My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Tuesday, August 12, 2014

Gangaramaya Temple (သို့) ယဉ်ကျေးမှုတို့ ဆုံဆည်းရာ ကျောင်းတော်






ခရီးသိပ်သွားတာ ဝါသနာလည်းပါ၊ သွားလည်း သွားဖြစ်တဲ့ ကျွန်မမှာ ခရီးသွားဖော် သူငယ်ချင်းလေး တစ်ယောက်ရှိတယ်ရှင့်။ သူ့ကို လူတွေက  အဲလစ်နဲ့ အံ့သြဖွယ်ကမ္ဘာ ထဲက ကောင်မလေးနဲ့ တူတယ်လို့ ပြောကြတယ်။ ဆံပင်လေး နှစ်ဖက်  ခွဲစီးထားပြီး အမြဲပြုံးနေတဲ့ မျက်နှာ ဝိုင်းဝိုင်းလေးက ချစ်စရာလေး။ သူက ကျွန်မရဲ့ ခရီးသွားဖော် မဖြူဖွေးပါ။ 

ကျွန်မနဲ့ မဖြူဖွေး သီရီလင်္ကာနိုင်ငံ Colombo မြို့ ကိုရောက်ပြီး တစ်ပတ်ကျော်လောက်မှာ ရလာတာ ပိတ်ရက်လေးကို အကျိုးရှိရှိ ခြေဆန့်ဖို့ ဘယ်သွားမလဲ လို့ လုပ်ဖော်ကိုင်ဖက်တွေကို မေးတဲ့အခါ Colombo မှာ အထင်ကရ နေရာတွေကို ပြောပြပါတယ်။ အဲဒီအထဲက  “Gangaramaya Temple” ကို ညနေပိုင်း ကျွန်မတို့ ရောက်ခဲ့တယ်။ 


အဖြူရောင် ဝတ်စုံတွေနဲ့ လူတွေ သက်ဝင်လှုပ်ရှားသွားလာနေကြတဲ့ “Gangaramaya Temple” အရှေ့မှာ ကျွန်မတို့ စီးလားတဲ့ သုံးဘီးလေးရပ်သွားတော့ ကျွန်မစိတ်ထဲ အဖြူရောင်ဝတ်မလာလို့ ဝင်မှ ဝင်လို့ရပါ့မလားလို့ စိတ်ပူရင်း မရဲတရဲ့ အဝင်မှာ ကျွန်မတို့ မြန်မာမှာလိုပါပဲ အဝင်ကတည်းက ဖိနပ်ချွတ်ဝင်ရသလို နိုင်ငံခြားသားတွေက ရူပီး ၂၀၀ အလှူငွေ ထည့်ရတယ်လို့ ကောင်တာလေး တစ်ခုနဲ့ ထိုင်နေတဲက လူတစ်ယောက်က ပြောလာတယ် ဒါပေမယ့် အဲဒီအလှူငွေကို ဘောင်ချာထုတ်ပေးပြီး သူ့လက်နဲ့ တောင်မယူပါဘူး မသန်စွမ်းကလေးများကို လှူဒါန်းရန်လို့ ရေးထားတဲ့ အလှူခံ ပုံးထဲ ထည့်လိုက်ပါတဲ့။ 

 
photo by PPT

ဒီနောက်တော့ ကျောင်းဆောင်ထဲကို ဝင်လိုက်တဲ့ အခါမှာ လည်ပင်းတဆုံး မော့ကြည့်ရတဲ့ ဘုရားရုပ်ပွားတော်ကြီးကို သပ္ပယ်စွာဖူးမြော်ရလို ရုပ်ပွားတော် ဘေး မှာလည်း လူနတ်ဗြဟ္မာတွေက ဖူးမြော်နေဟန် ရုပ်စုံတွေကို ထွင်းထုထားပါတယ်။ ကျောင်းဆောင် အတွင်းပိုင်း တစ်ခုလုံးမှာ ဘုရားဆင်းတုတော်တွေနဲ့ ရုပ်စုံတွေကို တွေ့ရပါတယ်။



လင်္ကာသားတို့ရဲ့  ဘုရားရှိခိုးဟန်က တမူထူးပါတယ်။ တင်ပလင်ခွေချိတ်ထိုင် ရှိခိုးသလို မတ်တပ်ရပ်လည်း ရှိခိုးပါတယ်။ ဘုရားပန်း ရောင်းတဲ့ သူတွေတော့ မရှိပါဘူး။ ကိုယ်အပြင်က ယူလာတဲ့ ပန်းလေးတွေကို ပန်းမွေ့ယာလို ခင်းပြီး ပူဇော်ကြသလို ပန်းမယူလာတဲ့ သူတွေကလည်း သူများလှူထားပြီးသား ပန်းလေးတွေကို လက်နဲ့တို့လိုက် ထိလိုက် လက်အုပ်ချီ ဆုတောင်းလိုက်နဲ့ လုပ်ကြတာ တွေ့ရတယ်။ သဘောကျစရာ ကောင်းတာက ယူလာတဲ့ ပန်းလေးတွေက ဆိုင်က ဝယ်လာတာ ဆိုတာမျိုးထက် ကိုယ့်အိမ်က တကုတက ခူးလာတဲ့ ပုံစံမျိုး ပန်းပုံစံမျိုးစုံ ဖြစ်နေသလို စိတ်ရှည်လက်ရှည် ခင်းကျင်းကြတာပါပဲ ကျွန်မတို့ ဆီမှာ လွယ်လွယ်ကူကူ ဝယ်ပြီး ပန်းအိုးထဲ စွပ်ကနဲ ထိုးထည့်လိုက်တာထက် ပိုပြီး သဒ္ဒါစိတ်ပိုသလို ခံစားမိပါတယ်။ 


အဲဒီ ကျောင်းဆောင်ကိုရဲ့ အတွင်းဘက် ထွက်ပေါက်ကနေ ကျောင်းဝန်းထဲကို ဆင်းလိုက်ရင်ဖြင့် ဒီကျောင်းတော်ရဲ့ ထူးခြားချက်လို့ လူတွေက ပြောကြတဲ့ မိခင်သီရိလင်္ကာလက်ရာ ယဉ်ကျေးမှုအပြင် အိန္ဒိယ၊ တရုတ်၊ ဂျပန် ယဉ်ကျေးမှုအစုံလွှမ်းထားတဲ့ အဖြူရောင် စေတီ တစ်ဆူ နဲ့ သူ့ရဲ့နောက်မှာ ကျောင်းဆောင်ကြီး ရှိပါတယ်။ ကျောင်းဆောင်ကြီးက ခြံဝင်းတစ်ခုလုံး အပြည့်လိုမျိုး ဖြစ်နေတာကို တွေ့ရပါတယ်။ စေတီကို ပတ်ပြီး ဘုရားဆုတောင်းနေကြတဲ့ သူတွေကို တွေ့ရသလို စေတီဘေးက ဆီမီးထွန်းတဲက နေရာမှာ ဆီမီးတွေ ထွန်းပြီး ပူဇော်နေကြတဲ့ လူတွေကလည်း အများသားပါပဲ။ ကျောင်းဝန်းထဲမှာတော့ ရုပ်ထုမျိုးစုံကို တွေ့ရပါတယ်။ 


ဟိန္ဒူနတ်ရုပ်တွေ၊ တရုတ်ဘိုးတော် မယ်တော်တွေ၊ ဂျပန်လက်ရာ ဘုရားဆင်းတုတော် ပုံစံတွေ မျိုးစုံကို ပုံစံမျိုးစုံနဲ့ တွေ့ရပါတယ်။ လာတဲ့ လူတွေကတော့ သူသန်ရာ သန်ရာမှာ ဝတ်ပြုလို့ပေါ့။ 

ကျောင်းဆောင်ထဲ ဝင်ကြည့်လိုက်မယ် ဆိုရင်တော့ ပြတိုက် တစ်ခုလို တွေ့ရပါတယ်။ ရှေးဟောင်းပစ္စည်းမျိုးစုံ၊ ဆင်းတုတော် မျိုးစုံအပြင် အခြားသော ဆင်းတု၊ ဓါတ်ပုံ၊ ပန်းချီ ပစ္စည်းပေါင်းမျိုးစုံ၊ ရတနာပေါင်းစုံ စတာတွေ အကုန် ပွတ်သိပ်ထည့်ထားတဲ့  ပြတိုက်မှူးမရှိတဲ့ ပြတိုက် တစ်ခုလိုပါပဲ။ အစီအစဉ်တကျ မဟုတ်ပေမယ့် စုံလွန်းလို့တောင် ကြည့်ရတဲ့သူ မူးလောက်တယ်။ အပ်ကအစ မော်တော်ကားအဆုံး ဆင်တောင် ပါပါသေးပါကောလား။ အရင်က ဒီကျောင်းက မွေးထားတဲ့ ဆင်ကြီး သေသွားတော့ သူ့သားရေနဲ့ အရုပ်လုပ်ပြီး ပြတိုက်ထဲ ပြထားတာလေ။
ကျောင်းဆောင်ရဲ့ အလယ် လှေကားကနေ တက်သွားရင်ဖြင့် မထင်မှတ်ပဲ ဘွားကနဲ ပေါ်လာတာက ကြီးမားလှတဲ့ ညောင်ပင်ကြီးပါ။ ပင်စည်တစ်ဝက်လောက်ကနေ လူတွေ ထိတွေ့လို့ ရအောင် ကျောင်းဆောင် အလယ်ကနေ စင်ထိုးထားပေးထားတဲ့ သဘောပါပဲ။ ရွတ်ဖတ်ပူဇော်ရှိခိုးဖို့ နေရာတွေလည်း သေသေချာချာ လုပ်ထားသလို ကျောင်းထဲမှာ လူအများဆုံး နေရာက ဒီနေရာပဲလို့ ပြောလို့ ရလောက်ပါတယ်။ ပင်စည်ကို ထိပြီး တတွတ်တွတ်နဲ့ ရွတ်ဖတ် ဆုတောင်း ကြတဲ့သူတွေ၊ ရေအိုးလေးတွေနဲ့  အပင်ကို ပတ်ပြီး ဆုတောင်း ပြီးမှ ညောင်ရေသွန်းကြတယ်။ အရှေ့ဘုရားရှိခိုးတဲ့ စင်မှာလဲ စာအုပ်လေးတွေကိုင်ပြီး တတွတ်တွတ်နဲ့ ရွတ်သူက ရွတ်လို့။ အဲဒီ ညောင်ပင်ကြီးဟာ အိန္ဒယက ဂန္ဒီကြီးရဲ့ သမီး အင်ဒီရာဂန္ဒီလှူထားတာလို့လည်း ပြောကြတယ်လို့ ဆိုကြပါတယ်။ အခုလက်ရှိ ကျောင်းထိုင် ဖြစ်နေတဲ့ ဘုန်းကြီးဟာ နိုင်ငံရေး၊ စီးပွားရေး သမားတွေနဲ့ ဆက်စပ်မှု ဆက်နွယ်မှု တော်တော်များများရှိပြီး နိုင်ငံတကာမှာလည်း ပေါက်ပေါက်ရောက်ရောက်ရှိသူ၊ လက်ရှိ သမ္မတနဲ့လည်း  နီးစပ်သူလို့  တနည်းအားဖြင့် အားလုံးရဲ့ ဘုံလို ဖြစ်နေပြီး တနည်းအားဖြင့် အာရှသားတို့ ထုံးစံအတိုင်း မင်းတိုင်ပင်ဘုန်းကြီးလို ဖြစ်နေသူလို့ ဆိုကြပါတယ်။ ဒီ ကျောင်းတော်ကို ကြည့်လိုက်ရင်လည်း ဘာသာရေးအပြင် လူမှုရေးလှုပ်ရှားမှုတွေကိုပါ လုပ်တာကို အထင်အရှားတွေ့ရပါတယ်။ 
photo by PPT

ညနေ ၆ နာရီမှာတော့ ဘုံသံပေါ်ထွက်လာပါတယ်။ ရိုးရာဝတ်စုံတွေနဲ့ ဘုံရှည်၊ ဘုံတို၊  နှဲရယ်တို့ကို တီးခတ်ပြီး ဘုရားကို ပူဇော်နေတဲ့ အမျိုးသား သုံးယောက်ပေါ်ထွက်လာပါတယ်။
အဲဒီနောက်မှာတော့ နောက်ထပ် Beira လို့ ခေါ်တဲ့ Comlombo ရဲ့ အထင်ကရ အင်းရေပြင် ကြီးရဲ့ အလည်မှာ တည်ထားတဲ့ ကျောင်းဆောင်ဆီကို  ကျွန်မနဲ့ မဖြူဖွေး လမ်းလျှောက်ရင်း ထွက်လာခဲ့ပါတယ်။ ညနေစောင်းလို့ လေလေးတဖြူးဖြူး လလေးကလည်း စထွက်ကာစ လှတဲ့ ညနေလေးပါပဲ။ 


အဲဒီ ရေလည်က ကျောင်းဆောင်ကို  ပွဲတော်  ကျင်းပတဲ့ အခါ ထိုးထားတဲ့ တံတားကို ဖျက်လိုက်ပြီး ရေလည်ကျောင်းဆောင်အဖြစ် ထားလေ့ရှိတယ်လို့ ဆိုပါတယ်။ ကျောင်းဆောင်ဆီကို သွားတဲ့ တံတားပေါ်မှာတော့ ဗုဒ္ဒခြေတော်ရာကို တွေ့ရတော့ မြန်မာလက်ရာနဲ့ ဆင်လိုက်တာလို့ ထင်နေတာ  အလှူရှင် အမည်ကို ဖတ်ကြည့်တော့မှ “ပါဒခြေတော်ရာ” ဆိုပြီး မြန်မာလို ရေးထားတဲ့အပြင် အလှူရှင်တွေကလည်း မြန်မာတွေ ဖြစ်နေတာကိုး။  ရေလည် ကျောင်းဆောင်အပြင် ရေလည် ညောင်ပင်ကြီးနဲ့ ပတ်ပတ်လည်မှာ ဘုရားဆင်းတုတော်တွေ များစွာနဲ့ ဝိုင်းရံတည်ရှိနေ ပါတယ်။ ညရောက်လပြီမို့ လရောင်အောက်မှာ ကန်ရေပေါ်မှာ ဘုရားဖူးရတာ စိတ်ကြည်နူးစရာ ကောင်းလှပါတယ်။ မီးတွေ ထွန်းထားပေမယ့် သဘာဝကို မဖုံးသွားအောင် သတိထားပြီး အလင်းရောင်ရှိရုံလေး အဝါရောင်မီးတွေကို စီမံထွန်းထားတာမို့ သဘာဝတရားက ပေးတဲ့ ကြည်နူးမှု သန္တရသကို ထိတွေခံစားရပါတယ်။ ထူးခြားတာက ဘုရားဆင်းတုတွေရဲ့ မျက်နှာတော်တွေပါပဲ။ ကြည့်လိုက်တာနဲ့ ဆင်းတုတော် တစ်ခုကို တစ်နိုင်ငံ ဆိုတဲ့ ပုံစံမျိုးနဲ့ ဖြစ်နေပြီး အန္ဒိယ၊ထိုင်း၊ဂျပန်၊တရုတ် အဲဒီ အပြင် ကျောင်းဆောင်ထဲက ဆင်းတုတော်တွေဟာ မြန်မာပုံစံ ဆင်းတုတော်တွေ ဖြစ်နေတာမို့ ဒါဘယ်နိုင်ငံဖြစ်မယ်လို့ မှန်းကြည့်တွေးကြည့်ရပြန်ပါတယ်။ မြန်မာနဲ့ သိရီလင်္ကာဟာ ဘာသာရေးအရ သမိုင်းကျောင်းကို ပြန်ကြည့်မယ် ဆိုရင် ဓမ္မစေတီမင်းလက်ထက်တော်တုန်းက သာသနာပြုရဟန်းတော်တွေ စေလွှတ်ပေးခဲ့တာမျိုးတွေ ဗုဒ္ဒဘာသာအရ ဆက်နွယ်မှုတွေ အများကြီး ရှိတာကြောင့်  မြန်မာရဲ့ လွှမ်းမိုးမှုပါ ပါဝင်နေရတာ သဘာဝကျပါတယ်။

photo by PPT

ဒီရေလည်ဘုရားကျောင်းတော်က မူရင်း “Gangaramaya Temple” ဖြစ်ပြီး Seema Malaka ကျောင်းတော်လို့လည်းခေါ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ လောက်ကတည်းက တည်ထားတာပါ။ ခုနက ကျွန်မတို့ အရင်ရောက်ခဲ့တာကတော့ နောက်ထပ်ဆက်ပြီး တိုးချဲ့ခဲ့တဲ့ ကျောင်းတော်ပါ။ ဒီမူရင်းကျောင်းတော်ကို  ဖြစ်ပြီး ၁၉၇၉ ခုနှစ်မှာ သီရိလင်္ကာနိုင်ငံရဲ့ ဂုဏ်ယူရတဲ့ အာရှတခွင် ထင်ရှားလှတဲ့ ဗိသုကာပညာရှင်ကြီးလည်းဖြစ် Colombo မြို့ရဲ့ လွှတ်တော်အပါအဝင် အထင်ကရ အဆောက်အဦးတော်တော်များများရဲ့ လက်ရာရှင် “Geoffrey Bawa” က ပြန်လည်ပြုပြင်ဆန်းသစ်ခဲ့တာ ဖြစ်ပြီး အလှူရှင်ကတော့ မူစလင် ဘာသာဝင်တစ်ယောက်ဖြစ်တယ်လို့  ကျွန်မ ပရော်ဖက်ဆာက ပြောပြခဲ့ဖူးပါတယ်။

ဘုရားအေးအေးဆေးဆေး ထိုင်ဖူးပြီးတဲ့ နောက် “Gangaramaya Temple” ကနေ လရောင်ကို ခံစားရင်း ကျွန်မ နေတဲ့ အဆောင်လေး ဆီကို လမ်းလျှောက် ပြန်လာခဲ့ပါတယ်။ ညလေညှင်း ရယ် လရောင်ဆမ်းထားတဲ့ အင်းရေပြင်ရယ်အပြင် လမ်းတလျှောက် ခရေပင်ပုလေးတွေဆီက ခရေပန်းရနံ့လေးရယ်နဲ့ ညလေးက လှနေပါတယ်။ 

(မှတ်ချက်-  ဓါတ်ပုံများထဲမှ အချို့ ကို upload လုပ်ရန် အခက်အခဲ ကြောင့် goolge မှာ ရထားပြီး အချို့မှာ ကိုယ်တိုင်ရိုက်ကူးသည့် ပုံများဖြစ်ပါသည်။)

0 comments: