My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Saturday, January 3, 2015

ခဏလေးများ


ဆောင်းလေ အေးသည် ဝေ့ကနဲ ရုံးပေါက်ဝမှ ထွက်လာသော ကျွန်မကို ဆီးကြို ခရီးဦးပြုသည်။ ဘတ်စ်ကား မှတ်တိုင်ဆီကို ခြေလှမ်းကို ဦးတည်လိုက်ရင်း မျက်စိရှေ့ တည့်တည့်မှ ပန်းရောင်စုံတို့နှင့် လှနေသော ပန်းဆိုင်ကို မြင်မှ အိမ်မှ အိပ်ယာနံဘေး ပန်းအိုးလေးမှ ပန်းကလေးတွေ နွမ်းနေပုံ ကို သတိရတော့သည်။ သို့သော် ဘတ်စ်ပေါ်ကို ပန်းဝယ်ပြီး တက်ဖို့ကတော့ မိုက်မဲရာ ကျပေလိမ့်မည်။ နှင်းဆီ ဝယ်မိလျှင် တပါးသူ တို့ကို စူးနိုင်သလို အစူးမပါသော ပန်းဆိုလျှင်တော့ တိုးလို့ ကြွေမပေါ့။ ကျွန်မနေသည့် လမ်းထိပ်မှ ပန်းဆိုင်က ကျွန်မ ပြန်ချိန်ဆို မရှိလောက်တော့ အိပ်ယာနံဘေးမှ ပန်းကလေးများသည် အကြောင်းမတိုက်ဆိုင်သမျှ မမြဲကြောင်းကို ဆက်လက်ပြသနေပေဦးတော့..။ “ကြွေကျနေတဲ့ သစ်ရွက်လေး တစ်ရွက်က အစ ခင်ဗျားကို တရားပြနိုင်တယ်။ ခင်ဗျား ဘာဝနာပွားနိုင်မယ် ဆိုရင်ပေါ့” လို့ အိုရှိုးက သူ့တပည့်မ ကို ပြောခဲ့ဖူးသည်။
ညက ကိုးနာရီ ကျော်ပြီမို့ ဈေးဝယ်စင်တာက လှလှပပ ကောင်မလေးများနှင့် မှတ်တိုင်က စည်ကားနေသည်။ သူတို့ မျက်နှာမှ ရောင်စုံ အလှများက မပီပြင် မီးရောင်အောက်တွင်ပင် စိုစိုပြေပြေ ဝင့်ဝင့်ကြွားကြွား။ ငယ်ဂုဏ် ငယ်သွေး ကြွကြွ လှလှပပ။ အလုပ်မဆင်းမီက ထပ်ပြီး ပြင်ဆင်ခဲ့ကြပုံ ရသည်။ သို့သော် သူတို့၏ စိတ်တွင်းတွင်တော့ သူက မျက်နှာပေါ်က အရောင်များကဲ့သို့ တောက်တောက်ပပ မဖြစ်ကြ။ တစ်ယောက်က ဖုန်းဖြင့် လာမကြိုသော ရည်းစားကို ရန်တွေ့သည်။ နောက် တစ်စုက တစ်စုံတစ်ယောက်၏ အထက်လူကြီး မကောင်းကြောင်းကို ဝိုင်းဖွဲ့ ပြောဆိုနေကြသည်။ ဒီနေ့ ဈေးရောင်း ကောင်းသူက သူ ဘယ်လောက် ကော်မရှင်ကြေး ရနိုင်ကြောင်း ကျန်သူများကို ခပ်ကြွားကြွားဆိုသည်။ ကျန်သူများက သူမ တော်ကြောင်း အားကျသံဖြင့် ပြောသူရှိသလို ခနဲ့တဲတဲ့ လုပ်သူလည်းရှိသည်။ သူတို့ အားလုံး အလုပ်ဆင်းချိန်တွင် ဟန်လုပ်နေသော်လည်း တစ်နေတာအဆုံးမှာ မောပန်းလှပြီဟု မျက်ဝန်းများက ဆိုနေကြသည်။ သူတို့ က နေသော တစ်နေ့တာ တစ်ခန်းရပ် ပြဇာတ် အိမ်ပြန်ရောက်ချိန်တွင် ပြီးပါစေသား။ သူတို့ မောလှပြီ။
သူတို့ မောလှပြီလို့ တွေးသော ကျွန်မ ကိုယ်တိုင် မောလာသောအခါ ပြန်လွင့်သွားသော ကိုယ့်စိတ်ကို ဖြေလျော့ ပြန်လည်ခေါ်ဆောင်ဖို့ နားကြပ်ကို တပ်လိုက်သည်။ ဂီတသည် ပန်းမာလာတို့၏ ရနံ့ကဲ့သို့ပင် လူ၏ စိတ်နှလုံးကို ပြုပြင်ပြောင်းလဲ နိုင်သည။် ဂီတသံတွင် စိတ်ကို နှစ်မြှုပ်လိုက်ရင်း စည်းချက်နှင့် အညီ ကခုန်ခြင်းသည်ပင်လျှင် တရားထိုင်ခြင်းကဲ့သို့စိတ်ကို မပျံ့မလွင့် ဖြစ်အောင် ထိန်းချုပ်နိုင်သည်ဟု ဆိုကြသည်။ ကျွန်မ စိတ်ကို မပျံ့မလွင့် ဖြစ်အောင် စန္ဒရားသံတို့က ပြန်လည် ခေါ်ဆောင် စီးဝင်စေမိသည်။ မောနေသော သူတို့ကို ဒီဂီတကိုပင် မျှဝေချင်မိ သလိုလို။ ဒါပေမယ့် သူတို့ လက်သင့်သံပါ့မလား။ ကိုယ့်ရဲ့ ရူးနှမ်းမှုသာ ဖြစ်လိမ့်မည်။
ဟော.. စီးရမည့် ဘတ်စ်ကား လာလေပြီ။ စူးရှလှသည့် ကားစပယ်ရာ အသံနှင့် အတူ စောင့် နေတဲ့ လူတွေ တိုးတိုးဝှေ့ဝှေ့ တက်ကြသည်။ ကလေးချီထားရင်း တက်နေသော ကလေးအမေကိုပင် မစောင့် သူထက်ငါ တိုးလို့ တက်ကြသည်။ အိမ်ကို ပြန်ချင်ဇော နဲ့ ၊ ကားပေါ် ထိုင်စရာ၊ ခြေချစရာ နေရာလေး တစ်နေရာအတွက်နဲ့ ကျွန်မတို့ အားလုံး တိုးလို့ တက်ခဲ့ကြသည်။ ကျွန်မ အပါအဝင် လူများသည် ဇောကပ်သွားသော တစ်ခဏတွင် သတိမထားမိဘဲ ကားပေါ်ကို ရောက်သွားခဲ့ကြသည်။ ကလေးအမေ၏ ဒုက္ခကို စာနာချိန်မရလိုက်။ ကားပေါ်တက်နေချိန်တွင် ကျွန်မလည်း နားတွင် တပ်ထားသော ဘာဝနာ ဂီတသံကိုပင်လျှင် မေ့လျှော့သွားသည်။
နိစ္စဒူဝ။ လူတို့ အနာဂတ်ဆီကို ပြေးလွှားနေကြရသည်။ တစ်နေ့တာ လုပ်ဖွယ်တို့ကို လူတွေ လုပ်နေကြရင်း ဇောကပ်နေကြသည်။ မောပန်းကြရသည်။ တစ်နေ့တာ စား၊ ဝတ်၊ နေ၊ ရေး အပြင် အနာဂတ်မှာ ကြီးပွားဖို့၊ ချမ်းသာဖို့၊ အောင်မြင်ဖို့၊ ပျော်ရွှင်ဖို့။ ဒါတွေအတွက် ပြင်ဆင်ပြေးလွှားနေကြရ၊ အခု ခဏဆိုတာ အနာဂတ်အတွက် ပြင်ဆင်ဖို့ချည်း မြှုပ်နှံလိုက်ကြ။ ကိုယ့်ကိုကိုယ် ပြန်စဉ်းစားမိတော့ ငယ်ငယ်က နားထောင်ဖူးတဲ့ “ ငါ့ဖိနပ်ကို တက်မနင်းနဲ့” ဆိုတဲ့ သီချင်းလေးကို သတိရမိသည်။ မူကြိုအရွယ် ဇာတ်ခုံပေါ်မှာ စုပေါင်းကပြတုန်း ကတည်းက ပြောခဲ့ရသော ငါ့ဖိနပ်ကို တက်မနင်းနဲ့ ဆိုသော စကားလေးသည်။ အသက်တွေ ကြီးလာသော်လည်း ဆက်ပြောနေရဆဲ။ ကိုယ့် အတ္တကို အထိမခံချင် သို့သော် ခံစားချက်နဲ့ နေရာ၊ အဖြစ်အပျက် တို့ကတော့ မတူတော့.. ။
ခဏနေက အိမ်ကို ပြန်ရောက်ဖို့ ကားပေါ်မှာ နေရာရဖို့ သားသည်အမေကို ဝင်တိုက်မိခဲ့သလိုမျိုး အလားတူ အနာဂတ်အတွက် ပြင်ဆင်ရင် ဘယ်သူတွေကို ထိခိုက်မိခဲ့ပါသလဲ။ တကယ်တော့ အတိတ်သည် ပြန်ပြင်ဆင်လို့မရ၊ အနာဂတ်သည် ရောက်ချင်လည်း ရောက်လာမည် သို့သော် မည်သူကမှ အာမခံချက် ပေးမထား။ အခု ပိုင်ဆိုင်နေသော ပစ္စုပ္ပန်ကို ဘာလို့ ကျွန်မတို့ သားသည်အမေကို ချစ်ခြင်း မမျှဝေ နိုင်ခဲ့ရတာပါလိမ့်။ ထိုသို့ မျှဝေပေးခြင်းက ပျော်ရွှင်ခြင်း ဘာလို့ မဖြစ်နိုင်ခဲ့တာပါလိမ့်။ အိမ်ပြန်ရောက်ဖို့ချည်း တနည်းဆိုရရင် အနာဂတ် တစ်ချိန်ဆီကို စိတ်လောနေကြလို့ပေါ့။ ကားထဲမှ လူများ တစ်ယောက်ဆင်း တစ်ယောက်တက်။ ဒီကားကြီးသာ လူ့ဘဝဆိုလျှင် ကျွန်မတို့ အလောတကြီးတက် အလောတကြီး ပြန်ထွက်ခွာ နေကြသူများပါလား။
တကယ်တော့ ကျွန်မတို့သည် ခဏတာလေး များစွာတွင်ပင် အဖြစ်အပျက်ပေါင်း များစွာနှင့် ဘဝပေါင်းများစွာ ပြောင်းလဲ နေခဲ့ကြသည်။ ရုံးတွင် အလုပ်သမား တစ်ယောက်၏ ဘဝ ရုံးက ပြန်ထွက်လာတော့ ပြီးဆုံးပြီး လမ်းပေါ်မှာ ခရီးသွား တစ်ယောက်ရဲ့ ဘဝ စသည်။ လမ်းပေါ် ခရီးသွား တစ်ယောက်ရဲ့ ဘဝ အဆုံးမှာ ဘတ်စ်ကားစီးသူ တစ်ယောက် ဘဝကို ပြောင်းပြီး လမ်းလျှောက်သူ ဘဝ ထပ်ပြောင်းပေဦးမည်။ ဖြစ်ပြီးနောက် ပျက်ခြင်းသည် မြန်သောကြောင့် တစ်ဆက်တည်း။ သို့သော် ထို ခဏပေါင်း များစွာ၏ ဖြစ်တည်မှုကို မေ့လျှော့ရင်း နောက်ဖြစ်တည်လာဖို့ ကျိုးစား ပုံဖော် နေခြင်းသည် နောက်ဘဝ အတွက် ကျိုးစားခြင်းပင် သို့နှင့် နိစ္စဒူဝ ဘဝများ လည်နေလေတော့သည်။ သံသရာ ဘဝလည်း ထိုသို့ပင်။ ကျွန်မ ဆင်းရမယ့် မှတ်တိုင်မရောက်ခင် ဘဝ၏ ခဏလေးများကို ဆင်ခြင်နေရင်း ဘေးကို ငဲ့ကြည့်တော့ ကျွန်မ ရပ်နေတဲ့ဘေးခုံမှ ထိုင်နေတဲ့ မိခင်ရင်ခွင်ထဲက ကလေးငယ်က ကျွန်မ ကျောပိုးအိတ် ကြိုးစကို ဆွဲရင်း ရယ်ပြနေသည်။ ကျွန်မလည်း နှစ်နှစ်ခြိုက်ခြိုက် ပြန်ပြုံးပြရင်း သူကလေး လူကို ဆုတ်ကိုင်လိုက်သည်။ ကျွန်မ ဆင်းမယ့် မှတ်တိုင် မရောက်ခင်အထိ သူကလေးနှင့် ကျွန်မသည် ခရီးဖော်။ ကျွန်မတို့ နှစ်ယောက်ကြားမှာ စကားလုံးများ မလိုခဲ့ပါ။ “ကြွေကျနေတဲ့ သစ်ရွက်လေး တစ်ရွက်က အစ ခင်ဗျားကို တရားပြနိုင်တယ်။ ခင်ဗျား ဘာဝနာပွားနိုင်မယ် ဆိုရင်ပေါ့” လို့ အိုရှိုးက သူ့တပည့်မ ကို ပြောခဲ့ဖူးသည်။


0 comments: