My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Friday, September 6, 2013

မသိစိတ်ကို သိဖို့လို



မနေ့က ကိုယ်သိပ်ကြိုက်တဲ့ ထီးလေး အငှားကားပေါ်ကျန်ခဲ့လို့ စိတ်မကောင်းဖြစ် သွားတယ်... ကိုယ်လည်းဗေဒင် မယုံ အယူသည်းလေ့မရှိဘဲနဲ့ ကိုယ့် စိတ်ကိုယ်ကို နှစ်သိမ့်ပြီး တွေးပုံက ကြားလေ့ ကြားထ ရှိတဲ့ စနေနံ ထွက်သွားတယ် ကံကောင်းဖို့ပဲလို့မှတ်ဆိုပြီး... ပြီးတော့မှ ကိုယ့် ဘာသာတွေးပြီး ကိုယ့်ကိုကိုယ် နှစ်သိမ့်ပုံကို ရယ်ချင်ချင်ပြန် ဖြစ်မိတယ်။ တစ်ခါတလေ ကိုယ်လက်မခံပဲနဲ့တောင် ကိုယ့်မသိစိတ်က စွဲနေတဲ့ အရာတွေ ရှိတတ်ပါလား...။ အခုတလော ကျွန်မ မသိစိတ်တွေ အကြောင်း တွေးနေမိပါတယ်။
တကယ်တော့ ကိုယ်ရဲ့ မသိစိတ်၊ ကိုယ် သတိမထားမိဘဲ ကိုယ့်ဆီမှာ ကိန်းအောင်း နေတဲ့ အရာတွေက ကိုယ်ရဲ့ အကြီးမားဆုံး ရန်သူ၊ အကောင်းဆုံး မိတ်ဆွေ့ ဖြစ်နေတတ်တယ်ဆိုတဲ့ အတွေးလေးကို ဒီနေ့ ညပဲ ကျွန်မ တွေးမိသွားတယ်။ တစ်ချို့အရာတွေရဲ့ သက်ရောက်မှုက အရေးမကြီးပေမယ့် တစ်ချို့ အရာတွေက အရေးကြီးနေတတ်တယ်။ ကိုယ်မသိဘဲ ကိုယ်စိတ်မှာ ကိန်းအောင်းနေတဲ့ စွမ်းအားတွေဖြစ်နိုင်သလို၊ ကိုယ်ကို အကျိုးယုတ်စေတဲ့ အရာတွေလည်း ဖြစ်နေတတ်ပါတယ်။
ကျွန်မကို ပုံမှန် အားဖြင့် ကြည့်လိုက်ရင် ခပ်ပျော့ပျော့ လို့ လူတိုင်းက မြင်တတ်ပါတယ်။ ကျွန်မဟာ ဝမ်းနည်းတတ်ပြီး စိတ်လည်းပျော့၊ အလျော့ပေး ခွင့်လွှတ်ကျေအေးတတ်လွန်းလို့ ကျွန်မ သူငယ်ချင်းတွေ ကဆို “မာသာထရီစာ” လို ရွဲ့ခေါ်တတ်တာ ခံရတတ်ပါတယ်။ ဒါပေမယ့် တကယ်တန်း ကျွန်မ ယုံကြည်ချက်ကို ထိပါးတဲ့ အရာမျိုးတွေမှာ ကျွန်မ ဒိုးဒိုးဒေါက်ဒေါက်တုန့်ပြန်ပုံကို အဲဒီ သူငယ်ချင်းတွေက ပဲ တအံ့တသြဖြစ်ရတဲ့ အထိပါပဲ။ ကျွန်မ ဘွဲ့လွန်စာတမ်း ကို စာမေးပွဲ စစ်တဲ့ နေ့ကဆိုရင် ကျွန်မကို စာမေးပွဲစစ်တဲ့ ဆရာတွေဟာ အရစ်မှာ အရမ်းတော်တယ်လို့ နာမည်ကြီးတွေပါ။ ကျွန်မ ရှေ့က သူငယ်ချင်း တစ်ယောက်ဆိုရင် အဲဒီ ဆရာရဲ့ မေးခွန်းတွေကြောင့် ငိုတောင် ငိုချတဲ့ ဖြစ်စဉ်ရှိတာကြောင့် ကျွန်မအတွက် သူငယ်ချင်းတွေက မပြောပေမယ့် စိတ်ပူနေကြပါတယ်။ စိတ်ပူတဲ့အတိုင်း ကျွန်မလည်း ခံရပါတော့တယ်။ ဆရာတွေရဲ့ မေးခွန်းတွေကြောင့် ကျွန်မ သူငယ်ချင်းတွေ မျက်နှာပျက်သထက် ပျက်လာတဲ့ အချိန်မှာ ကျွန်မက သူတို့ မေးသမျှကို ကြိုးစားပြီး ဖြေရင်း ကျွန်မတို့ စာမေးပွဲဟာ စကားဝိုင်းအသွင် ဆောင်လာပြီး မေးနေတဲ့ ပရော်ဖက်ဆာ အချင်းချင်းလည်း ငြင်းလိုက် ကျွန်မနဲ့ အပြန်အလှန် မေးခွန်းတွေ ထုတ်လိုက်နဲ့ အချိန် ၃ နာရီ ပြည့်တာတောင် ကျွန်မတို့တတွေ ပြောကောင်းတုန်း ဖြစ်နေပါသေးတယ်။ နောက်ဆုံး သူတို့ ကျေနပ်ပြီး အအောင်ပေးလိုက်ကြသလို စာမေးပွဲ အချိန်လည်း ပြည့်ပြီဆိုတော့ ကျွန်မက ဆရာတွေကို အခုလို ဆရာတို့ မေးခွန်းတွေ မေးပေးတာ ကျေးဇူးတင်ပါတယ်။ အခု အခြေအနေအတိုင်းက ကျွန်မရဲ့ သီးစစ်ကြီးကို ဖတ်ရတာ ကိုယ်ဘာသာ သိပ်ပျင်းစရာ ကောင်းတယ်လို့ ထင်နေတာ အခု ဆရာတို့ မေးတဲ့ မေးခွန်းတွေကို အခြေခံပြီး ထပ်ပြီး ဖြည့်စွက်လိုက်ရင် ကျွန်မ သီးစစ်ဟာ ဖတ်ချင်စရာ ဖြစ်လာမှာလို့ ကျွန်မ ယုံတဲ့အတွက် ဆရာတို့ကို သိပ်ကျေးဇူးတင်ပါတယ်လို့တောင် ကျွန်မက ပြောခဲ့ပါသေးတယ်။ စာမေးပွဲ အပြီးမှာ သူငယ်ချင်းက နင် စာမေးပွဲထဲမှာ ရယ်ရယ်မောမောနဲ့ စကားတွေ အပြန်အလှန်ပြောနေလိုက်တာ စာမေးပွဲနဲ့တောင် မတူတော့ဘူးလို့ ဆိုပါတယ်။ ကျွန်မလည်း အေးလေ ငါကိုယ်ငါတောင် ငါ မဟုတ်တော့သလိုဘဲ။ ငါဘယ်လို အဲလို Mood ဝင်သွားလည်း ကိုယ့်ဘာသာတောင် မသိဘူး၊ ငါ့အစား နောက်တစ်ယောက်က ဝင်ပြောနေသလားလို့တောင် ထင်ရတယ်လို့ ပြောရင်း ရယ်မိပါတယ်။ တကယ်ပါ အဲဒီ အချိန်မှာ ကျွန်မ စာမေးပွဲ အောင်ချင်တဲ့ စိတ်ရယ်၊ ကျွန်မ သိတာတွေကို သေသေချာချာ ပြန်ပြောချင်တဲ့ စိတ်ရယ်က ကျွန်မရဲ့ စိုးရိမ်မှုတွေနဲ့ ကြောက်စိတ်တွေကို ကျော်လွန်သွားခဲ့တာပါ။
နောက်တစ်ခေါက် ကိုယ့်မသိစိတ်ကို ကိုယ်ပြန်သတိထားမိစေတဲ့ အဖြစ်အပျက် တစ်ခုက ကျွန်မဟာ မြွေဆိုရင် သိပ်ကြောက်ပါတယ်။ မြွေပုံကိုတောင် ရဲရဲ မကြည့်ရဲတဲ့သူပါ။ တစ်ရက်ကျွန်မ နယ်ဘက်ကို စာသင်သွားတုန်း တည်းခိုတဲ့ နေရာက ရေချိုးခန်းကို ရေချိုးဖို့ကျွန်မသွားပါတယ်။ ရေချိုးခန်းက အိမ်နဲ့ နည်းနည်းလှမ်းပါတယ်။ ဖယောင်းတိုင်မီးလေးပဲ ထွန်းထားတဲ့ ရေချိုးခန်းထဲကို ဝင်ပြီး တံခါးပိတ်ပြီး အတွင်းဘက်ရောက်မှ တံခါးကို ကြည့်မိတဲ့ အခါ ကျွန်မ ခေါင်းက ဆံပင်တွေ ထောင်သွားသလိုတောင် ဖြစ်သွားပါတယ်။ တံခါးမှာ လက်ကောက်ဝတ်လောက်ရှိတဲ့ မြွေကြီးပါ။ တံခါးက ပိတ်ပြီးသလို ကျွန်မကလည်း အထဲရောက်နေပါပြီ။ ကျွန်မမှာ လွတ်လမ်းမရှိတော့ဘူးလို့ ကျွန်မ ခေါင်းထဲမှာ အသိဝင်လာပါတယ်။ အပြင်ပြန်ထွက်စရာ ဒီတံခါးပဲ ရှိတယ်။ မြွေက ဒီတံခါးပေါ်မှာ။ အဲဒီအချိန်မှာ ကျွန်မ ဘေးကို သေချာကြည့်တော့ အဝတ်လျှောက်တဲ့ဒုတ်ကို တွေပါတယ်။ ကျွန်မ အဲဒီဒုတ်ကို ကျစ်ကျစ်ပါအောင် ဆုတ်ပြီး အဲဒီ မြွေကို ရင်ဆိုင်ဖို့ အသင့်ပြင်လိုက်ပါတယ်။ အဲဒီ အချိန်မှာပဲ လျှပ်စစ်မီးက လင်းလာပါတယ်။ မီးရောင်အောက်မှာ သေချာတွေ့ရတာက မြွေနဲ့ သိပ်တူတဲ့ ပိုက်။ အဲဒီကျမှ ကျွန်မ ကိုယ့်ဘာသာရယ်မိပါတယ်။ ပြန်စဉ်းစားမိတာက လွတ်လမ်းမရှိတဲ့ အခါမှာ ကျွန်မ သိပ်ကြောက်ပါတယ် ဆိုတဲ့ မြွေကို ရင်ဆိုင်ဖို့ အလိုလို အသင့်ဖြစ်သွားတာကို ပါပဲ။ ကျွန်မရဲ့ မသိစိတ်က ထွက်လာတဲ့ စွမ်းအားပါပဲ။
ကျွန်မမှာ လုပ်ချင်တယ်၊ လုပ်မယ် တဖွဖွ ပြောပြီး ဖြစ်မြောက်အောင် မလုပ်တဲ့ အရာတွေ အများကြီး ရှိပါတယ်။ အခုလုပ်မယ်၊ နောက်လုပ်မယ်၊ စာမေးပွဲ ပြီးရင်လုပ်မယ်၊ သင်တန်းသွားပြတာ ပြန်လာရင် လုပ်မယ်..နဲ့ အချိန်ဆွဲ .. စွဲစွဲမြဲမြဲ မလုပ်နဲ့ ဖြစ်မြောက်အောင် မလုပ်တဲ့ အရာတွေ အများကြီးကျန်နေသေးတာ ကို ကိုယ်ဘာသာတွေးကြည့်ပြီး နောက်ဆုံး တွေးမိတာက နောက်က မသိစိတ်က အဲဒီ လုပ်မယ် ဆိုတဲ့ အရာတွေကို အရေးမကြီးပါဘူးဆိုတာ ခံနေတာဆိုပါပဲ။ တစ်ကယ် ဖြစ်အောင် လုပ်ချင်စိတ် ပြင်းထန်မှု မရှိတဲ့ အရာတွေမို့ ကျွန်မ ဖြစ်အောင် မလုပ်နိုင်ခဲ့သေးတာပါ။ ဥပမာ- ကျွန်မ အပြောအများဆုံးက ပိန်ချင်တယ် ဆိုတာပါပဲ။ တကယ်တော့ ကျွန်မရဲ့ မူရင်းပုံစံကိုက မဝသေးခင်ကတည်းက ပုပုလုံးလုံးလေးပါ။ အခု ဝလာတော့ ပိုလုံးတာပေါ့။ ကျွန်မရဲ့ မူရင်းစိတ်ကိုက သိပ်လှချင်တဲ့ အထဲမှာ မပါပါဘူး။ အလှအပအတွက် တခုတ်တရ ဒုက္ခခံတဲ့ အထဲမှာ မပါသူပါ။ ကျွန်မ ဓါတ်ပုံတွေကို ပြန်ကြည့်ရင်း တွေးမိတာက ကျွန်မ ပိန်သွားတဲ့ အချိန်တုန်းက ကျွန်မမှာ ရည်းစား ရှိနေတဲ့ အချိန်ပါပဲ။ အဲဒီ အချိန်မှာ သူကလည်း လှလှလေး နေဖို့ တိုက်တွန်းသလို ကျွန်မကလည်း သူ့ချစ်သူကို သူ အများရှေ့မှာ လှစေချင်မှာပဲ ငါ လှလှပပ နေသင့်တယ် ဆိုတဲ့ တာဝန်ရှိတယ် ဆိုတဲ့ စိတ်ရယ် စေတနာရယ်နဲ့ ပိန်အောင် ဂရုစိုက်ပါတယ်။ ရည်းစားနဲ့ ပြတ်သွားတဲ့ အခါကြတော့ အဲဒီလို အားနာရမယ့် သူမရှိတဲ့အခါ ကျွန်မ စိတ်တိုင်းကျ ကိုယ်စိတ်နဲ့ ကိုယ် နဂိုအတိုင်း ပြန်ဖြစ်သွားပါတယ်။ ကျွန်မကို ကြိုက်မယ့်သူက ပိန်မှ ကြိုက်မယ်ဆိုရင်လည်း ကျွန်မကသာလို့တောင် စိတ်မဝင်စားသေးတာမို့ အေးအေးဆေးဆေးပါပဲ။ ကျွန်မ ပိန်ချင်တယ်သာ ပြောတာ တကယ် ကျွန်မရဲ့ မူရင်းစိတ်မှာ ပိန်တာ ဝတာကို သိပ်ပြီး အရေးမထားတာ အမှန်ပါပဲ။ အားငယ်တာမျိုး ဝမ်းနည်းတာမျိုးလည်း မရှိပါဘူး။ ဒါကြောင့် သူများတွေက ဝလာတယ် ပြောတဲ့ အချိန်လောက်လေး အင်း ပိန်အောင်လုပ်ချင်တယ်ဖြစ်ပြီး တကယ် ပိန်အောင် ဇွဲကောင်းကောင်းနဲ့ မကျိုးစားပဲ ခဏလောက်ပဲ စိတ်ထဲရှိ ပြီးရင် မေ့မေ့ပျောက်ပျောက် ပြန်ဖြစ်ပါပဲ။
ဒီနေ့ ကျွန်မ တွေးမိတဲ့ အတွေးလေးက တစ်ခုခုကို အောင်မြင်အောင် လုပ်ဖို့ဆိုရင် အသိစိတ်ကရော မသိစိတ်ကရော သေသေချာချာ စူးစူးနစ်နစ် လက်ခံပြီး ဖြစ်အောင် လုပ်ကို လုပ်မယ် ဆိုတဲ့ စိတ်မျိုး ဖြစ်လာအောင် လုပ်ဖို့လိုအပ်ပါတယ်။ ကိုယ့်အတွင်းစိတ်ကို ကိုယ် နက်နက်ရှိုင်းရှိုင်းထိတွေ့ပြီး နှစ်နှစ်ကာကာ အကောင်အထည်ဖော်ချင်စိတ်ကို မွေးမြူပါမှ တကယ် ဖြစ်မြောက် အောင်မြင်အောင် လုပ်ဆောင်နိုင်လိမ့်မှာမို့ ကိုယ့် မသိစိတ်ကို ကိုယ် မြင်အောင် ကြည့်နိုင်ခြင်းဟာ အရေးကြီးတယ် ဆိုတာပါပဲ။
ခင်မင်စွာဖြင့်..


1 comments:

Han Kyi said...

မသိစိတ်ကို သိဖို့ကတော့ ပြောသလောက် တယ်မလွယ်လှဘူးဗျား...သိစိတ်က အင်အားအတော်ကောင်းမှ ဖြစ်ပေလိမ့်မယ်...သိစိတ်အားကောင်းလာရင် မသိစိတ်ကလည်း သူ့အလိုလို သိစိတ်ရဲ့ ဦးဆောင်မှုနောက်ကို ပါသွားမှာကိုး...သိစိတ်အားနည်းရင်တော့ မသိစိတ်ရဲ့ ချယ်လှယ်မှုအောက်မှာ ပြားပြားမှောက်ဖို့သာပြင်ပေရော့...