My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Tuesday, September 2, 2014

What I Know About Being Single Now That I'm In My 30+




Women World အတွက် မရေးဖြစ်တာကြာပြီ။ တစ်ခုခုရေးဦးမှပါလို့ တွေးရင်း ကိုယ့်လိုပဲ အသက် ၃၀ကျော် အပျိုကြီးတွေအတွက် စိတ်ထဲ ပေါ်ရာ၊ အပျိုကြီးဘဝရဲ့ အခက်အခဲ ရှိနေနိုင်တဲ့ ကိုယ့်လို သူတွေအတွက် တွေးမိတာလေးကို ကောက်ရေးချလိုက်တာပါ။ အသက် ၃၀ ကျော် တစ်ယောက်ရဲ့ အတွေ့အကြုံနဲ့ တွေးမိ သိလာရတာတွေကိုပေါ့…
အပျိုကြီးလို့ အခေါ်ခံရတာ
အသက် အစိတ်ကျော် ၃၀ နားနီးတုန်းက အပျိုကြီးလို့ အခေါ်ခံရရင် စိတ်ထဲ နဲနဲတော့ ကသိကအောင့် ဖြစ်ရပါတယ်။ အမှန်ပြောတာပါ။ ဒါပေမယ့် ၃၀ ကျော်ပြီး သိပ်မကြာခင်မှာတော့ သက်တောင့်သက်သာ ရှိလာပါတယ်။ ကျေကျေနပ်နပ် အခေါ်ခံချင်လာ ပါတယ်။ ဒါပေမယ့် အပျိုကြီးဖြစ်ရတာ မလွယ်လှပါဘူး။ ကျော်လွှားရမယ့် အခက်အခဲတွေ အများကြီးရှိနေပါတယ်။ အပျိုကြီး၊လူပျိုကြီး ဘဝရော အိမ်ထောင်သည် ဘဝမှာပါ ကျော်လွှားရမယ့် အခက်အခဲတွေ ရှိနေသလို ပျော်စရာ အချက်တွေလည်း ရှိပါတယ်။ လူ့ဘဝမှာ အဆိုးအကောင်း အမြဲတွဲနေမှာပဲမို့။ ကိုယ်ရွေးချယ်ရာ ကိုယ့်ဘဝကို ကိုယ်ကျေနပ်ဖို့ပဲ လိုပါတယ်။ ကိုယ့်ကိုကိုယ် တကယ်ပဲ လူပျိုကြီး အပျိုကြီး လုပ်နိုင်မလား ကိုယ့်ဘဝကို ကိုယ်ကျေနပ်ရဲ့လား ဆိုတာကို ပြန်သုံးသတ်နိုင်ဖို့လည်း ပါပါတယ်။
အပျိုကြီး၊ လူပျိုကြီး တွေဟာ သနားစရာ ဂွတီးဂွကျရယ်စရာ လူတွေအဖြစ် ရုပ်ရှင်တွေထဲမှာ တွေ့ရသလို ပတ်ဝန်းကျင်ကလည်း အဲဒီလို မြင်တတ်ပါတယ်။ မြင်ရုံတင်မက အဲဒီလို လူတွေအဖြစ်လည်း ဆက်ဆံ ခံရတတ်ပါတယ်။ အဲဒီတော့ ကျွန်မတို့ တတွေက သူများ ပုံဖော်တဲ့ အဲဒီပုံစံကို အမြင်မခံနိုင်တာနဲ့တင် ဖိစီးမှုတွေ ဖြစ်လာပြီး ကိုယ့်စိတ်ရင်း ကိုယ်ပြန်မဖတ်ဖြစ်တော့ဘဲ အိမ်ထောင်ပြုဖို့ အလောတကြီး ဆုံးဖြတ်လိုက်ကြပြီးမှ လွတ်လပ်မှု ဆုံးရှုံးလိုက်ရလို့ မကျေမနပ်ဖြစ်နေသူတွေရှိပါတယ်။ ဒါကြောင့် ရှေးရိုးစွဲမှု ပတ်ဝန်းကျင်က ပုံဖော်မှုတွေကို ဒါသူတို့ ဒီလိုမြင်တတ်လို့ ပါပဲလေ။ သူတို့ သနားစရာ လူလို့ မြင်ပေမယ့်.. ကိုယ့်ကိုကိုယ် ဘယ်လိုလူဆိုတာ ကိုယ်သိနေရင် ပြီးတာပါပဲ ဆိုတဲ့ စိတ်ကို မွေးပြီး သူများတွေကို ခွင့်လွှတ်တတ်ဖို့ လိုပါလိမ့်မယ်။ မဟုတ်ရင် ပတ်ဝန်းကျင်ရော ကိုယ်ရော စိတ်ပင်ပန်းပါတယ်။

ကိုယ့်ကိုကိုယ် စောင့်ရှောက်တတ်ဖို့
ကလေးဘဝမှာ ငယ်ငယ်က မိဘတွေက စောင့်ရှောက်ပါတယ်။ နဲနဲကြီးလာတော့ မောင်နှမတွေ၊ မိသားစုဝင်တွေ။ အဲဒီမှာ သတိထားရမယ့် တစ်ခုက ကိုယ်ဘာဖြစ်နေလဲ ဘာလိုနေလဲ ဆိုတာ ကိုယ့်မိသားဝင် အနီးကပ်နေတဲ့ သူတွေက သိပြီး သတိပေးတတ်ပါတယ်။ ဒီလိုကြောင့် ကိုယ့်ဘာဖြစ်နေလဲ ဆိုတာ ကိုယ့်ဘာသာ အဖြေရှာစရာ မလိုဘဲ သိပြီး ပြုပြင်မိတာတွေရှိပါတယ်။ တစ်ယောက်တည်း ဘဝမှတော့ ကိုယ့်ကိုကိုယ် ဘာဖြစ်နေပြီလဲ ဆိုတာ ပြန်ဆန်းစစ်ဖို့ ပြန်ကြည့်တတ်ဖို့ သတိလိုပါတယ်။ ကိုယ့်စိတ်နဲ့ ခန္ဒာကို ကိုယ်တိုင် စောင့်ရှောက်နိုင်တဲ့ အရည်အချင်း ရှိဖို့လိုပါတယ်။ စောင့်ရှောက်နိုင်ဖို့လည်း ကျိုးစားရပါလိမ့်မယ်။
မှန်းချက်နဲ့ နှမ်းထွက်
တချို့က သားသမီးရတနာအတွက် အိမ်ထောင်ပြုကြပါတယ်။ ရည်ရွယ်ချက်က အချိန်တန်ရင် ကိုယ့် မျိုးဆက်ကလေးလည်းကျန်ခဲ့ ကိုယ့် အသက်ကြီးလာရင်လည်း စောင့်ရှောက်မယ့်သူရှိအောင်လို့ပါ။ ၊ မိသားစုဘဝ ချစ်ခင်မှု ရဖို့ အတွက်ရော၊ စီးပွားရေးအရ အနာဂတ် ဘဝလုံခြုံမှု အတွက်ပေါ့။ ကျွန်မကိုလည်း အခုလောလောဆယ် အသက် ၃၀ ကျော်လာပြီးမို့ ကလေးမွေးဖို့ နောက်ကျမယ် အိမ်ထောင်ပြုပါတော့လို့ အတင်းတိုက်တွန်းကြတာ တွေ့ရပါတယ်။ သားသမီးမွေးတိုင်းလည်း ကိုယ့်ကို စောင့်ရှောက်မယ်လို့ တွက်မရသလို ကလေးမချစ်တတ်တဲ့ နောက်ထပ် အပျိုကြီး တစ်ယောက်ကတော့ သေကာနီး ၅ နှစ်လောက် သက်တောင့်သက်သာ နေဖို့ အတွက် အနှစ် ၃၀ ကျော် ဒုက္ခခံရမှာ မခံနိုင်ဘူးလို့ ဆိုပါတယ်။ ကိုယ့်တွက်ကိန်းနဲ့ ကိုယ်ပါပဲ။ ကိုယ့်အခြေအနေ ကိုယ်အသိဆုံးပါပဲ။ ကျွန်မတော့ အသက်ကြီးစရိတ်၊ ကျန်းမာရေးအတွက်ကို အသက် ၃၀ ကျော်လောက်က စပြီး စဉ်းစား စုဆောင်းသင့်ပါတယ်။ ကျွန်မကတော့ မလိမ္မာတာ  ခရီးသွားဖို့ သုံးသုံးပစ်တော့တာပဲ။ ကိုယ့် အနာဂတ် ကြိုတင်တွေးဆ  စီမံကိန်းချတတ်ဖို့ကိုတော့ လိုမယ်ထင်ပါတယ်။ စိတ်ပူပန်ရတာလည်း ဝေးအောင်ပေါ့။
လိင်စိတ်
ဒီကိစ္စကို ပြောဖို့ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ပြောဖို့ ခက်ပေမယ့် ပြောကို ပြောရမယ့် တစ်ချက် ဖြစ်နေပါတယ်။ အိမ်ထောင်ပြုဖို့ ပတ်ဝန်းကျင်ကလူတွေ နည်းမျိုးစုံ ထောင့်မျိုးစုံက ပြောကြတဲ့ များစွာသော အချက်တွေထဲမှာ တစ်ခုက အချိန်ရှိတုန်းယူ နောက်မှ အရွယ်လွန်မှ မဟုတ်တာနဲ့ တွေ့မယ့် အဖြစ်တော့ အရောက်မခံနိုင်ဘူးတဲ့။ စေတနာကို ကျွန်မ နားလည်ပါတယ်။ ကျွန်မတို့ အမျိုးထဲမှာ ကျွန်မလိုပဲ အိမ်ထောင်မပြု တာဝန်ကျရာ ဒေသတွေသွား လုပ်တဲ့ နာ့စ်အပျို အဒေါ်တစ်ယောက် ရှိခဲ့ပါတယ်။ သူ့ကို သဘောတူထားတဲ့ စစ်ဗိုလ်ကိုလည်း သူက လွတ်လွတ်လပ်လပ်ပဲ နေချင်တယ်လို့ ပြောပြီး ငြင်းခဲ့ပြီးမှ တော်တော်အသက်လေးရမှ တစ်ခုလတ် ဘာသာခြားတစ်ယောက်နဲ့တွေ့ပြီး လက်ထပ် ပြီးတော့ အိမ်ထောင်ရေး အဆင်မပြေဖြစ်ပြီး ကလေးတစ်ယောက်နဲ့ တစ်ခုလပ် ဖြစ်ရပါတယ်။ အဲဒီ ဥပမာကိုပဲ ပေးကြပါတယ်။ အကြောင်းပြချက်က အချိန်တန်တော့ လူပျိုလေးတွေကိုတောင် ငြင်းခဲ့တဲ့ ကျွန်မ အဒေါ်က လိင်ကိစ္စကျွမ်းကျင်တဲ့ တစ်ခုလတ်ကို မရှောင်နိုင်ခဲ့ပဲ အရူးအမူးဖြစ်ခဲ့တာလို့ အမျိုးတွေက မြင်ကြပါတယ်။ အပျိုကြီးတွေဟာ ကောင်လေးငယ်ငယ်တွေ၊ လိင်မှုရေးရာ ကျွမ်းကျင်သူတွေရဲ့ လှည့်ကွက်တွေထဲ လိင်ရဲ့ သားကောင်တွေ အဖြစ်ရောက်သွားတတ်တယ်လို့ လူတွေက မြင်တတ်ကြပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ ကလေးအမေ အစ်မ တစ်ယောက်ကတော့ ယောင်္ကျားတွေရော မိန်းမတွေရော သုတ်ကြောင်ကြောင်တတ်ကြတယ်။ ဂွကျကျတွေ ဖြစ်လာရော။  လူတိုင်းမှာ လိင်စိတ်ရှိတယ်။ အဲဒီစိတ် မပြည့်ဝရင် လူမှု ပတ်ဝန်းကျင်နဲ့ အဆင်မပြေတွေ ဖြစ်လာတတ်တယ်။ ယူစရာရှိတာ မြန်မြန်ယူစမ်းလို့ ငေါက်ပါတယ်။
လူသားတိုင်းမှာ လိင်စိတ်ရှိတယ်။ လိင်ကိစ္စဟာ စိတ်နဲ့ ရုပ်အပေါ်ကို များစွာသက်ရောက်တယ် ဆိုတာ ကျွန်မတို့ လက်ခံနိုင်ရမယ့် ကိစ္စပါ။ လိင်ကိစ္စဟာ ညစ်ညမ်းကိစ္စလို့ ထင်ရောင်ထင်မှား ပုံသွင်းခံထားရတာမို့ လိင်စိတ်ရှိတယ် ဆိုတာကို ဖော်ပြဖို့ ပြောဆိုဖို့ ရှက်ခဲ့ကြတဲ့ ဝန်းကျင်မှာ ကြီးပြင်းလာရတဲ့ သူတွေမို့ ထုတ်ဖော်ပြောဆိုဖို့ ခက်ပေမယ့် ဒါဟာ ပြဿနာတစ်ခု ဖြစ်လာနိုင်လို့ လူပျိုကြီး၊ အပျိုကြီး လုပ်ဖို့ ဆိုရင် ကိုယ့် လိင်စိတ်ဖြစ်တည်မှုကို နားလည်အောင် ကြည့်တတ်ဖို့ လိုပါမယ်။
လူနှစ်ယောက်ဟာ လက်မထပ်ဘဲ လိင်ဆက်ဆံရင် ဒါဟာ အပြစ်တစ်ခု ဆိုတဲ့ ပတ်ဝန်းကျင်မှာနေထိုင်တဲ့ သူတွေအတွက် ပိုသတိထားရမှာပါ။ လိင်ဆက်ဆံခွင့် ရဖို့ အတွက်နဲ့ပဲ လက်ထပ်မလား။ မဟုတ်ရင် လိင်စိတ်ကို ဘယ်လို ဖြေသိမ့်မလဲ။ ဆိုတာတွေကို ကိုယ့်ကိုကိုယ် မကွယ်မဝှက် မလိမ်မညာတမ်း ပြန်မေးရပါလိမ့်မယ်။ မဟုတ်ရင်တော့ အပေါ်က ကျွန်မ အမေတို့ အစ်မတို့ ထောက်ပြတဲ့ ကိစ္စမျိုးတွေဟာ တကယ်ပဲ ဖြစ်လာနိုင်ပါတယ်။ လိင်စိတ်နဲ့ ပတ်သက်တဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်ခံယူချက်နဲ့ ဆေးပညာအရ ကိစ္စတွေကိုပါ လေ့လာပြီး ကိုယ်ပိုင်အသိဥာဏ်နဲ့ ဆုံးဖြတ်ပါလို့ ဆိုချင်ပါတယ်။ ကိုယ့်ခန္ဒာနဲ့ စိတ်အကြောင်း ကိုယ့်ထက် ဘယ်သူမှ ပိုမသိနိုင်သလို သုံးသတ်နိုင်စွမ်းရှိဖို့ knowledge လည်း ပြည့်စုံဖို့ လိုပါတယ်။ ဒါကြောင့် ဒီကိစ္စကိုလည်း လေ့လာပါလို့ ပြောချင်ပါတယ်။
ဒီနေရာမှာ လူမှုအသိုင်းအဝိုင်းရဲ့ အယူအဆအရ ယောင်္ကျားကောင်း မောင်းမတစ်ထောင် ဆိုတဲ့ အတိုင်း လူပျိုကြီး လုပ်မယ့် ယောင်္ကျားလေးတွေ အတွက် ပြဿနာနည်းနိုင်ပေမယ့် မိန်းကလေးတွေ အတွက်က ပိုခက်ခဲပါတယ်။ ကိုယ့်လိင်စိတ်ကို ကိုယ်နားလည်သည့် တိုင်အောင် နည်းလမ်းကတော့ ရှားပါးပါလိမ့်မယ်။ ယေင်္ကျားလေးတစ်ယောက် အခကြေးငွေနဲ့ လိင်ကိုဝယ်ယူတာဟာ ပွင့်ပွင့်လင်းလင်း လက်မခံသည့် တိုင်အောင် အပြစ်လို့ မယူဆဘဲ သိသာသိစေ မမြင်စေနဲ့ ပုံစံထား အသိုင်းအဝိုင်းက ခွင့်လွှတ်တတ်ကြပေမယ့် မိန်းကလေးတွေ အဲဒီလို လုပ်မိရင်တော့ မိန်းမပျက်စာရင်းသွင်းသလို၊ လက်မထပ်ဘဲ အတူနေသူ ရှိခဲ့ရင်လည်း တန်ဖိုးမဲ့တဲ့ အမျိုးသမီး ယောင်္ကျားလေးကတော့ ရရင် ရသလိုယူမှာပဲ ဆိုတာမျိုး သုံးသတ်တတ်ကြပါတယ်။ ကျွန်မဆိုလိုချင်တာက မိန်းကလေးတွေက ကိုယ့်လိင်စိတ်ကို သိရမယ့် အပြင် ဖြေရှင်းနည်း စဉ်းစားတဲ့နေရာမှာ ပတ်ဝန်းကျင်ဖိအားကို ကိုယ်ဘယ်လို ခံယူသဘောထားလည်း ဆိုတာကိုပါ ထည့်သွင်းစဉ်းစားရမှာပါ။ ကျွန်မ အတွက်ကတော့ လူတွေ သတ်မှတ်ထားတဲ့ တန်ဖိုးထက် ကိုယ်တိုင် သတ်မှတ်ထားတဲ့ တန်ဖိုးကို အလေးထားဖို့ ကိုယ်ထားတဲ့ တန်ဖိုးကို ကိုယ်သိရှိနားလည်ဖို့ လိုတယ်လို့ ထင်ပါတယ်။

ပေါင်းသင်းဆက်ဆံရေး နဲ့ အထီးကျန်မဆန်ဖို့ 

ကိုယ့်ပတ်ဝန်းကျင်နဲ့မိသားစုက ကိုယ်ဟာ အဆင်ပြေပါတယ်လို့ စိတ်ချယုံကြည်အောင် လုပ်နိုင်တဲ့ စွမ်းအားနဲ့ နည်းလမ်းတွေကို ရှာဖွေထားဖို့ လိုပါတယ်။ ဒီနေရာမှာတော့ တစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်သလို ဘဝအခြေအနေတွေပေါ်မူတည်တာမို့ သူတို့ စိတ်ပူတာတွေကို ဘယ်နည်းနဲ့ ဖြေဖျက်မလဲ ဆိုတာကိုတော့ ကိုယ့်နဲ့အတူ ကိုယ်ပတ်ဝန်းကျင်အခြေအနေနဲ့ လေ့လာသုံးသတ်ပြီး ကျိုးစားရပါလိမ့်မယ်။ ကျွန်မကိုယ်တိုင်လည်း ဒီနေရာမှာ နည်းမျိုးစုံး ပြောင်းသုံး ဖြေရှင်း ကျော်လွှားနေရဆဲ။ ဒီနေရာမှာ ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်တည်ဆောက်ဖို့ လိုပါတယ်။ ကိုယ်နဲ့ စိတ်တူကိုယ်တူ အပေါင်းအသင်းတွေလိုသလို  ကိုယ်တိုင်မမြင်တဲ့ ဘက်ကနေကြည့်ပြီး အကြံပေးနိုင်တဲ့ သူတွေလည်း လိုပါသေးတယ်။
ကျွန်မမှာတော့ ချစ်စရာ ငယ်သူငယ်ချင်းတွေ အများကြီး ရှိပါတယ်။ သူတို့က အပျိုကြီး ကျွန်မကို သူတို့ကလေးတွေနဲ့ တန်းတူလောက် ကျွန်မ ဘာလိုနေလဲ ဘာဖြစ်နေလဲ ကြည့်ပြီး ဖြည့်ဆည်းစောင့်ရှောက် တတ်တာမို့ ဒါက ကျွန်မရဲ့ ကံကောင်းတဲ့ တစ်ချက်ပါ။ နောက်ထပ် ကိုယ် မမြင်တဲ့ ဘက်ကနေ ကိုယ့်ကို အကြံပေးနိုင်တဲ့ သူတွေလည်း ရှာပါ။ ဘဝမှာ စိတ်ချမ်းသာတယ်ဆိုပြီး ကိုယ်နဲ့ အမြင်တူတဲ့ သူတွေနဲ့ချည်းနေပြီး နေနေရုံနဲ့ မပြီးသေးပါဘူး။ မတူညီတဲ့ အမြင်တွေကိုလည်း လက်ခံ နားထောင်ပြီး ဆင်ခြင်သင့်တာ ဆင်ခြင်ရပါမယ်။ ကိုယ်လိုပဲ လူလွတ်တွေနဲ့ချည်းပေါင်းတာ။ သက်တူရွယ်တူတွေချည်း ပေါင်းတာ မဟုတ်ဘဲ အသက်ရွယ်ပေါင်းစုံ လူပေါင်းစုံနဲ့ ပေါင်းသင်းဆက်ဆံရင် လူတွေကို ချစ်ခင်တတ်လာအောင် ကျိုးစားကြည့်ပါ။ မပျင်းရတော့သလို စိတ်ကူးသစ်လည်း တိုးပါတယ်။
ဝိဥာဉ်နဲ့ ခန
စီပွားရေး၊ လူမှုရေးတွေတွင်မက အသက် ၃၀ အရွယ် မှာ စိတ်နလုံး ငြိမ်းချမ်းဖို့နဲ့ သေဖို့ပါပြင်တတ်ဖို့ အရေးကြီးပါပြီ။ လုပ်ငန်းခွင်မှာ အသက်ကြီးလာတာနဲ့ အမျှ ထိုင်းမှိုင်းပြီး စိတ်ကူးသစ်တွေ မပေါ် မဖြစ်ရလေအောင် အနုပညာခံစားမှု၊ ခရီးသွားမှု၊ စာဖတ်ခြင်း စတဲ့ ကိုယ့်ကိုကိုယ်ဖျော်ဖြေနိုင်တဲ့ အရာတွေကိုလည်း မေ့ထားလို့ မရသလို နောက်ပြီး စိတ်ရော လူရော ကျန်းမာရေး ကောင်းအောင် ဂရုစိုက်ပါတယ်။ စိတ်လေ့ကျင့်ခန်း၊ ကိုယ်လေ့ကျင့်ခန်းလေးတွေကို ဂရုစိုက်လုပ်တတ်ရပါမယ်။ အတ္တပရ မျှတအောင်နေရင်း လူမှုရေး၊ စီးပွားရေးတွေအပြင် ဝိဥာဉ်ရေးပါပါ ဘက်မျှတအောင် နေဖို့ ကျိုးစားရပါတော့မယ်။
ကျွန်မတွေးမိတာလေးတွေထဲမှာ လိုတာ တွေလည်း ရှိသလို။ မတိုက်ဆိုင်တာတွေလည်း ရှိမှာပါ။ ဒါလေးတွေက ကျွန်မတွေးမိတာလေးတွေကို ဝေမျှရုံပါပဲ။ 
ပျော်ရွှင်ပါစေ။ 
ခင်မင်စွာဖြင့်
အလွမ်းပြေ

0 comments: