My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Tuesday, June 25, 2013

အမျိုးဘာသာ ကိုစောင့်သူများ




          ဘာသာတရားဆိုတာ လူတွေရဲ့ ကိုးကွယ်ရာပါ။ ဒါဆို လူတွေ ဘာလို့များ ကိုးကွယ်ရာ ရှာကြပါလိမ့်။ ကျွန်မကို ဆရာတစ်ယောက်က ပြောပါတယ်။ လူတွေ စီးပွားရေး အဆင်ပြေမပြေ လူမှုရေး အဆင်ပြေမပြေကို ဘယ်လို ယေဘုယျကြည့်ရလဲ သိလားတဲ့။ ကျွန်မ လည်း လျှောက်မှန်းပြီး ပြောပါတယ်။ သူက သူ့အယူအဆ တစ်ခုကို ပြောပါတယ်။ ဘုရားပေါ်ကို သွားကြည့် ယတြာချေတဲ့ သူတွေများနေလား။ ဗေဒင်ဆရာဆီမှာ အကြားမမြင်ဆရာတွေ ဆီမှာ လူတွေ ပုံနေလားတဲ့။ ကျွန်မက ပြန်ပြောပါတယ်။ ဒါ မိရိုးဖလာထက် မတက်တဲ့ သူတွေ ဆိုရင်ပေါ့နော် ဆိုတော့ သူက ပြောပါတယ် လူတွေဟာ အရာရာကို ဆုံးဖြတ်တာ တုန့်ပြန်တာတွေ အားလုံးဟာ သူတို့ ဘဝမှာ နေ့စဉ်ကြုံတွေ နေရတာတွေကိုပဲ အခြေခံတယ်တဲ့။ အဲဒီ နေ့စဉ် ကြုံတွေနေရတာ တွေကိုအခြေခံပြီး တုန့်ပြန်နေကြတာပဲ။ ဒါ ဘာသာရေးကို သူက လူမှုရေး ရှုထောင့်က ပြန်ကြည့်တဲ့ အမြင်ပါတဲ့။
ကျွန်မ က လူတွေရဲ့ ယဉ်ကျေးမှုနဲ့ အလေ့အထကို စိတ်ဝင်စားတဲ့ သူတစ်ယောက်မို့ စိတ်ဝင်စားမိပါတယ်။ တခြားသူ ဆီမှာ မကြည့်ဘဲ ကိုယ့်ဘဝနဲ့ ဘာသာတရား အကြောင်းကိုဘဲ ကျွန်မ သေသေချာချာ ပြန်သုံးသတ်မိပါတယ်။ ကျွန်မ ရေးမယ့် အကြောင်းအရာက လူတစ်ယောက် သူဖြတ်သန်းခဲ့ရတဲ့ ဘဝ တစ်လျှောက်မှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ ခံယူချက်တွေ ခံစားချက်တွေ ပြောင်းလဲ လာပုံ သက်သက်ပဲ ဖြစ်ပါတယ်။ အဲဒီ ဖြတ်သန်းခဲ့တဲ့ ပုံစံကို ကြည့်ပြီး  အမျိုးဘာသာ သာသနာကို ဘယ်လို စောင့်ထိန်းခြင်းသည်သာ အကောင်းဆုံး ဆိုတာကို မြင်သွားနိုင်အောင်ရင် ကျွန်မ ကြိုးစားရကျိုးနပ်မယ် ထင်ပါတယ်။ 

ကလေးငယ်နဲ့ မိရိုးဖလာ ဘာသာတရား 

          ကျွန်မဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ မိဘနှစ်ပါးက မွေးဖွားလာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မဟာ ကရင်နဲ့ ဗမာ ကပြားမို့ ကျွန်မ အမျိုးတွေကတော့ ခရစ်ယာန်တစ်ဝက်၊ ဗုဒ္ဓဘာသာ တစ်ဝက်ပါ။ ကျွန်မ ငယ်ငယ်ကတည်းက ခရစ္စယာန် အမျိုးတွေနဲ့ တစ်ခြံထဲ အတူနေခဲ့တာပါ။
     ကျွန်မ ငယ်ငယ်ကတည်းက ဘာဘာသာကိုးကွယ်လည်းလို့ မေးရင် ဗုဒ္ဓဘာသာလို့ ဖြေတတ်ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ဘာလို့ အဲဒီလို ဖြေလဲလို့ မေးရင် ကျွန်မစိတ်ထဲမှာ မိဘက ဗုဒ္ဓဘာသာမို့ ကျွန်မလည်း ဗုဒ္ဓဘာသာ ပဲလေလို့ ထင်မှတ်နေခဲ့တာပါ။ ဒါပေမယ့် လက်တွေ့မှာ နေ့စဉ် ကျွန်မရဲ့ လှုပ်ရှားမှုတွေထဲမှာတော့ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာ အလေ့အထတွေကို နှစ်ခုလုံး ပြုလုပ်နေခဲ့ပါတယ်။
   ကျွန်မ အမေက မနက်စောစောထပြီး ဘုရားရှိခိုးတတ်ပါတယ်။ အဲဒီလို ရှိခိုးရင် ကျွန်မ အမြဲ အိပ်ယာထဲက နားထောင်ရင်း အိပ်ယာနိုးတတ်ပါတယ်။ မနက်တိုင်း အမေက ကျွန်မကို တာဝန်ပေးထားတာက သူထမင်းချက်နေတုန်း ထမင်းကျက်ပြီး ဆိုတာနဲ့ ဘုရားဆွမ်းတော်ပြင်ခိုင်းသလို အိမ်ကို ဆွမ်းခံကြွမယ့် ကိုယ်တော်အတွက်လည်း ဆွမ်းခူးခိုင်းပါတယ်။ ဘုရားဆွမ်းတော်၊ ရေချမ်းအပြင် ခြံထဲမှာ ပွင့်တဲ့ ပန်း တစ်မျိုးမျိုးကို ပါ ဆွမ်းတော်ပွဲနဲ့ အတူပြင်ရပါတယ်။ ဒါ ကျွန်မရဲ့ အမေပေးထားတဲ့ နေ့စဉ်တာဝန်ပါပဲ။ အဲဒီလို လုပ်ရင် ဆွမ်းအကျိုး၊ရေအကျိုးနဲ့ ပန်းလှူတဲ့ အကျိုးတွေကို ကျွန်မရပြီး ကံလည်းကောင်း လှလည်း လှမယ်လို့ ကျွန်မကို ပြောပြီး ခိုင်းထားတာပါ။    နောက်တစ်ခုက ဝါတွင်းဆိုရင် မနက်စောစော ဥပုသ်နေ့တိုင်း ဆွမ်းလောင်းဖို့ ဆွမ်းအတူတူ ထချက်ပေးရတာပါပဲ။ အဲဒီလို ချက်ပြီး ရပ်ကွက်ဆွမ်းလောင်းတဲ့ မဏ္ဍပ်မှာ အမေနဲ့ တူတူ သွားလောင်းရပါတယ်။ အဲဒီလို သွားလောင်းတဲ့ အခါ အမေက ကျွန်မ မုန့်ဖိုးထဲကနေ တစ်နေ့ နဲနဲ ချန်ထားပြီး ရသလောက်ကို အဲဒီ အချိန်မှာ လှူဖို့ တိုက်တွန်းပါတယ်။ အဲဒီလို အမေနဲ့ တူတူ ဆွမ်းလောင်းလိုက်ပြီး အလှူလုပ်တိုင်း သူများတွေက ကလေးလေးက လိမ္မာလိုက်တာ တော်လိုက်တာလို့ ချီးကျူးတာကို ကျွန်မ ကြိုက်ပြီး မငြီးမငြူလိုက်လုပ်ပါတယ်။ ညအိပ်ရာ ဝင်တိုင်းလည်း မိဘနဲ့ ဘုရားရှိခိုးပြီးမှ အိပ်ပါတယ်။ ဒါ ကျွန်မ အမေ ကျွန်မကို ကျင့်ပေးတဲ့ နေ့စဉ် ဗုဒ္ဓဘာသာ အလေ့အထပါ။
          ကျွန်မ နွေရာသီ ကျောင်းပိတ်ရက်တွေ ဆိုရင် နယ်မှာ အဖွားနဲ့ သွားနေကြပါတယ်။ အလှူရေစက် လက်နဲ့ မကွာဆိုတာ အဖွားမှ အစစ်ပါ။ တစ်ပတ်ကို ဘုန်းကြီးကျောင်း ၃ ကျောင်းလောက် ရောက်ပါတယ်။ အဖွားက သူလှူနေကြ ဘုန်းကြီးကျောင်းတွေမှာ ဘာလိုလည်း ဆိုတာမျိုးကို သွားကြည့် ဖြည့်ဆည်း တတ်ပါတယ်။ နေ့စဉ် ဝတ်ပြုကိုးကွယ်မှု အပြင် ဥပုပ်နေ့တိုင်းလည်း ဘုန်းကြီးကျောင်းသွား တော့ ကျွန်မကို ခေါ်သွားတယ်။ ကလေး ဖြစ်တဲ့ ကျွန်မကို ဘာသာတရား အရိပ်ဟာ အေးမြတယ် ဆိုတာမျိုးကို ပြသခဲ့ပါတယ်။ နောက်ပြီး ကျွန်မကို ဘုရားစာတွေ ထိုက်ထိုက်တန်တန် ပေးပြီး ကျက်ခိုင်းတယ်။ ဥပမာ ပရိတ်ကြီး ၁၁ သုတ်ကို တစ်သုတ်ရရင် ၁၀၀၀ ကျပ် ပေးပါတယ်။ စဉ်းစားကြည့်ပါ။ အဲဒီခေတ်တုန်းက ကလေးတစ်ယောက် မုန့်ဖိုး ၂၀ ကျပ်လောက် ပေးတဲ့ အချိန်မှာ အဲဒီလောက်ရတော့ ဘယ်ကလေးက မမက်ပဲ နေမလဲ။ ကျွန်မ အတွက် လိုချင်တာ ဝယ်လို့ရအောင် နွေရာသီ ငွေရှာနည်းပါပဲ။ ကျွန်မ ကို ကျက်ခိုင်းတဲ့ ဘုရားစာတွေရဲ့ အနက်အဓိပ္ပါယ်တွေကိုတော့ အဘွားက အိပ်ယာဝင်ကာနီး ရှင်းရှင်းပြလေ့ ရှိပါတယ်။ ကောင်းမွန်တဲ့ အကျင့်စရိုက်ဆိုတာဘာလဲ။ ကောင်းမွန်တဲ့ စိတ်နှလုံး ဆိုတာ ဘာလဲ ဆိုတာတွေကို ဘာသာရေး အခြေပြု ပုံတိုပတ်စတွေနဲ့ ပြောပြခဲ့ပါတယ်။
           တဘက်မှာလည်း ကျွန်မ နဲ့ တစ်ခြံတည်း နေတဲ့ ကျွန်မအမျိုးတွေပါ။ ကျွန်မ ကျွန်မ မိဘတွေကို အမေ၊ အဖေလို့ ခေါ်ပြီး အဒေါ်နဲ့ ဦးလေးကို မိုးမိုးနဲ့ပါးပါးလို့ ကရင်လို အမေနဲ့အမေလို့ပဲ ခေါ်ပါတယ်။ ကျွန်မက သူတို့ အိမ်မှာလည်း အချစ်တော်ပါပဲ။ သူတို့ မိသားစုမှာ ကျွန်မ မမွေးခင်မှာ သားသမီး ၆ ယောက်ရှိနှင့်ပါပြီ ဒါပေမယ့် နောက်ဆုံး သမီးက ကျွန်မနဲ့ ၈နှစ်လောက်ကွာတော့ ကျွန်မ မွေးစကလေးက သူတို့ ၆ ယောက်လုံး အတွက် အရုပ်ရသလို ဖြစ်နေတာကြောင့် ကျွန်မရဲ့ အချိန်တော်တော်များများဟာ သူတို့ မိသားစုနဲ့ ကုန်ဆုံးပါတယ်။ သူတို့ကလည်း ဘာသာတရား ကိုင်းရှိုင်းတဲ့ မိသားစုပါပဲ။ သူတို့က ခရစ်ယာန်ဘာသာဝင်တွေပါ။ ညတိုင်း မိသားစု စုံစုံလင်လင်နဲ့ ဘုရား ရှိခိုးသလို သူတို့ အိမ်မှာ တနင်္ဂနွေတိုင်း ဘုရားရှိခိုးပါတယ်။ သူတို့ဘာလုပ်လုပ် ဘယ်သွားသွား ကျွန်မ ပါတာပါပဲ။  Sunday School လို့ ခေါ်တဲ့  တနင်္ဂနွေဘာသာရေးသင်တန်းဆိုတာ ကျွန်မ အပျော်ရွှင်ဆုံးနေရာပါ။ ကျွန်မ ငယ်ငယ် ကလေးတည်းက ဂီတကို သိပ်ကြိုက်ပါတယ်။ သီချင်းဆိုရ ကရတဲ့ Sunday School ကို ကြိုက်သလို သီချင်းဆိုပြီး ဘုရားဂုဏ်တော် ချီးမွမ်းတဲ့ ဘုရားရှိခိုးတဲ့ ပုံစံကိုလည်း သဘောကျပါတယ်။ နောက်ထပ် မိသားစု တူတူ ထိုင်ပြီး ဘုရားရှိခိုး တဲ့ ညဘက် ဘုရားရှိခိုးတဲ့ အစီအစဉ် ကိုလည်း သိပ်သဘောကျတယ်။ ပထမပိုင်းမှာ ကျမ်းစာဖတ်ပြီး ဘာသာရေး အဆုံးအမ ကို လေ့လာရစေပြီး ဘုရားဂုဏ်တော်ကို ချီးမွမ်းပါတယ် နောက် ဒုတိယ ပိုင်းမှာ ဦးဆောင် ရှိခိုးတဲ့ သူက တစ်ဦးချင်းစီ ကြုံတွေနေရတဲ့ အခက်အခဲတွေကို ဘုရားကို တိုင်တည် ပြောပြပြီး ဆုတောင်းပေးပါတယ်။ ကျွန်မရဲ့ မိုးမိုးက ဘုရား မရှိခိုးခင် ဘာဖြစ်နေလဲ ဘာဆုတောင်းပေးရမလဲလို့ မေးတတ်တာကြောင့် ဂရုစိုက်မှုအပြင် ဆုတောင်းပေးပြီးတဲ့ အခါ လုံခြုံမှုကိုပါ ခံစားရတယ်လေ။ ကလေးဆိုတော့ ကျွန်မဆုတောင်းတွေက ရယ်စရာ ဖြစ်ကောင်းဖြစ်နေပေမယ့် အလှောင်ခံရတာမျိုး မရှိခဲ့ပါဘူး။ အဲဒီတော့ အလေးထားမှုကို ကျွန်မ ခံစားရပါတယ်။
    အမေကရော မိုးမိုးကပါ ဘယ်သူကမှ ဘယ်သူ ကိုးကွယ်တဲ့ ဘာသာကို မကောင်းဘူး မပြောခဲ့ဘူးအပြင် တစ်ယောက်အလှူလုပ်ရင် တစ်ယောက် ပါဝင် ကူညီလုပ်ကိုင် နေကျ။ ဒါကြောင့် ခရစ်ယာန် ဘုရားဖြစ်တဲ့ ယေရှုကိုလည်း ကျွန်မ ချစ်သလို ဗုဒ္ဓရဲ့ အဆုံးအမကိုလည်း ကောင်းတယ်လို့ ထင်ခဲ့တာပါပဲ။ ကျွန်မ မြင်တွေ့နေရတဲ့ ပတ်ဝန်းကျင်က ဘာသာတရား နှစ်ခု လုံးကို ကိုးကွယ်နေသူ နှစ်ဘက်စလုံးက လူကောင်းတွေ ချည်းပဲလေ။ အမျိုးသမီးတွေက အမျိုးသားတွေထက် ကလေးတွေနဲ့ ပိုမိုနီးစပ်ကြပါတယ်။ စံပြ ကျင့်ကြံကျင်သုံးပြခဲ့ကြသလို ကျွန်မ မျက်စိအောက်က အဖေနဲ့ ပါးပါးကလည်း ဘုရားတရားကို  မမေ့လျော့နဲ့ သူတွေပါပဲ။ နေ့စဉ်ဘုရားရှိခိုးကြသလို မိသားစုကို ကောင်းကောင်းမွန်မွန်း စောင့်ရှောက်တဲ့ သူတွေ လူမှုရေးဖောက်ပြန်မှုမရှိတဲ့ ကျွန်မတို့ မျက်စိထဲမှာ လေးစားစရာ ကောင်းတဲ့ ဖခင်တွေပါပဲ။
ဘာသာတရား နှစ်ခုလုံးက ကျွန်မကို ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှု၊ အဆိုးနဲ့ အကောင်းဆိုတာတွေကို သင်ကြားပေးခဲ့သလို လုံခြုံမှုလည်း ပေးခဲ့ပါတယ်။ အမှန်က ရှေ့က ကျင့်သုံးလမ်းပြနေတဲ့ အဖွား၊ အမေနဲ့ မိုးမိုးရဲ့ ကိုင်းရှိုင်းမှုတွေနဲ့ ယုံကြည်မှုတွေကြောင့် ကျွန်မရဲ့ နေ့စဉ်ကလေး ဘဝမှာ ယေရှုရော ဗုဒ္ဓကိုပါ ကျွန်မ လေးစားခဲ့ပါတယ်။ ဘုရားနှစ်ပါးလုံးကို ကျွန်မ ချစ်ခင် ရိုသေခဲ့ပါတယ်။ 

(ဆက်ပါဦးမည်)

0 comments: