My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Wednesday, August 13, 2014

လွမ်းစရာ နေဝင်ချိန် (သို့) Galle Face Beach




~ဒီနေဝင်တာ နောက်ထပ် ကြုံဦးမယ်…. အချိန်တန်လာရင် နှုတ်ဆက်ရမယ် ဒီအတိုင်းပဲ … သယ်ဆောင်ရာ ခြေလှမ်းတို့ နောက်ကွယ်… ထင်ကျန်နေတဲ့ တို့ရဲ့ စိတ်တွေ ကြေကွဲ .. အမှောင်ဝင်လာတဲ့ လမ်းထဲ~
 ( ထူးအိမ်သင် -နေဝင်ချိန်များ ) 
ပင်လယ်ဘက် ညနေခင်း လမ်းလျှောက် ထွက်ခဲ့တယ်။ အေးအေးလူလူ ညနေပိုင်း လမ်းလျှောက်ရတာ ကို ကျွန်မက နှစ်သက်သူလေ။ ခပ်ဖြေးဖြေး တွေးတွေးငေးငေး လျှောက်လာရင်း တစ်နေရမှာ ကျွန်မ ထိုင်ချလိုက်တယ်။ ကျွန်မ ခြေထောက်တွေကို ပင်လယ်လေညှင်းက လာပြီး ထိကစားပေမယ့် သဲသောင်နဲ့ တော့ ထိမနေပါဘူး။ လေထဲမှာ လွင့်နေတယ်။ ကျွန်မက တံတိုင်းပေါ်မှာ ထိုင်နေတာလေ။ အောက်တစ်ဆင့်မှာမှ ကမ်းခြေ။ ကမ်းခြေ သောင်ပြင်မှာတော့ လှိုင်းစီးသူ၊ ဘောလုံးကစားသူတွေနဲ့ ပေါ့။ Galle Face လို့ ခေါ်တဲ့ Colombo ရဲ့  အန္ဒိယ သမုဒ္ဒရာ အနောက်ဘက် ကမ်းခြေ။ အများပြည်သူ လွတ်လွတ်လပ်လပ် နားနေနိုင်တဲ့ ပြည်သူပိုင်ကမ်းခြေမို့ ညနေဟာ မိသားစုလိုက် လာကြသူတွေ၊ သူငယ်ချင်း အဖွဲ့တွေ၊ ချစ်သူစုံတွဲတွေ၊ ခရစ်ကတ်ကစားကြသူတွေ၊ ရေကူးကြသူတွေ နဲ့ လမ်းလျှောက်ကြသူတွေနဲ့ စည်ကားနေတတ်ပြီး စွန်လွှတ်သူတွေကိုတော့ အများဆုံး တွေ့ရတဲ့ နေရာပေါ့။
ပူပူပြင်းပြင်း မဟုတ်တော့ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ အလှဆုံးပြုံးပြနေတဲ့ နေမင်းက တိမ်တိုက်တွေကြားက ပျောက်သွားလိုက် တဖြည်းဖြည်း ပြန်ပေါ်လာလိုက် နောက်ထပ် တိမ်တိုက်တစ်ခုနောက်ထဲ ပြေးပုန်းသွားလိုက်နဲ့ သူနောက်ဆုံး ဝင်ရမယ့် အနောက်ဘက် မိုးကုတ်စက်ဝိုင်းဆီ ဦးတည်နေပြီ… အဆုံးမှာ ရေပြင်ကြီးနဲ့ နောက်ဆုံး သူ ထိတွေ့သွားရဲ့လား။ ကျွန်မ ငေးမောနေမိတယ်။ လှိုင်းလုံး ဖြူဖြူ တွေကလည်း ကမ်းစပ်ဆီ ပြေးလာလိုက် ပြန်ထွက်သွားလိုက်နဲ့။ လှိုင်း ပုတ်သံ တဝုန်းဝုန်းက စည်းချက်ကျကျ…။
တဖြည်းဖြည်း ကျွန်မ နားထဲမှာ ကြားနေရတဲ့ ပတ်ဝန်းကျင်က အသံတွေ တဖြည်းဖြည်းတိုးသွားတယ်။ ကျွန်မနဲ့ ဝင်တော့မယ့် နေမင်းပဲ နှစ်ယောက်ထဲ ရှိကြသလို နှစ်ယောက်သား စိတ်နဲ့ စကားပြောမိတယ်။ နေမင်းက ကျွန်မကို “သွားတော့မယ်” လို့ ခပ်တိုးတိုး နှုတ်ဆက်တယ်။ ကျွန်မ ခေါင်းကို ဖြေးဖြေး ငြိမ့်ပြလိုက်တယ်။ သူကမေးတယ်။ “မင်းဝမ်းနည်းနေလား” တဲ့။ ကျွန်မ မျက်ဝန်းတွေကို သူ့ဆီက လွှဲပြီး ကမ်းခြေကနေ ပြေးထွက်သွားတဲက လှိုင်းတွေကို ကြည့်ရင်း “အသားကျနေပါပြီ.. ကျွန်မက ရပါတယ်” လို့ ပြန်ပြောမိပေမယ့် အဖျားသတ်တော့ တိမ်သွားသေးတယ်။ တည်ငြိမ်ဖို့ ကျိုးစားပေမယ့် တစ်ခါတလေ အသားကျနေရဲ့သားနဲ့တောင် အဆင်သင့် မဖြစ်တာတွေ ရှိနေသေးရဲ့။ သူက “ကိုယ့်သဘာဝကို ကိုယ်ပြောင်းလဲလို့ မရဘူး..ဆောရီးပါ” တဲ့။ “ရှင့် သဘာဝကို ကျွန်မ လက်ခံပြီးသားပါကွယ်၊ ခွဲခွာခြင်းနဲ့ အသားကျနေပေမယ့် ကြုံလာတာကို အသင့်ဖြစ်မနေရုံမို့ ရှင့်အပြစ် မဟုတ်ရပါဘူး၊ စိတ်ထဲဘာမှ မထားပါနဲ့..  ကောင်းသောည ဖြစ်ပါစေနော်” လို့ ကျွန်မ ပြန်ပြောခဲ့တယ်။ “မင်းအတွက်လည်း ကောင်းသောည ဖြစ်ပါစေ ကလေးရယ်” လို့ ပြောရင်း သူက အနောက်ဘက်ဆီကို ထွက်ခွာသွားတော့တယ်။ ဒီလို စကားတွေ ပြောဖူးတဲ့ ညနေတွေက အမှတ်တရပေါ့။ ကျွန်မရင်ထဲ စူးက တစ်ချက် အောင့်သွားပေမယ့် နှုတ်ခမ်းတွေကတော့ ပြုံးနေဆဲပါပဲ… မနက်ခင်းဆိုတာ ရှိတယ် ဆိုတာကလည်း သဘာဝပဲ မဟုတ်လား။ မနက်ခင်းအလင်းစက်တွေနဲ့အတူ သူ ပြန်လာဦးမှာပဲလေ။ 


ကမ်းခြေက လူတွေဆီ ကျွန်မ စိတ်တွေ ပြန်ရောက်လာတယ်။ ကမ်းခြေတစ်လျှေက် ဖွင့်ထားတဲ့ ဆိုင်လေးတွေ.. တချို့က ထိုင်ခုံလေးတွေ ချထားသလို၊ တချို့က တွန်းလှည်းတွေနဲ့ တစ်ချို့ကတော့  ဗန်းကိုသယ်လို့ .. ဝမ်းရေးအတွက် ငွေရှာသူတွေနဲ့ သူတို့ဆီက ဝယ်ပြီး ညနေစာ ဝမ်းဖြည့်နေသူတွေ ကလည်း ပျားပန်းခတ်မျှပါလား။ နောက်ပြီး မြင်းတစ်ကောင်ကို ဆွဲပြီး ဟိုကြည့် ဒီကြည့်နဲ့ မြင်းစီးမလားလို့ လိုက်မေးနေတဲ့ သူတစ်ယောက်နဲ့ သူရဲ့ မြင်းတစ်ကောင်ရယ်။ မြင်းစီး ချင်လို့ သူ့တို့ အမေအဖေတွေကို ပူဆာနေတဲ့ ကလေးတွေရယ်။ တစ်ယောက် ပန်းကန်ထဲ တစ်ယောက် အပြန်အလှန် သူ့ထည့်ပေးလိုက် ကိုယ်ထည့်ပေးလိုက်နဲ့ အဝေမျှပေမယ့် အဝေမတည့်သေးတဲ့ ကျွန်မ နောက်တည့်တည့် ဆိုင်က စုံတွဲရယ်။ ကျွန်မဘေးက ထိုင်နေတဲ့ အုပ်စုလိုက် အပြန်အလှန် သူ့ရိုက် ငါ့ရိုက်နဲ့ ဓါတ်ပုံရိုက်ပြီး အလုပ်ရှုပ်နေကြတဲ့ ကောင်လေး တစ်သိုက်ရယ်။

 ပြေးဆော့နေတဲ့ ကလေးတွေနဲ့ လမ်းဘေးမှချခင်းရောင်းနေတဲ့ အရုပ်ရောင်စုံ မြင်ကွင်းလှလှတွေ။ အခုမှပဲ ဘေးကလူတွေဆီ ကျွန်မ အာရုံပြန်ရောက်မိတော့တယ်။ လူတွေက မျက်စိ တဆုံးပါပဲ။ လူအရှုပ်ဆုံးနဲ့ အစည်ကားဆုံးလို့ နာမည်ကြီးတဲ့ မြို့လယ်နဲ့ အနီးဆုံး ကမ်းခြေကိုး။ မူစလင်အများစုကိုလည်း တွေ့ရသလို မူစလင်အစားအသောက် ရောင်းတဲ့ ဆိုင်တွေကိုလည်း အများဆုံး တွေ့ရပါတယ်။ 


စွန်လွှတ်နေတဲ့ သူတွေဆီ ကျွန်မ အာရုံရောက်သွားတယ်။ ငယ်ငယ်က စွန်လွှတ်တာ ဝါသနာပါပေမယ့် မိန်းကလေးနဲ့ စွန်လွှတ်တာ ဆိုတာ လူတွေ အမြင်မှ အတွဲမညီဘူးမို့ ကျွန်မမှာ စွန်ရှိပေမယ့် ယစ်ဘီးအပိုင် မရှိခဲ့ပါဘူး။ ကျွန်မ စွန်လေးတွေကို ချစ်ပေမယ့် သူ့တို့ကို နှောင်ထားဖို့ နှောင်ကြိုးအပြည့်ဖြည့်ထားတဲ့ ယစ်ဘီး တစ်လုံး ကျွန်မမှာ မရှိခဲ့သလို ရှိဖို့လည်း အသည်းအသန် မကျိုးစားခဲ့မိဘူး။ ကျွန်မ မောင်လေးမှာ ယစ်ဘီးကိုပဲ ငှားပြီး စွန်လွှတ်ခဲ့တယ်။ မှတ်မှတ်ရရ မောင်လေးမှာ ယစ်ဘီးက နှစ်ခု ရှိတယ်။ တစ်ခုက ရိုးရိုး ကြိုးတွေနဲ့ နောက်တစ်ခုက မှန်စာ တိုက်ထားတာ။
 ကျွန်မ မှန်စာတိုက်ထားတဲ့ ကြိုးတွေပါတဲ့ ယစ်ဘီးကို ဘယ်တော့မှာ မယူခဲ့ဘူး သူများ သူများစွန်လေးတွေကို ကျွန်မမှ မဖြတ်ချင်တာ။ ဒါပေမယ့် ကိုယ့်စွန်လေး အမြင့်ရောက်နေချိန် ပီတိနဲ့ ငေးမောရင်း လွတ်လပ်ခြင်းကို အတူလိုက်ပါခံစား နေချိန်မှာ သူများက လာဖြတ်သွားတိုင်း ဝမ်းနည်းစိတ်နဲ့ ငေးကြည့်ခဲ့ရတဲ့ အကြိမ်ပေါင်းမနည်းပါဘူး။ ဒါပေမယ့်လေ.. ကျွန်မမှာ စွန်နောက်ကို ပြေးလိုက်ဖို့ အင်အားလည်း မရှိခဲ့သလို နောက်တစ်ကြိမ်မှာလည်း မှန်စာသုံးဖို့ ကျွန်မ စိတ်ကူးကို မပြောင်းခဲ့ပါဘူး။ ဒီလိုနဲ့ပဲ  အဝေးရောက်သွားတဲ့ စွန်လေးတွေကို ငေးကြည့်ရင်း ရတဲ့ နာကျင်မှုနဲ့လည်း အသားကျခဲ့ပါတယ်။
ကမ်းခြေက စွန်တွေကတော့ အလှလွှတ်တဲ့ စွန်တွေမို့ ကိုယ်စွန်ကိုယ်လွှတ်ပြီး အေးအေးဆေးဆေးပါပဲ။ လှလိုက်တဲ့ စွန်တွေက ပုံစံအမျိုးမျိုးနဲ့ Angry Bird စွန်တောင် ပါသေး။ ဒါပေမယ့် ကျွန်မငယ်ငယ်က လွှတ်တဲ့ ရိုးရိုးရှင်းရှင်း အရောင်လေးတွေနဲ့ စွန်လေးတွေကိုပဲ ကျွန်မ စိတ်ထဲမှာ လွမ်းမိတယ်။ အပြာရောင်စွန်လေးတွေက ကျွန်မ အနှစ်သက်ဆုံး စွန်လေးတွေပဲ။ 

အလင်းက တဖြည်းဖြည်းနဲလာပြီး အမှောင်ဘက်ကို ပိုလွှမ်းလာပြီး။ ကမ်းခြေအတိုင်း တဖြည်းဖြည်းလျှောက်လာရင်း မီးပြတိုက်ကိုတောင် လှမ်းမြင်နေရပြီကော ကျွန်မ အဆောင်ဘက် ပြန်လျှောက်သင့်ပြီလို့ တွေးပြီး ပြန်အလှည့်မှာ ကျွန်မ အနောက်တည့်တည့်က လူတစ်ယောက်က ပြုံးပြပြီး “Hi” လို့ နှုတ်ဆက်တော့ ကျွန်မလည်း ပြန်နှုတ်ဆက်ပြီး ပြန်မယ့် လမ်းဘက်ဆီ ဦးတည်လိုက်တယ်။ သူက ကျွန်မကို ဘယ်နိုင်ငံကလာတာလဲလို့ ထပ်မေးတယ်။ တစ်ယောက်တည်းလားတဲ့။ ကျွန်မ စကားထပ်ပြောလို့ မဖြစ်တော့ဘူး ဆိုတာ နားလည်လိုက်တယ်။  စကားနားမလည် သယောင် ဆိတ်ဆိတ် လုပ်လာပြီး လမ်းကို သွက်သွက်လျှောက်မိတယ်။ သူကလည်း လိုက်လျှောက်လာတယ်။ အော် တစ်ယောက်တည်း လာတဲ့ ကမ္ဘာလှည့် ခရီးသည် အမျိုးသမီး၊ ဒါမှမဟုတ် တစ်ယောက်တည်း နေတဲ့ နိုင်ငံခြားသူ တစ်ယောက် အဖော်ရှာတတ်တယ်လို့ သူ့ အတွေ့အကြုံက သူ့ကို သင်ထားလေသလား။ ဒါမှမဟုတ် ရိုးရိုးသားသား ကျွန်မကို ခင်ချင်တာလား ကျွန်မ မသိခြင်းအတွက် သူ့ကို အပြစ်မယူ စိတ်မကွက် ချင်တော့ပါဘူး။ ကျွန်မ ရဲ့ ကြယ်တွေ ထိုင်ကြည့်မယ့် စိတ်ကူးကို ဖျက်ပြစ်ပြီး ကမ်းခြေကနေ ပလက်ဖောင်းပေါ်တက်ပြီး တကယ်ဆို ကျွန်မ အဆောင်နဲ့ ကမ်းခြေဟာ လမ်းလျှောက်လို့ ရတဲ့ အနေအထားပေမယ့် အမြန်ဆုံး သုံးဘီးငှားပြီး ပြန်ထွက်လာခဲ့တယ်။ တကယ်ဆို ကျွန်မ ဒီကမ်းခြေမှာ စွန်လွှတ်ချင်သေးသလို ညဘက်ကြယ်တွေလည်း ထိုင်ကြည့်ချင်သေးတယ်။ နေဝင်သွားတဲ့ အချိန်မှာ ကျွန်မရဲ့ စိတ်က လုံခြုံမှု ပျောက်ကွယ်သွားပြီလား။ ကြယ်လေးတွေကို မြင်ရဖို့ အမှောင်လိုတယ် ဆိုပေမယ့် ကျွန်မရဲ့ အခုနေတဲ့ အခန်းလေးက ပြူ တင်းတွေ မရှိဘူးလေ.....။

0 comments: