My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Sunday, April 28, 2013

နေ့စဉ်လိုတဲ့ ရေ





 ထမင်းအသက် ခုနစ်ရက်.. ရေအသက် တစ်မနက် လို့ ကျွန်မတို့ မြန်မာ ဆိုရိုးစကား ရှိပါတယ်။ မနက်မိုးလင်းတာနဲ့ စပြီး ကိုယ် ထိတွေမိတဲ့ အရာက ရေပါပဲ.. လူတိုင်း ရေသောက်၊ မျက်နှာသစ်၊ သွားတိုက် လုပ်ကြတယ်… နောက်ဆုံး အိပ်ယာဝင်တဲ့ အထိ ရေနဲ့ လုံးဝ မထိတွေ မိတဲ့ နေ့ဆိုတာ မရှိတာ အမှန် ပါပဲ။ ဒါကြောင့် သောက်ရေ အပြင် သုံးရေရော.. ရေ ဆိုတာ ကျွန်မတို့ နေ့စဉ် ဘဝ တွေမှာ မရှိမဖြစ် အရေးပါနေတာပါ။ ပုံမှန် ရေနဲ့ ဘယ်လိုပဲ ထိတွေ့ နေနေ… သူ့ရဲ့ အရေးပါမှုကိုတော့ တွေးဖို့ ကျွန်မတို့ မေ့နေတတ်ကြပါတယ်။
အခုလို နွေရာသီကို ရောက်လာပြီ ဆိုမှဖြင့် … ရေရှားပါးလာတာကြောင့် အခက်အခဲတွေ ကြုံလာမှဖြင့် သတိထား လာမိတတ်ကြပါတယ်။ ကြီးမားလှတဲ့ အင်းလေးကန်ကြီးတောင် ရေတွေခမ်းလို့ ရေကို အမှီပြု သွားလာနေထိုင်ရတဲ့ ဒေသခံတွေမှာ အခက်အခဲတွေ တွေ့ရတဲ့ အသံတွေ၊ မြို့ပေါ် လူတွေက လောပိတ ရေအားနည်းလို့ လျှပ်စစ်မီးမလာ ရေတင်ရခက်ခဲ သုံးရေ အတွက် အခက်တွေ့ရ၊ ချောင်းရေ အားကိုရတဲ့ နယ်တွေမှာလည်း ချောင်းတွေက ရေတွေခမ်းလို့ အခက်အခဲကြုံ နွေဆို တောရော မြို့ပါ ရေဒုက္ခသံတွေ အလျှိုလျှိုပေါ်လာတော့ တာပါပဲ။ ရေခန်းလို့  လျှပ်စစ်မီးတွေ ပြတ်ပြီ၊ ဘယ်နေရာမှာဖြင့် သောက်သုံးရေ အခက်အခဲ တွေ ကြုံတွေ့နေရလို့ ကူညီကြပါဦး ဆိုတဲ့ အသံတွေ တစ်နှစ်ထက် တစ်နှစ် ပိုညံလာ ပိုကြားလာရတာကို သတိထားမိမှာပါ။ ကျွန်မတို့ နေထိုင်ရာ ကမ္ဘာမြေကြီးဟာ ပူသထက်ပိုပူလာပါပြီ။ ရာသီဥတုတွေကလည်း ဖောက်ပြန်လာပြီး တကယ်လို့သာ နွေတာ ရှည်လာမယ်ဆို ဘယ်လိုလုပ်မလဲ။ မိုးပိုခေါင်လာမယ်ဆို ဘယ်လိုလုပ်မလဲလို့ ကျွန်မ တစ်ယောက်တည်း အလန့်တကြား တွေးမိပါတယ်။
ကျွန်မတို့ နေ့စဉ် သုံးစွဲနေတဲ့ ရေကို ဘယ်က ရသလဲဆိုရင် ရေပိုက်ကရတယ်။ သောက်ရေကို ရေသန့်ကုမ္ပဏီက ရတယ် ဆိုတာမျိုး ထက် ပိုပြီး အဲဒီရေတွေ ရရှိတဲ့ အခု ကျွန်မတို့ သုံးစွဲနေတဲ့ ရေကို ရရှိတဲ့ ရေရဲ့ အရင်းအမြစ် တွေ အကြောင်း စဉ်းစားမိပါတယ်။



ကျွန်မတို့ ငယ်ငယ်က ကျောင်းစာထဲမှာ သင်ခဲ့ဖူးပြီးသားပါ။ ရေကို မိုးရေ၊ မြစ်တွေ၊ ချောင်းတွေ၊ ရေအိုင်တွေ ကအပြင် အဝီစီတွင်းတွေ တူးလို့ မြေအောက်ရေ အထိ ထုတ်ယူ သုံးစွဲကြပါတယ်။ ကမ္ဘာကြီးရဲ့ ၇၁ ရာခိုင်နှုန်းဟာ ရေနဲ့ ဖုံးလွှမ်းနေတာမို့ ရေရှားလာမယ်လို့ ပြောတာ ယုံနိုင်စရာ မရှိဘူးလို့ ပြောလို့ရနိုင်ပေမယ့် တကယ် ကျွန်မတို့ သောက်နိုင် သုံးနိုင်တဲ့ ရေပမာဏကတော့ နည်းသထက် နည်းလာတာ မျက်မြင်ပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့  ကျွန်မတို့ တကယ် သုံးစွဲနိုင်တဲ့ ရေတွေဟာ ရေခဲတောင်၊ မြေအောက်ရေ၊ မြစ်၊ ချောင်း၊ အင်းအိုင်တွေက ရတဲ့ ရေတွေပဲ ဖြစ်ပြီး ဆားဓတ်ကဲတဲ့ ပင်လယ် သမုဒ္ဒရာ ထဲက ရေတွေကတော့ သောက်နိုင် သုံးနိုင်တဲ့ ရေ မဟုတ်ပြန်ပါဘူး ဒါကြောင့်  ဖုံးလွှမ်းထားတဲ့ ရေပမာဏ ထဲက သမုဒ္ဒရာရေ ပမာဏက နဂိုကတည်းက များတာမို့ ၉၈ရာခိုင်နှုန်းခန့်ရှိပြီး  ကမ္ဘာပေါ်မှာ သောက်သုံး သုံးစွဲနိုင်တဲ့ ရေ ဆိုတာ ရေပမာဏရဲ့ ၂  ရာခိုင်နှုန်းသာ ရှိတာပါလို့ ပညာရှင်တွေက ဆိုကြပါတယ်။

ခုဏ သုံးစွဲနိုင်တယ်ဆိုတဲ့ ရေပမာဏဟာ အစဉ်မပြတ်ဆိုသလို ရေခဲလိုက်၊ ရေငွေပြန်လိုက်၊ တိမ်တွေ ဖြစ်လိုက်၊ မိုး အဖြစ်ရွာချလိုက်၊ မြေအောက်ရေ ဖြစ်လိုက်နဲ့ လှည့်ပတ်နေတာပါပဲ။ အဲဒီလို လှည့်ပတ်နေတဲ့ ရေပမာဏဟာ ပျက်စီးလာတဲ့ သဘာဝ ပတ်ဝန်းကျင်၊ တိုးတက်လာတဲ့ စက်မှု အလုပ်ရုံတွေက ရေကို သုံးစွဲလာမှု ပိုများများပြားလာမှုတွေ ၊ လေထု ညစ်ညမ်းမှုတွေ ကြားမှာ သုံးစွဲနိုင်တဲ့ ရေ.. ရေသန့် အဖြစ်ကနေ ရေဆိုး၊ရေညစ်အဖြစ် ပြောင်းလဲ ကုန်ကြရတာတွေ ရှိသလို၊ ရေသံသရာ တစ်ပတ်မလည်နိုင် ဖြစ်ရတာတွေလည်း ရှိပါတယ် လူတွေရဲ့ သုံးစွဲမှု ပမာဏကလည်း တဖက်က မြင့်သထက် မြင့်လာပြန်ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အကြီးအကဲ တစ်ဦးဖြစ်တဲ့ အစ္စမေးလ် စေရာဂျဲလ်ဒင် ကဆိုရင် “ ဒီရာစုနှစ်ရဲ့ စစ်ပွဲတွေဟာ လောင်စာအတွက် ဆိုရင်၊ နောက်ရာစု နှစ်ရဲ့ စစ်ပွဲတွေဟာ ရေအတွက် ဖြစ်လိမ့်မယ်” လို့တောင် ဟောကိန်းထုတ် ပြောဆိုခဲ့တဲ့ အထိ ရေချိုအရင်းအမြစ်ဟာ ကမ္ဘာမှာ နည်းပါးလှတာကို သတိပြုမိ စေချင်ပါတယ်။ 

အခုလက်ရှိပဲ ကျွန်မတို့ မြန်မာနိုင်ငံမှာ  မျက်မြင်တွေ့နေရတဲ့ ကိုယ်ဒေသမှာ ရှိတဲ့ မြစ်တွေ၊ ချောင်းတွေက ရေတွေ ခန်းလာတာ ညစ်ညမ်းလာပြီး သုံးလို့မရတော့တာ။ ရေပေးဝေနေတဲ့ အရင်းအမြစ်က ရေတွေ နဲလာတာကြောင့် ရေတွေ ရှားလာတဲ့ အခြေအနေတွေဟာ ကျွန်မတို့ နေ့စဉ်ဘဝ ရေရှားပါးမှု ပြဿနာအဖြစ် ချိန်းခြောက်လို့ လာပါပြီ။ 

ကျွန်မတို့ကို ချိန်းခြောက်လာနိုင်တဲ့ နောက်ထပ် အကြောင်းအရာ တစ်ခုကတော့ ရေအရင်းအမြစ်တွေဟာ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ လက်ဝါးကြီး အုပ်မှုကို ခံနေရတာပါပဲ။ တခြား ကမ္ဘာနိုင်ငံ အသီးသီးမှာ ဖြစ်ပျက်ပြီးသားတွေပါ။ ၂၀၀၃ ခုနှစ်လောက်ကပဲ အိန္ဒိယ ပန်ချရပ်ပြည်နယ် မှာ ကိုကာကိုလာ စက်ရုံဘေးနားက ဒေသခံတွေဟာ အချိုရည်စက်ရုံက မြေအောက်ရေကို တရားလွန် စုတ်ယူသုံးစွဲတဲ့အပြင် စက်ရုံရဲ့ ဘေးထွက် ပစ္စည်းတွေကြောင့် ရေတွေကလည်း ညစ်ညမ်းကုန်လို့ ရေရှားတာကို ကြုံတွေ့လာရတဲ့အပြင် ရေနဲ့ ဆက်စပ်တဲ့ ရေဂါတွေပါ ဖြစ်လာတာမို့ ဒေသခံတွေက ကိုကာကိုလာကို ဆန္ဒပြခဲ့ကြပါတယ် ဒေသခံအစိုးရကလည်း စုံစမ်းစစ်ဆေးပြီးတဲ့နောက် ကိုကာကိုလာ စက်ရုံလည်ပတ်ခွင့်ကို ရပ်ဖြစ်လိုက်ရတဲ့ အထိ ဖြစ်ပွားခဲ့ကြပါတယ်။ 


ချိန်းခြောက်နေတဲ့  နောက်ထပ်  အခြေအနေ တစ်ခုကတော့ ရေသန့်တွေ ရှားပါးလာတဲ့ ဒဏ်ကို ဖြေရှင်းဖို့ အလွယ်နည်းကို လိုက်လို့ပဲ ဖြစ်ဖြစ်၊ နောက်ထပ် ဈေးကွက်စီးပွားရေးရဲ့ လုပ်ဆောင်ချက် တစ်ခု အနေနဲ့ပဲ ဖြစ်ဖြစ် နိုင်ငံတွေရဲ့ အစိုးရတွေဟာ ပြည့်သူ့ရေးရာ ဝန်ဆောင်မှု တစ်ခု ဖြစ်တဲ့ ရေချိုပေးဝေရေး ကို ပုဂ္ဂလိကကို လွဲပေးလိုက်တတ်တာပါပဲ။ ပုဂ္ဂလိကကို လွဲပေးလိုက်တယ် ဆိုတာ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ စီးပွားရေး အဖြစ် လက်ထဲထည့်ပေးလိုက်တာပါ။ အဲဒီရဲ့ နောက်ဆက်တွဲမှာ ကျွန်မတို့ ရေသုံးစွဲဖို့ ပေးရတဲ့ ငွေပမာဏဟာ အခုထက် ပိုပြီး ပေးဆောင် လာကြရတော့ တာပါပဲ။ ဥပမာ ပြောရမယ်ဆိုရင် ၁၉၉၉ ခုနှစ် လောက်တုန်းက ဘိုလီးဗီးယားနိုင်ငံ ကိုချာဘမ်ဘာမြို့အတွက် ရေပေးဝေရေး လုပ်ငန်းကို အစိုးရက ကုမ္ပဏီလက်ထဲကို ထည့်လိုက်တဲ့ အခါ ပြည်သူလူထုတွေ ပေးရတဲ့ ရေခွန်ဟာ နဂိုထက် အဆ ၂၀၀ ထိုးတက်သွားခဲ့ပါတယ်။ ဒါပေမယ့် ရေမရှိဘဲ ဘယ်သူကများ အသက်ရှင် နေနိုင်မှာလဲ။ မဝယ်ဘဲ ဘယ်လို နေလို့ ရမှာတဲ့လဲ။ ဒေသခံတွေဟာ သူတို့ဝင်ငွေရဲ့ ရာခိုင်နှုန်း တော်တော်များများကို ရေအတွက် ပေးဆောင်ရတာနဲ့ စားဝတ်နေရေး ခက်ခဲလာ ပိုပြီး ဆင်းရဲကြပ်တဲ့ ဒဏ်တွေကို ခံစားရတော့တာပါပဲ။ နောက်ဆုံး ဒေသခံတွေ ဘယ်လိုမှ မခံမရပ်နိုင်လို့ သူတို့ အစိုးရကို  သူတို့ ဒုက္ခတွေကို ချပြ ဆန္ဒပြ တိုက်ပွဲဝင် တောင်းဆို ခဲ့ကြတာ တစ်ချို့ဆို အသက်တောင် ပေးခဲ့ရပါတယ်။ ရေအတွက် အသက်ပေးခဲ့ရတဲ့ သူတွေ ရှိပေမယ့် နောက်ဆုံးတော့ လူထုတကယ် ခံစားနေရတာ ထင်ရှားလို့ အစိုးရကိုယ်တိုင် ပြန်လိုက်လျောပေးခဲ့ရပါတယ်။
ဒီနေ့ကျွန်မတို့ ရေရှားပါးမှု ပြဿနာကို အနည်းနဲ့အများ လူတိုင်း မျက်မြင်ကြုံတွေ့နေရတဲ့အပြင် ပညာရှင်တွေက ၂၀၂၅ မှာ ကမ္ဘာလူဦးရေရဲ့ တစ်ဝက်ဟာ နေ့စဉ် ရေရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်လာရပါလိမ့်မယ်လို့  ဆိုလာကြပါတယ်။ 

ဒါကြောင့် ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို အတတ်နိုင်ဆုံး ကာကွယ်ဖို့ ကျွန်မတို့ မှာ တာဝန်ရှိပါတယ်။
 
 အဓိက သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေ ကြီးထွားလာတာတွေ၊ သစ်တောပြုန်းတီးမှု၊ Climate  Change ပြဿနာတွေကလည်း ရေရှားပါးအမှုပြဿနာရဲ့ အရင်းအမြစ်တွေပါပဲ။  

ဒီအဖြစ်အပျက်တွေရဲ့ အကျိုးဆက်တွေကို ခံစားနေရသူတွေထဲမှာ တိုက်ရိုက်ခံစားနေရတဲ့ သူတွေမှာ အမျိုးသမီးတွေပါ ဝင်ပါတယ်။  နေ့စဉ် မိသားစုဝင် အားလုံးရဲ့ စားဝတ်နေရေးအတွက် အိမ်မှာ စီမံ ခန့်ခွဲရသူတွေကလည်း အမျိုးသမီးတွေပါပဲ။  ထမင်းချက်၊ အဝတ်လျှော် စတဲ့ ရေအများဆုံး သုံးစွဲရတဲ့ ကိစ္စတွေကို စီမံနေရတာ ကျွန်မတို့ အမျိုးသမီးတွေပါပဲ။ အိမ်မှာ သောက်ရေ မရှိရင်တောင် ပူပန်ရတာ ကျွန်မတို့ အမျိုးသမီးတွေပါပဲ။ နယ်တွေမှာ ရွာတွေမှာ သွားကြည့်ပါ ရေခပ်ဆင်းတယ် ဆိုတဲ့ သူ အများစုကလည်း ကျွန်မတို့ အမျိုးသမီးတွေလေ။
ရေရှားပါးမှု ပြဿနာဟာ ကျွန်မတို့ အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝကို အများကြီး သက်ရောက်လာနိုင် သလို။  ရေကို စနစ်တကျ စီမံ သုံးစွဲနိုင်မှုကြောင့် ရေချို ဆုံးရှုံးမှုတွေကို အထိုက်အလျောက် ကာကွယ်ပေးနိုင်တာကလည်း ကျွန်မတို့ အမျိုးသမီးတွေပါပဲ။ ဒါကြောင့် ကျွန်မတို့တွေဟာ ရေချို ရဲ့ တန်ဖိုးကို နားလည်ပြီး ရေဖြုန်းတဲ့သူ မဖြစ်ရအောင် ရေကို အလေအလွင့် မရှိ သုံးစွဲရင်း ကမ္ဘာကို အကျိုးပြုသူတွေအဖြစ် တစ်ဘက်တလမ်းက ပါဝင်ကြရအောင်။ တနည်းပြောရရင် အစ္စမေးလ် စေရာဂျဲလ်ဒင် ပြောသလို စစ်မဖြစ်လာဖို့ တစ်ဖက်တလမ်းက ကာကွယ်ပေးတဲ့ သူတွေအဖြစ် ဂုဏ်ယူကြရအောင် နေ့စဉ် ရေချို ကို ချိုးခြံချွေတာပြီး အလေ့အလွင့် မရှိအောင် သုံးစွဲတဲ့ အလေ့အထလေးတွေကို ရှာဖွေ စဉ်းစားရင်း ကျင့်သုံးကြရအောင်နော်။
ခင်မင်စွာဖြင့် 


References: Wiki , Troubled Water (ရေပေးပါ)

0 comments: