My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Thursday, February 19, 2015

ပိုင်ဆိုင်ခဲ့ ဖူးသော ကမ္ဘာ



ခန်းစီး မရှိသော အခန်းထဲ ပြူတင်းမှ လရောင်သည် တိုးယိုပေါက် ဖြာကျခွင့် ရပါသည်။ ညသည် နက်လာသည်ဟု ဆိုနိုင်ရဖို့ လူသံ ကားသံတွေ တဖြည်းဖြည်း တိတ်သွားဖို့ လိုအပ်ပါသည်။ သို့သော် ညသည် ထင်သလောက် မနက်ရှိုင်း နိုင်တော့အောင် ညမအိပ်သော သူတွေ များများ လာပါသည်။
ညနက်နက်ကို ကြိုက်သော သူများ များလာသော အခါ ညနက်နက် ဆိုသည့် အဓိပ္ပါယ်ပျောက်သွားသလား။ ဒါမှဟုတ် ညနက်နက် ဆိုသည့် အဓိပ္ပါယ် ပြောင်းသွားတာလား။  ကျွန်မ ကိုယ်တိုင်က ကိုယ်တိုင် ယူစွဲထားသည့် ပုံစံဖြင့် ညနက်နက်ကို ချစ်ခင်ခွင့်ကို အစွဲထားနေခြင်းလား။
ဟိုး အရင်ကတော့ ကျွန်မ ချစ်သော ညနက်နက်များကို ပိုင်ဆိုင်ခဲ့ဖူးသည်။ 


တကယ်တော့ ကျွန်မ ညနက်နက်ကို ချစ်သော အချစ်သည် အဓိပ္ပါယ် ဖွင့်ဆိုရခက်ပါသည်။ နှစ်သက်ခြင်း နှင့် ကြောက်ရွံ့ခြင်း နှစ်ခု ဆတူ ရောထားသည်။ ထို့အတူ ညနက်နက် ဟူသည် ပြူတင်းမှ ချည်းနင်းလာသော လရောင်၊ ကက်ဆက်ခွေလေး ထည့်ပြီး နားကြပ်ဖြင့် နားထောင်သော ထူးအိမ်သင်၊ ရင်ဂို၊ စည်သူလွင်၊ နေမျိုးဆေး၊ တာရာ ၊ အေးချမ်းမေ၊ မဒီ ၊ အငဲ၊ လေးဖြူ၊ ထွဏ်းထွဏ်း တို့၏ သီချင်းများ ပါဝင်သည်။ မောင်စိန်ဝင်း( ပုတီးကုန်း ) ၏ ကဗျာများ ပါဝင်သည်။ ဟန်သစ်၊ အပျိုစင်၊ ပန်းဝေသီ၊ မဟေသီ၊ ရင်ခုန်ပွင့်၊ ကလျာ စသည့် ကဗျာနှင့် ဝတ္ထုတိုများ လှိုင်လှိုင်ပါသော မဂဇင်းများ ပါဝင်သည်။ တက္ကသိုလ် ဘုန်းနိုင်၊ ဂျူး၊ မဟူရာ (လှိုင်ကော်)၊ မိုးမိုး ( အင်းလျား)၊ အကြည်တော်၊ နေနော်၊ တာရာမင်းဝေ စသူတို့ ပါသည်။ ကိုယ်တိုင်ရေး ဟိုတစ်စ သည်တစ်စ ကဗျာတို့နှင့် အိမ်မျက်စောင်း ထိုးက ည ၁၂ နာရီ ဆို စတတ်သော ဂစ်တာဝိုင်းမှ သီချင်းများနှင့် မှတ်မှတ်ရရ မဥူရီ ဆိုသည့်  တစ်ပုဒ်ထဲကို သီချင်းကိုပဲ ဆိုပြီး ပွဲသိမ်းတတ်သော လူတစ်ယောက်၏ သာယာသော သီချင်းသံ ပါဝင်သည်။ အသာ စေ့ရုံ စေ့ထားသော ကျွန်မ အခန်းတံခါးကို ကျွန်မအဖေ မသိအောင် လက်ကလေး တစ်ဖက်အရင်သွင်းကာ ဖွင့်တတ်သော ဥာဏ်ကောင်းပြီး ချစ်မွှေးပါသော ကျွန်မ၏ ညိုတိုတို စိမ်းဖန့်ဖန့် အမွှေးပြောင်ပြောင်းလေးများကို ပိုင်ဆိုင်သော ရင်ခွင်ထဲ တိုးဝင် အိပ်တတ်သည့် မျက်လုံး ဝိုင်းဝိုင်း ကြောင်ကလေး တစ်ကောင် ပါဝင်သည်။ စောင်ခြုံထဲတွင် ဖွင့်ပြီး ဝတ္ထုများကို ခိုးဖတ်ခွင့် ပေးသည့်  ဓါတ်မီး အသေးတစ်လက်ပါဝင်သည်။ အမှောင်ကို ကြောက်ပေမယ့် ကိုယ်ပိုင် ကမ္ဘာဆီ ရောက်ဖို့ ညနက်နက်ကို ချစ်ခင်စွာ စောင့်ခဲ့ရသော နေ့ရက်များပင်။ ကျွန်မ၏ လရောင်ဖြာသော ညနက်နက် များကို အဓိပ္ပါယ်ဖြည့်စွက်ပေးနေသော ရသများစွာ။
ကိုယ်ပိုင် ဆယ်ကျော်သက်တို့ကို မြင်တိုင်း သူတို့ရဲ့ ကိုယ်ပိုင် ကမ္ဘာလေး ဘာများ ဖြစ်မလဲလို့လည်း….တွေးမိသေးသည်။ ကမ္ဘာလေး။ TV မှာ ကျွန်မရဲ့ ကိုယ်ပိုင် ကမ္ဘာလေးပါ အစချီတဲ့ ကြော်ငြာသံကို ကြားတိုင်း ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရသည့် ကျွန်မရဲ့ ကိုယ်ပိုင် လရောင်ဖြာတဲ့ ညနက်နက် ကိုယ်ပိုင် ကမ္ဘာလေးကို လွမ်းမိပါသည်။
အခုတော့ လူတွေ သိပ်မအိပ်ကြတော့…. ညသည် ထင်သလောက် မနက်သလို ကျွန်မ ကိုယ်ပိုင် ကမ္ဘာသည်လည်း ထင်သလောက် မခက်တော့ … ဒါပေမယ့် … ဆားမပါသော ဟင်းတစ်ခွက်လို ….တစ်ခုခုလို နေသလိုလို... ဘာများလည်း ဆိုတာတော့ ကျွန်မ မသိ.. ရှာဖွေ မတွေ့... ညတို့ သည်ပင် မနက်ကြတော့တာလား။ ကျွန်မက ပဲ အစွဲ ကြီးသလား ။ ကျွန်မ ကိုယ်တိုင်ပဲ ပြောင်းလဲ ခဲ့ပြီလား။ 

(၂၀.၂.၂၀၁၅ ၊ ရန်ကုန်)

0 comments: