My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Saturday, June 15, 2013

ဘဝရဲ့ ပြူတင်းများ


           


                                               ထွက်ပေါက်မရှိသလို ခံစားရတယ်။ ငါ့တစ်ယောက်တည်း ဒုက္ခတွေပဲ လာစုကြုံနေသလား မသိဘူး ဒုက္ခတွေနဲ့ ချောင်ပိတ်မိနေတယ် ဆိုပြီး ငြီးငြူသံတွေ ကျွန်မ အခုတလော တော်တော်များများ တွေ့လာတယ်။ 
အသက်ရှူစရာ ပြူတင်းပေါက်တောင် မရှိသလိုပဲတဲ့လေ။ ဒီ ချောင်ပိတ်မိတယ် ဆိုတဲ့ သူတွေအတွက် ထွက်ပေါက်အကြောင်း တွေးမိပါတယ်။
ရန်ကုန်မှာ အခန်းရှာတော့  ကျွန်မကို တစ်ယောက်သော သူ ပြောဖူးတာ သတိရမိတယ်။ ကိုယ့်အခန်းနဲ့ကိုယ် တစ်ယောက်တည်း နေလို့ရအောင် ကြိုးစားရှာကွာ နင်က တစ်ယောက်တည်း နေတာပဲ ကောင်းတယ်တဲ့။ 
ကျွန်မက နင်ရက်စက်လိုက်တာဟာ အဲလို ငါက ပေါင်းလို့ လက်ပေါက်ကပ်တာလားလို့ ဝမ်းနည်းပက်လက် ပြန်ပြောတော့ 
ဟာကွာ.. မဟုတ်ပါဘူး။ နင် တစ်ယောက်တည်း နေတဲ့ အခါ အလုပ်ပိုဖြစ်တယ်။ စာလည်း ပိုရေးဖြစ်တယ် အဲဒါကြောင့်ပြောတာ နင်တစ်ယောက်တည်း မနေဖြစ်ကတည်းက ဘယ်မှာ အိုင်ဒီယာ ကောင်းကောင်းတွေ ထွက်လာလို့လဲ။ ငါပြောတာ ယုံစမ်းပါ နင်အတွက် တစ်ယောက်တည်း သီးသန့် အချိန် လိုတယ်။ အဲဒီအတွက် သီးသန့်အခန်းလိုတယ်။ ဒီတစ်ခါ ရန်ကုန်မှာ အခန်းငှားရင် Hall Type မငှားနဲ့ တဲ့။ ဟုတ်သားပါလား။ ကျွန်မ တစ်ယောက်တည်း နေပြီဆို ဘယ်လို စာရေးချင်လာမှန်း မသိဘူး။ ဒီလို ချရေးလိုက်ရင်လည်း ခဏလေးပဲ။ သူက ကျွန်မ အကြောင်း ကျွန်မထက်တောင် ပိုသိနေသလိုပဲ။ တစ်ခါ တစ်လေ ကိုယ့်အကြောင်း ကိုယ့်ထက် ပိုသိနေတဲ့ သူတွေ ရှိတတ်သေးတာပဲလို့ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ 

How was your day?
ကျွန်မ ပုံမှန် ဇာတ်လမ်းလေးတို အင်္ဂလိပ်စာ လေ့ကျင့်ခန်းတစ်ခုကို နားထောင်ရင်း သတိထားမိတာက အဲဒီထဲက ဇာတ်ကောင်တွေ အမြဲတမ်း ညနေဆို ကော်ဖီဆိုင်လေး တစ်ခုမှာ တွေ့ဖြစ်ကြတာ။ ပုံမှန်လုပ်နေကြမို့ ချိန်းစရာတောင် မလိုဘဲ တွေ့ဖြစ်ကြတာ။ သူတို့ စကားတွေ ပြောဖြစ်ကြတာ။ တစ်ယောက်နဲ့ တစ်ယောက် အကြံဥာဏ်တွေး ပေးကြ တစ်ယောက် အခက်အခဲကို အားလုံးက ဝိုင်းဖြေရှင်းကြတာ။ ဝိုင်းဝန်း အဖြေရှာကြတာ။ ဝမ်းနည်းတာ ၊ ပျော်ရွှင်တာတွေကို ဝေမျှ ခံစားကြတာ။ သူငယ်ချင်း အသစ်တွေ ရောက်လာ၊ သူငယ်ချင်း ဟောင်းတွေ ခွဲခွာသွားကြတာ။ ပြန်ရောက်လာကြတာ။ စတဲ့ အရာတွေနဲ့ ဇာတ်လမ်းဆင်ထားကြတာကို တွေ့ပြီး ကျွန်မ တွေးမိတာက ကျွန်မတို့ နေ့စဉ်ဘဝမှာ တစ်ယောက်တည်း ရပ်တည်လို့ မရတာ ကျွန်မတို့ လက်ခံနိုင်ဖို့ လိုပါတယ်။ လွတ်လွတ်လပ်လပ် တစ်ယောက်တည်း နေရတာ ကောင်းပေမယ့်။ တခါတလေ ကိုယ့် မျက်ချေးကိုယ်မမြင်သလို ကိုယ်လွဲနေတာလေးတွေ ထောက်ပြဖို့ ဘေးလူတွေ လိုပါတယ်။ ဘယ်လောက်ပဲ independent ဖြစ်ပါတယ် ဆိုသူလည်း အမှားမကင်းတာမို့ ကိုယ့်ကို စေတနာအမှန်နဲ့ ထောက်ပြတဲ့ သူတွေ ရှိဖို့ ပတ်ဝန်းကျင်ကောင်းလေး ဒါမဟုတ် အရင်းနှီးဆုံးလူတွေတော့ လိုအပ်ပါတယ်။ အဲဒီ လူတွေကို တန်ဖိုးထား ဂရုစိုက်ဖို့လည်း လိုပါလိမ့်မယ်။ မိသားစုနဲ့ နေတဲ့သူတွေ ဆိုရင် ကိုယ်သတိမထား မိပဲ ကိုယ်တစ်ခုခု အဆင်မပြေတော့ဘူးဆိုရင် သူ့အလိုလို သိပြီး ဘာဖြစ်နေလဲလို့ မေးတာမျိုး တစ်ခေါက်မဟုတ် တစ်ခေါက် ကြုံဖူးမှာပါပဲ။ 

လူတစ်ယောက်မှာ ဘာဖြစ်နေလဲ။ အဆင်ပြေလားလို့ မေးပေမယ့်သူ လိုအပ်ပါတယ်။ ချောင်ပိတ်မိသူတွေ ဆိုတဲ့ သူတွေ ကိုယ့်ကိုကိုယ် ပြန်မေးဖို့က ကိုယ်မှာ အဲဒီလိုလူ ရှိပါသလား ဆိုတာပါပဲ။ 
ဘယ်လိုလဲ ဒီနေ့ အဆင်ပြေရဲ့လားလို့ မေးလာသူကို ကိုယ် အကြောင်း ရင်ဖွင့် ပြောရင်း ကိုယ့်လိုအပ်ချက်တွေကို ကိုယ့်ဘာသာ ပြန်မြင်လာပြီး အဖြေကို ရှာတွေ့သွားလို့ ထွက်ပေါက် တွေ့သွားတာမျိုးလဲ ဖြစ်နိုင်ပါသေးတယ်။  
 တစ်ခါတလေ ကိုယ်က ဘာမှကို မပြောပြ ချင်လောက်အောင် စိတ်ဓါတ်ကျနေတဲ့ အချိန်မှာ ကိုယ့်ကို အဲဒီလို လာမေးတာ စိတ်ပိုဆိုးစေတယ်လို့ ကိုယ်ထင်မိပေမယ့် ကိုယ်မသိစိတ်ကတော့ ကိုယ့်ကို ဂရုစိုက်တဲ့သူ တစ်ယောက်တော့ ရှိသေးပါလား ဆိုပြီး ကိုယ်တောင် မသိလိုက်ပဲ စိတ်နဲနဲပြေသလို ခံစားမိသွားတာမျိုးလည်း ရှိပါတယ်။
ကိုယ့်အကြောင်းကို ကိုယ့်ထက်ပိုသိတဲ့သူ လောကကြီးထဲမှာ ရှိပါတယ်။ သူ့ကို တန်ဖိုးထားပြီး ဆက်ဆံပါ။ သူဟာ ကိုယ့်ရဲ့ ထွက်ပေါက်ပါပဲ။ ကိုယ်လည်း သူ့ရဲ့ ထွက်ပေါက်ဖြစ်အောင် ပြန်ကြိုးစားရင်း ဘဝမှာ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ဖေးမရင် အကောင်းဆုံးပါပဲ။
နေ့တစ်နေ့တာမှာ “ How was your day?” လို့ မေးမယ့်သူ တစ်ယောက်တော့ လူတိုင်းအတွက်လို အပ်ပါတယ်။ 

Do it yourself
ကျွန်မ ထိုင်းမှာ နေတုန်းက အကြောင်းလေးကို သတိရပါတယ်။ ကျောင်းနားက အဆောင်မှာ နေတုန်းက အခန်းမှာ တစ်ခုခု ဖြစ်ရင် အောက်က service ကို ဖုန်းခေါ်လိုက်ရုံဆိုတော့ အပြင်လောက အကြောင်း ကျွန်မ မသိပါဘူး။  ရွေ့ပြောင်းအလုပ်သမားလေးတွေကို စာသင်ပေးတဲ့ ဖောင်ဒေးရှင်း တစ်ခုမှာ ကျွန်မ ဗော်လံတီယာ လုပ်မှ အပြင်လောကနဲ့ စပြီး ထိတွေ့ပါတော့တယ်။ ဖောင်ဒေးရှင်းက သူတို့ ကျောင်းနားမှာ အိမ်ငှားနေလို့ရအောင် သူ့တို့ ဖောင်ဒေးရှင်းရဲ့ ဗော်လံတီယာ ၂ ယောက်ဖြစ်တဲ့ ကျွန်မနဲ့ ပြင်သစ်သူ တစ်ယောက်ကို စီစဉ်ပေးပါတယ်။ 

အိမ်ကလေးက အပေါ်ထပ်မှာ ၂ ခန်းပါလို့ အဆင်ပြေသလို။ အခန်းတိုင်းက ဝရန်တာလေး ကိုယ်စီပါတာမို့ ကျွန်မတို့ စိတ်ကြိုက်ပါပဲ။ အောက်ထပ်မှာလည်း ဧည့်ခန်းနဲ့ နောက်မှာ မီးဖိုချောင်လေးပါသလို အပေါ်မှာရော အောက်မှာပါ ရေချိုးခန်း ပါတော့ ကောင်းပါတယ်။ ဒါပေမယ့် လူနေပြီးသားမို့ သစ်သစ်လွင်လွင်တော့ မဟုတ်ပါဘူး။ အောက်ထပ်က ပိုနေမှာမို့ ကျောင်းက နေစရာ နေရာ အခက်အခဲ ရှိတဲ့ ကလေးတချို့ ကို လာနေဖို့ ကျွန်မတို့ နှစ်ယောက် သဘောတူပြီး ဖိတ်လိုက်တာမို့ အောက်ထပ်ကို ကျောင်းသားတွေ သူတို့ ဘာသာ လာသန့်ရှင်းရေး လုပ်ပါတယ်။ အပေါ်ထပ်ကတော့ ကျွန်မတို့ နှစ်ယောက်ကိုယ့် ဘာသာပဲ လုပ်ကြတာပေါ့ လို့ ပြောထားပါတယ်။ 
အိမ်က ပရိဘောဂ ဘာမှ မပါတဲ့ အိမ်သက်သက်ပါ။ အဲဒီမှာ ကျွန်မတို့ စတွေ့တာပဲ။ ကိုယ့်အခန်းကို ကိုယ်နေပျော် စရာ ဘယ်လို လုပ်မလဲ ဆိုပြီး စဉ်းစားတဲ့အခါ ကျွန်မက ကူလုပ်ဖို့ အခန်းဆေးသုတ်ဖို့ လူခေါ်တာ ဈေးကြီးပြီး  အဆင်မပြေ။ ကျွန်မ လူရှာနေတုန်းမှာပဲ ကျွန်မ သူငယ်ချင်း ပြင်သစ်သူကတော့  သူ့အားသူကိုးပြီး ကိုယ့်ပတ်ဝန်းကျင်က ရှိတဲ့ ပစ္စည်းလေးတွေ ဝယ်လို့ အလွယ်တကူရနိုင်တာလေးတွေနဲ့ သူ့အခန်းလေးကို သူလှအောင် လုပ်တော့တာပါပဲ။
ကျွန်မ သူ့ကို ကြည့်ပြီးမှ ကိုယ့်အားနည်းချက် ကိုယ်သိလာပါတယ်။ သူလည်း မိန်းကလေး ကျွန်မလည်း မိန်းကလေး သူလုပ်နိုင်တဲ့ အရာတွေ ကျွန်မ မလုပ်နိုင်စရာ မရှိပါဘူး။ ကျွန်မ လုပ်ရကောင်းမှန်း မသိတာပါ။ Idea မရှိတာပါ။ 


ကျွန်မက နင်တော်လိုက်တာ။ ငါ လူရှာမရလို့ ဘာလုပ်ရမှန်း မသိတဲ့ အချိန်မှာ နင့်အခန်းလေး နေပျော်စရာ ဖြစ်အောင် နင်ပြင်လိုက်ပြီ။ ငါ့ကိုလည်း အကြံပေးပါ ပြောပြပေးပါဦး လို့ ဆိုတော့ ကျွန်မကို သူက အံ့သြတကြီး ကြည့်ပါတယ်။ ပြီးတော့ ဖြူဖြူရယ် နင်ဘာလုပ်ချင်လည်း လုပ်ချင်တာကို Google မှာ ရှာပြီး ဘယ်လို ကိုယ့်ဘာသာ ကိုယ်လုပ်ရမလဲ ဆိုတာ ရှာလိုက်ရုံပေါ့။ လူရှာလို့ မရတဲ့ အဆုံး ကိုယ့်ဘာသာ လုပ်ရတော့မှာမဟုတ်လား။ Key က နင်ရှာရင် Do it yourself ဆိုတဲ့  ရည်မှန်းချက်လေး ထည့်ပြီး ကိုယ်တိုင်ဘယ်လို လုပ်ရမလဲ ဆိုတာတွေကို ရှာကြည့်လေတဲ့။
အဖြေက အဲဒါပါပဲ။ တစ်ခါတစ်လေ ကိုယ်က ပေးထားချက်တွေကို ပြောင်းမရတဲ့ အခါမှာ ကိုယ့်ကို ပေးထားတဲ့ အခြေအနေထဲက ကိုယ်ပြောင်းလဲချင်တဲ့ အရာတွေကို ရအောင် ဘယ်လို ပြောင်းမလဲဆိုတာ ကို ဘက်စုံ ထောင့်စုံက မစဉ်းစားဘဲ။ ဘေးကိုချည်း လိမ့်ကြည့် အခြေအနေကိုပဲ အပြစ်တင်ပြီး ကိုယ့် အရည်အချင်းတွေကို အစွမ်းကုန် ထုတ်မသုံးမိ သုံးရကောင်းမှန်း မသိ ဖြစ်ရင် ကိုယ်ပြောင်းလဲ ချင်တဲ့ အခြေအနေတစ်ခုကို ဘယ်လိုမှ ပြောင်းလဲလို့မရဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်အားကိုယ်ကိုးတတ် ဖို့လိုပါတယ်။ 
ကိုယ့်ဘဝမှာ ကြုံလာသမျှကို ကိုယ်ပိုင် အရည်အချင်းတွေကို အကောင်းဆုံး ထုတ်သုံး ကိုယ့်ပတ်ဝန်းကျင့် အခွင့်အလမ်းတွေကို မြင်အောင်ရှာပြီး ဖောက်ထွက် စဉ်းစားလုပ်ဆောင် ကိုယ့်အားကိုယ်ကိုးစိတ်နဲ့ ကြိုးစား နိုင်ရပါမယ်။ 
ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိပြီး ကိုယ့်အားကိုယ်ကိုး ကိုယ့်အစွမ်းအစကို အစွမ်းကုန် ထုတ်သုံးတတ်ဖို့လိုပါတယ်။  သူ အဲဒီ တစ်ခွန်းသင်လိုက်တဲ့ အချိန်က စပြီး ကျွန်မ တစ်ခုခုဆို ကိုယ့်အားကိုယ် အရင်ကိုး ကြည့်တတ်ခဲ့တာ အခုချိန်ထိပါပဲ။  အနည်းဆုံးတော့ ကိုယ့်အိမ်ခန်းလောက်ကိုတော့ ကိုယ်ဘာသာ ကောင်းကောင်း အလှပြင်တတ်လာတယ်။ အဲဒီ အိမ်လေးမှာ တုန်းကဆို ပန်းကြိုက်တဲ့ ကျွန်မ ကိုယ့် ဝရန်တာမှာ ပန်းခြံလေးလို ဖြစ်လာအောင်ကို အတတ်ဆန်း တတ်လာပါတယ်။ အင်း… ဝန်ခံရမယ့်ဆို အဲဒီ ပန်းခြံလေးကို ပထမဆုံး စိုက်တော့ ကိုယ့်အားတစ်ခုတည်း မဟုတ်ဘူး ဝါသနာတူလို့ ကူညီပေးတဲ့ သူတော့  မမျှော်လင့်ပဲ ပါခဲ့ပါတယ်။ အမှတ်တရပါ။



ကိုယ့်အားကိုယ်ကိုးရင်း တစ်ချို့အရာတွေမှာ ကိုယ်အားကိုးရတဲ့ သူတွေနဲ့ အတူရင်ဆိုင်ရင်း ဘဝရဲ့ ထွက်ပေါက် ဆိုတဲ့ အရာကို ရှာဖွေ တွေ့ရှိ နိုင်မှာပါ။ ဘဝဆိုတဲ့ အရာဟာ ကြိုးတန်း လမ်းလျှောက်နေရသလို ပြိုလဲ ကျမသွားဖို့ ဘဝရဲ့ ချောင်တွေမှာ ပိတ်မိမနေဖို့အတွက် ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ရဲ့ Balance ကို ထိန်းထားဖို့က အရေးအကြီးဆုံးပါပဲ။ နေပျော်တဲ့ ဘဝကို ပိုင်ဆိုင်ကြပါစေလို့..

ခင်မင်စွာဖြင့် …

0 comments: