My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Sunday, November 10, 2013

ချစ်ခြင်းတရားဖြင့် အသက်ရှင်ခြင်း


ည… တစ်ချက်တစ်ချက် ပေါ်လာတတ်သော အေးမှ ကားသံများမှတပါး တိတ်ဆိတ်လွန်းလှပါတယ်။  တွေးလိုက် ရေးလိုက်နှင့်  သုတေသနလုပ်ရန် မေးခွန်းများ ချရေးနေသော ကျွန်မအတွက်တော့ ကောင်းလွန်းလှသည့် အခြေအနေ တစ်ရပ်ပင်။ နိုင်ငံခြားတွင် ကျောင်းတက်ပြီး ပြန်ရောက်လာသော အခါ ကျွန်မ၏ အကြီးမားဆုံး အားနည်းချက်သည် စာကြည့်တိုက်ထဲမှာ စာဖတ်ရင်း အလုပ်လုပ်တာ အကျင့်ပါလို့  ဆိတ်ငြိမ်မှု မရှိလျှင် အလုပ်မတွင်ခြင်း ဖြစ်ပြီး နေ့ဘက် အလုပ်လုပ်ချိန်များတွင် ရုံးခန်းတွင်းမှ တခြားသော သူများ၏ လှုပ်ရှားမှုများကြောင့် မတွေးဘဲ လုပ်ရသော အလုပ်များကိုသာ လုပ်နိုင်ပြီး ကျွန်မ တစ်ယောက်တည်း နေသော အခန်းပြန်ရောက်မှသာ တွေးရသော အလုပ်များကို လုပ်နိုင်လေတော့ပါသည်။
လုပ်နေသော အလုပ်များကို ရပ်တန့်ရင်း တစ်နေ့က သေဆုံးသွားခဲ့သောသူငယ်ချင်းကို သတိရမိပါသည်။ သူငယ်ချင်းသည် လူငယ်များကို ပညာရေးနှင့် စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသော NGO တစ်ခုကို ဦးဆောင်တည်ထောင်သူ၊ စီမံအုပ်ချုပ်မှု ဒါရိုက်တာ တစ်ဦးဖြစ်ပြီး သူ ကျန်းမာ အသက်ရှင်နေချိန်တွင် လွန်စွာမှ အလုပ်ကျိုးစားသူ တစ်ဦး ဖြစ်သည်။ ထိုသို့ ကျိုးစားရင်း သူ့တွင် ကင်ဆာရောဂါစွဲကပ်ခံစားလာရပြီး ဆုံးပါးသွားခဲ့ရတာကြောင့် တက်ကြွသော အဖိုးတန်လူငယ် တစ်ယောက်၊ ခင်မင်စရာကောင်းသော သူငယ်ချင်း တစ်ယောက်ကို ကျွန်မတို့ လက်လွတ်ဆုံးရှုံးလိုက်ရသည်။ သူမဆုံးခင်မှာ သူ့အတွက် အားလုံးကို မ်းနည်းပြီး မကျန်ရစ်ကြဖို့နဲ့ သူအသက်ရှင်တုန်း သူလုပ်ဆောင်နိုင်သမျှ သူလုပ်ခဲ့သလို၊ သူချစ်နိုင်သမျှ ကမ္ဘာမြေမှာ သူချစ်ခြင်းတရားကို မျှခေဲ့ပြီးပြီမို့ သူ တမလွန်ကို ရဲရဲကြီး သူသွားမှာပါလို့ သူက မှာခဲ့သေးတယ်လေ။ ကျွန်မလည်း လူတွေဟာ တစ်ချိန်ကျတော့ မီးခိုးငွေ့တွေ ဖြစ်သွားကြမှာပဲ အသက်ရှင်ချိန် ချစ်ခြင်းမေတ္တာတရားကလွဲလို့ မက်မောစရာ တခြား မရှိတာ အသေအချာပါပဲလို့ လောကကြီးကို သူနိုင်သမျှ အင်အားနဲ့ ချစ်ပြခဲ့ပြီး လောကကြီးကို စွန့်ခွာသွားခဲ့တဲ့ သူငယ်ချင်းရဲ့ အိမ်ကအပြန် လမ်းတစ်လျှောက် မနေ့က  တွေးနေခဲ့မိတယ်..
ဒါပေမယ့် ချစ်ခြင်းမေတ္တာတရားဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းက ထပ်ပြီး ကျွန်မကို မေးလာပါသည်။ ချစ်ခြင်းမေတ္တာတရားဆိုတာ ဘာပါလိမ့်။ ကျွန်မအတွက်တော့ ချစ်ခြင်းမေတ္တာဆိုတာ အမုန်းတရား မဟုတ်သောအရာ၊ အရှိအတိုင်းကို အပြစ်တင် ငြူစူခြင်းကင်းကင်း ပကတိမြင်နိုင်သောအရာ။ ပေးဆပ်ခြင်း၊ ရယူခြင်းစတဲ့ သတ်မှတ်ခြင်းတွေ ကင်းကင်းနဲ့ လက်ခံခြင်း၊ သည်းခံခြင်းနဲ့ မွန်မြတ်ခြင်းကိုသာ ဆောင်ကျဉ်းပေးသော အရာ။
အိန္ဒိယက ဂုရုတပါးလည်းဖြစ်တဲ့ စာရေးဆရာ “OSHO” က ပြောတဲ့ ဖြစ်တည်မှုတိုင်းကို ချစ်ခင်ပါ။ သင်ရဲ့ အသက် ရှူသွင်း၊ ရှုထုတ်မှုတိုင်းကို ချစ်ခြင်းတရားနဲ့ အခြေခံနိုင်ပါစေ။  ချစ်ခြင်းတရားဟာ ကိုင်တွယ်လို့လည်း မရသလို တွက်ရေလို့လည်း ရကောင်းတဲ့ အရာမဟုတ်ပါဘူး။ ဒါကြောင့် သူ့ဆီမှာ အတိတ်တွေ မရှိသလို အနာဂတ်လည်း မရှိပါဘူး။ တန်ဖိုးတွေလည်း မရှိသလို တန်ဖိုးတွေလည်း မမဲ့ပါဘူး။ ဖြစ်တည်မှုတိုင်းကိုသာ အသက်ရှူနေသမျှ ချစ်ခင်လိုက်ပါလို့ သူက ဆိုပါတယ်။ တကယ်လုပ်နိုင်ဖို့တော့ တော်တော်ကို ခက်ခဲပါလိမ့်မယ်။
ကျွန်မတို့ လူသားတွေဟာ အတိတ်ကို မမေ့နိုင်၊ အနာဂတ်အပေါ် မျှော်လင့်ချက်အလွန်အကျွံထား ၊ အရှုံးအမြတ်တွက်ချက်မှုတွေကြားမှာ အကျဉ်းစံနေကြရတာ မဟုတ်ပါလား။ ဒီလိုလူတွေအတွက် ဖြစ်တည်မှုတိုင်းဟာ ချစ်ခင်နိုင်စရာ ကောင်းပါ့မလား။ ကျွန်မတို့ ချစ်ခြင်းတရားဟာ တကယ်ပဲ လွတ်လပ်ပါရဲ့လားဆိုတာ တော်တော်ကို စဉ်းစားရမယ့် အရာပါလားနော်။ လူတွေဟာ ချစ်ခြင်းမေတ္တာတရားထက် ပြင်ပက ရိုက်ခတ်တဲ့  တခြားသော အရာတွေရဲ့ လွှမ်းမိုးမှုကို  မောင်းနှင်းမှုကို ခံရတဲ့အခါ သူတို့ရဲ့ နှလုံးသားက တောင်းဆိုတဲ့ အရာထက် ပြင်ပက မိမိမဟုတ်တဲ့ တခြားသူတွေရဲ့ ရှင်သန်ခြင်းတွေနဲ့ သူတို့ရဲ့ ရှင်သန်ခြင်းကို ရောထွေးလိုက်ကြပြီး ကိုယ့်နှလုံးသားက ပျောက်ဆုံးသွား တတ်ကြတယ်။ အဲဒီတော့ သူတို့ ဘာကို ချစ်လဲ ဆိုတာကိုတောင် ကိုယ်တိုင် မသိနိုင်တော့လောက်အောင် ပျောက်ဆုံး သွားတတ်ကြသလိုပါပဲ။ ကိုယ်တိုင်က ကိုယ့်ကိုယ်တွင်းမှာတောင် ချစ်ခြင်းတရား ပျောက်ဆုံးနေရင် အပြင်ကို မျှေဖို့ ဆိုတာကရော ဖြစ်နိုင်ပါတော့မလား။ ကျွန်မတို့ ချစ်ခြင်းမေတ္တာတရားနဲ့ တကယ်ပဲ အသက်ရှင်ဖို့ဆိုရင် လွတ်လပ်ခြင်းရှိတဲ့ ၊ ကြောက်ရွံ့ခြင်းကင်းတဲ့ သူ မဟုတ်ရင် ဘယ်လိုမှ ဖြစ်နိုင်တော့မှာမဟုတ်ပါဘူး။
လောကမှာ မသေခင် အချိန်လေးတွေကို ချစ်ခြင်း မေတ္တာတရားစစ်စစ်နဲ့ ရှင်သန်သွားနိုင်ဖို့ ပထမဆုံး ကိုယ့်ကိုကိုယ် သိအောင် အရင်လုပ်ရဦးမှာပါလား။ ကိုယ့်ကိုကိုယ် လုံခြုံနေမှ တခြားသော သူတွေကို အမှန်တကယ် ချစ်ခြင်းမေတ္တာပေးနိုင်မယ်။ အဲဒီလိုမှသာ ဖြစ်တည်မှုတိုင်းကို ချစ်ခင်နိုင်ဖို့ အင်အားရှိလာမှာပေါ့။ ဒီလို ဆိုမှသာ လူ့ဘမှာ နေရကျိုး နပ်တော့မှာပေါ့။ မဟုတ်ရင်တော့ သူတပါးရဲ့ ထိန်းချုပ်မှုအောက် ကိုယ်ရောက်လိုက် သူတပါးကို ကိုယ်ကလည်း ထိန်းချုပ်နိုင်ဖို့ ကျိုးစားလိုက်နဲ့ ငြိမ်းချမ်းရေးဟာ ကမ္ဘာမှာသေဆုံးနေဦးမှာပဲ။ လူတွေဟာ တစ်ချိန်ကျတော့ မီးခိုးငွေ့တွေ ဖြစ်သွားကြမှာပဲ အသက်ရှင်ချိန်မှာ ငြိမ်းချမ်းစွာ ချစ်ခြင်းတရားနဲ့ အသက်ရှင်ခွင့်ရဖို့ထက် ဘာကများ အရေးကြီးဦးမှာမို့လဲ။ ကျွန်မ ငြိမ်းချမ်းစွာ အသက်ရှင်ခွင့်ကို ရချင်တယ်။ ဖြစ်တည်မှုတိုင်းကို ချစ်ခွင့်ရချင်တယ်။ ကျွန်မကို ကျွန်မ အဲဒီလို အသက်ရှင်ခွင့်ကို ပေးလိုက်တယ်။ ဟော.. ညဉ့်တောင် တော်တော်နက်ပြီပဲ… မနက်ဖြန်မှာ ကျွန်မ ချစ်ခြင်းတွေနဲ့ နိုးထလာဖို့ ကျွန်မ အနားယူရဦးမယ်။ ကောင်းသောညပါ တိတ်ဆိတ်နေတဲ့ လောကကြီးရေ။ မနက်ခင်းမှာ အလင်းသစ်တွေနဲ့အတူ ကျွန်မ နိုးထလာခဲ့ပါဦးမယ်… အိပ်နေတုန်း မသေဆုံးခဲ့ဘူး ဆိုရင်ပေါ့။

1 comments:

Han Kyi said...

အိုရှိုးရဲ့ အယူအဆတွေကို အတော်များများ သဘောတွေ့ပါတယ်...အရာအားလုံးအတွက် ချစ်ခြင်းတရားကို အခြေခံထားတာ အင်မတန်မှ ကောင်းမြတ်တဲ့ စိတ်ကူးပါ...