My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Thursday, August 7, 2014

ရှာဖွေနေဆဲ လူ






လရောင်သည် အခန်းရှေ့မှ ရေကူးကန်ထဲသို့ ဖြာကျနေသည်။ လရိပ်သည် ရေကန်ထဲတွင် ပေါ်မပေါ်ကိုတော့ဖြင့် ကျွန်မ မသိ ကြားထဲမှာ အုန်းပင်ပုပုများက ခံနေသေးသည်ကိုး။ ဝရန်တာ မရှိပေမယ့် ငေးကြည့်စရာ မှန်ပြူတင်းရှိတော့ စိတ်ထဲသဘောကျမိပေမယ့် ဖွင့်မရသော မှန်တခါးများက ညလေပြေနှင့် ကျွန်မကို ခြားထားသည်။ သူများအတွက်တော့ လေအေးပေးစက်က လာသော အအေးဓါတ်က အကောင်းဆုံး ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် သဘာဝလေ ကြိုက်သော ကျွန်မ အဖို့ကတော့ဖြင့်  ဆုံးရှုံးမှု တစ်ရပ်လိုပါ။

ကျွန်မ အခုတည်းနေတဲ့ ဟော်တယ်ရဲ့ တစ်ဘက်က ရေကြည်အိုင် နဲ့ တစ်ဘက်က ပင်လယ်ပြာ။ မနက် နေထွက်ချိန် ရေကြည်အိုင်ဘက်သွားရင် ကောင်းမလား။ ပင်လယ်ဘက်ပဲ လမ်းထလျှောက်ရင် ကောင်းလေမလား။ စိတ်အလိုလိုက်ရင်ဖြင့် အခုလို ညမျိုးမှာ ရေကြည်အိုင်နံဘေးမှာ ထိုင်ပြီး လကို ငေးလိုက်.. အဝေးတစ်နေရာဆီက လှမ်းမြင်ရတဲ့ မီးတွေဆီ ငေးလိုက်နဲ့ ညလေညှင်းကို ခံစားခွင့် ရရင် သိပ်ကောင်းမှာပဲ။ မိန်းကလေးတစ်ယောက်တည်းမို့ သွားထိုင်ရင် အခန်းဖော်က စိတ်မချ ဖြစ်နေရင် သူအိပ်ရေးပျက်တော့မှာပဲမို့ သူ့ကို အနှောက်အယှက် မပေးချင်တာနဲ့ပဲ ကိုယ့်စိတ်ကို ကိုယ်အလိုမလိုက်တော့ပဲ အခုလိုပဲ ပြူတင်းဆီက ငေးကြည့်မိတယ်။

မိန်းကလေး။ သဘာဝ အရလည်း ရှိနေတတ်တဲ့ အားနည်းချက် အားသာချက်တွေ အပြင် ပတ်ဝန်းကျင်က သတ်မှတ်ထားသော မသဘာဝ စံသတ်မှတ်ချက်တွေ။ တစ်နေ့ကဖတ်ဖြစ်တဲ့ ဆရာမကြီး ကြည်အေးရဲ့ တမ်းတတတ်သည်က “အထွေး”ကို သတိရမိသေးတယ်။ အထွေးညဘက်ကြီး လသာသာမှာ ချောင်းဘက်ဆင်းထိုင်လို့ မောင်က သူ့အိမ်ပေါ်ကနေ စိတ်မချနိုင် စောင့်ကြည့်ရင်း ပြန်လာတဲ့ အထွေးနဲ့ ပထမဆုံး မျက်လုံးခြင်းဆုံ ရင်ခုန်မိကြသတဲ့။ မောင်ပြောတာပဲလေ။ မောင်ကဇာတ်ကြောင်း ပြောသူကိုး။ စာဖတ်သူ ကျွန်မက တမ်းတသူ “မောင်” ပြောသမျှ “အထွေး” အကြောင်းကိုသာ နားထောင်ရသူ။

ကျွန်မ… မောင် ပြောပြတဲ့ အထွေးထက်။ ကျွန်မ မြင်မိတဲ့ အထွေးရဲ့ ဖြစ်တည်မှုကို ပိုပြီး စိတ်ဝင်စားမိတယ်။ မောင်ရဲ့ ယောင်္ကျားတစ်ယောက် ဘောင်ထဲက မြင်တဲ့ အထွေး နဲ့ ကျွန်မ မြင်တဲ့ အထွေး က ဆန့်ကျင်ဘက်ဖြစ်လို့ နေလေရဲ့။ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ထားတဲ့ ဘောင်ထဲ မဝင်တဲ့ အထွေးကို ပတ်ဝန်းကျင်က ပယ်သလို။ ပတ်ဝန်းကျင် သတ်မှတ်ထားတဲ့ ဘောင်ထဲက မထွက်နိုင်တဲ့ မောင်က “အထွေး” ကို ချစ်ခြင်းမေတ္တာ တစ်ဘက် သူ့ အတ္တတွေက တစ်ဘက်နဲ့ … တမ်းတနေသတဲ့လား။

မိခင်မဲ့ ။ နယ်ချဲ့ကို ဆန့်ကျင်တဲ့ စော်ဘွားဖခင် ရဲ့ အုပ်ထိန်းမှုနဲ့ ဖခင်ပါ သေဆုံးသွားသည့်တိုင် လိုက်ဖမ်းနေတဲ့ ပုလိပ်တွေကို ရှောင်တိန်းရင်း ဖခင်ရဲ့ တပည့်တွေရဲ့ အဆင်ပြေသလို စောင့်ရှောက်မှုနဲ့ ဟိုနယ်ဒီနယ် တိန်းရှောင်ရှင်သန်နေရတဲ့ အထွေး ဘဝက… ပတ်ဝန်းကျင် သတ်မှတ်ထားတဲ့  မစံတန်ဖိုးနဲ့သာ  ကိုက်အောင် နေရမယ် ဆိုရင် ဒီလောက်တောင် အသက်ရှင်ကျန်ခဲ့မှာ မဟုတ်ဘူး ဆိုတာ မောင်မသိနိုင် လေရော့သလား။ ပတ်ဝန်းကျင်က သူတို့ သတ်မှတ်ထားတဲ့ ဘောင်ထဲမှာ ရှိမနေတဲ့ သူ့သဘာဝ အတိုင်း နေတဲ့ အထွေးကို ကိုယ်နဲ့ မတူသူမို့ ယိုးစွပ် မကောင်းမြင်ကြတာကို အနီးကပ်ချစ်သူ မောင်က ဘယ်သူ့ကိုမှ မကောင်းလေးတောင် မပြောတဲ့ အထွေးကို သူ့အဝေးရောက်ရုံနဲ့ မယုံနိုင်တော့ဘူးတဲ့လား။ ဆေးဆရာဆိုတာ ယောင်္ကျားတွေပဲ များတဲ့ ခေတ်မှာ အရူးကို စေတနာထား ဆေးကုပေးရင် အရူးသတ်လို့ သေရှာတဲ့ အထွေးကို မောင်က အပြစ်မြင်သတဲ့လား။ မောင်ဟာ အထွေးကို နားလည်ဖို့ မကျိုးစားဘဲ သူ့အတ္တကိုသာ မွေးမြူရင်း…. တမ်းတတတ်ယုံ… ပါပဲ။

ကလေးငယ်တွေဟာ ငယ်စဉ်ကတည်းက ပတ်ဝန်းကျင်နဲ့ မိသားစုရဲ့ လူမှုပုံသွင်းခြင်းကို ခံကြရပါတယ်။ တကယ်တော့ ကျွန်မတို့မိန်းမသား တွေဟာ ပတ်ဝန်းကျင်ရဲ့ လူမှုပုံသွင်းတဲ့ ဒဏ်ကို အလူးအလဲ ပိုခံရသူတွေပါ။ ကလေးဘဝမှာ ပတ်ဝန်းကျင် နဲ့ မိသားစုက ယောင်္ကျားလေးတွေကို လွှမ်းမိုးဖို့ ကျိုးစားကြတာနည်းပေမယ့် သမီးမိန်းကလေး တွေကို တော့ဖြင့် ဗိုင်းကောင်းကျောက်ဖိ ဆိုသလို လွှမ်းမိုးချုပ်ကိုင်ထားကြတယ်။ ဒီလိုနဲ့ လွတ်လပ်စွာ ရှင်သန်ခွင့် မရတော့တဲ့ မိန်းကလေးတွေဟာ ငယ်စဉ်ကတည်းက ကိုယ့်ကိုကိုယ် ပျောက်ဆုံးသွားတတ်ကြတာပါပဲ။ ဥပမာ အသက်ကြီးလာလို့ သား သမီးနဲ့ မိဘ ဘဝကို မြင်ပုံခြင်း မတူတော့ဘူး ဆိုပေမယ့် သမီးကို မိဘ က ငယ်စဉ်ကတည်းက လွမ်းမိုးနိုင်ခဲ့တာရယ် မိဘစေတနာဆိုတာ ကိုလည်း နားလည်တော့ စိတ်ထား နူးညံ့တဲ့ အလျှောက် အလျော့ပေးချင်စိတ် အမြဲရှိနေမယ်၊ လူ့ပတ်ဝန်းကျင်ကလည်း မိဘ စကားကို ကောင်းကောင်းဆိုးဆိုး နားထောင်မှသာ သားသမီးကောင်း ဖြစ်တယ်။ မိဘဆိုတာ သားသမီးမကောင်းအောင် ဘယ်တော့မှ မလုပ်ဘူး ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိတယ်။ ဒါကြောင့်  မိဘရေးထားတဲ့ လူ့ဘောင်ထဲ သားသမီးကို ဆွဲသွင်းလိုက်နိုင်တဲ့ ပါဝါ မိဘမှာ ရှိနေတယ်။

မိဘဖြစ်သူတွေဟာ သားသမီးရဲ့ သဘာဝကို နားလည်ပြီး သူ့ပင်ကိုယ်စွမ်းရည် ပါရမီကို သိပြီး ပြုစု ပျိုးထောင်ပေးနိုင်ဖို့နဲ့ ကိုယ့်ဘာဖြစ်ချင်လည်း ဆိုတာ ကိုယ်တိုင်နားလည်ပြီး လွတ်လွတ်လပ်လပ် တွေးခေါ်ပြီး ရင့်ကျက်စွာ တာဝန်ယူစိတ်နဲ့ ကြီးပြင်းလာအောင်ပဲ စောင့်ရှောက်သင့်ပါတယ် လို့ ကလေး စိတ်ပညာစာအုပ်တွေ ထဲမှာ ဖတ်ဖူးပါတယ်။ မွေးမြူတယ် ဆိုတဲ့ စိတ်နဲ့ ကို အတ္တကို အရင်းတည်ပြီး ပုံသွင်းလိုက်တဲ့ အခါ ကလေးဟာ သူ့သဘာဝ အတိုင်းရှင်သန်ခွင့် မရတော့ပဲ လမ်းချော်သွားပြီး ဘဝ တစ်လျှောက်လုံး ကိုယ့်ကိုကိုယ် ပျောက်ဆုံးသွားနိုင်ပါတယ် မဟုတ်ပါလား။

လူ့ဘဝတွေမှာ တစ်ချက်လောက်ချော်ရင်တောင် ပြန်ပေးဆပ်ရတာ လွယ်တာမဟုတ်ပေမယ့် လမ်းချော်မှုတွေမှာ အဆက်အစပ်နဲ့ တစ်ခုချော်ရင် ဆက်တိုက် ဆက်ကို ဆက်ရမယ့်  အရာတွေရှိနေတယ်။ လူ့မှုဘဝ ကိစ္စအရပ်ရပ်တွေမှာ ပေါ့။ ကိုယ့်ဘဝကိုယ် ပျောက်ဆုံး နေရတဲ့ သူဟာ ရှင်သန်ခြင်း အတုအယောင်တွေကြားမှာပဲ ဝင်လာ ထွက်သွားနဲ့ ဘဝသံသရာလည်နေဦးမှာ။ ဘဝရဲ့ ပျော်ရွှင်ခြင်း အစစ်အမှန်ကို ရှာဖွေနိုင်ဖို့ ခက်ခဲသလို ဘာသာရေးဘက်က ကြည့်ရင်လည်း အဝိဇ္ဇာဖုံးနေသလို သံသရာလွတ်လမ်းမမြင်နိုင်ပါဘူး။

တမ်းတတတ်သည် ထဲက အထွေး ဟာ ဆေးကုတော်တယ်။ မိန်းမသမားတော်တစ်ယောက် ငယ်စဉ်ကလဲ လွတ်လပ်စွာ သင်ယူခွင့်ရတယ်။ လွတ်လပ်စွာ တွေးခေါ်ပြီး သူမ ဘာလုပ်သင့်တယ် ဆိုတာကို ဆုံးဖြတ် တာဝန်ယူ လုပ်ကိုင်တတ်တယ်။ သူမဟာ မိဘရဲ့ လွှမ်းမိုးမှုကို မခံရပေမယ့် မြို့ကလေးက မိန်းကလေးတွေ ပုံစံနဲ့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ လူတွေက သူ့ကို ဆေးဆရာတစ်ယောက်လိုထက် အောက်လမ်းပညာရှင် တစ်ယောက်လို့ ထင်မှားလာကြတယ်။ မိန်းကလေးဆေးဆရာကို လက်ခံနေရာပေးဖို့ ဆိုတာထက် စုန်းရိုးတတ်တဲ့ ပတ်ဝန်းကျင်ကိုး။

ကျွန်မတို့ မိန်းကလေးတွေဟာ လူမှုဘဝ တည်ဆောက်ပုံတွေထဲမှာ လူမှုပုံသွင်း ခံရရင်း ကိုယ့်ကိုကိုယ် ပျောက်ဆုံး နေရသူတွေ။ အထွေးကတော့ သူ့ သဘာဝ အတိုင်း နေထိုင်သူလေ။ ဒါပေမယ့် ပါဝါတည်ဆောက်ပုံမှာ လူအများစုနဲ့ ဖွဲ့စည်းထားတဲ့ အသိုင်းအဝိုင်းဆိုတဲ့  လူ့ပတ်ဝန်းကျင်ရဲ့ ပါဝါက ပိုများနေတဲ့အခါ ဝတ္ထုထဲမှာ………… အထွေး သေသွားတယ်။

မသဘာဝကို မြန်မာလူမှုဘဝကြားမှာ တည်ဆောက်ထားတဲ့ ပုံစံအရ ကျွန်မတို့ မိန်းကလေး တွေက ပိုပြီး ကိုယ့်ကိုကိုယ်ရှာဖွေဖို့ ကျိုးစားရတဲ့ နေရာမှာ သိပ်ကိုခက်ခဲပါတယ်။ တကယ်တမ်း လူ့ဘဝမှာ ကိုယ့်ကိုကိုယ်လည်း အဆုံးအထိ ရှာဖွေ မတွေ့သေးခင် ကိုယ့်ဘာဖြစ်ချင်လည်း သိလာပြီး ဆိုရင်တောင်မှ ကိုယ့်ဖြစ်တည်မှု အသစ်ရယ်၊ ပတ်ဝန်းကျင်က ကိုယ့်ကို သတ်မှတ်ပေးထားတဲ့ ကိုယ့်ပုံစံ အဟောင်းရယ်ကြားမှာ Identity Conflict ဖြစ်ရပါတယ်။ င်္ဒီအဆင့်က အခက်အခဲဆုံးပါ။ လူတိုင်းမနည်းကို ကိုယ်နဲ့ကိုယ်အကြား တွန်းလှန်ပဋိပက္ခဖြစ်နေရတဲ့အပြင် ဒီအဆင့်ကို ကျော်နိုင်ခဲ့ရင်တောင် မိသားစု အင်စကျူးရှင်းရဲ့ ပါဝါရယ်။ လူ့ဘောင်အသိုက်အဝန်း ပတ်ဝန်းကျင်ရဲ့ ပါဝါ တွေရဲ့  ဖိအားကို ဘယ်လောက်အထိ တောင့်ခံထားနိုင်ပြီး ကိုယ့်ရဲ့ဖြစ်တည်မှုကို ဘယ်လောက်အထိ တည်ဆောက်နိုင်လည်း ဆိုတာအပေါ် အများကြီး မူတည်နေတာပေါ့။ ကိုယ့်ကိုကိုယ် ရှာဖွေတည်ဆောက် နေရင်းကပဲ လူမှုဝန်းကျင်က ကဖိအားတွေကြား ဘယ်အချိန်မှာ အရှုံးပေးပြီး ကိုယ်မဟုတ်တဲ့ သူများ တည်ဆောက်သတ်မှတ်ပေးလိုက်တဲ့ ဘဝကို ပြန်ရောက်သွားမလဲ ဆိုတာမျိုး ပြန်စဉ်းစားမိတယ်။ ကိုယ့်ကိုကိုယ်တောင် ရှာဖွေ မတွေ့သေးတဲ့ ရင် နောက်ထပ် မျိုးဆက်သစ်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ ဆက်တိုက် လမ်းချော်သလို ဖြစ်နေတော့မှာ။ ကျွန်မလည်း ကိုယ့်ကိုကိုယ် ခုထိတော့ ရှာဖွေ နေဆဲ။

ညတောင် အတော်နက်ပါပေါ့လား...ကြယ်တွေကို မြင်ရဖို့  ညနက်နက်ဖြစ်ဖို့ လိုတယ်တဲ့။ ကျွန်မရဲ့ အခုညက လတော့ တွေ့ပါရဲ့… မိုးတိမ်တွေကြားမှာ.. ချစ်တဲ့ ကြယ်ကလေးကတော့  ပျောက်ဆုံးနေဆဲ။

0 comments: