My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Sunday, August 3, 2014

သုခမြို့တော် (၁)



ကျွန်မ အခုပဲ သုခမြို့တော် ဆိုတဲ့         စာအုပ်ကို ဖတ်ပြီးသွားတယ်။ ဆရာမြသန်းတင့်ရဲ့ အမျိုးသား စာပေ ဘာသာပြန်ဆုရ စာအုပ်တစ်အုပ်ပါ။  
မူရင်းက Dominique Lapierre ရဲ့ City Of Joy ။ အိမ်ယာမဲ့များရဲ့ ဆင်းရဲမွဲတေမှု၊ ငတ်မွတ်မှုဒဏ်၊ ပျောက်ရှနေတဲ့ မျှော်လင့်ချက်များ၊ ပေါက်ကွဲထွက်လာတဲ့ အကြမ်းဖက်မှုတွေ၊ စနစ်ဆိုးရဲ့ ခေါင်းပုံဖြတ် အနိုင်ကျင့် ကြိုးနီစနစ်ရဲ့ အကျိုးရလဒ်တွေအပြင် ယုံကြည်မှုနဲ့ ဓလေ့ ထုံးစံကပေးတဲ့ အားအင်တွေအပြင် ရိုက်ခတ်မှုဒဏ်ချက်တွေကိုပါ ပီပီပြင်ပြင် တွေ့မြင်လာအောင် ရေးဖွဲ့ထားတဲ့ သုခ မြို့တော်။ ဇာတ်လမ်းမှာ အဓိက ဇာတ်ဆောင် တွေက ဟာစရီပါး ဆိုတဲ့ အိမ်ယာမဲ့ တစ်ယောက်နဲ့ စတီဗင် ကိုဗာစကီး ဆိုတဲ့ လူမှုရေးလုပ်သား ခရစ္စယာန်ဘုန်းကြီး တစ်ပါး တို့ပါပဲ။
လွန်ခဲ့သော သုံးနှစ်ခန့်ကပေါ့ ထွက်ပေါက်ပျောက်နေသော ကျွန်မကို စာနာ နားလည်ပေးသူ တစ်ယောက် လောကကြီး က ကျွန်မအား ငှားလိုက်ခဲ့ဖူးသည်။ ငှားလိုက်ခဲ့ဖူးသည် ဆိုသည်မှာ … အပိုင်မရ သောကြောင့်ပင်။  ကိုယ့်ကိုကိုယ်တောင် မပိုင်သော လောကကြီးတွင် မည်သူ့ကိုများ လောကကြီးက အပိုင်ပေးမှာတဲ့လဲ။ ထိုစဉ်အခါ လောကကြီးက မောပန်းနေသောကျွန်မအတွက် ဖြေဆေး ပေးခြင်းပင် ဖြစ်ပါလိမ့်မည်။ နီးစပ်လိုသူတို့ အတွက် အချိန်သည် တံတိုင်းမဖြစ်ခဲ့ပါ။ သူနဲ့ ကျွန်မ အချိန်တွေကို အဆင်ပြေပြေ ညှိတတ်ကြသည်။ ကျွန်မ အိပ်ကာနီး အချိန်တွင် ညနေစာ စားသော သူနှင့် သူအိပ်ကာနီး အချိန်တွင် အိပ်ယာထသော ကျွန်မတို့ အချိန်တွေကို ညီညီမျှမျှ အသုံးချတတ်သည်။ ကျွန်မအတွက် အိပ်ယာဝင် ပုံပြင်တစ်ပုဒ်၊ ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ် သူ့မှာ ညနေစာ စားရင်းပြောပြဖို့ အဆင်သင့် ရှိတတ်ပြီး မနက်ခင်း နှုတ်ခွန်းဆက် စကားအဖြစ် ကျွန်မ အိပ်တုန်းသူဖတ်ဖြစ်တဲ့ literature ဒါမှမဟုတ် Concept တစ်ခုက သူ့ အိပ်ရာဝင်ကာနီး နှုတ်ဆက်စကားအဖြစ် အမြဲ အသင့် ဖြစ်နေတတ်သည်။ ကျွန်မတွင် ပျောက်ဆုံးနေသော အရာများကို သူက ပြန်ရှာဖွေ ပေးတတ်သည်။ သူရှာဖွေ ခဲ့ပေးသည်များက ကျောင်းသင်ခန်းစာ အတွင်းမှာ သင်ကြားရသော အတွေးအခေါ်ပညာရှင်များ ၏ အတွေးအခေါ်များကို သူနှင့် ကျွန်မ ငြင်းခုန်ရခြင်း၏ ရလဒ်က သူ့စာတမ်းမှာရော ကျွန်မ စာတမ်းအတွက်ပါ အတူတကွ အသုံးဝင်ခဲ့သလို၊ ဘဝအတွက် လိုအပ်သော အသိပညာ အတွေးအခေါ်များကို သူ့ဘဝနှင့် နှိုင်းကာ သိသော အသိများ ၊ စာအုပ်များ ကြားမှရသော အသိများဖြင့် မိတ်ဆက်ပေးလေ့ရှိသည်။ ကျွန်မ၏ စာဖတ်နှုန်းသည် quantity မှ quality ဖြစ်လာစေပြီး မြသန်းတင့်၊ ထင်လင်း၊ မောင်ထွန်းသူ၊  မင်းလူ၊ ခင်ခင်ထူး၊ မြင့်သန်း၊ ကြည်မောင်သန်း၊ မောင်ချောနွယ်၊ သစ္စာနီ၊ ကြည်အေး ….. စသော စသော … စာရေးသူ၊ ကဗျာရေးသူများ။ သူ့ကျေးဇူးကြောင့် သာ ကျွန်မ External Hard-drive လေးထဲမှ E-Library လေးသည် ထိုသူတို့ နာမည်တွေနှင့် ပိုလေးလေး လာခဲ့သည်။ ထို့နောက်….. အကြောင်းကြောင်းကြောင့်…. ကျွန်မတို့ ဝေးကြသည်။ သို့သော် ကျေးဇူး တင်ထိုက်သူ စာရင်းတွင် ထိုသူ့ကို ရေးချထားရပါမည်။
တစ်နေ့က စာအုပ်ဆိုင်ကို ရောက်သွားတော့ ကျွန်မ လက်ထဲမှာ စာအုပ်တစ်အုပ်ကို ကိုင်ရက်သား ဖြစ်နေသည်။ ထိုစာအုပ်က Dominique Lapieree ရဲ့ City of Joy ကို မြသန်းတင့် ဘာသာပြန်ထားတဲ့ သုခမြို့တော်။ ကျွန်မ နားမှာ အသံ တစ်ချို့ ကြားယောင်လာတယ်။ “လာပီးယဲ  (Lapieree ) ရဲ့  City of Joy ရယ် ကမူး (Camus) ရဲ့ The Plague ( ပုလိပ်ရောဂါ) ရယ် နဲ့ The Outsider (စည်းအပြင်ကလူ ) ကို ဖတ်စေချင်တယ်။ ဒါပေမယ့် ခင်ဗျားလေး စိတ်ပျော့ပုံနဲ့တော့ Existentialism လည်း ဝတ္ထုပုံစံနဲ့ လေ့လာပြီးသားဖြစ်အောင်  စည်းအပြင်ကလူပဲ အရင် ဖတ်ကြည့်ပါဦးလေ။ ကျန်တာတွေကို နှလုံးသားနုလို့ ခံစားနိုင်ဖို့ အသင့်ဖြစ်ပုံ မပေါ်သေးဘူး။ ကမူးကတော့ ကျွန်တော့ရဲ့ ငယ်ချစ်လိုပဲ.. သူ့လက်ရာတွေက လောကကို ထင်ဟပ်တယ်။ လောကအကြောင်း၊ လူ့သဘာဝနဲ့ လောကဓံကို နားလည်ဖို့ဆို သူ့စာတွေ အဖတ်သင့်ဆုံးပဲ။ လူ့ဘဝဆိုတာ စိတ်ကူးယဉ် တစ်ခုတည်း မဟုတ်ဘူး လက်တွေ့နဲ့ ပေါင်းစပ်ဖို့လိုတယ်။”  ကမူးရဲ့ ပုလိပ်ကိုတော့ တွေ့ပါရဲ့ ဒါပေမယ့် ကျွန်မ တစ်လ သုံးမယ် ဆိုတဲ့ လစ်မစ်က ကျော်လို့ တစ်အုပ်ပဲ ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ မကြာခင်က အန္ဒိယကို တစ်ခေါက် ရောက်ဖူးသလို ထပ်လည်း ရောက်ရဦးမယ့် ကျွန်မအတွက်  လာပီးယဲရဲ့ သုခမြို့တော်သာ  အသင့်တော်ဆုံးလို့။
သူညွှန်းဆို ပြသတဲ့ သုခမြို့တော်။ ကျွန်မ နှလုံးသားနုလို့ အဆင်သင့် မဖြစ်သေးဘူးဆိုပြီး ဇာတ်ကြောင်းလေးပြောပြတာ ကြားခဲ့ဖူးခဲ့ပေမယ့် ကျွန်မ ဒီလောက် ခံစားရမယ်မှန်း မယူဆခဲ့မိပါဘူး။ တစ်ညနဲ့ တစ်ရက်ကြာ ဖတ်ပြီးသွားတဲ့ နောက်မှာတော့ ကျွန်မ ရင်တစ်ခုလုံး နင့်ကျန်ရစ်ခဲ့တယ်။ ၂၄ နာရီ မပြည့်ခင်က ကွဲထားတဲ့ အသည်းကြောင့်လား ဝတ္ထုထဲက အကြောင်းအရာတွေကြောင့်လား ကျွန်မ အသက်ရှူ မဝချင်တော့ဘူး။
လယ်ယာမဲ့


          ပထမဆုံး ကျွန်မ ခံစားရတဲ့ အကြောင်းအရာက ကျွန်မဟာ လယ်သမား သားသမီးတစ်ဦး ဖြစ်နေတာရယ်၊ ကျွန်မ ပထမဆုံး ရေးခဲ့တဲ့ သုတေသနစာတမ်းမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်က လယ်သမားတွေရဲ့ အခြေအနေကို မျက်မြင်ထင်ရှား သိနေတာရယ်၊ လတ်တလော ကျွန်မတို့ မြန်မာပြည်မှာ လယ်မြေ အသိမ်းခံနေရတဲ့ လယ်သမားအရေးကိစ္စတွေရယ် ကြောင့် ပထမဦးဆုံးအခန်းမှာပဲ  ဘင်္ဂလားပြည်နယ် ဘန်ကူလီရွာ အနီးတဝိုက်က လယ်သမားတွေရဲ့ ဘဝက ကျွန်မကို တစ်သားတည်း ခံစားစေပြီး ရင်တွေ ပူလာရပါတယ်။
          တဖြေးဖြေး ဆုတ်ယုတ်လာတဲ့ လယ်သမားတို့ဘဝ၊ လယ်ပိုင် ဘဝကနေ လယ်လုပ်သား တဖြည်းဖြည်းနဲ့ လယ်လုပ်သားဘဝကနေ ကျွေးတင်.. ဒီလိုနဲ့  လယ်ရှင်၊ မြီရှင် များရဲ့ ခေါင်းပုံဖြတ်မှု အပြင် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို အလူးအလဲ ခံရတဲ့ သူတွေ။ ဆင်းရဲချွတ်ခြုံကျမှု သံသရာစက်ဝိုင်းကြီးကနေ မလွတ်နိုင်တော့တဲ့ လယ်သမားတွေ နောက်ဆုံး စားရမဲ့ သောက်ရမဲ့ ဘဝကို ရောက်ပြီး မြို့ကြီးပေါ် ရရာအလုပ်လုပ်ဖို့ တက်လာရပုံတွေကို ရေးဖွဲ့ထားတဲ့ နေရာမှာ.. ရွာဓလေ့ရဲ့ ခင်တွယ်စရာကောင်းပုံ၊ တဖြည်းဖြည်း ဒုက္ခတွင်းထဲ ရောက်နေရပေမယ့် မိသားစုဝင်တွေရဲ့ တစ်ဦးကို တစ်ဦး ငဲ့ညှာစာနာ ထောက်ထားကြပုံ၊ အားမလျှော့ မျှော်လင့်ချက်ထားသောလည်း ပါးပါးလာပုံ၊ အိမ်နီးချင်းတွေ တဖြည်းဖြည်းနည်းပါးလာပုံ တွေကို တဆင့်ချင်း ရေးပြထားတာ က သူတို့နဲ့အတူ ကိုယ်ပါ မျှော်လင့်ရင်း ဝေဝါးလာရတယ်။
“ဟာရီစပါးတို့၏ ခံနိုင်ရည် တဖြည်းဖြည်း နည်းလာလေပြီ။ တစ်နေ့တွင် အဖေ ပရီးဒစ်က မိသားစု အားလုံးကို ခေါ်သည်။ အားလုံးရောက်သည့်အခါ ဒိုတီကြားထဲတွင် ညှပ်ထားသည့် ဆယ်တန် ငါးရွက်နှင့် ကျပ်ပြား နှစ်ပြားကို ထုတ်ကာ ဟာစရီပါးကို ပေးသည်။ မင်းက သားအကြီးဆုံးပဲ၊ ဒီတော့ သားမယားတွေကို ခေါ်ပြီး ကာလကတ္တားကို သွားကြပေတော့” လို့ ပြောလိုက်ချိန်မှာ သူတို့ မိသားစုနဲ့အတူ ကျွန်မ လိုက်ပါ ငိုကျွေးမိပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံက လယ်သမားတွေ အဲဒီလို ဖြစ်လာမှာ ကိုလည်း သိပ်စိုးမိတယ်။ 
အိမ်ယာမဲ့၊ အလုပ်လက်မဲ့ 


          မျှော်လင့်ချက်နဲ့ မြို့တက်လာတဲ့ ဟာစရီပါးတို့ ရောက်လာတဲ့ ကာလကက္တားကို  ဟာစရီပါးက “လူမဆန်တဲ့ မြို့ကြီး” လို့နာမည်တပ်ပါတယ်။ လမ်းပေါ်မှာ လူဘုံးကနဲ လဲကျသေရင်တောင် ကိုယ့်နဲ့ မဆိုင်သလို နေကြသူတွေရဲ့ ယိုယွင်းနေတဲ့ လူမှုရေးစိတ်တွေ၊ ငတ်မွတ်ခြင်းနဲ့အထိဂရုဏ်းတွေ၊ အဆိုးဆုံး ရာသီဥတု ဒဏ်တွေနဲ့ ကာလကက္တားဟာ လူတွေအတွက် .. “ဒီမှာ မျှော်လင့်ချက် မရှိတော့ဘူး၊ ငါတို့မှာ ဒေါသပဲ ကျန်တော့တယ်”လို့ နံရံတွေမှာ ထုတ်ဖော်ရေးရလောက်အောင် အခြေအနေဆိုးဝါးနေချိန်မှာ ရောက်ခဲ့သူတို့ရဲ့ အားမလျော့တမ်း အသက်ရှင်ဖို့ ကျိုးစားရပုံတွေ၊  ကိုယ့် ကိုယ်ထဲက သွေး၊ သန္ဒေသား၊ အရိုး စတာတွေ ကိုတောင် ထုတ်ရောင်းရသူတွေ၊ မတတ်သာလို့ တောင်းစားရပုံတွေနဲ့ ငိုနေတဲ့ မောင်လေးတွေကို မကြည့်ရက်လို့ ပြည့်တန်ဆာ ဖြစ်ရသူ ဆယ့်သုံးနှစ်အရွယ် မိန်းမငယ်လေး… ဟာစရီပါးနဲ့ သူ့ ပလက်ဖောင်း အိမ်နီးနားခြင်း အသစ်တွေရဲ့ ပုံရိပ်တွေက ဆင်းရဲသားတို့ရဲ့ မဆုတ်နစ်တဲ့ အားမာန်အပြင် အလုပ်ရှားပါးလို့ ထမင်းတစ်လုပ်ရဲ့ ခက်ခဲမှုဆိုတာကို နားလည် သဘောပေါက်စေပါတယ်။ မကြုံဖူးတဲ့ ဘယ်သူ ယုံနိုင်မှာတဲ့လဲ။ ကျွန်မ အန္ဒိယရောက်စဉ်က တံတားအောက်တွေမှာ ထမင်းချက်နေတဲ့ မိသားစုလေးတွေကို ပြေးမြင်ယောင်လာရင်း ဆို့နစ်လာမိတယ်။ တမြန်နေ့ကပဲ ကျွန်မ ရန်ကုန်မှာ မနက်စောစော ဘုရားတက်တော့ ဈေးဝယ်စင်တာကြီးတစ်ခုရဲ့ ရှေ့မှာ အိပ်ယာသိမ်းနေတဲ့ သက်ကြီးရွယ်အို အဖိုးတစ်ယောက်ကို တွေ့တော့ ကျွန်မရဲ့ အဖော်ကို သူဒီမှာ အိပ်တာလားဟင်လို့ ယောင်ရမ်းမေးမိသေးတယ်။ သူကတော့ ဟုတ်တယ်လို့ ထင်တယ်တဲ့။ ကျွန်မ မျက်လုံးထဲ သူတို့တွေက ရုပ်ရှင်လို တစ်ကွက်ပြီး တစ်ကွက် မြင်လာတယ်။ 
အနာရောဂါများ နဲ့ စွန့်ပစ်ခံများ 

ငတ်မွတ်မှုများ၊ အာဟာရချို့တဲ့မှုများ၊ ပင်ပန်းမှုဒဏ်များ၊ သန့်ရှင်းမှုမရှိသော ပတ်ဝန်းကျင်၊ ညစ်ညမ်းသော လေထု၊ ရှားပါးသော ရေ ၊ ရာသီဥတုဒဏ် အားလုံး ပေါင်းစပ်လိုက်သော ဒဏ်က ရောဂါများကို ဖြစ်စေသည်။ သွေးအန်နေတဲ့ လန်ချားသမားတွေ၊ ဗိုက်ပူနံကားချောင်းတဟွတ်ဟွတ် ဆိုးနေတဲ့ ကလေးတွေ၊ အရိုးပေါ် အရည်တင် ပိန်လှီနေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ တဟီးဟီး အချမ်းထနေတဲ့ ငှက်ဖျားဖြစ်နေသူတွေ၊ မျက်မမြင်ဖြစ်လာသူတွေ၊ ဝဲထူထူနဲ့ ကလေးလူကြီးတွေ၊ ကိုယ်ရေပြားရောဂါရှင်တွေ စတဲ့ ရောဂါရှင်တွေ။ အမှိုက်ပုံပေါင်းများစွာမှာ စွန့်ပစ်ခံရရှာတဲ့ ကလေးငယ်ပေါင်းများစွာတွေရဲ့ ဘဝတွေ။ ရောဂါဖြစ်ပြီး လဲကျသေဆုံးနေတဲ့ ပိုင်ရှင်မဲ့ အလောင်းတွေဟာ ကာလက္တားရဲ့ မြို့ပေါ် လမ်းတွေပေါ်မှာ နဲ့ သုခမြို့တော်လို့ ခေါ်တဲ့ ဆင်းရဲသား ရပ်ကွက်လေးထဲမှာ နေရာယူထားပါတယ်။ သေချင်းတရားဆိုတာ သူတို့အတွက် အထူးအဆန်းမဟုတ်တော့တဲ့ အရာ။ 
ရောဂါသည်ကလေးတစ်ယောက်အမေ ဆင်းရဲသူမ တစ်ယောက်ရဲ့ အားမာန်ကို  ဇာတ်လမ်းရေးသူက ဆားဗီးယားဆိုတဲ့  အဆုတ်ရောဂါသည် ကလေးလေးရဲ့ အမေ အကြောင်းကို ကိုဗားစကီး ပြောပြဟန်နဲ့ “ ညညဆိုရင် သူ့သားလေး ဝေဒနာသက်သာအောင် သားအိပ်ရာဘေးနားထိုင်ပြီး တစ်ညလုံး တရားစာတွေ ရွတ်တော့တာပဲ။ သူ့မှ မျိုသိပ်ထားတာမရှိဘူး။ ကျိန်ဆဲတာလည်း မရှိဘူး။ ဒီမိန်းမက ယုံကြည်ခြင်းတရားနဲ့ မေတ္တာတရားကို ဘယ်လိုရအောင်လုပ်ရတယ် ဆိုတာ သင်ကြားပေးလိုက်သလိုပဲလို့ ရေးသားထားတာကို ဖတ်ရတဲ့အခါ ဆင်းရဲမှုကို တည်ငြိမ်စွာ ရင်ဆိုင်သူတွေရဲ့ အားမာန်ကို လှိုက်လှိုက်လှဲလှဲ ခံစားမိသလို ဒါဟာ ဘဝရဲ့ လမ်းပဲလို့လည်း မြင်ခဲ့မိတယ်။
(ဆက်ရန်)

         

0 comments: