My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Friday, July 4, 2014

လှပ ငြိမ်းချမ်းသော အနာဂတ်ဖြစ်ဖို့




လှပ ငြိမ်းချမ်းသော အနာဂတ်ဆိုတာ မျိုးဆက်သစ် လူငယ်တွေရဲ့ လက်ထဲမှာ ရှိနေမယ်ဆိုတာ ကျွန်မတို့ အထူးပြောစရာ မလိုပါဘူး။ ဒါဆို ကျွန်မတို့ အားလုံးမှာ ငြိမ်းချမ်းသော အနာဂတ်ဖြစ်ဖို့အတွက် မျိုးဆက်အတွက် ကျွန်မတို့ အားလုံးမှာ တာဝန်ရှိနေပါတယ်လို့ ပြောရင် အပျိုကြီး ကလေးမရှိတဲ့ ကျွန်မကပဲ မျိုးဆက်တွေ ဘာတွေ ပြောရသေးတယ်လို့ အပြစ် ဆိုမလား။ အဲလို ကျွန်မကို အပြစ်ပြောလို့ မရနိုင်ပါဘူး။ ဒါဖြစ်လို့လဲ ဆိုတာကို ကျွန်မ ပြောပြချင်ပါသေးတယ်။
တရားဝင် ဆိုတဲ့ လက်မှတ်ထိုး လက်ထပ်ခြင်းကို ဆန့်ကျင်တဲ့ ၊ လက်ထပ်ခြင်းကို တရားဥပဒေနဲ့ ချုပ်နှောင်ခြင်းမျိုးဆိုတာ မဖြစ်သင့်ဘူးလို့ ဆိုတဲ့ “အိုရှိုး” ဆိုတဲ့ အတွေးအခေါ်ပညာရှင်ကြီး တစ်ယောက်ကို ဆွေးနွေးခန်းတစ်ခုမှာ လူတွေက မေးပါတယ်။ အဲဒီဆွေးနွေးမေးမြန်းခန်းရဲ့ ခေါင်းစဉ်က လက်ထပ်ခြင်းနဲ့မျိုးဆက်သစ်မွေးဖွားခြင်းပါ။
လက်မှတ်ထိုး လက်ထပ်ခြင်းဆိုတာကို ဘာလို့ ဆန့်ကျင့်ရတာလဲ ဆိုရင် အပေးအယူသဘောမျိုးဆောင်သလို တစ်ဘက်ဘက်က အသာစီးယူလိုတဲ့ သဘောမျိုးနဲ့ ချုပ်နှောင်ထားလိုက်ကြတဲ့အခါ လွတ်လပ်ခြင်းမရှိတော့တဲ့အခါ  မလိုအပ်တဲ့ အားပြိုင်မှုတွေ ဖြစ်လာသလို ဘေးထွက်ဆိုးကျိုးတွေ များလာတတ်ပါတယ်။ လူတွေဟာ တစ်ယောက်ကို တစ်ယောက် တကယ်ချစ်မြတ်နိုးလို့ အတူတကွ နေထိုင်တာ ၊ ချစ်မြတ်နိုးမှုကနေ တဆင့် ခနာကိုယ်ချင်း နီးစပ်လိုမှုကနေ ဖြစ်လာတဲ့ လိင်ဆက်ဆံတာမျိုးပဲ ဖြစ်သင့်ပါတယ်။ ကိုယ်မယုံကြည်နိုင်တော့တဲ့ မချစ်တော့တဲ့ မနှစ်သက်တော့ သူနဲ့ အတူတကွ ဆက်လက်ပြီး စာချုပ်တစ်ခုကြောင့် နေထိုင်ရခြင်းကြောင့် မလိုအပ်တဲ့ သစ္စာဖောက်မှုတွေ တစ်ဦးနဲ့ တစ်ဦးကြား အားပြိုင်ရမှုတွေ ရန်သူဆန်လာရမှုတွေ ဖြစ်လာရပြီး လင်မယားဆိုတဲ့ လူနှစ်ယောက်ဟာ အနီးကပ်ဆုံး ရန်သူတွေ ဖြစ်နေကြရမယ် ဆိုရင် အလကားပါပဲ။ သူငယ်ချင်း မိတ်ဆွေ ဆိုတာတောင် ပြန်မဖြစ်လာနိုင်လောက်အောင် ဆိုးဝါးတဲ့ ဆက်ဆံရေးတွေနဲ့ တစ်သက်လုံး လူဘဝတုံး ရသလို ဖြစ်နေမယ်။ နောက်ပြီး ချစ်ခြင်းမေတ္တာကြောင့် မဟုတ်ဘဲ အလဲအလှယ်ဆန်တဲ့ အိမ်ထောင်ရေးဆိုတာကလည်း လိင်အရောင်းအဝယ်ပြုခြင်းပါပဲ။ တကယ် တစ်ယောက်ကို တစ်ယောက် ချစ်ခင်လို့ အတူနေချင်တဲ့ သူတွေက စာချုပ်မလိုအပ်ပါဘူး။ သူတို့ နှစ်ယောက်သား ဘဝဆိုတာကို တန်ဖိုးထားပြီး ခိုင်မြဲအောင် ကျိုးစားကြမှာပါပဲ။ လောကဓံ ဆိုတာကိုလည်း အတူရင်ဆိုင်မှာပါပဲ.။ ဒါကြောင့် မလိုအပ်ဘူးလို့ သူက ပြောတာပါလို့ ရှင်းပြပါတယ်။ ချစ်ခြင်းတရားဆိုတာ လွတ်လပ်ခြင်းနဲ့ အတူတွဲနေမှာ အမှန်တကယ် ရှင်သန်ပါတယ်လို့ အိုရှိုး က ပြောပါတယ်။
ဒီအတွေးအခေါ်လာ အခြေခံကျပေမယ့် လက်တွေ့ မှာ ကျွန်မတို့  အသားကျနေတဲ့ ပတ်ဝန်းကျင်မှာ လက်ခံကျင့်သုံးဖို့ ခက်မှာတော့ အမှန်ပါပဲ။ ကျွန်မတို့ ရှင်သန်နေရတဲ့ ပတ်ဝန်းကျင်မှာ တကယ်ကို လက်ထပ်ဖို့ ယုံကြည်နိုင်လောက်တဲ့သူ ကိုယ့်ကို ချစ်ခြင်းမေတ္တာသက်သက် နဲ့ပဲချစ်ပြီး ထာဝရ တည်မြဲလောက်တဲ့သူကိုတော့ လူတိုင်းက ရှာဖွေနေကြတာပါပဲ။ ဒါပေမယ့် ခွဲခြားမှုတွေ မညီမျှမှုတွေနဲ့ တစ်ယောက်ကို တစ်ယောက် အထင်သေးမှု၊ အာဏာ တနည်းပြောရရင် ကိုယ့်ဘက်က အသာစီးရမှ ကျေနပ်နိုင်မယ့် စိတ်ဓါတ်တွေနဲ့ အသားကျနေတဲ့ ပတ်ဝန်းကျင်မှာ ကျွန်မတို့ အတွေးအခေါ်တွေကပဲ ကျွန်မတို့ ဘဝတွေကို ပုံဖော်လာကြပါတယ်။ ကျွန်မတို့ အချစ်ခံချင်ကြပေမယ့် ကျွန်မတို့ လက်တွဲဖော်ဖြစ်လာမယ့် သူအပေါ် ဒါမှမဟုတ် ဆန့်ကျင်ဖက်လိင်အပေါ် ကျွန်မတို့ သဘောထားတွေက ဘယ်လိုများ ရှိကြပါသလဲ။ ကျွန်မက မြန်မာပြည်သူမို့ မြန်မာ့ပြည်က ကျွန်မ ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်ကိုပဲ ပြန်ကြည့်ပါရစေ။ ကျွန်မတို့ ယောင်္ကျားလေးတွေနဲ့ မိန်းကလေးတွေ အကြား အိမ်ထောင်ရေးနဲ့ အချစ်ရေးအပေါ် သဘောထားတွေကိုပေါ့။
ကျွန်မတို့ မိန်းကလေးတွေကို ငယ်ငယ်ကတည်းက သွန်သင်ခဲ့ကြတာက “ ဘူးကောင်းရင် စင်ခံ၊ လင်ကောင်းရင်စံ။ ရွှေပင်နားမှ ရွှေကျေးဖြစ်မယ်။  လင်ကောင်းသားကောင်း ရှာဖွေယူပါ၊ သမီးကညာ အခါမလင့်စေနဲ့” ဆိုတာတွေပါ။ လင်ကောင်းသားကောင်းဆိုတာ ကိုယ့်ကို တင့်တောင်းတင့်တယ် ရှာဖွေကျွေးမွေးနိုင်တဲ့သူ၊ အဲလိုလူကမှ ကိုယ့်ကို တကယ်ချစ်တဲ့သူ လို့ အဓိပ္ပါယ်ရပါတယ်။ အချစ်က ဘဝရဲ့ အစိတ်အပိုင်း တစ်ခုပဲ ရှိတယ်။ ဆင်းရဲမှု လာရင် နောက်ဖေးပေါက်က ဆင်းပြေးသွားတာ စတဲ့ ..စတဲ့ အရာတွေပါ။ မိန်းကလေးတွေဟာ အိမ်ထောင်ပြုပြီးရင် ကလေးမွေးပေးရင် မျိုးဆက်အတွက် တာဝန် တာဝန်ကျေပြီ။ ဒီလိုဆိုတော့ မိန်းကလေးရဲ့ တန်ဖိုးဆိုတာ လိင်ရေးရာအတွက် ပစ္စည်းတစ်ခုလို အသစ်ဖြစ်ရမယ် တနည်း အပျိုစစ်ပြီး လှပရမယ်။  ဒီလိုဆို ဈေးကောင်းရမယ်။ စတဲ့ အပေးအယူဆန်တဲ့ အိမ်ထောင်ရေး ဈေးတွက်နဲ့ မိန်းမတန်ဖိုးဆိုတာ လှပကျောရှင်းအပျိုစင် ဆိုတာရယ် လက်ထပ်ခြင်းဆိုတာ ဘဝမှာ ငွေကြေးစည်းစိမ်လုံခြုံမှုရှာဖွေတာ ဆိုတဲ့ ဘောင်ထဲမှာ အနားကွတ်လိုက်ကြပါတယ်။ တနည်းအားဖြင့် “အိုးရှိုး”ပြောတဲ့ အပေးအယူဆန်တဲ့ လက်ထပ်ခြင်းကို ဦးတည်လိုက်ကြပါတယ်။ နောက်တစ်ခုက ယောင်္ကျားဆိုတာ အလှကြိုက် အချွဲကြိုက် အာရုံငါးပါးနဲ့သာ ဖျားယောင်းရင် ငိုက်စိုက်ကျတဲ့ သတ္တဝါပါပဲလို့ အထင်သေးစိတ်တွေ မိန်းကလေးတွေမှာ ရှိတတ်ပါတယ်။ ယောင်္ကျားလေးတွေ ဘက်ကရော ငွေရှိရင် မိန်းမလှလှဆိုတာ ဝယ်လို့ရတယ်ဆိုတဲ့ ဇိမ်ခံပစ္စည်းဝယ်သလို သဘောထားသူလည်း ရှိရဲ့။ ငွေမရှိရင်လည်း အပြောကောင်းရင် ရပြီဆိုပြီး အပြောကောင်းကောင်းနဲ့ လှည့်စားပြီး မိန်းကလေးတွေကို ချူစား မြူစား လုပ်သူလည်း ရှိရဲ့။ မိန်းကလေးတွေဆိုတာ ငွေမက်တဲ့ အမျိုး၊ မိန်းမဆိုတာ တဏှာကြီးတဲ့ အမျိုးဆိုတဲ့ အထင်သေးစိတ်ကိုလည်း အခြေခံပြီး အဲဒီ အထင်သေးစိတ်နဲ့  အားနည်းချက်ကို အသုံးချ အလကားနှိက်ဖို့ ကျိုးစားသူလည်း ရှိရဲ့။ ယောင်္ကျားလေးတွေနဲ့ မိန်းကလေးရဲ့ အကြားမှာ တစ်ယောက်ကို တစ်ယောက် လေးစား ချစ်ခင်စိတ်ထက် အထင်သေးစိတ် အနိုင်ယူ အားပြိုင်လိုစိတ်တွေကို မွေးကတည်းက မွေးမြူသွတ်သွင်းခံထားရတဲ့ အတိုင်း ပြန့်နှံ့နေကြတော့ … လူအချင်း လေးစားမှု ပျောက်ဆုံးကုန်ပါတော့တယ်။  အိုးရှိုးပြောသလို ကျင့်သုံးဖို့ ဆိုတာ တစ်ဦးနဲ့တစ်ဦးကြား ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာ အခြေခံကောင်းမှသာ ဖြစ်လာမှာမို့ ကျွန်မတို့ ပတ်ဝန်းကျင်မှာ အရှာရ အခက်ဆုံးနဲ့ ကျင့်သုံးဖို့ အခက်ဆုံး အရာဖြစ်နေတာပါပဲ။ လူတွေကို မယုံရတဲ့အခါ မူတွေကို ရှာဖွေ ဘောင်ဖွဲ့ရတော့တာပေါ့။ အဲဒီ ဘောင်တွေကပဲ သဘာဝတရားကို ဆန့်ကျင်စေကုန်တာမို့ တစ်ပတ်လည်ကုန်ကြတာပါပဲ။
ဒါပေမယ့် သဘာဝတရားနဲ့ မကင်းကွာသေးတဲ့ တချို့နေရာတွေမှာတော့ စာချုပ်စာတမ်းနဲ့ဥပဒေ ဆိုတာတွေမလိုဘဲ လူမှုပတ်ဝန်းကျင်ကောင်းကို တည်ထောင်ပြီး နေနိုင်ကြတဲ့ သူတွေလည်း ရှိပါသေးတယ်။ ယေး(လ်) တက္ကသိုလ်က နိုင်ငံရေး သိပ္ပံနဲ့ မနုဿဗေဒပညာရှင် ဂျိမ်း(စီ)စကော့စ် ဆိုတဲ့သူကလည်း သူရဲ့ “The Art of Not Being Governed: An Anarchist History of Upland Southeast Asia “  ဆိုတဲ့ စာအုပ်မှာလည်း မြန်မာ၊ကမ္ဘာဒီးယား၊တရုတ်၊ အိန္ဒိယ၊ လာအို၊ ဗီယက်နမ် နဲ့ ထိုင်း နိုင်ငံတွေမှာ ရှိတဲ့ တောင်ပေါ်ဒေသတွေကို လေ့လာထားတဲ့အခါ  တောင်ပေါ်ဒေသ အစိုးရတွေနဲ့ အလှမ်းဝေးတဲ့ နေရာတွေမှာ အစိုးရရဲ့ ထိန်းချုပ်မှုနဲ့ ကျွန်မတို့ အခု အမြဲလူပြောများနေရတဲ့  တရားဥပဒေလည်း စိုးမိုးမှု သိပ်မရှိတဲ့ နေရာမှာ လူတွေဟာ ရိုးရာဓလေ့ အစဉ်အလာအတိုင်း ဂတိစကားတွေ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု လေးစားမှုနဲ့ ရိုးသားမှုကို အခြေခံတဲ့ ဆက်ဆံရေးတွေနဲ့ သူတို့ရဲ့ လူမှု အသိုက်အဝန်းလေးကို ငြိမ်းချမ်းစွာ ထိန်းသိမ်းထားကြတာကို တွေ့မြင်ရတယ်လို့ ဆိုထားပါတယ်။
စာချူပ်စာတမ်းနဲ့ လက်ထပ်ခြင်းကို ဆန့်ကျင်တဲ့ “အိုရှိုး” ကို လူတွေက ဒါဆိုရင် အနာဂတ်မျိုးဆက်ဖြစ်တဲ့ ကလေးတွေကို ဘယ်သူတွေက အုပ်ထိန်းမှာလဲ။ ယောင်္ကျားနဲ့မိန်းမ ပေါင်းစပ်မှုမှာ ကလေးတွေ ရလာနိုင်သလို ကလေးတွေကလည်း အနာဂတ်ရဲ့ မျိုးဆက်ပါ။ သူတို့ကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ဖို့ လိုပါတယ်။ အဲဒီလို ပြုစုပျိုးထောင်ရာမှာ အဖေရဲ့ အုပ်ထိန်းမှုရေ အမေရဲ့ ပြုစုစောင့်ရှောက်မှုရော လိုအပ်ပါတယ်။ စာချုပ်တွေနဲ့ ထိန်းချုပ်မထားလို့ လင်ကွဲမယားကွဲတွေနဲ့ ပတ်ဝန်းကျင်မှာ ကလေးတွေရဲ့ အနာဂတ်ကို ဘယ်လို လုပ်ကြမှာလဲလို့ မေးကြပါတယ်။ အိုရှိုး ပြန်ဖြေတာက ရိုးရိုးလေးပါပဲ။
ကလေးတွေကို  မွေးတဲ့ မိန်းမနဲ့ယောင်္ကျား တနည်းအားဖြင့် အဖေနဲ့အမေကပဲ အဓိက တာဝန်ယူရမယ် ဆိုတာကိုက အမှားကြီးပါတဲ့။ ကလေးဆိုတာ အနာဂတ်ရဲ့ မျိုးဆက်သစ် လူသားအသစ် “New Man” ပါ။ လူသားတစ်ဦးချင်းစီမှာ တခြား တစ်ဦးချင်းစီနဲ့ မတူတဲ့ ထူးခြားတဲ့ ဝိသေသတွေရှိသလို လူသားရဲ့ မူလစရိုက်သဘာဝအရ လောကသဘာဝကို လေ့လာကျင့်သုံးပြီး သူနဲ့ အလိုက်ဖက်ဆုံး နေထိုင်နိုင်တဲ့ စွမ်းရည်ပါလာပြီးသားပါ။ လူသားအချင်းချင်း စောင့်ရှောက်ဖို့ကလည်း လူသားတိုင်းရဲ့ တာဝန်ပါ။ ဒါကြောင့် ကလေးတွေကို ဘယ်သူ စောင့်ရှောက်ရမလဲ ဆိုရင် လူ့အသိုင်းအဝိုင်းက စောင့်ရှောက်ရပါမယ် ပြုစုပျိုးထောင်ရပါမယ်။ အဖေ၊အမေ နှစ်ယောက်ရဲ့ အဓိက တာဝန်လို့ လူ့အသိုင်းအဝိုင်းက သတ်မှတ်လိုက်တဲ့ အခါ ဘေးထွက်ဆိုးကျိုးတွေ အနေနဲ့ ဘာတွေ ဖြစ်လာလဲ ဆိုတော့ အဲဒီ အဖေ၊အမေက သူတို့ရဲ့ ကိုယ်ပွားတွေ၊ သူတို့ လိုချင်တဲ့ ပုံစံတွေကို အတင်းသွတ်သွင်းတဲ့ ပုံစံ ဖြစ်လာသလို ကလေးတွေကို ထုတ်ကုန်တွေလိုသဘောထားပြီး လူတွေ အချင်းချင်း သူ့ထုတ်ကုန်နဲ့ ငါ့ထုတ်ကုန် အပြိုင်အဆိုင်လုပ်တာတွေ ပေါ်ပေါက်လာပါတယ်။ အဲဒီ ပြိုင်ဆိုင်မှုတွေက မညီမျှမှုတွေ အာဏာစိုးမိုးမှုတွေကို ဖန်တီးရင် အနာဂတ်မျိုးဆက်တွေကို သဘာဝ အတိုင်းနေထိုင်နိုင်မှုကနေ သွေဖယ်လိုက်စေပါတယ်။ အဲဒီ သွေဖယ်မှုကပဲ မငြိမ်းချမ်းမှုတွေ အစွန်းရောက်မှုတွေကို ဖန်တီးလိုက်ကြတာပါပဲ။ တကယ်ဆိုရင် အထက်ကပြောခဲ့သလိုပါပဲ “လူသားတစ်ဦးချင်းစီမှာ တခြား တစ်ဦးချင်းစီနဲ့ မတူတဲ့ ထူးခြားတဲ့ ဝိသေသတွေရှိသလို လူသားရဲ့ မူလစရိုက်သဘာဝအရ လောကသဘာဝကို လေ့လာကျင့်သုံးပြီး သူနဲ့ အလိုက်ဖက်ဆုံး ပုံစံကို နေထိုင်နိုင်တဲ့ စွမ်းရည်ပါလာပြီးသားပါ။” ဒါကြောင့် သူ့ကို လောကကြီးကို လေ့လာခွင့် ထိတွေ့ခွင့် ပေးရပါလိမ့်မယ်။ သူ့ပတ်ဝန်းကျင်မှာ အဘွားတွေ အဖိုးတွေ ဦးလေးတွေ အဒေါ်တွေ စတဲ့ စတဲ့ များစွာသော လူတွေဆီက နေ သူငယ်ချင်းတွေ ဆီကနေ သင့်ယူခွင့် လေ့လာခွင့် စောင့်ရှောက်မှုကို ခံယူခွင့်ပေးသင့်ပါတယ်။ ဒီလိုကနေ တဆင့် သူ့ဘဝလမ်းကြောင်းကို သူ ရှာဖွေတွေ့ရှိသွားပါလိမ့်မယ်။ ကလေးတွေကို လွတ်လပ်ခွင့်ပေးလိုက်ပါ။ ကွဲပြားခြားနဲ့တဲ့ ပုံစံတွေ အမြင်တွေကို လွတ်လပ်စွာ သင်ယူခွင့်ကိုပေး လိုက်ပါလို့ ဆိုပါတယ်။ ဒါမှလည်း ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျဖြစ်မယ့် သဘာဝကျကျ နေထိုင်တတ်တဲ့ လောကကို ချစ်ခင်တတ်တဲ့ သူတွေအဖြစ် လူလားမြောက်လာပါလိမ့်မယ်လို့ ဆိုပါတယ်။
ကျွန်မတို့ လက်တွေ့ ကြုံဆုံနေရတဲ့ အသိုင်းဝိုင်းမှာတော့ သားသမီးချင်း ပြိုင်ဆိုင်မှုတွေ သူ့သားကလေ သူ့သမီးကလေဆိုပြီး အတင်းပြောတာ  ကျောင်းတွေမှာ ရတဲ့ အဆင့်ချင်းတွေ ပြိုင်ဆိုင်နေကြရတာနဲ့ မိဘတွေရဲ့ ပြိုင်ဆိုင်မှုကြား သားသမီးလေးတွေ ကြားညှပ်နေတာကို လက်တွေ့ တွေ့နိုင်ပါတယ်။ မိဘရဲ့ စေတနာဆိုပေမယ့် ငါ့သားသမီး ငါဖြစ်စေချင်တဲ့ ပုံစံ အကောင်းဆုံးကိုသာ ရစေချင်တာ ဆိုတာမျိုးတွေနဲ့ သားသမီးတွေရဲ့ ဘဝကို ကိုယ့်ဖြစ်စေချင်တဲ့ အတိုင်း ပုံဖော်နေတဲ့ မိဘအများစုကို မြင်နိုင်ပါတယ်။ သူများသားသမီးကိုတော့ ကိုယ့်သားသမီးလို ကိုယ်ချင်းစာပါတယ် ကိုယ့်သားသမီးနဲ့ ထပ်တူတော့ မဟုတ်ဘူး ဆိုတာ ကျွန်မတို့ ခံစားသိနိုင်ပါတယ်။
ကျွန်မ ဒီနေရာမှာ ဆရာကြီး မောင်ထင် ရေးတဲ့ “မြင်ဝါတောင်” ဆိုတဲက ဝတ္ထုလေးကို သတိရမိပါတယ်။ ဆရာကြီးဟာ မြို့အုပ်ဘဝနဲ့ ခရီးတွေ အများကြီး လှည့်လည် သွားလာရပေမယ့် မြင်ဝါတောင်ဆိုတဲ့ ရွာကလေးကိုတော့ ဘယ်တော့မှ မမေ့ဘူးဆိုပြီး မြင်ဝါတောင်ရဲ့ ရွာတည်ပုံ၊ လူတွေရဲ့ ဓလေ့၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေ ကို ရေးပြထားခဲ့တဲ့ အပြင် မြင်ဝါတောင်နဲ့ အခြားသောနေရာတွေကိုပါ နှိုင်းယှဉ်ပြသခဲ့ပါတယ်။ မြင်ဝါတောင်မှာ လူကြီး လူငယ်အားလုံးက တစ်ယောက်ကို တစ်ယောက် လေးစားချစ်ခင်ကြပြီး ကလေးအားလုံးကို လူကြီးအားလုံးက သူ့တို့ရဲ့ သားသမီးနဲ့ မခြားဆက်ဆံကြတယ်။ သူ့ကလေး ငါ့ကလေးဆိုပြီး တစ်ယောက်ကလေးကို တစ်ယောက် နှိမ့်ချခွဲခြား ဆက်ဆံတာမျိုး မရှိကြသလို သက်ကြီးရွယ်အိုတွေကိုလည်း ကိုယ့်ဆွေးမျိုးရယ်လို့မှ မဟုတ်ဘဲ ရပ်ဆွေရပ်မျိုးသတ်မှတ်ကာ နီးစပ်ရာက အိမ်မှာ ခေါ်ယူ စောင့်ရှောက်ထားတတ်တဲ့ ဓလေ့လေးက ချစ်စရာ အလွန်ကောင်းပါတယ်လို့  ဆိုထားပါတယ်။ ဒါကြောင့် “အိုရှိုး” ပြောထားတဲ့ ကလေးတွေကို စောင့်ရှောက်ရမှာ အဖေအမေ နှစ်ယောက် မဟုတ်ပါဘူး။ လူ့အသိုင်းအဝိုင်းကပါ ဆိုတာ ဒါမျိုးကို ဆိုလိုပုံပါပဲ။ ကလေးမှာ မိဘ ဆိုတာ ရှိပေမယ့် ကလေးလေးတွေ လူလားမြောက်လာအောင်တော့ အသိုင်းအဝိုင်းက ကူညီ စောင့်ရှောက်ရမှာပါ။ ဒီလို အသိုင်းအဝိုင်းကို ကျွန်မတို့ ဖန်တီးနိုင်မှာလား။ ဒါကြောင့် ငြိမ်းချမ်းလှပတဲ့ အနာဂတ်ဖြစ်ဖို့ အနာဂတ်မျိုးဆက်သစ်တွေကို ဘယ်လို ပြုစုပျိုးထောင်သလဲဆိုတာ အပေါ်မူတည်ရင် ကျွန်မအယူအဆ အနေနဲ့ ပြောရရင် ကျွန်မ မျှော်လင့်တဲ့ ချစ်နိုင်တဲ့ ဘဝအဖော်မျိုး မရနိုင်သေးလို့ လက်မထပ်တာရယ် ကျွန်မ မျှော်လင့်တဲ့ ပတ်ဝန်းကျင်မဖြစ်နိုင်သေးတာကြောင့် လူသားအသစ်တစ်ယောက်ကို လက်ရှိပတ်ဝန်းကျင်ထဲ ထပ်ခေါ်မလာချင်တာရယ်ကြောင့် ကလေးမယူလိုတာရယ်ကြောင့် ကလေးမရှိပေမယ့်။ လူသားတစ်ယောက်မို့ လူသားတို့ရဲ့ အနာဂတ်အတွက် ကျွန်မမှာလည်း တာဝန် ရှိနေတာကြောင့် ကျွန်မတို့ ကလေးမရှိတဲ့ အပျိုကြီးတွေလည်း တာဝန်မလွတ်ပါဘူးလို့ ပြောချင်တာပါ။ ကျွန်မတို့ အခြေခံကျကျ အမျိုးသား၊ အမျိုးသမီးချင်းကြား ၊ ကျွန်မတို့ ပတ်ဝန်းကျင်က ကလေးတွေနဲ့ ဆက်ဆံရေးတွေမှာ လူသားချင်း ချစ်ခြင်းမေတ္တာ အခြေခံ ဆက်ဆံ နိုင်ကြပြီး အထင်သေးခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ နှိမ့်ချတဲ့ အမြင်ရှိခြင်းတွေကို ဖယ်ချနိုင်ပြီး လူသားအချင်းချင်း လူကို လူလို့ မြင်တဲ့ တစ်နေ့မှာ ကျွန်မတို့ ကမ္ဘာ ငြိမ်းချမ်းမှာပါ။

0 comments: