My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Thursday, December 5, 2013

အိပ်မက်တွေ အရောင်မလွင့်စေဖို့




ဘဝကြီးက ပုံမှန် တွေ့နေကျ အချိန်မှန် ဖြတ်သွားနေကျ  မြို့ပတ်ရထားလို ပျင်းရိပျင်းတွဲ ကြီးပါ။ ရုန်းကန်နေရတဲ့ အချိန်တွေမှာ ပင်ပန်းတယ်။ သာမာန်အချိန်တွေမှာ ရိုးအီတယ်လို့ ကျွန်မ ခံစားမိနေသလိုပဲ။ အဲဒီလို ခံစားရတာ မကြိုက်ပါဘူး။ ဒါကြောင့် ပျင်းရိချိန်မရအောင် ကျွန်မ အလုပ်တွေ အများကြီး လျှောက်လုပ်မိတယ်။ ခနာအိမ်ဟာ အနှားဝင်နေရတဲ့  အရာတစ်ခုအလားဆိုတော့ ကိုယ့်အဖို့အပြင် သူများ အဖို့ပါ အကျိုးရှိပါစေကြောင်း အကျိုးရှိကောင်း ရှိနိုင်တယ် ဆိုတဲ့ အရာတွေကို ကျွန်မ လျှောက်လုပ်မိတယ်။ ဒီလောက်ပါပဲ။ သူများတွေလို ကမ္ဘာကြီးပြောင်းလဲဖို့ အကြောင်း ကျွန်မ မတွေးပါဘူး။ ကိုယ်ခွန်အားနိုင်သလောက်တော့ ကောင်းမယ် ထင်တာလေးတွေ ရွေးလုပ်ကြည့်မိရုံပါပဲ။ ကျန်တာကိုတော့ မက်မက်တွယ်တွယ် သိပ်မရှိလှပါဘူး။ အချိန်တန်ရင် စွန့်သွားရမယ့် အရာတွေပဲလေ။
ဒီလို အတွေးတွေ ဒီလို ခံစားချက်တွေဟာ လူလတ်ပိုင်း ဝေဒနာလို့တောင် ပြောလို့ရလေမလား။ ကျွန်မ သူငယ်ချင်း ရဲ့ မျက်နှာကို ငေးကြည့်ရင်း ကျွန်မ ထပ်တွေး နေမိတယ်။ သူကတော့ သူ့အလုပ်ကို သူပျင်းနေပြီလို့ ကျွန်မကို ရင်ဖွင့်နေလေရဲ့။ မြန်မာနိုင်ငံကနေ ကမ္ဘောဒီးယား ကို ကျွန်မ အာဆီယံဒေသဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ အစည်းအဝေးတစ်ခုကို တက်ဖို့ ရောက်နေခဲ့ရင်း ကျွန်မရဲ့  ထိုင်းမှာ ကျောင်းတက်တုန်းက အတန်းဖော် ကမ္ဘောဒီးယား သူငယ်ချင်းနဲ့ ပြန်ဆုံကြရတာပါ။ 


ဖနွမ်ပင်မြို့ကို ဖြတ်ပြီး စီးဆင်းနေတဲ့ မြစ်ကမ်းနဘေးက ကော်ဖီဆိုင် မှာ ကျွန်မတို့ နှစ်ယောက် ထိုင်နေကြတယ်။ ငြိမ့်ညောင်းတဲ့ အနောက်တိုင်း ဂီတသံနဲ့ အတူ မြစ်ဘက်ကို မျက်နှာမူပြီး ဘေးတိုက် ထိုင်နေတဲ့ ကျွန်မတို့ နှစ်ယောက်ကို တစ်ချက် တစ်ချက် သဘာဝ လေအေးက ဖြတ်သန်းကျီစယ် သွားပါသေးတယ်။ Tonle Sap မြစ်နဲ့ မဲခေါင်မြစ် တို့ ဆုံရာ နေရာကို  ကျွန်မတို့ ထိုင်နေတဲ့ ကော်ဖီဆိုင်ကနေ လှမ်းမြင်နေရပါတယ်။  အေးမြ ငြိမ်းချမ်းတဲ့ အချိန်တစ်ခုပါပဲ။  မြစ်ရဲ့ တစ်ဖက်ကမ်းမှာတော့ ညနေက ကျွန်မကို သူလိုက်ပို့တဲ့  အိမ်ရာသစ်ကြီးကို လှမ်းမြင်နေရပါတယ်။ နာမည်ကိုက Elite City တဲ့လေ လူကုံထံမြို့ လို့များ မြန်မာလို ပြန်ရလေမလားလို့ ကျွန်မ တွေးမိတယ်။ အဲဒီ မြို့ဘက်ကို သွားတဲ့ လမ်းတစ်လျှောက်မှာတော့  ကားမောင်းနေရင်း သူက သူအရင်လုပ်ခဲ့တဲ့  မြို့ပြ အိမ်ယာမဲ့တွေကို ကူညီတဲ့ ပရောဂျက်အကြောင်းကို ပြောပြပါတယ်။ အဲဒီ အိမ်ယာ ကိုယ်ပိုင်မရှိတဲ့ လူတွေဟာ အခုလို မြို့ပြ စီမံကိန်းတွေကြောင့် သူတို့ နေထိုင်ရာ နေရာတွေ ကနေ အတင်းအကြပ်ရွေ့ပြောင်းခြင်းကို ခံခဲ့ရသလို လူမှုဒုက္ခတွေ ဘယ်လို ခံစားရကြောင်း ပြောပြသလို။ သူတို့ နိုင်ငံရဲ့ လက်ရှိအခြေအနေဖြစ်တဲ့  ကမ္ဘာ့ လာဒ်စားမှုအကြီးမားဆုံး အစိုးရ စာရင်းဝင်မှာ မြန်မာနဲ့ ကပ်လျက်စာရင်းဝင် သူတို့ နိုင်ငံ အစိုးရအကြောင်း၊ အစိုးရနဲ့ပေါင်းပြီး လက်ဝါးကြီး အုပ်သူ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ အကြောင်း၊ ငွေချေးရပြီးရော လုပ်တဲ့ ကမ္ဘာချေးငွေ ပေးရာ အဖွဲ့အစည်းတွေနဲ့ တိုင်းပြည် အခြေအနေကို သေချာ မလေ့လာဘဲ ပရောဂျက်လုပ်ရပြီးရော ဝင်လာတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကြောင့် တိုင်းပြည်ကျွေးတင်၊ အကျိုးထိထိရောက်ရောက် မရှိဖြစ်ရတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အကြောင်းကို ကားပေါ်မှာ တလျောက်လုံး သူက ကရားရေလွှတ် ပြောပြရင်း ငါတို့ အစိုးရမကောင်းကြောင်းကို လမ်းလျှောက်ရင်း မပြောရဲဘူး အခု ကားမောင်းရင်းမို့ ပြောရတာလို့ သူက ရယ်ပွဲဖွဲ့ ပြောခဲ့သေးပေမယ့် သူ့ရဲ့ သူတိုင်းပြည်ကို ဒီထက်ပို ကောင်းစေချင်တဲ့ စေတနာနဲ့ ဖွံ့ဖြိုးရေးသမား စိတ်ကို လှစ်ဟပြနေတာကို ပြောပြနေတဲ့ သူ့မျက်နှာကို ကြည့်ရင်း ကျွန်မ ဖတ်နိုင်ပါတယ်။
သူနဲ့ကျွန်မ စတွေ့စဉ်တုန်းက သူ့ကိုယ်သူ လူမှုကယ်ဆယ်ရေး အရပ်ဘက်လူ့အဖွဲ့အစည်းတစ်ခုရဲ့ မြို့ပြ အိမ်ယာမဲ့တွေရဲ့ ရပိုင်ခွင့်နဲ့  အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်သူ စေတနာ့ဝန်ထမ်းတစ်ယောက်လည်းဖြစ်၊  တက္ကသိုလ်တစ်ခုရဲ့ နည်းပြဆရာ ပေါက်စ တစ်ယောက်လည်း အဖြစ် သူ့ကိုယ်သူ စပြီး မိတ်ဆက်တုန်းက တက်ကြွ ဂုဏ်ယူနေတဲ့ သူ့မျက်နှာနဲ့ အခု သူ့အလုပ်ကို သူပျင်းနေပြီလို့ ရင်ဖွင့်နေတဲ့ သူမျက်နှာ သိပ်ကွာနေပါလားလို့ ကျွန်မ တွေးမိပါတယ်။ အခုတော့ အားလျော့နေပြီလား။သူ ပျင်းနေပြီ ငြီးငွေ့နေပြီလို့ အလွယ်ပြောလိုက်ပေမယ့် သူပြောချင်တဲ့ သူ့စိတ်ထဲက အကြောင်းအရာဟာ ဒီထက်တော့ ပိုလိမ့်မယ်လို့ ကျွန်မသိပါတယ်။
“ ငါလူမှုရေးတွေပဲလုပ်လို့ မရတော့ဘူး စီးပွားရှာချိန်တန်ပြီကွာ.. လူငယ် ဘဝ ကုန်ကာနီးပြီလေ။  ငါ အမေရိကားသွားပြီး အလုပ်လုပ်ရင်း ကျောင်းဆက်တက်ရင် ကောင်းမလား။”
“ဟင် နင်အခု လုပ်နေတဲ့ အလုပ်တွေကို တကယ် စွန့်နိုင်ပြီလား”
“ဝါသနာအရ လူမှုရေးလုပ်ငန်းမှာလုပ်တယ်။ ငါ မာစတာပြီးလို့ တက္ကသိုလ်မှာ ဆရာလုပ်တယ် ဂုဏ်ရှိတယ်။ ဒါပေမယ့် ငွေရေးကြေးရေးအရ လုံခြုံမှု မရှိဘူး။ အနာဂတ်က မရေရာဘူး။ ငါ့ကို အိမ်က ဖိအားပေးနေပြီလေ။ မင်း အိမ်ထောင်ပြုရင် မိန်းမကို ကောင်းကောင်းထားနိုင်ပြီလို့ ကိုယ့်ကိုကိုယ် ယုံလား ပြန်မေးကြည့်လို့ ငါ့ အဖေ ပြောတဲ့ အခါဆို ငါသိပ်စိတ်ဆိုးတာ၊ ဒါပေမယ့် ပြန်ပြောစရာ စကားမရှိဘူးလေ”
“ဘာ.. နင် အချစ်သစ်တွေ့တာ .. ငါ့ကိုတောင် မပြောဘူး… ငါက နင် အသည်းကွဲတုန်းလို့ ထင်နေတာ”
ကျွန်မတို့ ကျောင်းတက်တုန်းက သူက ဂျပန်မလေးနဲ့ ချစ်သူ ဖြစ်ခဲ့ပြီးမှ လမ်းခွဲလိုက်ကြတာမို့ ကျွန်မက သူ့ကို အသည်းကွဲကောင်းနေတုန်းလို့ ထင်နေတာရယ်.. သူက သူဘာလုပ်လုပ် ကျွန်မကို ပြောပြတတ်တာရယ်ကြောင့်  ကျွန်မက အံ့သြသွားတာပါ။
“ မဟုတ်ပါဘူးဟာ.. ငါတို့ တွေ အရွယ်က အိမ်ထောင်ပြုရမယ့် အရွယ်ရောက်နေပြီကိုး ၊ ဒါကြောင့် ဒီလို အပြောခံရတယ်လို့ ပြောတာ။ ငါ အိမ်ထောင်ပြုမယ် ရည်းစားရှိနေပြီလို့ မပြောရပါလား”
“သြော်မသိပါဘူးဟယ်.. ငါက ငါတောင် မသိလိုက်ရပါလားလို့..”
“ နင် စိတ်ပူသွားတာလား၊  နင့်ကို ငါ ဝန်ခံစရာရှိတယ်ဟ.. တကယ်ပြောရရင် ကျောင်းမှာတုန်းက နင့်ကို ငါ သဘောကျတာ၊ ငါတို့က ခမာတွေဆိုတော့ နင်က မြန်မာပြည်က ဆိုတော့ ငါတို့ တဲ့ သွေးချင်းနီးသလို ငါက စိတ်ထဲမှာ ခံစားပြီး နင့်ကို ခင်သလို၊ နင့်ကို သဘောလည်းကျတာ။ နင်က နင့်က ရည်းစားရှိတယ် ဆိုလို့ ငါ နောက်ဆုတ်ခဲ့တာ၊ အခုတော့ တို့နှစ်ယောက်လုံးမှာ ချစ်သူတွေ မရှိတော့ဘူး၊ တို့ နှစ်ယောက်ရဲ့ ကံတရားပဲ ထင်ပါရဲ့ဟာ ”
“ တော်ပါဟယ်… ငါ့ကိုလာနောက်နေသေးတယ်”
“ငါ မနောက်မှန်း နင် တနေ့နေ့တော့သိမှာပါ၊ နင်တို့ တိုင်းပြည်ကို ငါ တစ်နေ့နေ့ အရောက်လာပြီး နင့်မိဘတွေနဲ့ လာတွေ့မယ်လေ”
“ နင်လာနောက်နေသေးတယ်.. တော်ကြာပဲ အနောက်ဘက်ကို သွားဖို့ စဉ်းစားနေတဲ့ နင်က ငါတို့လို ဆင်းရဲတဲ့ နိုင်ငံလေးကို လာဦးမယ် ဟုတ်လား”
ကျွန်မ စကားကြောင့် သူမျက်နှာနဲနဲတည်သွားပြီး …
“ဟုတ်တယ်ဟာ.. တကယ်က ကျောင်းဆရာ လခ ဆိုတာကလည်း ဘယ်လောက်မှ ရှိတာမဟုတ်၊ စုမိဆောင်းမိ မရှိနိုင်ဘူးလေ.. အိမ်က မိဘတွေက စီးပွားရေး လုပ်စေချင်တယ်။ စီးပွားရေးနယ်ပယ်ထဲမှာ တရားမျှမျှ တတနဲ့ လုပ်တဲ့သူဆိုတာကလည်း ဒုံရင်းကနေ တက်မှာ မဟုတ်ဘူး။ တကယ် ကြီးပွားအောင်မြင် ဖို့ ဆိုတာက လာဒ်စားတဲ့ အစိုးရနဲ့ပေါင်း ၊ ဂွင်ဖန်ပြီး လုပ်နိုင်မှသာ။ အဲလို လုပ်ဖို့ကလည်း ငါ့ စိတ်က မပါဘူး။ အဲဒါကြောင့် အနောက်ဘက်သွားပြီး ကျောင်းလည်း တက်ရင်း အလုပ်လည်း လုပ်ရင်းလုပ်ရင်တော့ ငါ့မိဘတွေလဲ စိတ်ချ၊ ငါလည်း ငါ့ပညာနဲ့ ထိုက်တန်တဲ့ လုပ်ခ၊ လစာအပြင် ဝါသနာပါရာနဲ့ အသက်မွေးခွင့် ရှိမလားလို့ စဉ်းစားမိတာပါဟာ။ နင်ရော.. နင့် နိုင်ငံနဲ့ ငါ့နိုင်ငံက ဘာမှ မထူးဘူး။ နင့်ကို လည်း စဉ်းစားစေချင်တယ်။ နင့်တိုင်းပြည်မှာ နင်ပျော်တာ ငါသိပါတယ် ဒါပေမယ့် ဘဝ သက်တမ်း တဝက်လောက် ငါတို့ သူများအတွက် အလုပ်လုပ်ခဲ့ပြီးပြီပဲ။ အခု ကိုယ့်အတွက် ကိုယ် ပြန်စဉ်းစားဦးနော်”
ကျွန်မက သူ့စကားကြောင့်  ရယ်ပြီး..
“ ဆရာရယ် နင့်ငါ့ကို တွေ့ရင် ဆရာလုပ်မှ လုပ်ပါ့မလားလို့”.. လို့ နောက်တော့  သူရော ကျွန်မပါ ရယ်မောမိသည်။
သူက ကျွန်မကို ဆရာ အမြဲလုပ်နေကျ။ သူက စိုးလည်း စိုးရိမ်တတ်သည်။ ကျွန်မတို့ ကျောင်းမှာတုန်းက တောနယ်ဘက် ခရီးသွားကာနီး ဆိုလည်း သူက ကျွန်မကို အဖေ တစ်ယောက်လို ဘာတွေ မကျန်စေနဲ့ ဆိုပြီး စာရင်းနဲ့ မှာတတ်သလို.. သူက ကျောင်းလာမတက်ခင်ကတည်းက သူ့တိုင်းပြည်မှာ ဘွဲ့လွန် တစ်ခု ပြီးပြီးသားမို့ သူ့ကို ကျွန်မ စာမေးနေကျ၊ သိပ်တင်းကြပ်ပါတယ် ဆိုတဲ့ ပရောဖက်ဆာရဲ့  ကျောင်းသား ၄ ယောက်ထဲ ရှိတဲ့ အတန်းကို နှစ်ယောက်သား ယူမိရဲ့သား အတူတူ ဖြစ်တုန်းက ဆို စာကြည့်တိုက် နဲ့ ကျောင်းထဲ စာကြည့်ခန်း မှာ ငုတ်တုတ် နေ့လုံးပေါက်၊ ညလုံးပေါက်နီးပါး အတူ စာလုပ်ခဲ့ရတဲ့ သူတွေ ဆိုတော့  ကျွန်မကို ဆရာလုပ်တာ သူ့အကျင့်၊  သူနဲ့ ကျွန်မ ကြားမှာ သူက ဆရာပဲလေ။ သူဟာ လူတော်လေး တစ်ယောက်ပါ။
သူ့ကို ကျွန်မ ငေးကြည့်ရင်း သူသာ ထွက်သွားခဲ့ရင် သူ့နိုင်ငံအတွက်တော့ ပင်လယ်ထဲက ရေတစ်ပေါက် ဆုံးရှုံးရဦးမှာပဲ။ ဒါပေမယ့် ပင်လယ်ဆိုတာ ရေအပေါက်ပေါင်းများစွာ စုစည်းလာပြီးမှ ဖြစ်လာသလို ဒီရေပေါက်လေးတွေ မရှိရင် ပင်လယ်ဆိုတာ ဖြစ်လာမှာမဟုတ်ဘူးလေ။ လူငယ်တစ်ယောက်ချင်းစီ ဆိုတာကလည်း အဲဒီနိုင်ငံကြီး တစ်ခု ကောင်းလာဖို့အတွက်  အားတစ်ခုစီပါပဲ။ အဲဒီ အားတွေ စုစည်းလိုက်ပြီးမှ နိုင်ငံရဲ့ စစ်မှန်တဲ့ ပြောင်းလဲ တိုးတက်ဖွံ့ဖြိုးမှုတွေ ဖြစ်လာတာမဟုတ်ဘူး။ 

သူလို နိုင်ငံကို သံယောဇဉ်ရှိပြီး ကျိုးစားခဲ့တဲ့ လူငယ်တွေ ဘယ်လောက်များများ သူ့လို မရေရာတဲ့ အနာဂတ်တွေကြောင့် အားလျော့ လိုက်ရမလား လို့ စဉ်းစားနေတာ ဘယ်နှယောက်များ ရှိနေမလဲလို့ ကျွန်မ တွေးမိတယ်။ 
ကျွန်မတို့ မြန်မာနိုင်ငံရဲ့ လူငယ်ထုမှာရော.. ဘယ်လို အခြေအနေများ ရှိပါသလဲ။ ကျွန်မတို့ နိုင်ငံမှာ ပိုများနိုင်ပါတယ်။
တိုင်းပြည် တစ်ပြည် တကယ်ပဲ တိုးတက်ကြီးပွားလာဖို့ ကောင်းမွန်လာဖို့ ဆိုရင် လူငယ်တွေကို မပြုစု မပျိုးထောင်နိုင်ရင် ဖြစ်လာနိုင်စရာ လမ်းမရှိသလို  ပြုစုပျိုးထောင်ထားတဲ့ လူငယ်တွေကိုလည်း ရေရှည်ရှင်သန်နိုင်အောင် အခွင့်အလန်းတွေ ပေးမထားနိုင်ရင် လူငယ်တွေရဲ့ အင်အားတွေကို မစုစည်းနိုင်ရင် တိုင်းပြည်ဟာ နလံထူလာနိုင်စရာ မရှိပါဘူး။
ကိုယ်နေတဲ့နေရာ မကောင်းရင် ထွက်သွားရုံပေါ့ ဆိုတာ တစ်ကိုယ်ကောင်းမဆန်လွန်းပေဘူးလား ပိုကောင်းလာအောင် ကျိုးစားဖို့က ကျွန်မတို့ တာဝန်ပဲလေ လို့ ကျွန်မ သူ့ကို ပြောတော့ သူက ဟုတ်တော့ ဟုတ်ပါတယ် ဆိုပြီး ခေါင်းကို လေးလေးပင်ပင် ငြိမ့်ပြပါတယ်။ 

သူ့တိုင်းပြည်အတွက်လည်း သူ ထွက်မသွားပါစေနဲ့လို့  ကျွန်မ ဆုတောင်းမိသလို။ ကျွန်မတို့ နိုင်ငံမှာလည်း နိုင်ငံဖွံ့ဖြိုးရေးမှာ တတပ်တအား ပါဝင်ပြီး အများအတွက် ဆောင်ရွက်ပေးနိုင်တဲ့ သူတစ်ယောက် ဖြစ်ဖို့ အပြင် လူငယ်တွေအတွက် လူငယ်တွေရဲ့ အခွင့်အရေးအတွက်၊ အနာဂတ်ကို ဖန်တီး တည်ဆောက်နိုင်ဖို့အတွက် ၊ တနည်းအားဖြင့် ကျွန်မတို့ ကိုယ်တိုင်ရဲ့ အခွင့်အရေးအတွက် အဓိကထား ကျိုးစားရဦးမယ်လို့ ကျွန်မတွေးနေမိပါတယ်။ 
မဲခေါင်မြစ်ရေ.. စီးသံနဲ့အတူ ကျွန်မ တွေးနေမိပါတယ်။ ကျွန်မရဲ့ ပျင်းတွဲတွဲ ဖြစ်နေတဲ့ လူငယ်မကျ လူကြီး မကျ အရွယ်ရဲ့ ဝေဒနာကလည်း ဒီအတွေးနဲ့အတူ လွင့်ပျယ်သွားပါတော့တယ်။ ကျွန်မတို့ နိုင်ငံအတွက် လူငယ်တွေ အတွက် ဒီထက်ပို ကျိုးစားရဦးမယ်။ တိုင်းပြည်ရဲ့ အနာဂတ် မျှော်လင့်ချက်တွေ အရောင်မမှိန် သွားစေဖို့။ ကျွန်မတို့ လူငယ်အိပ်မက်တွေ အရောင်လွင့်ပျယ် မသွားဘဲ တောက်ပလာစေဖို့ လူထု အတူတူ ကျိုးစားကြရပါဦးမယ်။  တိုင်းပြည်ရဲ့ "အနာဂတ်ကို ထုဆစ်ဖို့ ၊ လူငယ်ထုကို မြှင့်တင်"  ပေးကြရကြရဦးမှာပါ။

0 comments: