My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Monday, July 22, 2013

ကမ္ဘာကြီးပေါ်က မတူညီမှုတွေကို လေ့လာသင်ကြား နားလည် ခံစားဖို့ ခရီးသွားခြင်း





“ The World is a book and those who not travel read only one page.” 
St.Augustine
 
ကမ္ဘာကြီးက စာအုပ်တစ်အုပ်ဆိုရင် ခရီးမသွားတဲ့သူဟာ စာအုပ်ရဲ့ တစ်မျက်နှာလေးကိုပဲ ဖတ်နိုင်တဲ့ သူလို ဖြစ်နေမှာ အသေအချာပါပဲလို့ စိန့်သြဂတ်စတင်းက ဆိုခဲ့ပါတယ်။ ခရီးသွားခြင်းဟာ ကျွန်မရဲ့ များစွာသော ဝါသနာထဲက တစ်ခုပါပဲ။ အလှအပအတွက် ကုန်ဖို့ထက်စာရင် ခရီးသွားဖို့ကိုပဲ သုံးလိုက်ဖို့ စိတ်ကူးတတ်တဲ့ ကျွန်မဟာ မိန်းမမဆန်သူလို့ မှတ်ချက်ချ ခံရဘူးပါတယ်။ တကယ်တော့ ကျွန်မ ကမ္ဘာကြီးကို မြင်ချင်တဲ့ စိတ်နဲ့ ကျန်ရှိနေသေးတဲ့ စာမျက်နှာ များစွာကို ဖတ်ချင်ခဲ့သူပါ။
ခရီးသွားဖြစ်ခဲ့ရင် ကိုယ့်အတွက် ကောင်းသော ခရီး ဖြစ်ဖို့ ကိုယ်ဘာကြောင့် ခရီးသွားချင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ အဲဒီလို သိ ပြီး သွားခဲ့ရင် ထွက်ခဲ့တဲ့ ခရီးတိုင်းက ကိုယ့်အတွက်တော့ ကောင်းသော ခရီးဖြစ်နေမှာ အသေအချာပါပဲ။
ခရီးသွားခြင်း ပုံစံ အမျိုးမျိုးရှိပါတယ်။ ပျော်စရာ စိတ်လှုပ်ရှားစရာ ခရီးသွားခြင်းဟာ ဘုရားဖူးထွက်ခြင်းလို့ပဲ ကျွန်မ ငယ်ငယ်က ထင်ခဲ့ပါတယ်။ တကယ်တော့ ခရီးသွားခြင်းတွေထဲမှာ  မတူညီမှုတွေကို ခံစားနားလည်ပြီး အမြင်ကျယ် ဗဟုသုတ တိုးစေဖို့ ခရီးသွားလည်း ရှိသေးတာ အခုတော့ သဘောပေါက် လာခဲ့ပါပြီ။ ကျွန်မအတွက် ခရီးသွားခြင်းဟာ မတူညီမှုတွေ ကွဲပြားမှုတွေကို နားလည်ခံစား သည်းခံနိုင်လာပြီး လွတ်လပ်ပျော်ရွှင်ခြင်းကို ခံစားစေတဲ့ အရာပါပဲ။
ကျွန်မ စိတ်ရှုပ်ရှားရတာကို နှစ်သက်တယ်။ ကျွန်မရှိနေတဲ့ နေရာမဟုတ်တဲ့ တခြားနေရာတွေမှာ ဘာတွေရှိလဲ။ အဲဒီမှာ ရှိတဲ့ လူတွေကရော ဘယ်လိုများ နေထိုင်ကြပါသလဲ။ ကျွန်မတို့နဲ့ မတူညီတဲ့ အရာတွေ ကဘာလဲ။ ဘာတွေကရော တူညီကြသလဲ… ရှာဖွေရတာ စိတ်လှုပ်ရှားစရာပါ။ နေထိုင်မှု ပုံစံ အသစ်၊ ဘာသာစကားအသစ်၊ သက်ဝင်ယုံကြည်မှု အသစ်တွေကို ရှာဖွေ တွေ့မြင်ခံစားကြည့်ရတာ ခရီးသွား တစ်ယောက်ရဲ့ အရသာပါ။ ဒါကြောင့် ကျွန်မ ခရီးသွားပြီ ဆိုရင် ကျွန်မမှာ အတိတ်တွေ အနာဂတ်တွေ မရှိတော့ပါဘူး ပစ္စုပန်တစ်ခုတည်းမှာသာ ကျွန်မ စီးမြောနေထိုင်ပါတယ်။
ကျွန်မ ဆုံတွေ့ရခြင်းကို မြတ်နိုးတန်ဖိုးထားပါတယ်။ ခရီးသွားပြီး ဆိုရင် နေရာအသစ်မှာ လူအသစ်တွေနဲ့ တွေ့ရမယ်လေ။ ကိုယ်နဲ့ မတူတဲ့ သူတွေနဲ့ ညှိပြီးနေထိုင်ရတဲ့ အတွေ့အကြုံ။ ကိုယ့်အသက်ရှင် နေထိုင်ခွင့်မရတဲ့  ကမ္ဘာကြီးရဲ့ အခြား တစ်နေရာမှာ အသက်ရှင်နေထိုင်ရတဲ့ သူတို့ရဲ့ ဘဝ ဖြတ်သန်းမှု အတွေ့အကြုံတွေ၊ သူတို့ရဲ့ စိတ်နေသဘောထားတွေကို လေ့လာခွင့်ရတာ။ တခြားသော လူတွေနဲ့ ဆုံစည်းခွင့်ရတာ ကျွန်မအတွက်တော့ ဗဟုသုတတိုးစေတဲ့ အရာမို့ ခရီးသွားရင်း မိတ်ဆွေဖွဲ့ရတာ ကျွန်မ တန်ဖိုးရှိတဲ့အရာတွေပါ။ ကျွန်မခရီးမှာ တွေ့ရတဲ့ သူတွေရော ခရီးသွားဖော်တွေရောဟာ ခရီးတစ်ခုမှာ ကျွန်မ စကားလက်ဆုံပြော ရင်နှီးခွင့်ကို ဂရုတစိုက် တန်ဖိုးထားပါတယ်။
ကျွန်မ ဓလေ့ တွေကို စိတ်ဝင်စားတယ်။ ခရီးတစ်ခု သွားပြီးဆိုရင် အဲဒီ ဒေသရဲ့ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးထမ်း အစဉ်အလာတွေဟာ ကျွန်မကို အဖမ်းစားနိုင်ဆုံး အရာတွေပါ။ သူတို့တွေ ဘယ်အရာတွေ အပေါ်မှာ ဘယ်လို တွေးတတ်ကြလဲ။ ဘာတွေကိုတော့ တန်ဖိုးထားတတ်ကြလဲ။ မိတ်ဆွေ ဘယ်လို ဖွဲ့ကြလဲ။ လက်ထပ်ထိမ်းမြားခြင်း ကို ဘယ်လို ပြုလုပ်ကြလဲ။ မိသားစု ပုံစံတွေကရော ဘယ်လိုမျိုးလဲ။ ချစ်ခြင်းမေတ္တာနဲ့ အမုန်းတရား တွေကို ဘယ်လို ခံစားကြလဲ။ ဒေသခံတွေရဲ့ ဘဝကို ဖြတ်သန်းပုံ တွေက ကျွန်မ အလေ့အလာချင်ဆုံး အရာတွေပေါ့။ လောလောဆယ် သူတို့ ကြုံတွေ့ ဖြတ်သန်းနေရတဲ့ အခြေအနေတွေရောပေါ့။
ကျွန်မ သဘာဝကို ချစ်ခင်တယ်။ ကမ္ဘာကြီးပေါ်က သဘာဝတရားတွေဟာ အံ့သြဆန်းကျယ်မှုကို အပေးနိုင်ဆုံးအရာတွေပါ။ မတူညီတဲ့ နေရာက ဒေသရဲ့ ရာသီဥတု၊ တောတောင်၊ ရေမြေ၊ သားငှက်တရိစ္ဆာန်၊ သစ်တော၊ သစ်ပင်၊ ပန်းပွင့်၊ လေထု၊ နေဝင်ချိန်၊ နေထွက်ချိန်၊ ရှုမျှော်ခင်း အားလုံးဟာ ရှုမဆုံးစရာ ကြည်နူးမှု သန္တရသကို ဖော်ဆောင်ပေးပြီး ကိုယ်တစ်ချိန် အိုမင်းမစွမ်းလို့ နားနေရချိန်မှာ ပြန်ပြောင်းတွေးတောပြီး ပျော်ရွှင်မှုကို ပြန်လည် ခံစားစေမယ့် အရာတွေပါပဲ။ မှတ်ဥာဏ်ထဲမှာ သိမ်းထားစရာမလိုဘဲ အမြဲ ရှိနေပါလိမ့်မယ်။
သမိုင်းကြောင်းက ဒေသ တစ်ခုရဲ့ အကြောင်းကို ကောင်းကောင်း ပြောပြနိုင်ပါတယ်။ နေရာ ဒေသတစ်ခုကို ရောက်ပြီဆိုရင် အဲဒီဒေသရဲ့ သမိုင်းဝင် ဆိုတဲ့ နေရာတွေကို ရောက်အောင် သွားကြည့်ဖို့ ကျွန်မ မမေ့မလျော့ ကြိုးစားတာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေသရဲ့ အတိတ်ကို အဲဒီ နေရာတွေက ကျွန်မတို့ကို ပြန်ခေါ် ပြောပြနိုင်တယ်လေ။ ဒါမှ ဒေသတစ်ခုရဲ့ ပြောင်းလဲမှုအကြောင်းကို ယှဉ်တွဲ လေ့လာလို့ ရတော့မှာပေါ့။
ဒေသတစ်ခုရဲ့  လက်ရှိ ဖွံ့ဖြိုးနေတဲ့ အခြေအနေအရပ်ရပ်က လေ့လာ သိရှိထားရမယ့် အရာပါ။  ကျွန်မတို့ ဒေသတစ်ခုကို မသွားခင် အဲဒီ ဒေသရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေ အရပ်ရပ်ကို အနည်းအကျဉ်းလောက်တော့ ကြိုတင်လေ့လာထားဖို့လိုပါတယ်။ ဒါမှသာ ကိုယ့်ခရီးလည်း အဆင်ပြေ ချောမွေ့မှာပါ။
လွတ်လပ်ခြင်းဟာ ကျွန်မရဲ့ အသက်ပါ။ ခရီးသွားခြင်းဟာ လေပေါ်ပျံနေရတဲ့ ငှက်တစ်ကောင်ရဲ့ ခံစားချက်မျိုးနဲ့ တူမလားလို့ ကျွန်မတွေးမိပါတယ်။ လွတ်လပ်ခြင်း ပေါ့ပါးခြင်းကို ခံစားရစေပါတယ်။ ဒါပေမယ့် လွတ်လပ်ခြင်းဆိုတာ သင်ရဲ့ စိတ်ပါ။ ကိုယ့်စိတ်ရဲ့ လွတ်လပ်ခြင်းကို တော့ ကိုယ်တိုင်ပဲ ဖန်ဆင်းနိုင်ပါတယ်။ ခရီးသွားခြင်းဟာ မတူညီမှုတွေကို ခံစားနားလည်လာစေပြီး တစ်ပါးသူရဲ့ လွတ်လပ်ခြင်းကိုလည်း သဘောပေါက် ကိုယ်ချင်းစာ လာနိုင်တဲ့ အခါ ကိုယ့်ရဲ့ လွတ်လပ်ခြင်းဟာ ပိုပြီး အဓိပ္ပါယ် ပြည့်ဝလာစေပါတယ်။
        လူငယ်တွေကို ခရီးများများ သွားစေချင်တယ်။ ကျွန်မ ခရီးသွားရင်း လူငယ်တွေ အဖွဲ့လိုက်ဖြစ်ဖြစ်၊ ၂ ယောက်တွဲ၊ ၃ ယောက်တွဲ၊ တစ်ချို့ကလည်း တစ်ယောက်တည်း ခရီးသွားကြတာ မြင်ရင် ကိုယ့်နိုင်ငံက လူငယ်တွေကိုလည်း အဲဒီလို သွားစေချင်ပါတယ်။ မတူညီမှုတွေကို လေ့လာသင်ကြားရင်း နားလည် ခံစားရင်း လူကြီးဘဝကို ရောက်တဲ့အခါ ပိုရင့်ကျက်တဲ့ သူတွေ ဖြစ်လာနိုင်တာမို့။ လူငယ်တွေကို ခရီးများများ သွားစေချင်မိပါတယ်။

ခင်မင်စွာဖြင့်

အလွမ်းပြေ


0 comments: