My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Wednesday, May 21, 2014

ဘဝလမ်းမှ ဒွိဟများ






မိုးရွာပြီးစ မြက်ခင်းစပ်ပေါ်ကြွေနေတဲ့ စိန်ပန်းနီနီတွေပေါ် လမ်းလျှောက်လာရင်း နီနီခင်ဇော်ရဲ့ မခွဲခင် အချိန်လေး နမ်းပါ အချစ်ဆုံးရေ ဆိုတဲ့ သီချင်းလေးကို သတိရလာတယ်။ အဲဒီ သီချင်းလေးရဲ့ အစက အနီရောင် စိန်ပန်းပွင့်တွေ ကြွေတဲ့ အချိန် အနီရောင်ချယ်တဲ့ လမ်းလေးထက်မှာပေါ့ ဆိုတဲ့ မြင်ကွင်းလေးကို စဆိုထားမို့ အခု ရှုခင်းလေး အတိုင်းပဲ ဖြစ်နေမှာပဲလို့ တွေးမိတယ်။
ငယ်ငယ်ကဆိုရင် မိုးတွင်းကို ကျောင်းတက်ချိန် စိတ်ညစ်တယ်.. ကျောင်းဆင်းချိန်ဆို ပျော်တယ်။ ပူလည်းပူ သူငယ်ချင်းတွေနဲ့လည်း ခွဲရတဲ့ နွေကို မုန်းတယ်..။ စတဲ့ စိတ်တွေနဲ့ ကျွန်မရဲ့ စိတ်ထဲမှာ အချစ် အမုန်းတွေ စုန်ဆန်ကူးခဲ့ ပေမယ့်… အခုလို အသက်အရွယ်ရောက်လာတော့ .. ပိုချစ်တတ်လာတယ်ပဲ ပြောရမလား မျက်စိထဲမှာ အလှတွေကိုပဲ မြင်တတ်လာတော့တယ်။ ကိုယ့်စိတ်ပင်ပန်းရမယ့် မကြည်လင်တာတွေကို ဖယ်ထုတ်တတ်လာတာပဲလား။
နွေဆိုရင် စိန်ပန်းနီနီတွေနဲ့ ငုပန်းဝါဝါတွေနဲ့ ပြည့်စုံနေတဲ့ အလှကို ခံစားတတ်လာသလို… မိုးတွင်းမှာ မိုးရွာပြီးစ မြေရနံ့သင်းသင်းကိုလည်း ကြိုက်တတ်လာတယ်။ ဆောင်းကတော့ အရင်ကတည်းက အအေးကြိုက်တဲ့ ကျွန်မရဲ့ အချစ်ဆုံး ရာသီမို့ နှင်းမြူဖွေးဖွေး လေအေးအေးရောက်လာပြီဆို ကျွန်မ စိတ်ထဲ အလိုလို ကြည်လင် ပျော်ရွှင်နေတော့တာပဲ။ အသက်ကလေးရလာတဲ့အခါ စိတ်ညစ်စရာတွေကို လွယ်လွယ် မေ့ဖျောက်နိုင်အောင်ကြိုးစားပြီး အကောင်းဆုံး ဖြစ်အောင် ကိုယ့်ပျော်ရွှင်ခြင်းကို ဘယ်လို ထိန်းထားမလဲ ဆိုတာကို အရာရာထက် ပိုအရေးကြီးတယ် ဆိုတာကို နားလည်သဘောပေါက်လာတယ်။ ကိုယ့်စိတ်ကို ကိုယ်လည်း ပိုထိန်းလာနိုင်တဲ့အတွက် ကိုယ့် ကြည်လင်နေတဲ့ အခံစိတ်လေးကို ပျက်မသွားအောင် တည့်မတ်တတ်လာတော့ ဘဝမှာ စိတ်ညစ်စရာ အချိန်တွေ ပိုနည်းလာတာ အမှန်ပဲ။ ငယ်ငယ်က ကိုယ်စိတ်ဆင်းရဲခဲ့တဲ့ အရာတွေကို ပြန်ကြည့်လိုက်တော့ အခု အဲဒါလေးတွေက သေးသေးမွှားမွှားတွေလိုပါပဲ။ ကိုယ့်စိတ်ထဲ ရောက်လာမယ့် အမှိုက်တွေကို ပစ်ချတတ်လာ တာလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် ကိုယ့် စိတ်ထဲက အမှိုက်ကို သူများဆီ ပုံချ ပစ်တဲ့ နည်းနဲ့ မပစ်ချမိဖို့တော့ အတော် ကြိုးစားရတာ ခက်ပါတယ်။
တွေးတွေး ငေးငေးနဲ့ ဘတ်စ်ကားဂိတ်ကို ရောက်လာတော့ ကိုယ့်ကိုကိုယ် ချီးကျူးလိုက်သေးတယ် ဘတ်စ်ပဲ စီးတော့မယ် ဆိုတာကို လုပ်နိုင်တယ်ကွ ဆိုပြီး။ ပလက်ဖောင်းဘေးကို ဆင်းလိုက်မယ် ဆိုကာမှ ကျွန်မ မြင်ကွင်းထဲကို ဝင်လာတဲ့ လမ်းပေါ်က အရာတွေကို ကျွန်မ အလန့်တကြားငေးကြည့်မိတယ်။ မိုးရွာတုန်းရေစီးနဲ့အတူ ကတ္တရာလမ်းပေါ်ရောက်လာပြီး ကျန်ခဲ့တဲ့ အရာတွေပါလား။ ကြွတ်ကြွတ်အိတ်တွေ၊ အအေးဘူး ကော်ဘူးအခွံတွေ နောက်ပြီး တခြားတခြားသော အမှိုက်တွေ အသုတ်စုံလိုမျိုး အမှိုက်စုံလို့တောင် ပြောလို့ရပါတယ်။ ခုနက အမြင့်မှာ လျှောက်လာတော့ အလှအပတွေပဲ ခံစားမိတဲ့ ကျွန်မ အခုတော့ ဘတ်စ်ကားစောင့်နေတဲ့ အမှိုက်တွေကြောင့်  စိတ်ညစ်ညူးမိသွားတယ်… တဆက်တည်းမှာပဲ တွေးမိတာက အမှိုက်တွေအကြောင်း ဒီအမှိုက်တွေထဲမှာ ကျွန်မ ပစ်ခဲ့တဲ့ အမှိုက်မပါဘူးလို့ ပြောလို့ ရနိုင်ပါရဲ့လား။ ကျွန်မ တော်တော်တန်တန် လမ်းဘေးမှာ အမှိုက်မပစ်ဖို့ ကြိုးစားပါတယ်။ မှန်တာကို ဝန်ခံရရင် လုံးဝ ပြစ်စရာ မရှိတော့ လက်ထဲလည်း ဆက်ထားလို့ မရနိုင်တဲ့ အခြေအနေမှာတော့ ပစ်ချပါတယ်။ အခု ကျွန်မကို စိတ်အနှောက်အယှက် ဖြစ်စေတဲ့ အမှိုက်ထဲမှာ ကျွန်မပစ်ခဲ့တဲ့ အမှိုက်မပါဘူးလို့ အာမခံဆို ကျွန်မ မခံရဲပါဘူး.. လိပ်ပြာမလုံပါဘူး။ ဒီလိုပဲ ကျွန်မတို့ ပေါ့ပေါ့တန်တန်လုပ်ခဲ့တဲ့ အရာတွေဟာ ကျွန်မတို့ မသိလိုက်နိုင်တဲ့ အချိန်တွေမှာ ရောက်လာပြီး စိတ်အနှောက်အယှက်ပြန်ပေးနိုင်တယ် ဆိုတာပါပဲ။ လူဆိုတာ ကိုယ့်လာထိမှ အမိတတဲ့ အမျိုးမဟုတ်ပါလား။

အမျိုးဆိုလို့ ဟိုတစ်နေ့က ကျွန်မသူငယ်တစ်ယောက်နဲ့ စကားပြောမိတယ်။ သူက ဆေးလိပ် သိပ်မုန်းတဲ့သူ။ ကျွန်မက ဆေးလိပ်နံ့ကို ကြိုက်တယ် ဆိုလို့တောင် သူက မိန်းကလေးဖြစ်ပြီး မကောင်းတာကို နှစ်သက်ရလားဆိုပြီးတောင် သူက ပြောခဲ့ဖူးတာ မှတ်မိနေသေးတယ်။ အခုတော့ သူက ဆေးလိပ်ကုမ္ပဏီ အတွက် အလုပ်လုပ်နေတယ် ဆိုတာ ကျွန်မ အတွက် အံ့သြစရာပဲ။ သူ့ကို မေးကြည့်တော့ နင်ကတော့ ကလေးမရှိ ကိုယ်ပိုင်မိသားစုမရှိတဲ့ အပျိုကြီးဆိုတော့ ကိုယ်စိတ်ကြိုက်ရွေးလို့ ရတာပေါ့။ ငါ့မှာ ကလေးတွေနဲ့ သားကျွေးမမှု မယားကျွေးမှုနဲ့ ငါမကြိုက်ပေမယ့် ငါ့မျိုးဆက်အတွက် တိုးတက်ဖို့ ငါကြိုးစားဖို့ လိုတယ်.. ငွေလိုတယ်.. အဲဒီအတွက် ကျန်တာတွေ ငါမေ့လိုက်ပြီး လုပ်ရတော့တာပဲလို့ သူဖြေပါတယ်။ ကျွန်မသူ့ကို နင်ဘာလို့ အလုပ်အကိုင် စိတ်ကြိုက်မရှိဘဲ ငွေရေးကြေးရေး စိတ်မချရသေးပဲ ကလေးယူသလဲလို့ လွှတ်ကနည်း မေးမိပါတယ်။ သူက ကျွန်မကို မသိတတ်ရန်ရော ဆိုတဲ့ အပြောမျိုးနဲ့ ဟဲ့ အသက်ရှိသေးတယ်လေ။ ကလေးယူတာ အသက်နဲ့လည်း ဆိုင်သေးတယ်။ အခုအချိန်မှာမယူရင် ငါ့မျိုးဆက်အတွက် ဘယ်လို စိတ်ချရမှာလဲတဲ့။
ကျွန်မ စိတ်ထဲမှာ မျိုးဆက် ဆိုတဲ့ စကားလုံးက မေးခွန်းတွေ အများကြီး ထွက်လာပါတယ်။ သူ့အမှန်တရားနဲ့သူ ပြန်ပြင်လို့လည်း မရတော့တဲ့ သူငယ်ချင်းကိုတော့ ကျွန်မ အဲဒီမေးခွန်းကို မမေးဖြစ်ပေမယ့် ကျွန်မတစ်ယောက်တည်း မေးကြည့်လိုက် ဖြေကြည့်လိုက်တော့ လုပ်နေမိပါတယ်။
ဆေးလိပ်ဆိုတာ မကောင်းတဲ့ အရာဆိုတာ သူ့စိတ်မှာ ခံယူထားသလို သူကိုယ်တိုင်လည်း မျိုးဆက်ကို ဖျက်ဆီးတဲ့ အရာလို့သူ့တစ်သက်လုံးမှာ ခံယူထားတဲ့အရာပါ။ ဒါပေမယ့် သူ့မျိုးဆက်အတွက်ဆိုတဲ့ သူ့အတ္တနဲ့ ယှဉ်လာတဲ့ အခါကြတော့ သူတစ်သက်လုံး ထိန်းသိမ်းထားတဲ့ တန်ဖိုးကို လျှော့ချလိုက်တော့တာကို ကျွန်မ သတိထားမိပါတယ်။ ကျွန်မ အမှိုက်ပြစ်သလိုပေါ့… ကိုယ့်ဆီမှာ အရမ်းကို ညစ်ပတ်လာနိုင်တဲ့ အရာဆိုရင်တော့ ထားလို့ မဖြစ်ပါဘူးလေ ဆိုတဲ့ စိတ်နဲ့ ပစ်ချခဲ့တဲ့ အရာတွေလိုပါပဲလား။
ကိုယ်မျိုးဆက်အတွက် တခြားသော လူမျိုးဆက်တွေ အညွန့်တုံးနိုင်တယ်လို့ ယူဆလို့ ကိုယ်တစ်လျှောက်လုံး မကောင်းတဲ့အရာလို့ ယူဆခဲ့တာကိုတောင် မချစ်သော်လည်း အောင့်ကာနမ်း သူများတွေ သုံးစွဲလာအောင်တောင် ဆွဲဆောင်တဲ့ အဆင့်အထိ ရောက်သွားရပါသလား။ တစ်ချိန်မှာ ကိုယ်အခု လုပ်ခဲ့တာကြောင့် ကိုယ့်မျိုးဆက်လည်း ဆေးလိပ်သောက်သူ တစ်ယောက်ဖြစ်လာနိုင်သေးတယ်လေ။ ဒါကိုရော သူစဉ်းစားမိပါသလား။ ဒါတောင် ဆေးလိပ်ပဲ ရှိသေးတယ်။ တခြားသော လူ့လောကမှာ ကြုံရတဲ့ အရာတွေ မှာရော။ သူလို အလားတူ ကိုယ့်ခံယူချက်နဲ့ ရှင်သန်မှုကြားမှာ ဒွိဟ ရုန်းကန်နေရတဲ့ လူမျိုးတွေ လောကမှာ ဘယ်လောက်များနေပြီလဲ။ ကျွန်မရော…လို့ ကျွန်မကိုယ် ကျွန်မ မေးခွန်းပြန်ထုတ်မိပါတယ်။ 
ကိုယ့်မျိုးဆက်အတွက်ပဲ စဉ်းစားပြီး တခြားသော လူသားမျိုးဆက် ဆိုတာ မေ့ထားလို့ ရနိုင်သလား။ ကိုယ့်မျိုးဆက် ကျန်ဖို့က တခြားသော မျိုးဆက်တွေထက် အရေးကြီးသလား။
တစ်ဦးချင်းဆီရဲ့ ဘာမှ မဖြစ်ပါဘူးဆိုတဲ့ အတ္တလေးတွေ စုစုလာပြီးရင်ရော။ အခု ကျွန်မရှေ့က မြင်ကွင်းလှလှတွေကို ဖျက်ပြီး ရောက်လာတဲ့ အမှိုက်တွေလိုပဲ ဘယ်သူမပြု မိမိမှု ဆိုသလို ဘေးလူတွေအပြင် ကိုယ့်ဆီပါ ပြန်ရောက်လာဦးမှာပါ။ တခြားသော မကောင်းမှန်းသိပေမယ့် ချွင်းချက် အကြောင်းပြချက်တွေ မျိုးစုံတဲ့ ကျွန်မတို့ လွှတ်ချခဲ့တဲ့ တန်ဖိုးတွေ အတိုင်းပေါ့။ 

ကျွန်မတို့ လွှတ်ချခဲ့သမျှ အရာတွေ ဘယ်လောက်များနေပြီလဲ။ တစ်နေ့ ကိုယ်စိုက်တဲ့ အပင်ကို ကိုယ်ရိတ်ကြရဦးမှာ…။ ကျွန်မတို့ ဒွိဟတွေ ကြုံလာတဲ့အခါ ဘယ်လို ခံနိုင်ရည်အားတွေနဲ့ ဘယ်လို ရှင်သန်ကြမလဲ ဆိုတာ… တစ်ဦးချင်းစီရဲ့ နေ့စဉ်ဘဝရဲ့ ဆုံးဖြတ်ချက်တွေပါ။ ကျွန်မ လူ့လောကမှာ နေခွင့်ရတဲ့ အချိန်လေးမှာ နောက် လူသားမျိုးနွယ်အတွက် စဉ်းစားပြီး ကိုယ်လုပ်ဆောင်တဲ့ အလုပ်တိုင်းမှာ  အတ္တပရ စဉ်းစားပြီး အမှိုက်ချမိမယ် ဆိုရင်တောင် သံသရာ အမှိုက်မဖြစ်အောင် သတိနဲ့ အနည်းဆုံး ဖြစ်အောင် ကြိုးစားပါ့မယ်...

0 comments: