My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Wednesday, July 2, 2014

အိမ်လွမ်းသူ



 ကြယ်တွေစုံတဲ့ည အမေ့အိမ်ကိုလွမ်းတယ်… ကြယ်တွေစုံတဲ့ည ခရီးမိုင်တွေခြားတယ်…အဆိုတော် ကိုအောင်ရဲ့ အသံအေးအေးက ကျွန်မကို ပို ဝမ်းနည်းစေတယ်။  ကျွန်မ ဒီည အိမ် လွမ်းနေမိတယ်။ အိမ်ဆိုတာ ကျွန်မအတွက်တော့ ရန်ကုန်မှာ ဆိုရင် တစ်ယောက်တည်း နေတဲ့ အခန်းကျဉ်းလေးပါပဲ။ ကျွန်မ အတွက် အိမ်ဆိုတာ ဟိုးအရင်တုန်းကတော့ အမေရယ်၊ အဖေရယ်၊ မောင်လေးရယ် ရှိတဲ့  နေရာပေါ့။ အဖေ ဆုံးပြီး နောက်ပိုင်းမှာ မောင်လေးလည်း နိုင်ငံခြား သွားပြီးတဲ့ နောက် ကျွန်မအတွက် အမေ ရှိတဲ့ နေရာဟာ အမေ့အိမ်ဖြစ်ပြီး ကျွန်မအတွက် အိမ်ဆိုတာလည်း ကျွန်မ တစ်ယောက်တည်း နေတဲ့ အခန်းလေးသာ ဖြစ်လာပါတယ်။ ဒါပေမယ့် တစ်ယောက်တည်း နေတဲ့နေရာကို အိမ်ဆိုတာထက် ဝပ်ကျင်းလို့ ကျွန်မ နာမည်တပ်ခဲ့တယ်။ ဒါကြောင့် ဒီနောက်ပိုင်းမှာ ခရီးသွားများတဲ့ ကျွန်မအတွက် ကျွန်မ ရောက်နေတဲ့ နေရာကို သာ အိမ်အဖြစ် သတ်မှတ်ဖို့ ကိုယ့်ကိုကိုယ် ကျင့်သားရစေခဲ့ပါတယ်။ အမှန်တော့ နာကျင်မှုတွေက ဒီလို ကျင့်သားကို ရစေတာလည်း ဖြစ်နိုင်ပါတယ်။ မိသားစုဘဝကနေ တရွေ့ရွေ့ ပြန့်ထွက်သွားတဲ့ အသိုက်အမြုံလေးကနေ ကျွန်မ တဖြည်းဖြည်း ဝေးကွာခဲ့ပါတယ်။ ဒါကြောင့် ရောက်တဲ့ နေရာမှာ မိသားစုဆန်ဆန် နေတတ်လာအောင် ကျွန်မ ကျိုးစားခဲ့ပါတယ်။ ကျွန်မရဲ့ အိမ်ဆိုတာထက် မေတ္တာအိမ်လေးကို ကျွန်မ လွမ်းမိပါတယ်။
မနေ့ညက… ကျွန်မရဲ့ ပရော်ဖက်ဆာ အိမ်ကို ညနေစာ အတူစားဖို့ သွားခဲ့တယ်။ ပရော်ဖက်ဆာရဲ့ အမျိုးသမီး ကလည်း ပညာရေးဘက်က ပရော်ဖက်ဆာ တစ်ယောက်ပါပဲ။ ကျွန်မနဲ့ အတူတူ နောက်ထပ် စင်္ကာပူက ရောက်နေတဲ့ အမျိုးသမီးတစ်ယောက်ကိုလည်း ညနေစာ ဖိတ်ထားပါတယ်။
ပရော်ဖက်ဆာ အိမ်ကို ရောက်ရောက်ချင်း ကျွန်မ သတိထားမိတာက အိမ်မှာ သူတို့ လင်မယား နှစ်ယောက်တည်း ရှိတယ် ဆိုတာပါပဲ။ ကျွန်မ ဆရာမကြီးက ကျွန်မကို ဖက်ပြီး ကြိုဆိုရင်းက သူ မြန်မာနိုင်ငံကို ရောက်ဖူးကြောင်း ပထမဆုံးသူကို မြန်မာနိုင်ငံနဲ့ မိတ်ဆက်ပေးတာက ဂျော့အိုဝေးရဲ့ ဘားမိစ်ဒေး ဖြစ်တယ် ဆိုတဲ့ အကြောင်းနဲ့ သူ့ယောင်္ကျားနဲ့သူ မြန်မာနိုင်ငံကို အတူလာတုန်းက ပုဂံမှာ လည်ခဲ့ရတဲ့ အကြောင်းတွေကို ပြောပါတယ်။ နောက်တော့ ကျွန်မကို ညနေစာ ဘာစားချင်လဲ ဒီမှာနေချိန် မနက်စာ၊ နေ့လည်စာ၊ ညနေစာတွေ ဘယ်လို စားလဲ ဆိုတာတွေ မေးပါတယ်။ ကျွန်မ ဘယ်လို စီစဉ်စားသောက်တယ် ဆိုတာ ပြောပြနေရင်း စိတ်ထဲမှာ စပြီး နွေးထွေးမှုကို ခံစားရပါတယ်။ တကယ်တော့ ကျွန်မ ဘယ်လိုနေလဲ ဆိုတာကို ဂရုထားပြီး အဆင်ပြေရဲ့လား စိတ်ပူတဲ့ ဒီလို နွေးထွေးတဲ့ အမေးတွေကို ကျွန်မ အမေးမခံရတာကြာပါပြီ။ ကျွန်မကို ဒီလို နွေးထွေးမှု ပေးနိုင်တာ မိဘနဲ့ မိဘလို ဖြစ်နေတဲ့ အဘွားတို့ အဒေါ်တို့သာ အဲဒီလို ဆက်ဆံခဲ့ကြတာမဟုတ်လား။ အသက်ကြီးလာတဲ့ နောက်ပိုင်းမှာ အဘွားလည်းဆုံးခဲ့သလို ကျွန်မရဲ့ တစ်ဦးတည်းသော အမေဟာ ကျွန်မရဲ့ သမီးလေးလိုဖြစ်လာပါတယ်။ အမေကို ကျွန်မက တစ်ပြန်ဂရုစိုက်တဲ့ အနေအထားကြာလာတဲ့အခါ ဒီလို မေးခွန်းတွေနဲ့ ဂရုစိုက်သူဟာ ကျွန်မ ဖြစ်လာပြီး နောက်ပိုင်း ကျွန်မ ဘာဖြစ်နေလဲ ဆိုတာကို ဂရုစိုက်သူဟာ ကျွန်မကိုယ်တိုင်က လွဲပြီး ဘယ်သူမှ မရှိတော့တာ နဲနဲကြာပါပြီ။ အဲဒီနောက်မှာတော့ ဆရာမကြီးနဲ့ ကျွန်မက ညနေစာ ပြင်ဆင်ကြမယ်ဆိုပြီး အတူထပါတယ်။ အတူထတဲ့အခါ ဆရာမကြီးက အို မင်းရဲ့ ခြေထောက်တွေ လို့ ပြောလိုက်တော့ ကျွန်မက လန့်တောင် လန့်သွားပါတယ်။ ဒါ ဗုဒရဲ့ ခြေထောက်မျိုးတွေလေ ကြံအင်လက္ခဏာကောင်းလိုက်တာလို့ ဆိုပြီး ဆရာကြီးကို ပြတော့ ကျွန်မမှာ ဒီခြေထောက်တွေကြောင့် ကျွန်မ ဖိနပ်လှလှလေးတွေ ဘယ်တော့မှ စီးဖို့မလွယ်တာ ဆရာမကြီးပြောမှပဲ အားရှိသွားတယ် ဆိုပြီး ပြောဖြစ်ပါတော့ သူတို့က ရယ်ပါတယ်။
ကျွန်မက ကျွန်မ ဝယ်လာတဲ့ ကိတ်မုန့်ကို ပေးရင်း အချိုစားလို့ ရရဲ့လားတော့ မသိဘူး ကျွန်မက တစ်ခုခုဆို သူများကြိုက်တာကို မစဉ်းစားဘဲ ကျွန်မ ကြိုက်တာပဲ ဝယ်ဝယ်ပြီးမှ အဲလို ပြန်တွေးတတ်တယ်။ အခုလဲ အဲဒီလို ဖြစ်လာတယ်လို့ ရယ်ပြီးပြောတော့။ ကျွန်မနဲ့ ရယ်ရယ်မောမောစကားပြောရင်း ဆရာကြီးက သူ့သားသမီးတွေကို သတိရသွားပုံရတယ်။ နံရံက ဓါတ်ပုံတွေကို ပြရင်း ငါတို့မှာ သားသမီး ၃ ယောက်ရှိပေမယ့် အခုတော့ တို့ နှစ်ယောက်တည်းပဲလို့ ဆိုပါတယ်။ ဆရာမကြီးကတော့ ငါတို့မှာ မိသားစုဝင်တွေ အဖြစ် ဒီတက္ကသိုလ်ဝင်ဂိတ်က ဂိတ်စောင့်ရယ် အိမ်မှာ နေ့လည်ဆို လာကူပေးတဲ့ အမျိုးသမီးတစ်ယောက်ရယ် ရှိသေးတယ် ငါတို့ အိမ်က ဘာလက်ဆောင်ရရ သူတို့ကိုပါပေးပါတယ်။ နင့်ယူလာတဲ့ ကိတ်မုန့်ကိုလည်း သူတို့ကိုပါ ကျွေးမှာမို့ မကုန်မှာ မပူနဲ့လို့ ပြောရှာပါတယ်။ ကျွန်မစိတ်ထဲမှာ သားသမီး ငတ်နေတဲ့ သူတို့ လင်မယားကို ကြည့်ရင်း ကျွန်မ မေမေကို သိပ်သတိရသွားပါတယ်။ ကျွန်မ မေမေလည်း အဲဒီလိုပဲ။ ကျွန်မ အမေ့အတွက် နယ်ကို လစဉ် ဝယ်ပို့တဲ့ မုန့်တွေဟာလည်း အမေ့လက်ထဲ ရောက်ရင် ကျွန်မ တစ်လစာ မှန်းထားပေမယ့် တစ်ပတ်အတွင်း ဝေမျှလိုက်တာ ကုန်တာပါပဲ။ ကျွန်မ မတွန့်တိုပေမယ့်၊ စိတ်ထဲမှာ မေမေကို မပြောရဲပေမယ့် မေမေကို တစ်လစာတော့ ထားစားစေချင်တာမို့ ပိုပို ဝယ်ပေးပြီ ဒါကတော့ သူများတွေကို ပေးဖို့ ဒါက မေ့မေ့ဖို့လို့ ပြောရတဲ့ အထိပါပဲ။ အခုတော့  မေမေ့ရဲ့ မိသားစု ချဲ့ထွင်တဲ့ ပုံစံကို ကျွန်မ နားလည်သွားမိပါတယ်။ ကျွန်မဓါတ်ပုံတွေကို အယ်လဘမ်လိုက် ထုတ်ခိုင်းပြီး ယူထားတဲ့ မေမေလည်း ဒီလိုပဲ ဧည့်သည်လာရင် ပြနေမှာလား။
ဆရာမကြီးနဲ့ ကျွန်မ အတူ ချက်ပြုတ်ကြတော့ ဆရာကြီးနဲ့ စင်္ကာပူကလာတဲ့ ဧည့်သည် အစ်မက စကားပြောနေကြပါတယ်။ ဆရာမကြီးနဲ့ ကျွန်မ အသုပ်သုပ်ကြတော့ နံနံပင်သွားရှာကြဦးစို့ ကလေးရေ ရေခဲသေတ္တာထဲမှာ နံနံပင် မရှိတော့ဘူးလို့ပြောတော့ ဘယ်နားမှာ သွားရှာမှာလဲ ဆိုတော့ ဟိုးခေါင်မိုးပေါ်မှာလေတဲ့။ သူယောင်္ကျားကို သူက နံနံပင်သွားရှာကြဦးစို့လို့ လှမ်းပြောတော့ ဆရာကြီးက ဓါတ်မီးလေး ထယူပါတယ်။ ပြီးတော့ ကျွန်မတို့ လေးယောက်လုံး နောက်ထပ် ၃ ထပ်လောက် တက်ရတဲ့ ခေါင်းမိုးထပ်ကို တက်ကြပါတယ်။ ခေါင်းမိုးထပ်မှာမှာ မီးကို ဖွင့်လိုက်တော့ အိုးလေးတွေနဲ့ စိုက်ထားတဲ့ ညမွှေးပန်းပင်၊ ဂနမာပန်းပင်၊ ကျွန်မ နာမည်မခေါ်တတ်တဲ့ ပန်းပင်တွေအပင် စားပင်တွေ ဖြစ်တဲ့ နံနံပင်၊ ငရုတ်ပင်၊ စပါးလင်ပင်တွေကို အစီအရီတွေ့ရပါတယ်။ ဆရာကြီးက ဇောင်းလျားသီးနဲ့ ခပ်ဆင်ဆင်တူတဲ့ အပင်တစ်ပင်ကို ပြပြီး စားကြည့်ချင်ခူးလေ တွေ့လား အသီးက ပင်စည်မှာ ကပ်သီးတာ ဒါအပင်ကြီးမျိုးပေါ့ ဒါပေမယ့် ဒီမှာ စိုက်လို့ရအောင် ခုတ်ခုတ်ထားတာလို့ ပြောပြပါတယ်။ မြို့ပေါ်မှာ နေရပေမယ့် သီးပင်စားပင်လေးတွေ စိုက်ပြီး သဘာဝအတိုင်း နေချင်လို့ ကြံဖန်လုပ်ထားတဲ့ သူတို့ လင်မယားရဲ့ ဥယျာဉ်လေးကို ကြည့်ပြီး ကျွန်မလည်း အပင်စိုက်ဝါသနာပါလို့ အိမ်မှာ စိုက်ကြောင်း ကျွန်မ နယ်မှာလည်း ခြံစိုက်ကြောင်းပြောပြတော့ သူတို့က သဘောကျနေသေးတယ်။  ညနေစာ အတူစားပြီးတဲ့အခါ ကျွဲနို့နဲ့ လုပ်ပြီး ထန်းလျက်ရည်နဲ့ သောက်ရတဲ့ ဒိန်ချည်ကို ချကျွေးတော့ မြေအိုးနဲ့ ထည့်ထားတဲ့ ဒိန်ချဉ်မို့ ကျန်းမာရေးအတွက် ပိုကောင်းတယ်လို့လည်း ပြောသေးပါတယ်။ စားရင်း သောက်ရင်း စကားပြောရင်း ဆရာမကြီးက မနက်ဖြန် နေ့လည်စာကိုလည်း သူ ထမင်းဘူး ထည့်ပေးလိုက်မယ် အပြင်မှာ ဝယ်မထားနဲ့ဦးလို့ ကျွန်မကို ဆိုပါတယ်။ ဆရာကြီးနဲ့ ဆရာမကြီးလည်း ကျွန်မလိုပဲ ကိုယ့်ဘေးက လူအားလုံးကို မိသားစုလို သဘောထားနေသူတွေပါပဲ။ ကျွန်မ သီရိလင်္ကာမှာ နေနေချိန်တော့ သူတို့က ကျွန်မ မိသားစု ဖြစ်မယ် ထင်ပါရဲ့။ 
ဒီနေ့ နေ့လည်တော့ ကျွန်မလက်ထဲကို အသားနဲ့ အသီးအရွက် အစုံအလင်ပါတဲ့ ထမင်းဘူးလေး ရောက်လာခဲ့ပါတယ်။ ကျောင်းသူဘဝက အမေ ထည့်ပေးတဲ့ ထမင်းဘူးလေးတွေကို ကျွန်မ သတိရမိပြန်ပါတယ်။ အာဟာရစုံလင်အောင် အသီးအရွက်သားငါး ဖွယ်ဖွယ်ရာရာ ထမင်းဘူးနဲ့ မုန့်ရော ကော်ဖီရော စုံလင်လှတဲ့ ကျွန်မရဲ့ ဆွဲခြင်းလေးအစား အဲဒီတုန်းကတော့ ထမင်းဖြူနဲ့ ဝက်အူချောင်း၊ ဒါမှမဟုတ် ကြက်ဥကြော်ကိုသာ စားချင် အမေထည့်ပေးတဲ့ မုန့်တွေအစား ကျောင်းက မုန့်ဈေးတန်းက ဇီးထုတ်ကိုသာ စားချင်တဲ့ ကျွန်မနဲ့ အမေနဲ့ရဲ့ နေ့စဉ် အားပြိုင်တဲ့ အချိန်တွေကို သတိရမိပါသေးတယ်။
အမေ.. ကျွန်မကိုများ လွမ်းနေမလား။ ရန်ကုန်မှာ ရှိနေတုန်း အမေနဲ့ တူတူ မနေရပေမယ့် အခု နိုင်ငံခြားရောက်နေတဲ့အခါ ပိုလွမ်းမိနေသလိုပဲ။ ဒါပေမယ့် ကျွန်မ အမေနဲ့ အတူတူ နေဖို့ဆိုတာ ဘယ်လိုမှ မလွယ်ကူ နိုင်တော့ဘူး အမေ။
ကျွန်မ နေတဲ့ မြို့ပေါ်မှာ အမေ လာနေမယ် ဆိုရင်တောင် ကျွန်မအလုပ်သွားနေတဲ့ တစ်နေကုန် အမေကို အိမ်မှာ ထားခဲ့ဖို့ တစ်ယောက်တည်း စိတ်မချနိုင်သလို အမေကို အိမ်ကျယ်ကျယ် ခြံကျယ်ကျယ် အိမ်မှာ အဖော်တွေ ငှားပြီး ထားနိုင်လောက်အောင်လည်း ကျွန်မမှာ အခြေအနေမရှိပြန်ဘူး။ နောက်ပြီး ကျွန်မက ခရီးသိပ်သွားသူလေ။ နေရာအတည်တကျ မရှိသလောက်ပဲ မဟုတ်လား။ အမေ နေတဲ့ နယ်မှာ ကျွန်မ နေဖို့ ကျွန်မ အသက်မွေးဝမ်းကြောင်းအရလည်း မဖြစ်နိုင်ပြန်ဘူး။ လူဖြစ်လာတော့လည်း ကိုယ်အသက်ကို မွေးမို့ ဝင်ငွေရှာရပြန်တယ်။ အခြေအနေ မပေးဘူး ဆိုတာ ကံကြမ္မာဆိုတာ ဒါပဲ ထင်ပါရဲ့။ အစစ အရာရာ ပြည့်စုံနေတဲ့ ဆရာကြီးတို့ သားသမီးတွေ ဆီမှာလည်း အကြောင်းပြချက်ကိုယ်စီတော့ ရှိနေဦးမယ် ထင်ပါရဲ့။ လူတွေအားလုံးဟာ ပျော်ရာနဲ့ တော်ရာကို မျှတနေဖို့ ကျိုးစားနေကြတာချည်းပဲလေ။ ဒါပေမယ့် အမေ့အိမ်ကိုလည်း သမီး လွမ်းပါတယ် အမေ။ နောက်ပြီး အမေ့ကို လွမ်းတိုင်း ကျွန်မမှာ ကမ္ဘာကြီးကို အိမ်လို သဘောထားနေတဲ့ ကျွန်မမှာ အိမ်ပျောက်သွားသလို စိတ်တွေပျော့ကုန်တာတော့ သိပ်ခက်တာပဲ။ ကျွန်မဘဝပေး အခြေအနေက အဲဒီလို စိတ်ပျော့လို့ မရဘူးလေ။ ဒါပေမယ့် အမေ့ကိုတော့ တကယ် အားနာမိပါတယ်။ သမီး အမေ့နားမှာ မနေနိုင်ခဲ့တဲ့ အချိန်တွေအတွက် ခွင့်လွှတ်ပါ လို့ပဲ စိတ်ထဲက ပြောမိတယ်။
ဘဝသံသရာဆက်နေသမျှတော့ ကျွန်မလည်း ဆရာကြီးနဲ့ဆရာမကြီးတို့လို ကျွန်မ အမေတို့လိုပဲ အဝေးက လူတွေကို လွမ်းပေမယ့် အနီးကလူတွေကို မိသားစုလို သဘောထားရင်း အားယူရှေ့ဆက်နေရဦးမှာပါပဲ။ ဘဝလမ်းမှာ ကြုံဆုံလာသမျှ လူတွေအားလုံးနဲ့ ရေစက်ရှိသမျှ ကံပါသမျှ နီးလာလိုက် ဝေးသွားလိုက်ပေါ့။ ခက်ခဲတဲ့ ဘဝမှာ အားယူဖို့ မေတ္တာအိမ်လေးတွေတော့ လူတိုင်းအတွက် တကယ်ကို လိုအပ်ပါတယ်။ 'ကျွန်မ အိမ် လွမ်းမိတယ်။

0 comments: