My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Wednesday, August 6, 2014

သုခမြို့တော် (၂)





ဆင်းရဲချမ်းသာ ကွာဟမှု၊ ကြိုးနီစနစ်နှင့် နိုင်ငံရေး ကစားပွဲများ
          ဆင်းရဲသားတွေ စုပေါင်းနေထိုင်ကြတဲ့ သုခမြို့တော်မှာ လူဦးရေ ခုနှစ်သောင်းခန့်လောက် ရှိပေမယ့် တာဝန်ယူသူလည်းမရှိ၊ အုပ်ချုပ်သူလည်းမရှိ နိုင်ငံအစိုးရက လစ်လျူရှုထားပေမယ့် အဲဒီနေရာကို အစားထိုးဝင်ထား သူတွေက လူမိုက်ဂိုဏ်းတွေပါ။ လူမှုရေးကိစ္စ အဝဝကို သူတို့ကပဲ ဝင်ရောက်ဆုံးဖြတ် ငွေညစ် ခေါင်းပုံဖြတ်ကြတာကြောင့် ဆင်းရဲသားတွေ နူရာဝဲစွဲ ဆိုသလို ဖြစ်ကြရပုံနဲ့ အဲဒီ လူမိုက်ဂိုဏ်းတွေရဲ့ နောက်ကွယ်က သူဋ္ဋေးကြီးတွေ နိုင်ငံရေးသမားတွေ ရှိနေကြပြီး ရွေးကောက်ပွဲကစားကွက်တွေ နိုင်ငံရေးလှည့်ကွက်တွေကိုလည်း ဖန်တီးကြပုံတွေကို လည်း သုခမြို့တော် ဝတ္ထုထဲမှာ တွေ့ရနိုင်ပါတယ်။
          ဆင်းရဲသား ကိုယ်ရေပြားရောဂါသည်တွေအတွက် ဆေးရုံငယ်လေး ဖွင့်ဖို့ ကျိုးစားနေတဲ့ “ကိုဗားစကီး” ကို “ဖခင်ကြီး” လူမိုက်ဂိုဏ်းခေါင်းဆောင် သူဋ္ဋေးကြီးက ခေါ်တွေ့ပြီး ဒီသုခမြို့တော်မှာ ဆေးခန်းဖွင့်မယ် ဆိုရင် တစ်လ ၃၀၀၀ ထောင်သူ့ကို ပေးပါမယ်ဆိုတဲ့ စာချုပ်ချုပ်မှ ဖွင့်ခွင့်ရမယ်ဆိုပြီး ခေါ်ပြောတဲ့ အခန်းမှာ ဖော်ပြထားတဲ့ ဖခင်ကြီးရဲ့ အိမ်နဲ့ သုခမြို့တော်က အိမ်တွေကို ယှဉ်ထိုးကြည့်ခြင်းအားဖြင့်ရယ်၊ လန်ချားပွဲတော်လုပ်တဲ့ အခါ သူဋ္ဋေးရပ်ကွက်ကို ပွဲတော်တက်ဖို့ သွားရပေမယ့် သူဋ္ဋေးရပ်ကွက်က ကျွန်တော်တို့နဲ့ ကပ်ရပ်တွေပဲ ရှိလို့ တော်သေးတယ်လို့ ဆိုလာတဲ့ “ဟာစရီစပါး” တို့ မိသားစု ပွဲတော်သွားကြပုံကို ရေးထားတဲ့ အခန်းတွေကို ကြည့်ခြင်းအားဖြင့် ဆင်းရဲချမ်းသာ ကွာဟမှုအပြင် “ဖခင်ကြီး”ဟာ သုခမြို့တော်ကို အခြေပြုပြီး ရတဲ့ ဝင်ငွေက ဥာဏ်မီသလောက်လေး တွက်ကြည့်မယ်ဆိုရင်တော် နှစ်စဉ် သန်းချီရသလို ရွေးကောက်ပွဲရှိလျင် ဆင်းရဲသားတွေဆီက မဲတွေကို ဝယ်ပေးတာကြောင့် ရတဲ့ ဝင်ငွေများကလည်း မနည်းမနောလို့ ဆိုပါသေးတယ်။ နိုင်ငံရေး ကစားကွက်အတွက် လူမိုက်တွေ မွေးထားတာကြောင့် ဆင်းရဲချမ်းသာ ကွာဟမှုကို ပိုစေတဲ့အပြင် တရားဥပဒေ မစိုးမိုးမှုနဲ့ ခေါင်းပုံဖြတ်မှုတွေကိုပါ မျက်ဝါးထင်ထင် တွေ့ရနိုင်ပါတယ်။
          ဒါအပြင်မကသေးပါလား ။ သူတောင်းတဲ့ ဆက်ကြေးကို မပေးဘူး ငြင်းပယ်ခဲ့တာကြောင့် ဆေးခန်းနေရာကို ရောက်လာပြီး တုတ်တွေနဲ့ရိုက်၊ လက်လုပ်ဗုံးတွေ ဖောက်ပြီး ဖျက်ဆီးခဲ့ကြတဲ့ အပြင် အသက်မသေရုံတမယ် ကျန်ခဲ့ပေမယ့် သုခမြို့တော်ကို ဆူပူအောင် မလုပ်ဖို့ နို့တစ်စာကို လက်ခံရသူက “ကိုဗားစကီး” ကိုယ်တိုင်ဖြစ်နေတာက ဖခင်ကြီး နောက်မှာ ဘယ်သူရှိနေလည်း ဆိုတာ မမြင်ရပေမယ့် သိနိုင်ပါတယ်။ ကျွန်မလည်း ကျွန်မတို့ နိုင်ငံရဲ့ ဟိုးအရင်ခေတ်က လက်ကိုင်ဒုတ် အဖွဲ့အစည်းတွေ၊ အခုခေတ် စွမ်းအားရှင် ဆိုသူတွေကိုပါ အတွေးနဲ့ မြင်နေမိတယ်။

          ထိုစဉ်က ဘင်္ဂလားပြည်မှာ လက်ဝဲ အစိုးရက အုပ်ချုပ်သူ ဖြစ်ပါတယ်။ တစ်နေ့မှာ လိုင်စင်မရှိတဲ့ လန်ချားတွေကို ဖျက်ဆီးဖို့ အမိန့်ထွက်လာပြီး လန်ချားသမားတွေ ဆန္ဒပြကြပေမယ့် လန်ချားတွေကို မီးပုံရှို့လိုက်တာကြောင့် ဆန္ဒပြသူထဲက လန်ချားသမားတစ်ယောက်ဟာ မီးပုံထဲ ခုန်ဆင်းပြီး မီးမလောင်သေးတဲ့ လန်ချားတွေကို တွန်းထုတ်ရင်း ကိုယ်တိုင်မီးလောင်ခံသေဆုံးသွားတဲ့ အခန်းမှာ .. “ အလုပ်သမားလူတန်းစားကို ကာကွယ်တဲ့ သူတွေလားဗျာ၊ သူတို့ ပါးစပ်ထဲမှာတော့ အခွင့်အရေးတို့၊ တရားမျှတမှုတို့ စကားလုံးတွေ ပြည့်နေတာပဲ။ ဓနရှင်ကို တိုက်ဖျက်ကြ၊ သွေးစုပ်သူကို ဆန့်ကျင်ကြလို့ ပြောခဲ့တဲ့ သူတွေဟာ သူတို့လဲ အာဏာရလာရော လှမ်းကြည့်ဖော်တောင်မရတော့ဘူး။ လန်ချားကို ဖျက်ဆီးမယ်ပြောတာ လယ်ကွင်းထဲက စပါးတွေကို မီးရှို့မယ် ပြောတာနဲ့ အတူတူပဲ။ သူတို့ အဲဒီ ဥပဒေ လုပ်လိုက်တော့ ဘယ်သူတွေ ခံရမယ်ထင်လဲ. လန်းခြားပိုင်ရှင်တွေက လန်ချားမငှားရတော့လို့ ငွေလေးငါးခြောက်ကျပ် မရလို့ ဘာမှ မဖြစ်ဘူး။ ကျွန်တော်တို့မှာ ငတ်တာ” လို့ လန်ချားဆွဲတဲ့ ဟာစရီပါးက ဒေါသထွက်ထွက်နဲ့ မချိတင်ကဲ ပြောပါတယ်။ နောက်ဆုံး ခံရသူတွေက ဆင်းရဲသားတွေပါပဲ။
          အသက် ၂၈ နှစ်အရွယ် ကလေးလေးယောက်အမေ မုဆိုးမရဲ့ ရောဂါကို ကုပေးဖို့ နိုင်ငံရပ်ခြားကနေ ဆေးကို တကုတက မျှော်လင့်ချက်အပြည့်နဲ့ လှမ်းမှာတဲ့ ကိုဗားစကီး ကြုံရတဲ့ ဗျူရိုကစေစီ ယတ္တရားအလုပ်လုပ်ပုံကြောင့် ရောက်လာတဲ့ဆေးတွေဟာ စောင့်ခိုင်းလိုက်၊ ငွေတောင်းလိုက်၊ စောင့်ခိုင်းလိုက်၊ ငွေထပ်တောင်းလိုက်နဲ့ ဆေးသက်တမ်းကုန်မှသာ ရတော့သလို လူမမာကိုလည်း အသက်မကယ်နိုင်ဖြစ်ရတော့သည့် အဖြစ်ကို ရင်နာစရာ တွေ့ရပြန်ပါသည်။ ဖတ်ရင်း ကျွန်မမှာ တို့နိုင်ငံမှာလည်း ဒီအဖြစ်တွေ နည်းမှာ မဟုတ်ပါလားလို့ တွေးမိပါတယ်။
ရာသီဥတုနှင့်သဘာဝဘေး အန္တရာယ်များ
“ဘင်္ဂလားဆောင်းသည် ဟိမဝန္တာမှ လေအေးကြီးများ တိုက်ခတ်သောကြောင့် ဆယ့်လေးဒီဂရီသို့ ရောက်သည်။ ထိုအပူရှိန်သည် တစ်လလုံးလုံး နေပူလှန်းခံထားရသော ပြည်နယ်သားများအတွက် သွေးခဲလောက်သော အပူရှိန် ဖြစ်သည်။ “လူ့မြင်းများ” အဖို့ကား ထိုအအေးသည် အလွန်ကြောက်ဖွယ်အလိလိ။ လန်ချားဆွဲပြီး ချွေးသံတရွဲရွဲဖြင့် ဖြစ်နေရာမျှ လူထိုင်စောင့်ရသည့် အခါမျိုးတွင် သူတို့၏ အာဟာရချို့တဲ့သော ခန္ဒာကိုယ်သည် ခံနိုင်ရည်စွမ်းမရှိတော့။” ဟု ဝတ္ထုရေးဆရာက ရာသီ ဥတုပြင်းထန်ပုံကို ရေးပြခဲ့ပြီး အဲဒီလောက်ပြင်းထန်တဲ့ ရာသီဥတုကို အံတုရတဲ့ ဆင်းရဲသားတို့ရဲ့ ယိုင်ယိုင်နဲ့နဲ့ ဘဝကို ထောက်ပြထားပါတယ်။
ဘင်္ဂလားရာသီဥတုက အပြောင်းအလဲမြန်သလို မိုးကတော့ဖြင့် မထင်ရင် မထင်သလို ကောက်ကောက်ရွာတတ်တဲ့ အမျိုးပါလား။  “ ပြဒါးတိုင်အပူချိန်သည် ဆယ့်ငါးဒီဂရီလောက် တက်လာကာ တစ်ရာ့လေးဆယ်အထိရောက်လာလေသည်။ တိုတောင်းသော ဆောင်းရာသီ ကုန်ဆုံးသွားလေပြီ သူတို့အဖို့ ပူလောင်လှသော ငရဲသည် ဆိုက်ရောက်လာလေပြီ၊” ဟု အပူချိန်ပြင်းလွန်းလှတဲ့ နွေရာသီကို ထောက်ပြထားသည်။ အိမ်ကျဉ်းကျဉ်းလေးများတွင် ပြွတ်သိပ်နေရသော ဆင်းရဲသားများ၊ အလုပ်ကြမ်းသမားများအတွက် ဒုက္ခပိုလှသလို? အပူရှိန်ပြင်းလာတာနဲ့ ရောဂါတွေ လူတွေ တဖြုတ်ဖြုတ်သေကုန်ကြ၊ လူကောင်းပကတိက ၂၄ နာရီအတွင်း ဝမ်းရောဂါဖြစ်ပြီး သေကုန်ကြတာကို ဝမ်းနည်းစရာ၊ ကြောက်လန့်စရာ တွေ့ရပြန်ပါတယ်။
နွေမှာ အပူလွန်ပြီး လေဆင်နာမောင်းကြီးများ လာတတ်သလို မိုးမှာ ပြင်းထန်လာတဲ့ မုန်တိုင်းဒဏ်၊ မိုးကြီး ရေကြီးဒဏ်တွေကိုလည်း အလူးအလဲ ခံကြရတဲ့  ဆင်းရဲသွားတွေရဲ့ ဘဝက ဘယ်လိုများ နလံထူလာကြဦးမှာလဲ တွေးမတွေးရဲစရာပါ။ ငါများ အဲဒီနေရာမှာ လူမဖြစ်ခဲ့တာ ကံကောင်းလှချည်လားလို့တောင် ကျွန်မ တွေးမိတဲ့ အထိပါပဲ။
ကိုးကွယ်ယုံကြည်မှုနဲ့ ယဉ်ကျေးမှုအစဉ်အလာ
ကလာက္တားမှာ နေ့တိုင်းလိုလို နတ်ပွဲ တစ်ခုခုတော့ဖြင့် ရှိတတ်တယ်လို့ ဝတ္ထုထဲမှာ တွေ့ရပါတယ်။ အနောက်တိုင်းမှာ ကြီးပျင်းပြီး ဒီကို ရောက်လာခဲ့တဲ့ ကိုဗားစကီးကတော့ဖြင့် ပွဲတော်တွေအတွက် သုံးတဲ့ ငွေတွေကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ရတယ်လို့ ဆိုရှာပေမယ့် ဥစ္စာတိုးခြင်း၊ စီပွားပျက်ခြင်း၊ အလုပ်ရခြင်း၊ ရောဂါရခြင်း၊ သေခြင်း အစရှိတဲ့ လူမှုဘဝဖြစ်စဉ်များအားလုံးဟာ နတ်နဲ့မကင်းဘူးလို့ ယုံကြည်ထားတဲ့ သူတွေအတွက်ကတော့ ပူဇော်ပွဲတွေက သိပ်ကိုအရေးပါတာကြောင့် သုခမြို့တော်မှာ ကာလီမာမယ်တော်ပွဲအတွက် ငွေကောက်တာ တစ်မနက်တည်းနဲ့ တစ်ထောင်လောက် ရနှင့်တာ အံ့သြစရာ မဟုတ်သလိုပါ။ ဆင်းရဲကြသည့်တိုင် နတ်များ မငြိုငြင်စေဖို့ ကျိုးစားကြရသည်။ ထမင်းအငတ်ခံပြီး ပွဲတော်မှာ ဝတ်ဖို့ ဝတ်ကောင်းစားလှ ဝယ်။ ကြွေးတင်ခံကြ။ ဒါကိုပဲ အားနည်းချက်လို သုံးတဲ့ အလှူခံလိမ်တွေအတွက် အကွက်ရပြီး လိမ်စားကြ။ ဒါပေမယ့်လည်း ပွဲတော် တစ်ခုပြီးတိုင်း ဆင်းရဲသားတို့ရဲ့ နတ်များစောင့်ရှောက်ခြင်းကြောင့် ရလာမယ်လို့ ယုံကြည်တဲ့ မျှော်လင့်ချက်ရောင်ခြည်ရေးရေးကြောင့် အားတွေ ပြန်တက်လာကြပုံ ကိုလည်း လူ့ဘဝ ဖြေဆေးတစ်ခုလို တွေ့ရပြန်တယ်။ 

          အန္ဒိယနိုင်ငံမှာ သမီးမိန်းကလေးကို အရွယ်မလွန်ခင် လက်ထပ်ပေးဖို့က အလွန်အရေးကြီးတဲ့ ထုံးစံတစ်ရပ်မို့ သူ့အသက်မသေခင် သမီးကလေးကို အိမ်ထောင်ချပေးဖို့ သူ့သတို့သားဖိုး မတတ်နိုင်လို့ သူ့သမီးကို ကိုယ်ရေရောဂါသည်လက်ထဲ ထိုးမထည့်နိုင်လို့ ကိုယ့်အရိုးတွေကိုတောင် ငွေ ၅၀၀ နဲ့ ရောင်းခဲ့ရတဲ့ ဟာစရီပါးဟာ ၊ ခန်းဝင်ဖိုး ၂၀၀၀ ကျော် ကျမယ့် အရေးအတွက် ကျိုးစားရှာဖွေရှင်း ပင်ပန်းဒဏ်၊ စိတ်ဖိစီးမှုဒဏ်၊ ရောဂါဖိစီးမှုဒဏ်ချက်တွေနဲ့ သမီးမင်္ဂလာဆောင်နေ့မှာပဲ လောကကြီးက ထွက်ခွာသွားရတာကို တွေ့ရတဲ့အခါ ယုံကြည်မှုရိုးရာအစဉ်အလာတွေအကြား မတွန်းလှန်သာ ရုန်းကန်ကြရတဲ့ လူတွေရဲ့ဘဝကို ခံစားသိမြင်နိုင်ပါတယ်။
မေတ္တာ၊ အားမာန် နှင့် လူမှုဝန်ထမ်းစိတ်
ကျွန်မ လေ့လာမိသမျှ ဒီဝတ္ထုကို လာပီးယားဟာ ကာလက္တားမှာ နှစ်နှစ်ကြာအောင်နေပြီး လူပေါင်း ၂၀၀ ကျော်နဲ့ စကားပြော လေ့လာပြီးမှ ရေးသားခဲ့တာလို့ ဆိုကြပါတယ်။ ဒီလို မြှုပ်နှံပြီး ရေးခဲ့တဲ့ အတိုင်း ဝတ္ထုရဲ့ ဆွဲဆောင်အားကလည်း ကောင်းလှသလို ဘဝသရုပ်တွေကလည်း ပီပြင်ခဲ့ပါတယ်။ အရှေ့မှာ ကျွန်မ အနှစ်ချုပ်ခဲ့သမျှ အဓိက ဇာတ်ကောင် နှစ်ယောက်ဖြစ်တဲ့ အိမ်ယာမဲ့ ဟာရီစပါး နဲ့ လူမှုဝန်ထမ်း သာသနာပြု ကိုဗားစကီး တို့မှာ ကျွန်မ ဟာရီစပါးတို့ရဲ့ ဘဝတွေ အကြောင်းပဲ အဓိကထား ပြန်ပြောပြခဲ့ပေမယ့် စာရေးဆရာရဲ့ ရည်ရွယ်ချက်ကတော့ ဆင်းရဲသားတွေရဲ့ ဘဝတွေနဲ့ သူတို့ရဲ့ ရုန်းကန်မှုကြားက အားမာန်တွေ၊ တစ်ဦးနဲ့ တစ်ဦးကြားထားတဲ့ မေတ္တာတွေကို သိရှိစေလိုတဲ့အပြင် လူမှုဝန်ထမ်းသမားတွေရဲ့ ကူညီသင့်တဲ့ ပုံစံကိုပါ ထောက်ပြသွားချင်ပုံရပါတယ်။
ဆင်းရဲသားများကြား တစ်ဦးကို တစ်ဦး ရိုင်းပင်းကြပုံတွေကို၊ ဆင်းရဲသား မိသားစုများ၏ မိဘနဲ့သားသမီးကြား၊ လင်မယားကြား မေတ္တာထားကြပုံတွေကို ဆင်းရဲမှုကို အတူ ရင်ဆိုင်ကြပုံ၊ အဓိက မိခင်တို့၏ သားသမီးအပေါ်ထားတဲ့ မေတ္တာတွေ၊ ကြံ့ကြံ့ခိုင် ရင်ဆိုင်မှုတွေကိုပုံဖော်ထားတာကို ဒီဝတ္ထုမှာ တွေ့နိုင်ပါတယ်။
ဒါအပြင် လူမှုဝန်ထမ်း ဇာတ်ကောင် တွေဖြစ်တဲ့ ကိုဗားစကီးအပြင် သီလရှင်ကြီး ထရီဇာ၊ ဆရာဝန်လေး မက်စ်တို့ စေတနာအပြင် မဆုတ်သော ဇွဲလုံလနဲ့ မေတ္တာတန်ခိုးကြောင့်သာ အခက်အခဲတွေကို ကျော်လွန်ပြီး ကူညီနိုင်တာဖြစ်ပေမယ့် တော်ရုံလူဆို နောက်ဆုတ်နေလိုက်လောက်တဲ့ အခြေအနေ အခက်အခဲတွေကိုလည်း ထင်ထင်ရှားရှား ဖွဲ့ပြထားပါတယ်။ အဲဒီမှာ ကိုဗားစကီး ပြောတဲ့ စကားလုံး တစ်လုံးက “ ခက်တာက ကျွန်တော်ငတ်တာက အပျော်တမ်းငတ်သလို ဖြစ်နေတယ်။ အပျော်တန်း ဒုက္ခခံရတယ်ဆိုတာ တစ်နေ့ ကယ်မယ့်သူရောက်လာတာပဲ။ ကိုယ့်မှာ ခံနိုင်ရည်ကုန်သွားတာနဲ့ တစ်ပြိုင်နက် အပျော်တမ်း ဒုက္ခခံတာတွေကို စွန့်လွှတ်ပစ်လို့ရတယ်။ ဒါပေမယ့် သူတို့ ဒုက္ခခံတာ၊ သူတို့ ငတ်တာ တကယ်ငတ်နေရတာ။ ဘယ်သူမှ ကယ်မယ့်လူ မရှိဘူး မဟုတ်လား။ ဒီတော့ ကျွန်တော်ဟာ သူတို့လို ဘယ်လောက်ပဲ အငတ်ခံခံ သူတို့နဲ့တော့ တစ်သားတည်း မဖြစ်နိုင်ဘူး။ တစ်ထပ်တည်း မဖြစ်နိုင်ဘူး” ဆိုတဲ့ စကားက ဖွံ့ဖြိုးရေးလုပ်ပါတယ် ဆိုသူတွေကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။ မေးခွန်းထုတ်လိုက်သလိုပါပဲ။ ဇာတ်လမ်းထဲက ကိုဗားစကီးကတော့ သူတို့နဲ့တစ်သားတည်း နေထိုင်သွားပြီး တကယ်ပဲ တစ်သက်တာ ဖွံ့ဖြိုးရေးလုပ်သားအဖြစ် ကျိုးကျိုးစားစား ကူးပြောင်းနိုင်ခဲ့ပါတယ်။ 

ဒီကမ္ဘာကျော်စာအုပ်ကို ဘာသာပြန်ပဲ ဖတ်ဖြစ်တာကြောင့် အရေးအသား ရသ အားနည်းတယ်လို့ မဆိုချင်ပေမယ့် ရသပိုင်းလိုအပ်မှုကို ခံစားမိပါတယ်။ ဒါပေမယ့် ကာလက္တားက ဆင်းရဲသားတို့ရဲ့ အခြေခံ ဘဝကို ခံစားသိမြင်ပြီး သူတို့ အားလုံးရဲ့ မျှော်လင့်ချက် ရောင်ခြည်လေးတစ်စ အဖြစ်ကို ဆောင်ချင်တဲ့ လူမှုဝန်ထမ်းတွေ ပေါ်လာစေရုံမက ဖွံ့ဖြိုးရေးဝန်ထမ်း အစစ်အမှန်ဆိုတာ ဘယ်လိုဆိုတာကိုပါ မီးမောင်း ထိုးပြနိုင်ခဲ့ပါတယ်။ ကျွန်မတို့လို စာဖတ်သူတွေကိုလည်း ဘဝရဲ့  အားမာန်တွေအပြင် အခက်အခဲတွေကိုလည်း သတိမူမိလာစေပါတယ်။ 
 သတ္တိနဲ့ မျှော်လင့်ချက်တို့ကို မြင်စေတဲ့အပြင် သတိ ရှိမှုကိုရစေပါတယ်။ ရင်နင့်ကျန်စေတဲ့ စာအုပ်တစ်အုပ်ပါပဲ။

0 comments: