My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Monday, August 11, 2014

သုဇာတာရဲ့ မီးဖိုဆောင်





အနမ်းပါသော ထမင်းပွဲ
 (ဒေါင်းနွယ်ဆွေ)
တနေ့ လုံးလျှင်
ပိုက်ငင်,ကွန်ချ ၊  ငါးမရ၍
ထိုည ပူပန် ၊ အိမ်သို့ ပြန်သော်
ဖန်ခါးသီး နှင့် ၊ သခွတ်ပွင့်ညို
ငါးပိကျိုလျှက် ၊ ဖားပျို ပေါင်သား
ဆီ,ဆားနှင့်ပြင် ၊  မီးကင်တမြှိုက
 မြင်လိုက်ရသော်
ပိုက်ကွန်ပစ်ချ ၊ ပေါ့ ပါးစွလျှင်
အမ အိမ်သူ ၊ ပါးဖြူဖြူကို
ဟင်းပူနွေးနွေး ၊ ဝဝ လွေးသို့ 
မွေးမွေးကြူကြူ ၊ နမ်းနမ်း မြိန်မြန်တည်း ။

ဆရာကြီး ဒေါင်းနွယ်ဆွေရဲ့ “အနမ်းပါသော ထမင်းပွဲ” ကဗျာလေးကို သတိရမိတာက မနေ့ကပါ။ ဆရာကြီးရဲ့ ကဗျာထဲက လိမ္မာတဲ့ အိမ်ရှင်မတစ်ယောက်ရဲ့ အစီအမံတတ်တာကြောင့် သောကဝေးရပုံလေးကို သတိရသွားတာ မနေ့က ညနေက ကျွန်မပရော်ဖက်ဆာရဲ့ အမျိုးသမီး (သီရိလင်္ကလာလိုက စူဂျသာ လို့ အသံထွက်တဲ့  ဒေါ်တာသုဇာတာ ကြောင့်ပါ။ ဘုရားကို နို့ဆွမ်းကပ်ခဲ့တဲ့ သုဇာတာလိုပဲ သူကလည်း သူများတွေကို ချက်ပြုတ်ကျွေးမွေး အလှူပေးဖို့ ဝါသနာပါသူပါ။ သူက ကျွန်မကို ညနေသူတို့အိမ်မှာ ကွန်ဖရင့်လာတက်တဲ့ နိုင်ငံခြားသားတွေကို ထမင်းဖိတ်ကျွေးမယ် လာခဲ့ဦးနော်လို့ ဖိတ်လို့ ကျွန်မလည်း အစည်းအဝေးက အပြန် အိမ်မပြန်တော့ပဲ သူငယ်ချင်းနဲ့ ကမ်းခြေနားက ဆိုင်တစ်ဆိုင်မှာ သွားထိုင် ပြီးတော့ သူတို့ အိမ်တန်းသွားလိုက်တယ်။
ကျွန်မ မေမေနဲ့ ထမင်းအတူ ချက်ရတဲ့ အတွေ့အကြုံရယ်၊ ဒေါက်တာသုဇာတာနဲ့ ထမင်းချက်ရတဲ့ အတွေ့အကြုံက မတူပေမယ့် သူတို့ နှစ်ယောက်မှာ ဘုံတူတာလေးက သူ့တို့ ချစ်တဲ့ သူတွေအတွက် ဦးစားပေး စဉ်းစားပြီး ချက်တာပါပဲ။ ဒေါက်တာသုဇာတာက ပုစွန်ထမင်းချက်ပေမယ့် ကျွန်မဆရာက ပင်လယ်စာ မတည့်တဲ့သူမို့ သူ့အတွက် အစိမ်းရောင်ပါစတာ (Green pasta) လုပ်ကြမယ် လို့ ဆိုပါတယ်။ ကျွန်မ မေမေလည်း သူထမင်းချက်တိုင်း ကျွန်မ ဖေဖေနဲ့ ဘာဆိုမတည့်ဘူး ဘာဆိုတည့်တယ် အမြဲစဉ်းစားတတ်တာကို ကျွန်မ သွားသတိရပါတယ်။ ကျွန်မ မေမေနဲ့ မီးဖိုချောင်ဝင်တဲ့အခါ ဟင်းတွေရဲ့ အနံ့အရသာ အကြောင်းကို တွင်တွင် ပြောတတ်တာ သတိထားမိသလို ဒေါက်တာသှုဇာတာ က ဗီတာမင်တွေအကြောင်း ပြောပါတယ်။ ကျွန်မလည်း အခုနောက်ပိုင်း အစားအစာနဲ့ Chemistry (ဓါတ်သဘော) တွေရဲ့ အဆက်အစပ်ကို စိတ်ဝင်စားနေတာမို့ တချို့လေ့လာမိတယ်။ တကယ် အနုပညာဆန်ပြီး ချစ်စရာကောင်းတဲ့ မီးဖိုချောင်က အနုပညာပါ။
ချစ်ခြင်းမေတ္တာမီးဖိုချောင်
          ဟင်းတစ်ခွက်က လွယ်လွယ်နဲ့ ပြီးရုံချက်ဖို့က လွယ်ပါတယ်။ ဒါပေမယ့် ချစ်ခြင်းမေတ္တာ မထည့်လိုက် နိုင်ဘူး ဆိုရင်တော့ ရလဒ်ကောင်းမှာမဟုတ်ပါဘူး။ အစားအစာ စားရခြင်းရဲ့ အခြေခံက အာဟာရအတွက်ပါ။ လူတွေဟာ ကိုယ်ချစ်တဲ့သူတွေကိုကောင်းမွန်စွာ စောင့်ရှောက်လိုတဲ့ စိတ်ရှိတယ်မဟုတ်လား။ ဒီတော့ ချစ်ခြင်းမေတ္တာနဲ့ ချက်တဲ့ ဟင်းကသာ ကိုယ်ချစ်တဲ့ သူကို မထိခိုက်စေဖို့ သတိထားပြီး ချက်မှာပါ။ ကျွန်မ အမေနဲ့ ဒေါက်တာသုဇာတာကိုပဲ ကြည့်လေ။ သူတို့ ဟင်းတစ်ခွက် ချက်မယ် မကြံသေးဘူး သူတို့ ခင်ပွန်းတွေ ဘာနဲ့ တည့်တယ် မတည့်ဘူးက စ စဉ်းစားကြတယ်။ ဘာဟင်းချက်မယ် ရွေးပြီးသွားလည်း မပြီးသေးဘူးရှင့်  အရသာ အတွဲအစပ်ကို ကျွန်မ အမေက စဉ်းစားသလို ဒေါက်တာသုဇာတာက ဗီတာမင်တွက်တယ်။ တကယ် ချစ်စရာ ကောင်းကြတဲ့ အလေ့အထ လေးပါပဲ။ ကျွန်မ ငယ်ငယ်က ဖျားရင် သောက်ခဲ့ဖူးတဲ့ စွပ်ပြုတ်တွေကို အသက်ကြီးလာတော့ လွမ်းတယ်။ ကျွန်မ ဒီလောက်တောင် စာဖတ်ပြီး မျက်မှန်တပ်စရာ မလိုတာ အံ့သြစရာပဲလို့ တခြားသူတွေက ပြောလာမှ သူငယ်တန်းကနေ ဆယ်တန်းအထိ နေ့စဉ်သောက်ခဲ့ရတဲ့ မြင်းခွာရွက်ဖျော်ရည်ကို ပြန်သတိရလာမိတယ်။ “အစာလည်းဆေး၊ ဆေးလည်းအစာ” ဆိုတဲ့ စကားအတိုင်း ဘယ်ရာသီမှာ ဘယ်ရောဂါမျိုး ဖြစ်တတ်တယ်။ ကိုယ်ခံအားအတွက် ဘာစားသင့်တယ် ဆိုတာတွေသိဖို့  ဘယ်အစားအရာမှာ ဘာဓါတ်တွေ ပါဝင်နေတဲ့ ဆိုတဲ့ ပညာက အစားအစာ ချက်မယ့် လူတိုင်း သိသင့်တဲ့ အရာပါ။ နောက်ပြီး မီးပြင်းပြင်းနဲ့ ချက်ရမလား၊ မီးနဲ့ မချက်ရဘူးလား။ နူးရုံလား။ နွမ်းရုံလား။ အစိမ်းသုတ်ရမလား။ ဘယ်အသီးအနှံကတော့ဖြင့် ဘယ်လို အရောင်၊ အခြေအနေဆိုရင် လတ်ဆတ်တယ်။ ဘယ်လို အခြေအနေဆိုရင် မကောင်းတော့ဘူး။ ဆိုတာတွေကို ချိန်ဆနိုင်ဖို့ ဓါတ်ပြုမှု ဖြစ်စဉ်တွေကိုလည်း နားလည်ထားဖို့ လိုပါတယ်။ ဥာဏ်ပညာနဲ့ ပြည့်စုံတဲ့ သူတစ်ယောက်ရဲ့ မီးဖိုချောင်က အသက်နဲ့ခန္ဒာကို စောင့်ရှောက်နိုင်တယ်လေ။ ကျွန်မ အမေနဲ့ ဒေါက်တာသုဇာတာတို့ မီးဖိုချောင်တွေလိုပေါ့။
စီးတဲ့ရေ ဆည်တဲ့ ကန်သင်း
ကျွန်မ ငယ်ငယ်က မေမေနဲ့ အတူ ဈေးသွားရတာကို သတိရတယ်။ ဈေးဆိုတာက သိပ်ညစ်ပတ်တဲ့ နေရာမဟုတ်လား။ ဒါပေမယ့် မေမေက ဈေးမသွားခင်လည်း မီးဖိုချောင်မှာ စာရင်းရေးသေးတယ် ဈေးကျတော့လည်း စာရင်းအတိုင်း ဝယ်လိုက်ရင် ရသားနဲ့ မပြီးဘဲ ဈေးထဲ ပတ်နေတော့  နောက်က ခြင်းဆွဲလိုက်ရတဲ့ ကျွန်မက စိတ်ညစ်ပါတယ်။ အမေ့ကို စောဒကတက်တော့  အမေက သူ့ရဲ့ ဈေးဝယ်ပညာကို ပြောပါတယ်။ ဈေးကို ပတ်ရတာ အဓိပ္ပါယ် နှစ်မျိုးရှိတယ်။ ဘယ်ဟင်းသီးဟင်းရွက်၊ သားငါး ပေါလဲ သိရအောင်လေ။ လှိုင်လှိုင်ပေါ်တဲ့ ဟာက ဈေးသက်သာတယ်။ ဘယ် အသည်က ပိုပစ္စည်းကောင်းလည်း လတ်လည်း ကြည့်ရမယ်။ နောက်တစ်ခုက ဈေးသည်တွေ ကိုယ်က ဈေးကို တစ်ပတ်လောက် ပတ်ကြည့်ပြီးပြီးဆိုတာ သူတို့ သိရင် ဈေးကို တင်ထားတာမျိုး မလုပ်ရဲဘူး။ နောက်တစ်ခုက တခြားလည်း သွားနိုင်သေးတယ် ဆိုတာ သူတို့ သိတော့ အလေးမှန်ဈေးမှန် ရတယ်။ မဟုတ်ရင် ခံရပြီးသာမှတ်တဲ့လေ။ နောက်တစ်ခုက ကိုယ့်သုံးမယ်ဆိုတဲ့ အကန့်အသတ်ထဲကနေ မီးဖိုချောင်မှာ လိုအပ်တာ အားလုံး ဝယ်လာနိုင်ဖို့ အရေးကြီးတယ်။ မီးဖိုချောင်မှာ တစ်ခုခုလိုနေပြီ ဆိုရင် ဟင်းတွေကို အရသာ ကောင်းအောင် ချက်နိုင်ဖို့ မလွယ်ဘူး အဲဒီ အချိန်အဆ လုပ်နိုင်ဖို့ စာရင်းလည်း သေသေချာချာ ရေးသွားဖို့ လိုတယ်။ ဥာဏ်ကောင်းရင်တော့ ခေါင်းထဲအကုန်မှတ်ပေါ့တဲ့။
သန့်ရှင်းမှုက အဓိက
သန့်ရှင်းမှုဆိုတာ မီးဖိုချောင်ရဲ့ အသက်ဖြစ်သလို အာရုံငါးပါးထဲက အမြင်အာရုံ ဆွဲဆောင်မှုကို ဖန်တီးနိုင်မှုကလည်း ဟင်းချက်သူရဲ့ စေတနာပါပဲ။ ကျွန်မ မီးဖိုချောင် တစ်ယောက်တည်း စဝင်တုန်းက အဖြစ်ကို သတိရမိတယ်။ အဲဒီနေ့က ကျွန်မ ခြေထောက်ရေနွေးပူလောင်တယ်လေ။ အဲဒီတုန်းက မီးသွေးမီးဖိုနဲ့ ချက်ရတာကို မီးသွေးကို အချိန်အဆလုပ်ပြီး ဘာဟင်းချက်ပြီး ဘာချက်မယ် ဆိုတာ မချိန်တတ်တဲ့ ကျွန်မ တစ်ယောက်တည်း အိုးတွေ ပတ်လည်ရမ်းပြီး ဘဲဥပြုတဲ့ အိုးက ရေနွေးကလည်းဆူ ထမင်းအိုးကလည်းပွက်နဲ့ ပတ်ခြာလည် ရမ်းပြီး အပူလောင်ပါရော။ အဲဒီနောက်မှပဲ အမေပြောတဲ့ အချိန်အဆတွေကို သတိထားမိတော့တယ်။ နောက်ဆို ထမင်း၊ဟင်း ချက်အပြီး ကိုယ်သုံးတဲ့ အိုး၊ပုဂံခွက်ယောက်တွေလည်း ဆေးအပြီး ဟင်းလည်း အကျက် မီးဖိုချောင်လည်း သန့်ရှင်းအပြီး ဖြစ်အောင် ချိန်ကိုက်တတ်လာတယ်။
အနုပညာထမင်းဝိုင်း
ဒေါက်တာ သုဇာတာနဲ့ ကျွန်မ ထမင်းဝိုင်းခင်းကြတော့ ပုစွန်ထမင်းနဲ့ စားဖို့ သခွားသီးကို ဒိန်ချဉ်နဲ့ အချည်လုပ်ထားတာလေးကို ထည့်ဖို့ ပုဂံယူတော့ သူက ပြောတယ်။ ပုဂံအမဲလေးတွေနဲ့ ထည့်နော်တဲ့။ ဒါမှ လှမှာတဲ့။ အစားအသောက် ခင်းကျင်းပြင်ဆင်ရတာလည်း အနုပညာပါပဲ။ အာဟာရအပြင် အရောင်တွေရဲ့ အစပ်အဟပ်ကို နားလည်မှုကလည်း အစားအသောက်စားတဲ့သူ အပေါ်ကို စိတ်ကျေနပ်မှုပေးစွမ်း စေတယ်လေ။ အစိမ်းရောင်ရှိတဲ့ အသီးအနှံတွေဟာ လူတွေရဲ့ ကျန်းမာရေးအတွက်ကောင်းသလို အနီရောင်က စားချင်စိတ်ကို ပိုဖြစ်စေတယ်။ မနေ့က ဒေါက်တာသုဇာတာက ကန်စွမ်းရွက်နဲ့မှိုကို ဒိန်ခဲနဲ့ အသုပ်လုပ်ပါတယ်။ ဒါကို ကျွန်မက တစ်ခုခုလိုနေတယ်လို့ မထင်ဘူးလား အနီရောင်လေးစွက်လိုက်ရင် ပိုလှသွားမယ် ငရုတ်ချို အနီလေးများ ထည့်လို့ရလားလို့ လျှာရှည်မိတော့ ဟုတ်ပ အဲလိုထည့်ဖို့ ဝယ်ထားပြီ ထည့်ဖို့မေ့နေတာ သတိပေးလို့ တော်သေးတယ် ဆိုပြီး အပြေးအလွှားထပ်ထည့်ကြတော့ ကျွန်မ ပရော်ဖက်ဆာက သုဇာတာအသက်ကြီးလာလေ စားမိန်တဲ့ အရောင်တွေကို စိတ်ဝင်စားလေထင်တာ အခုတော့ ငယ်တဲ့သူတွေလည်း အတူတူပဲကိုးလို့ ဘေးကကြည့်ရင်း ရယ်ပါတယ်။
ဒီတစ်ပတ် စနေ၊တနင်္ဂနွေ နှစ်ရက်လုံး မနက် ၈ နာရီကနေ ညနေ ၃ နာရီအထိ အစည်းအဝေး တက်ရပေမယ့် ဟင်းချက်ရတာရယ် ကိုယ်ချက်တဲ့ ဟင်းတွေကို မိန်ရည်ရှက်ရည် စားကြတဲ့ သူတွေကို ကြည့်ပြီး ပျော်မိတယ်။ ဟင်းချက်ခြင်းက ကျွန်မ အတွက်တော့ ပျော်စရာ အပန်းဖြေနည်း တစ်မျိုးလိုပါပဲ။ ဒေါက်တာသုဇာတာနဲ့ မီးဖိုဆောင် ဝင်ရတဲ့ နေ့တွေကို ပြန်သွားရင် ကျွန်မ သတိရနေမိဦးမှာ။

0 comments: