလို၊ ပိုပြီး သန်စွမ်းလာအောင် လေ့ကျင့်ပေးတဲ့ ပညာပေးတဲ့ သူတွေနဲ့လည်း ကြုံခဲ့ပါတယ်။ ဘာဖြစ်ဖြစ် သူတို့ အားလုံးဟာ တစ်နည်းနည်းနဲ့ ကျွန်မဘဝကို အကျိုးပြုခဲ့ကြသူတွေမို့ ကျွန်မ ကျေးဇူးတင်မိပါတယ်။ 
ကျွန်မ ၂၀၀၉ ခုနှစ်လောက်ကတည်းက စဖတ်ဖြစ်တဲ့ ပြန်လည်း ပြန်ပြန်ဖတ်ဖြစ်နေတဲ့ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ ဘဝနေနည်းအနုပညာ ထဲက စာသားလိုပါပဲ “ပျော်ရွှင်မှုဆိုတာဟာလည်း ရုန်းကန်မှုတွေ၊ အရှုံးတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မျှော်လင့်ချက်က ဆယ်ယူထားရတဲ့ အရာဖြစ်ပါတယ်” ဆိုတဲ့ အတိုင်း ကျွန်မ ဘဝကို အသက်ဝင် ပျော်ရွှင်အောင် တစ်နည်းနည်းနဲ့ ပံ့ပိုးပါရမီ ဖြည့်ခဲ့သူတွေ မို့ .. သူတို့အားလုံးကိုလည်း ပျော်ရွှင်စေချင်ပါတယ်.. 


Let's Welcome 




Hello !! 

ကိုယ့်အတွက်ရော ကိုယ့် ပတ်ဝန်းကျင်အတွက်ပါ အကျိုးရှိမယ့် အရာတွေကို ပိုလုပ်မယ်။ လူတွေက ကိုယ့်ကိုကိုယ်တောင် ကောင်းကောင်း မတည်ဆောက်နိုင်ရင် သူများအတွက်လည်း ကောင်းအောင် ဘယ်လို လုပ်ပေးမှာတဲ့လဲ။ နောက်ပြီး ဘဝဆိုတာ မွေးနေ့ ကနေ သေနေ့ကို သွားနေတယ် ဆိုပေမယ့် နေတဲ့ အချိန်မှာတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကောင်းကောင်းမွန်မွန် နေသွားပြီး ။ နေတတ် ၊ သေတတ်ရင် ကျေနပ်စရာ ဖြစ်မှာပါ။
ဒါကြောင့်..
ကျွန်မ လွန်ခဲ့တဲ့ နှစ်တွေကတည်း ဆုံးဖြတ်ပြီးသားဖြစ်တဲ့ ..
၂၀၁၂ ရဲ့ နှစ်ဦးပိုင်းမှာ အခု ရေးနေတဲ့ ဘွဲ့ယူစာတမ်းကို အပြီးသတ် တင်မယ် ပြီးရင် သင်တန်းဆရာမလုပ်ရင်း ကျွန်မ စိတ်ကူးထားတဲ့ နိုင်ငံခြား တက္တသိုလ်မှာ ကျောင်းဆက်တက်နိုင်ဖို့ အစွမ်းကုန် ကြိုးစား ပြင်ဆင်တော့မယ်။  ပြီးရင် တက္တသိုလ် ဆရာမ ဖြစ်ဖို့ ကြိုးစားမယ်။ ကျောင်းတက်ဖို့ ကြိုးစားနေတုန်းကပဲ စပြီး စာဒီထက်ပိုပြီး ရေးနိုင်အောင် ကြိုးစားမယ်။ ဒါဟာ ကျွန်မအတွက်ရော လူအများကောင်းကြိုးအတွက်ရော ကျွန်မ မသေခင် လုပ်ပေးခဲ့ချင်တာတွေပဲ။ ပညာရေးနဲ့ ကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ပေးခဲ့ချင်တယ်။
ကျွန်မ ကိုယ်ပိုင် ဘဝမှာလည်း အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အသိဥာဏ် ပညာ အပြင် ကျန်းမာသန်စွမ်းပြီး စိတ်သွားတိုင်းကိုယ်ပါ နိုင်ဖို့ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ လှပခြင်း၊ ကျန်းမာခြင်းနဲ့ ရင့်ကျက်ပြည့်ဝတဲ့ နှလုံးသားကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားအားထုတ်ရမယ်။
ဘဝကို အသိရော သတိရော မလွတ်စေဘဲ “ပေါ့ပေါ့ပါးပါးနဲ့ လေးနက်”  နိုင်အောင်  နှစ်ဟောင်းမှာ ကြုံခဲ့သမျှတွေကို သင်ခန်းစာယူပြီး တတ်နိုင်သမျှ အတ္တ နဲ့ ပရ မျှအောင် ကြိုးစားရင်း နေရဲ၊ သေရဲ အောင် လောကမှာ ကိုယ်အသက်ရှင်နေသမျှ ကြိုးစားရဦးမှာပေါ့ ..
 မကောင်းတဲ့ အပျင်းကြီးတာလေးပါပြင်ရဦးမယ်...း) .. ။

အားအင်သစ်တွေ၊ မျှော်လင့်ခြင်း အသစ်တွေနဲ့ ကိုယ့် ချစ်ခင်ရတဲ့ သူတွေအတွက်ရော ကိုယ့်အတွက်ပါ ဆုမွန်ကောင်း တောင်းပြီး .. ကောင်းတဲ့ စိတ်ထားနဲ့ ... ကျွန်မ တို့ ပြုံးပြီး ကြိုကြရအောင်.. 


အားလုံး ပျော်ရွှင်သော နှစ်သစ် ဖြစ်ပါစေ..



ခင်မင်စွာဖြင့် 

အလွမ်းပြေ

0 comments: