My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Monday, September 15, 2014

အဖြူ ရောင် နာကျင်မှု အိပ်မက် (သို့ ) Taj Mahal







သိပါရဲ့လား၊ အန္ဒိယ အင်ပါယာသခင် ၊ ရှာချာ့ခ်ဟန်
ဒီ ဘဝ၊ နုပျိုခြင်း၊ ကြွယ်ဝမှု၊ အာဏာ
အားလုံးဟာ အချိန်ရဲ့ တိုက်စားမှုမှာ
မျောပါသွားမယ့် အရာတွေ ဆိုတာ။
သင်ဟာ သင်ရဲ့ အိမ်မက်ထဲမှာပဲ
နှလုံးသားရဲ့ နာကျင်မှုကို
ထာဝရ သိမ်းထား ခဲ့တယ်။  
—Rabindranath Tagore

အန္ဒိယနဲ့ Taj Mahal (တာ့ခ်ျမဟာ) ကို လူတွေက အတူတွဲမြင်ကြသလို အန္ဒိယရောက်ရဲ့သားနဲ့ ယမုံနာမြစ်ကမ်းဘေးက Agra ( အာဂရာ) ဒေသက Taj Mahal ကို မရောက်ရင် အန္ဒိယ မရောက်ခဲ့သလိုပဲလို့ ပြောရမလိုမို့ ကျွန်မလည်း အပြေးအလွှား နယူးဒေလီကနေ ၄ နာရီကျော် ကားစီးပြီး သွားခဲ့တယ်။ 

Taj Mahal… ကမ္ဘာ့အံ့ဖွယ်တပါး၊ ဘုရင်တပါးရဲ့ သူ့မိဖုရားအပေါ် ချစ်ခြင်းရဲ့ ထာဝရ ထွန်းလင်းနေတဲ့ သင်္ကေတ။ ကျော်ကြားလှတဲ့ ဗိသုကာပညာလက်ရာတစ်ပါး။ ကြီးမား ခမ်းနားလှတဲ့ သမိုင်းရဲ့ သက်သေ။
နံနက်ခင်း နေရောင်အောက်မှာ စကျင်ကျောက် အဖြူရောင်တို့က တဖိတ်ဖိတ် တောက်ပနေသည်။ ခန်းနာလှတဲ့ အဆောက်အဦးကြီးကို ကျွန်မကို ဝေးဝေးက ရပ်ငေးကြည့်နိုင်တဲ့ ရှုခင်းနေရာမှာ ကားမောင်းသူ ဦးလေးကြီးက ရပ်ပေးရင်း “ဦးလေးကတော့ အနားကို လိုက်လို့မရဘူး ၊ စကျင်ကျောက် အဖြူရောင်တွေက လေထုညစ်ငြမ်းလို့ အဝါရောင် ပြောင်းလာလို့တဲ့၊ တစ်ယောက်တည်း သွားလို့လည်း မကောင်းဘူး။ ဂိုက်ငှားပြီး အထဲကို ဝင်သွားနော်” လို့ ကျွန်မကို ပြောပါတယ်။ 


အန္ဒိယမှာ ကျွန်မရဲ့ အသားအရောင်ကြောင့် နိုင်ငံခြားသူမှန်း သိသာတာရယ်။ ဘာကြောင့်မှန်းမသိ တစ်ချိန်လုံး လိုက်စကားပြောခံရပါတယ်။ သူငယ်ချင်း ဂျပန်မ ပြောဖူးတာကတော့ နင် အန္ဒိယ သွားရင် ကြောက်ရမှာ နွားနဲ့လူပဲ။ လမ်းလျှောက်ရင် နွားက နောက်ကနေ ပေါ်လာလိုက် ဘေးကဖြတ်ပေါ်လာလိုက်နဲ့ နင်ကြောက်လို့ အော်မိရင်လည်း ဘေးက လူတွေက နွားကို အော်တာ ငေါက်တာ မကြိုက်ဘူး။ လူတွေကတော့ နင်နဲ့ ရင်းနှီးအောင်လုပ်ပြီး မူးယစ်ဆေးရောင်းဖို့ ကျိုးစားလိမ့်မယ်လို့ ပြောဖူးတာကြောင့် ကျွန်မလည်း လူတွေကိုရော နွားတွေကိုရော သတိထားရပါတယ်။ ဒါအပြင် မိန်းကလေးတစ်ယောက်တည်း မို့ မုဒိန်းကျင့်မခံရဖို့ အထူးသတိထားပါလို့ အမှာခံရတာမို့… အိမ်ထောင်သည်လို့ ပြောတစ်ခါ ၊ စေ့စပ်ပြီးသူလို့ ပြောလို့ တလှည့် မေးလာသမျှ လူတွေ၊ ဂိုက်နဲ့ ဒရိုင်ဘာတွေ ကို အဖြူရောင် မုသားသုံးရပါသေးတယ်။ အဝင်လမ်းမှာ ဂိုက်က ကျွန်မကို ကုလားအုတ်စီးမလား၊ ရိုးရိုး အလက်ထရောနစ်ကား စီးမလားလို့ ဆိုတော့ ကျွန်မက ရိုးရိုးကားပဲ စီးကြတာပေါ့ဆိုတော့  ဒါဆို လမ်းတော့ နည်းနည်းလျှောက်ရမယ် လို့ ဆိုပါတယ်။ ရပါတယ် ဆိုပေမယ့် ၄၅ ဒီဂရီစင်တီဂရိတ်နေအောက်မှာ ကျွန်မ ဖျတ်ဖျတ်လူးအောင် ပူနေတော့ တစ်ကိုယ်လုံး နီရဲနေပါတယ်။ ဟော်တယ်က ပေးတာတွေကို စုထားသမျှ ရေသန့်ဘူးတွေ  နေ့တစ်ဝက်မှာ ကျွန်မ သောက်လို့ ကုန်ပါပြီ။ ဂိုက်ကောင်လေးက ကျွန်မကို ဂရုစိုက်ရုံမျှမက ရေလည်းသူပဲ ထပ်ပြေးဝယ် အဝင်လက်မှတ်လည်း သူပဲ တိုးလို့သာ တော်သေးလို့ ကျေးဇူးတင်ရမယ်မှတ်ပေမယ့် ကျွန်မ ကို ဖုံးနံပါတ်တွေကိုရောတောင်း ဖေ့ဘွတ်သုံးရင် အခု သူငယ်ချင်းအဖြစ်လက်ခံပေးပါ ဆိုတာရော စုံလာတော့ ဟယ် Taj Mahal ကြီးက လှလိုက်တာနော် ငါ့ အမျိုးသားက သိပ်လိုက်ခဲ့ချင်တာ သူမအားလို့ နောက်နှစ် ငါတို့ ထပ်လာဦးမယ် သိလားလို့ ပြောချလိုက်မှပဲ ဟုတ်လား ဆိုပြီးမှ သူက မင်းကြီး “Shah Jahan” နဲ့ သူ့မိဖုရား “Mumtaz Mahal” ရဲ့ အချစ်ဇာတ်လမ်းကို အဝင်အနေ စပြီး ပြောပါတော့တယ်။ 

တကယ်ပိုချစ်ခဲ့သူ ဘယ်သူများ ပါလိမ့်


Shah Jahan ဘုရင် နဲ့  သူ့ချစ်သူ Mumtaz ဟာ Mumtaz ၁၄ နှစ်သမီးမှာ စတွေ့ပြီး ချစ်သူဖြစ်ပြီး ၅ နှစ်အကြာမှာ သူ့ရဲ့ တတိယမြောက်မိဖုရားအဖြစ် လက်ထပ်ယူခဲ့တာပါတဲ့။ သူတို့ နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုးလွန်းလို့ မခွဲနိုင် မခွာရက်ပါပဲ။ စစ်ပွဲရှိရင်တောင် Mumtaz ဟာ ဘုရင်နဲ့အတူ စစ်မြေပြင်ကို လိုက်ပြီး သေအတူ ရှင်မကွာ နေခဲ့သူပါတဲ့။ နောက်တော့ သူတို့ နှစ်ယောက်ရဲ့ ၁၄ ယောက်မြောက် ကလေးကို မွေးဖွားပေးပြီးတဲ့ အချိန်မှာ ကျန်းမာရေး ချို့ယွင်းလာပြီး Mumtaz သေဆုံး သွားခဲ့ပါတယ်တဲ့။ ဂိုက်ကတော့ အဲဒီမှာ ရပ်ထားခဲ့ပေမယ့် ကျွန်မ ဖတ်ရတဲ့ ဇာတ်လမ်းထဲမှတော့ Mumtaz သေဆုံးပြီးသွားတဲ့ အခါ ဘုရင်ဟာ Mumtaz ရဲ့ ညီအစ်မ တစ်ယောက်ကို ထပ်ပြီး လက်ထပ်ခဲ့ပါသေးတယ်။ Taj Mahal ဟာ Mumtaz အတွက် အချစ်သက်သေအဖြစ် ဆောက်လုပ်ခဲ့ပြီး Mumtaz ရဲ့ ရုပ်အလောင်းကို အထဲမှာ မြှုပ်နှံခဲ့ပါသတဲ့။ လူအားလုံးဟာ ဘုရင်ကြီးရဲ့ အချစ်ကို တသသ၊ အချစ်ခံရတဲ့ Mumtaz  ဒါပေမယ့် တကယ်ချစ်ခဲ့ သူဟာ ဘယ်သူများပါလိမ့်… ။

ရင်သတ်ရှုမောဖွယ် ဗိသုကာပညာ


ယမုံနာ မြစ်ကမ်းဘေးမှာ Taj Mahal ကို ဆောက်ခဲ့တာကိုက သူ့အလှကို ပိုပေါ်လွင်စေတာ တစ်မျိုးမို့ နေရာရွေးချယ်မှု ကောင်းလှသလို ဝင်ဝင်ချင်းမှာ မုခ်ဦး ပြီးတော့ ပန်းခြံအပြင် အလယ်တည့်တည့်မှာ ရေကန်ကြီး ရှိနေတာကလည်း အရိပ်ထင် လှပစေသလို ပူလောင်တဲ့ ပတ်ဝန်းကျင်မှာ အေးမြမှုကို ပိုခံစားရစေပါတယ်။ အဆောက်အဦးကတော့ ကုဗတုံးကို အခြေခံ ဆောက်ထားတယ်လို့ ထင်ရပါတယ်။ အဝင်အဝကတော့ စတုဂံ၊ အဲဒီ စတုဂံပုံပေါ်က စတုရမ်းကွက်ပေါ်မှာ အမိုးခုံး အသေး နှစ်ခု အလည်မှာ အမိုးအခုံး အကြီးတင်ပြီး ဆောက်ထားတယ်လို့ မြင်မိတယ်။ အမိုးခုံး အကြီးမှာ ကြာပန်းပုံတွေကို ဖော်ထားသလို တွေ့ရပါတယ်။ ဗိသုကာပညာက ကျွန်မ ရင်းနှီးတဲ့ ပညာရပ် မဟုတ်တော့ ကျွန်မ မျက်လုံးက ထင်တာကိုပဲ ပြောတာပါ။ ထူးခြားချက်က ပုံဖော်ထားသမျှတွေက အံဝင်အောင် ပုံဖော်ပြီး ချိတ်ဆက်ထားတာပါ။ စကျင်ကျောက်ဆိုတာ ချိတ်ဆက်စရာ တခြားမှ သုံးမရတာ။ ဒီလောက် အဆောက်အဦး အကြီးကြီးကို ဘယ်လိုများ တွက်ချက်ပြီး ဆောက်ခဲ့ပါလိမ့်။ အဆောက်အဦးထဲ ဝင်လိုက်တာနဲ့ ပူပြင်းမှုဟာ အပြင်မှာ ကျန်ခဲ့ရက်သား အေးမြမှုကို ခံစားရပါတယ်။ အတွင်းထဲမှာ ပုံဖော်ထားတဲ့ ပန်းခက် ပန်းနွယ်တွေကတော့ လှပလွန်းလှပါတယ်။ နံရံ၊ လျှောက်လမ်း၊ လက်ရမ်း စတာတွေကို လိုက်ဖက်အောင် အရောင်ယှက် ပန်းပုံဖော်ထားတာတွေက ကျောက်တွေနဲ့ ဘယ်လိုများ လုပ်ပါလိမ့်လို့ လက်နဲ့ ထိထိကြည့်ရင်း အံ့သြရတဲ့ အထိပါပဲ။


ယမုံနာမြစ် လသာဆောင်ဘက် တိုင်လုံးတွေကလည်း 3D လိုပြောလို့ရအောင် အနားက ကြည့်ရင် ချောမွေ့နေပြီး အနောက်ဆုတ်လိုက်တာနဲ့ တိုင်လုံးတွေ ကွဲဖြာထွက်သွားသလို မြင်ရအောင် မျဉ်းတွေနဲ့ ပုံဖော်ထားပါတယ်။ အစ္စလမ် ဘာသာရေး ယဉ်ကျေးမှုလွှမ်းတဲ့ အီရန်၊ ပါရှန်းလက်ရာတွေလို့ ဆိုကြပါတယ်။ Shah Jahan နဲ့ Mumtaz တို့ ထာဝရလှဲလျောင်းရာနေရာကို နေရောင် နဲ့ လရောင် ရအောင် အလင်းဝင်အောင် တွက်ချက် တည်ဆောက်ထားပုံကလည်း သေသပ်လွန်းလှပါတယ်။ အရာရာဟာ အသေးစိတ်လှပ နေအောင် တည်ဆောက်ပေးခဲ့တဲ့ လက်ရာရှင်တွေဟာ လုပ်ငန်းအပြီးသတ်ချိန်မှာတော့ လက်တွေ အဖြတ်ခံရတယ်လို့ ဆိုပါတယ်။ ကျွန်မဂိုက်ကတော့ လက်မတွေပဲ ဖြတ်တာပါလို့ ဆိုပါတယ်။ ဒီလို လက်ရာ နောက်တစ်နေရာမှာ ပေါ်မလာအောင်တဲ့လေ။ စေတနာအပြည့် ချွေးနဲ့ သွေးနဲ့ ရင်းခဲ့သူတွေကို အဲဒီလို ရက်စက်ခဲ့ သတဲ့လား။

Taj Mahal , အချစ်ရဲ့ သင်္ကေတလား၊ ဘုရင်တစ်ဦးရဲ့ အာဏာပြရုပ်ဝတ္ထုတစ်ခုလား 


ကျွန်မတွေးမိတယ်။ Shah Jahan ဟာ Taj Mahal ကြီး ဆောက်နေချိန်မှာ မနက်တစ်ကြိမ် ညနေတစ်ကြိမ် အရှေ့တည့်တည့်က ထိုင်ကြည့်သလို မလှမ်းမကမ်းက သူ့ရဲ့ နန်းတော်ကလည်း မျှော်ကြည့်တယ်ဆိုပြီး သူထိုင်ခဲ့တဲ့ နေရာကို ကျွန်မကို ဂိုက်က ပြပါတယ်။ ဘယ်သူက Taj Mahal ရဲ့ ဒီဇိုင်းကိုဆွဲခဲ့တယ် ဆိုတာ အခုထိ ဘယ်သူမှ တိတိကျကျ မပြောနိုင်ပေမယ့် Ustad Ahmad Lahauri  နဲ့ Mir Abd-ul Karim ဆိုသူတွေနဲ့ အတူ အဆောက်အဦး ဆောက်တာ ဝါသနာပါတဲ့ ဘုရင်၊ သူကိုယ်တိုင် ဦးစီးတည်ဆောက်ခဲ့တယ်လို့တော့ ဆိုကြပါတယ်။  ဟိုးမုခ်ဦးပေါ်က အဖြူရောင် မို့မို့ ချွန်ချွန်လေးတွေက ဆောက်လို့ကြာတဲ့ အချိန် တစ်နှစ်ချင်းစီကို ကိုယ်စားပြုတယ် ရေကြည့်ပါလား လို့ ဂိုက်က ပြောတော့ ကျွန်မ မရေပဲ ၂၂ မဟုတ်လား ဆိုတော့ သူက နင် ဒီမလာခင် အိမ်စာလုပ်ခဲ့တာကိုးလို့ ပြောပြီး သူက ရယ်ပါတယ်။ လူပေါင်း ၂၂၀၀၀ ကျော်နဲ့ ဆင်ပေါင်း ၁၀၀၀အင်အားကို သုံးပြီး  တည်ဆောက်ချိန် နှစ်ပေါင်း ၂၂။

Taj Mahal ကို ဆောက်ဖို့ စကျင်ကျောက် အဖြူတွေကို အာရှ အလယ်ပိုင်း နဲ့ အိန္ဒိယနိုင်ငံ တစ်လျှောက်က ရယူထားတာပါ။ ဒါကို ကြည့်ခြင်း အားဖြင့် Shah Jahan ရဲ့ အာဏာစက် ဘယ်လောက်အထိ ပြန့်ခဲ့တယ် ဆိုတာကို ကျွန်မတို့ အခုထိ ပြန်ခန့်မှန်းလို့ ရနိုင်တယ် မဟုတ်ပါလား။ ပြီးတော့ လူအင်အားနဲ့ ဆင်အင်အား ဒီလောက်ကို အနှစ် ၂၂ ဒီ အဆောက်အဦး ဆောက်ဖို့ သုံးထားနိုင်တယ် ဆိုကတည်းက သူ့  အင်ပါယာကို ကာကွယ်တဲ့ စစ်တပ် အင်အားဆိုရင် ဘယ်လောက်အထိ ရှိမလဲလို့ လူတွေ ပြေးတွေးလိုက်မိစေပါတယ်။ ငွေအင်အားကရော ၁၆၀၀ နှစ် ပတ်ဝန်းကျင် မှာ ရူပီ ၃၂ မီလီယံ သုံးခဲ့တာ။ တချို့ကလည်း ၅၀ မီလီယံ လို့ဆိုပါတယ်။  ဘုရင့်ငွေဆိုတာ ပြည်သူ့အခွန်ပါ။ ပြည်သူ့ အခွန်ကို ပြည်သူ အတွက် မသုံးဘဲ သူ့မိဖုရား အမှတ်တရ အဆောက်အဦးကို ဆောက်ခဲ့တာ.. တစ်ဦးတစ်ယောက်အတွက် သုံးခဲ့တာ… ပြည်သူ့ ဆင်းရဲခြင်း၊ မညီမျှခြင်းတွေကို ဖန်တီးခဲ့ရာ မကျနိုင်ဘူးလား။ အန္ဒိယအတွက် ဆင်းရဲချမ်းသာ ကွာဟမှုကို ဖန်တီးခဲ့တဲ့ အချက်ထဲမှာ ဒါကလည်း တစ်ချက်မပါဘူးလို့ ဘယ်သူ ပြောနိုင်မှာတဲ့လဲ။ ကျွန်မ ဝမ်းနည်းမိတယ်။ သူ့အတွက် လူအား ငွေအားတွေ အဲဒီလောက်အထိ စိုက်ထုတ်ပြီး လုပ်နေကြတာလို့ ဆိုနေတာဆိုတော့လေ။  Taj Mahal ကြီး ဆောက်နေတာ ကို Mumtaz ရဲ့ ဝိဥာဉ်ကရော ကြည့်ပြီး ဝမ်းသာနေမလား၊ ဝမ်းနည်းနေမလား။ 

 
ယမုံနာရဲ့ ဟိုးဘက်ကမ်းကို လက်ညှိုးထိုးရင်း ဟိုဘက်မှာ အနက်ရောင် တစ်ခု သူ့ကိုယ်တိုင် အတွက်ထပ်ဆောက်ဖို့ လုပ်နေရင်း သူသားက နန်းသိမ်းပြီး ပြည်သူ့ဘဏ္ဍာတွေ ဒီအတွက် မသုံးနိုင်ဘူးလို့ ဆိုပြီး ဆက်မဆောက်လို့ ဒီအတိုင်းရှိနေသေးတာလို့ ပြတော့ ဘုရင်တစ်ပါးရဲ့ အတ္တနဲ့ သူ့ အာဏာစက်ချန်ခဲ့ချင်ပုံကို ကျွန်မဖြင့် အလန့်တကြား ဘုရားတမိပါတယ်။ 

တငြိမ့်ငြိမ့်စီးနေတဲ့ မြစ်မင်း ယမုံနာကို Taj Mahal ပေါ်ကနေ ငေးကြည့်ရင်း ယမုံနာစကားပြောတတ်ရင် မျက်မြင် တွေ့ရတဲ့ သူ့ကို ကျွန်မဖြင့် မေးကြည့်ချင်ပါရဲ့။ ဘုရင်တစ်ပါးရဲ့ အတ္တ၊ အချစ်ခံ မိန်းမတစ်ယောက်ရဲ့ ကြည်နူးမှုနဲ့ နာကျင်မှု မျက်ရည်၊ တည်ဆောက်သူ အလုပ်သမားတွေရဲ့ သွေးနဲ့ ချွေးတွေ၊ ပြည်သူတို့ရဲ့ ငိုညည်းသံ၊ စတာတွေ အကြောင်းကိုပေါ့။ ပြောပြ စမ်းပါ့ ယမုံနာရယ်။

0 comments: