My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Wednesday, April 17, 2013

ဓလေ့





နှစ်သစ်… မနက်ခင်း။ အိပ်ယာက နိုးနိုးချင်း ခေါင်းထဲမှာ နှစ်သစ်ရောက်ပြီလို့ တွေးမိတယ်။ နားထဲမှာ ငှက်သံတွေ ၊ ခေါင်းရင်းနားက အပင်ပေါ်က ရှဉ့်လေးတွေရဲ့  အသံနဲ့ ကားသံသဲ့သဲ့ကို နားထောင်ရင်း နောက်ပြီး ဆက်တွေးမိတာက နှစ်သစ်မှာ ငါဘာလုပ်မလဲ။ ဘယ်လို နှစ်သစ် ဖြစ်စေချင်တာလဲဆိုတာပါပဲ။ 
ကျွန်မ စိတ်ထဲက ငြိမ်းချမ်းခြင်းကို တည်ဆောက်ရင်း ကမ္ဘာကြီးကို ငြိမ်းချမ်းတဲ့ ကမ္ဘာကြီး ဖြစ်ဖို့ ကျွန်မရဲ့ ပတ်ဝန်းကျင်လေးကနေ စပြီး တည်ဆောက်နိုင်တဲ့သူ ဖြစ်အောင် လုပ်မယ်။ ကျွန်မ အသက်ရှင် နေထိုင်တဲ့ အချိန်မှာ တတ်နိုင်သမျှ တာဝန်ကျေတဲ့ သိတစ်ယောက် ဖြစ်ချင်တယ်။ ကျွန်မရဲ့ လက်တွေ သန့်ရှင်း ချင်တယ်။ ကျွန်မရဲ့ ခြေလှမ်းတိုင်းဟာလည်း ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းမှု ကပ်ပါလာစေချင်တယ်။ ဒီလောက်ပါပဲ။ 
ဘဝရဲ့ အဓိပ္ပါယ်ကို ကျွန်မတို့ လူသားအားလုံး ရှာဖွေ နေကြတာပဲ မဟုတ်လား အသက်ရှင် နေထိုင်ချိန်မှာ ကျွန်မ ရှာဖွေ နေဦးမှာပါ။ 
နှစ်သစ်ကူး နေ့မှာရော ဘာလုပ်မလဲ...။  ကျွန်မ ဝယ်ထားတဲ့ ကင်ပွန်းသီးခြောက်တွေနဲ့ နွှာပြီးသား တလျှော်ခြောက်တွေကို ရေဆေးလိုက်တယ်။ ကော်ဖီဖျော်ပြီး တလျှော်ကို ရေစိမ်၊ ကွန်ပွန်းသီးကို ပြုတ်ထားပြီး သင်္ကြန်အကျနေ့တုန်းက ထိုးထားတဲ့ သင်္ကြန်အကြိုပန်းအိုးကို စွန်ဖို့ ပြင်လိုက်တယ်။
ကျွန်မ ကိုယ့်ဘာသာ သတိထားမိတဲ့ အချက်က ကျွန်မ မေမေတို့နဲ့ အတူနေတုန်းက ဒါ မေမေလုပ်နေကျ အလုပ်တွေပဲ။ ကျွန်မ အဖွားတုန်းကလည်း လုပ်ခဲ့တယ်။ အခု ကျွန်မ တစ်ယောက်တည်း ခွဲနေတော့ … ကျွန်မကို ဘယ်သူမှ မတိုက်တွန်းဘဲ လိုက်လုပ်မိတယ်။ ဒါ သူ့ဘာသာသူ လက်ဆင့်ကမ်းခဲ့တာပေမယ့် တစ်ယောက်တည်း နေတဲ့ ကျွန်မကို ဘယ်သူကမှ လိုက်လုပ်ဖို့ မတိုက်တွန်းပါဘူး။ ဒါပေမယ့် ကျွန်မ ခေါင်းထဲမှာ သူ့ဘာသာသူ စွဲလာတဲ့  ဓလေ့ပါ။
နှစ်ဆန်း တစ်ရက်နေ့မှာ .. အိမ်က ဘုရားကို ရေသပ္ပါယ်တယ်။ အဲဒီလို ရေသပ္ပါယ်ဖို့အတွက် တရော်ကင်းပွန်းရည်ကို အသန့်စင်ဆုံးဖြစ်အောင် ကိုယ်တိုင် အိမ်မှာ လုပ်တယ်။ အိမ်က ဘုရားကို ရေသပ္ပါယ်ဖို့ အပြင် အိမ်က မိသားစုဝင်တွေရော ဘေးအိမ်တွေရောကို ခေါင်းလျှော်ရည်အဖြစ် လှူပါတယ်။ ဒါဟာ နှစ်သစ်မှာ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောရင်း ကုသိုလ်ယူကြတာပါ။ အဲဒီလို ကုသိုလ်ယူတဲ့ အချိန်မှာ လူစိတ်ဟာ ငြိမ်းချမ်းလာပြီး နှစ်သစ်မှာ မကောင်းတဲ့ အကျင့်တွေကိုပါ ထားခဲ့ပြီး ကောင်းမွန်အောင် နေဖို့ပါ တွေးမိစေတယ် ဒါကြောင့်ကိုယ်လဲ အဲဒီလို ကုသိုလ်ရ တွေးမိအောင် ကိုယ့် ပတ်ဝန်းကျင်က လူတွေလည်း အဲဒီလို ဖြစ်အောင် ကုသိုလ်ဆက်ကြရတယ်တဲ့။  ဒါ အဖွားနဲ့ အတူ အမေနဲ့အတူ အရင်က ကူညီရင်း ကလေးပီပီ စပ်စုလို့ ဒါဘာဖြစ်လို့ လုပ်ရသလဲ ဆိုတာကို မေးတဲ့အခါ သူတို့ စိတ်ရှည်လက်ရှည် ပြန်ဖြေပေးခဲ့လို့ ကျွန်မ ခေါင်းထဲ စွဲနေခဲ့တာပါ။ ဒါကြောင့် ဒီ နှစ်သစ်ကူး ဓလေ့လေးကို ကျွန်မ နှစ်သက်ပြီး ဆက်ပြီး ထိန်းသိမ်းမိတာပါ။ နောက်တစ်ခုက အဲဒီလို ဓလေ့ကို လုပ်ဖြစ်တဲ့ အခါ ကိုယ်ရော ကိုယ့်နေတဲ့ အိမ်ကလေးရော မင်္ဂလာရှိသွားတယ်လို့ ယုံကြည်သွားတဲ့ အတွက် နှစ်သစ်မှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ကိုယ်နေတဲ့ နေရာကို နှစ်သက်မှု ပိုတိုးစေတာကြောင့်လည်း နေ့စဉ်နေထိုင်မှု အတွက် အားဖြစ်စေပါတယ်။ ဓလေ့ရဲ့ နောက်မှာ ယုံကြည်မှုဆိုတာက တွဲပါလာပါတယ်။
ကျွန်မတို့ နေစဉ်နေထိုင်တဲ့ ဘဝမှာ နေပျော်တဲ့ ဘဝနဲ့ ပတ်ဝန်းကျင်ဟာ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ ယုံကြည်မှုတွေ ဓလေ့တွေက ဒီ နေပျော်တဲ့ဝကို ဘယ်လောက်အထိ အထောင့်အပံ့ ဖြစ်စေလည်း ဆိုတာကို ကျွန်မတို့ နားလည်နေဖို့ အရေးကြီတယ်လို့ ဆိုချင်ပါတယ်။
လူတစ်ယောက်မှာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုအပြင် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုလည်း လိုအပ်တာ သေချာပါတယ်။ တချို့သော ဓလေ့တွေဟာ စိတ်ပိုင်း ( နာမ်ပိုင်း) ဆိုင်ရာ ကြံ့ခိုင်မှုကို ယုံကြည်မှုကို အားဖြစ်စေတဲ့ ဓလေ့မျိုးတွေလည်း ရှိတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် ဒါတွေကို ထိန်းသိမ်းဖို့ ကျင့်သုံးဖို့ လိုတယ်လို့ ကျွန်မကတော့ ယုံကြည်ပါတယ်။ ဒါတွေကို လက်ဆင့်ကမ်း သယ်ဆောင်သွားဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။
တစ်ချို့သော ဓလေ့ထုံးစံ၊ ယုံကြည်မှု များကတော့ ကျွန်မတို့ နေထိုင်ရာ ပတ်ဝန်းကျင်ကို ပိုကောင်းအောင် အထောက်အကူပြုတာကို တွေ့နိုင်ပါတယ်။ လူအချင်းချင်းကို ပိုမိုချစ်ခင်ရင်းနှီးစေတဲ့ ဓလေ့ ထုံးစံမျိုးတွေ ရှိပါတယ်။ အခု သင်္ကြန်ပွဲအနေနဲ့ ပြောရရင် စတုဒီသာ အလှူလုပ်တာမျိုးပေါ့။ လှူတဲ့ သူကလည်း သိသူရော မသိသူရော ခင်သူရော မခင်သူရော အယုတ်အလတ် အမြတ်မရွေး ဆိုတဲ့ အတိုင်း လူတိုင်းကို ဝင်ပြီး စားဖို့ ဖိတ်ခေါ်တယ် စားစရာတွေကို ဝေငှပေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရှိန်နေစရာ မရှိအောင် ဓလေ့က ဖန်တီးထားတာကြောင့် ဒီလိုနဲ့ မသိတဲ့သူ အချင်းချင်းလည်း သိသွားကြတတ်တယ်။ ခင်မင်ခွင့် ရသွားကြတယ် မဟုတ်ပါလား။ ဘယ်လောက် ချစ်စရာ ကောင်းတဲ့ ဓလေ့လေးပါလဲနော်။ သင်္ကြန်ရေပက်တဲ့ ထုံးစံဟာလည်း ဒါမျိုးပဲပေါ့။
ဒါပေမယ့် နှစ်ဆန်းတစ်ရက်နေ့ သူ့အသက်လွှတ်တဲ့ ဟာကတော့ မြို့ကြီးတွေဆီမှာ နဂို မူလရဲ့ အဓိပ္ပါယ် ပျောက်နေသလို ကျွန်မတော့ ခံစားရတယ်။ နယ်တွေမှာ နှစ်ဆန်းတစ်ရက်နေ့ဆို ဘေးမယ့် လွှတ်လေ့ရှိတာ သူတို့ရဲ့ အသက်ကြီးလာတဲ့ ခိုင်းနွားတွေ တို့ မဟုတ်လည်း စားဖို့ လှောင်ထားတဲ့ ငါးတွေ လိုမျိုးတွေပါ။ ကျွန်မ အဖွား ဆိုရင် စားဖို့ကို ရောင်းဖို့ လာတဲ့ ငါးသည်ဆီက ဝယ်ပြီး ဘုရားက ဘေးမဲ့ကန်ထဲ လွှတ်တယ်။ မဟုတ်လည်း ရေအလျှင် ( ချောင်း ဒါမှမဟုတ် မြစ်) မှာ လွှတ်တာ တွေ့ဖူးပါတယ်။
မြို့ပေါ်မှာကတော့ ရွှေတိဂုံ ဘုရား သွေးဆေးကန်ထဲမှာ ငါးလွှတ်တာပဲ ကြည့်ပါ။ ငါးမွေးမြူရေးက ငါးသေးသေး အပေါက်ကလေးတွေ ရောင်းပေးပါတယ်။ သွေးဆေးကန်ထဲကို လူတွေက လွှတ်ကြပါတယ်။ ဒါပေမယ့် လူတွေ မစဉ်းစားတာက သွေးဆေးကန်ထဲမှာ ရှိနေတဲ့ နှစ်ချို့ငါးကြီးတွေလို့တောင် ပြောလို့ရလောက်တဲ့ ငါးအကြီးကြီးတွေပါ အောက်က သူတို့က ပါးစပ်ကြီးတွေ ဖြဲပြီး စောင့်နေကြတာ.. လန့်စရာတောင် ကောင်းပါတယ်။ ငါးလွှတ်တဲ့ နေရာနဲ့ ငါးစာကျွေးတဲ့ နေရာကလည်း ခွဲမထားပါဘူး။ ကဲ ဘာထူးခြားမှာလဲ။ ငါးစာကျွေးတာလား ငါးလွှတ်တာလား မကွဲပြားသလိုတောင် ဖြစ်လို့လေ။ အဲဒီတော့ ကိုယ့်မူရင်း သူ့အသက်လွှတ်တဲ့ အလုပ်က တကယ် အဓိပ္ပါယ် ပြည့်ဝသွားရဲ့လား။ လုပ်တယ်ဆိုရုံလား ဆိုတာ ပြန်စဉ်းစားစရာပါ။
ဘုရားမှာ ငှက်လွှတ်တာတွေလည်း ဒီလိုပါပဲ။ လွှတ်တဲ့သူတွေ ရှိလို့ကို ဈေးကွက်ရှိလို့ ငှက်တွေ အဖမ်းခံနေရသလို ဖြစ်နေတော့ ကျွန်မတို့ ငှက်လွှတ်တဲ့ သူတွေ ကိုယ်တိုင် ငှက်တွေ အဖမ်းခံ ရအောင် လုပ်တဲ့ သူတွေ ဖြစ်မနေဘူးလား။
ဒါကြောင့် ကျွန်မ အထက်မှာ ပြောခဲ့တာပါ။ ဓလေ့ ထုံးစံတို့ ယုံကြည်မှုတို့ဟာ ကျွန်မတို့ ရဲ့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်၊ ကိုယ်နဲ့ စိတ် ရဲ့ ဖွံ့ဖြိုးမှု ကြံ့ခိုင်မှု တို့ကို အထောက်အကူ တကယ်ပြုစေတဲ့ အရာတွေ ဖြစ်ရမယ်ဆိုတာ။
တကယ်ကောင်းတဲ့ ဓလေ့တွေကို လူတွေရဲ့ အပေါ်ယံလုပ်တဲ့ စိတ်တွေနဲ့ ဖုံးလွှမ်းလိုက်တဲ့ အခါ မကောင်းတဲ့ ဘေးထွက် ဆိုးကျိုးတွေက မူရင်း အဓိပ္ပါယ်ကနေ လွဲချော်ပြီး ထွက်လာပါရောလား။  တချို့သော ယုံကြည်မှု အစွန်းရောက်မှုတွေကလည်း အဲဒီလိုပါပဲ။
ကိုယ့်ယုံကြည်မှုကသာ အကောင်း သူတပါး ယုံကြည်မှု ကတော့ အဓိပ္ပါယ် မရှိတဲ့အရာ၊ ကိုယ့် ဓလေ့ ထုံးစံကိုတော့ ကိုယ် အထိမခံ သူများ ဓလေ့ ထုံးစံကြတော့ မလေးမစား ဒါမျိုးတွေကလည်း မလုပ်သင့်တဲ့ အရာတွေပါ။
ဓလေ့ထုံးစံ တိုင်းမှာ ယုံကြည်မှု တွဲပါလာသလို အဲဒီ ယုံကြည်မှုကလည်း ပတ်ဝန်းကျင်ကို ပိုကောင်းတဲ့ ပတ်ဝန်းကျင် ဖြစ်စေတဲ့ အရာတွေ ဖြစ်နေတာကြောင့် ကိုယ့်ယုံကြည်မှုတွေကို လည်း ကိုယ် တန်ဖိုးထားသင့်သလို သူတပါးရဲ့ ဓလေ့ ထုံးစံနဲ့ ယုံကြည်မှုတွေကိုလည်း လေးစားသင့်တယ်လို့ ကျွန်မတော့ ထင်ပါတယ်။
ကျွန်မတို့ ပတ်ဝန်းကျင်ကို သာယာလှပပြီး ပိုကောင်းတဲ့ ပတ်ဝန်းကျင်ဖြစ်စေတဲ့ ဓလေ့ထုံးစံလေးတွေကို  အစွန်းမရောက်စေတဲ့ အပေါ်ယံ မဖြစ်စေတဲ့ အသိလေးကပ်ပြီး ထိန်းသိမ်းဖို့  လိုပါတယ်လို့ သတိပေးရင်း အခုပဲ ကြည့်လေ.. နှစ်သစ်ကူး ဓလေ့ထုံးစံလေးတွေ လုပ်ရင်း ကောင်းမှု လုပ်ရတာကြောင့် တစ်နေကုန် စိတ်ကြည်နူး ပျော်ရွှင်နေတယ်။ ဘဝမှာ စိတ်ပျော်ရွှင်မှုက အရေးအကြီးဆုံး မဟုတ်လား။

စိတ်ကို ပျော်ရွှင်ငြိမ်းချမ်းစေတဲ့... ပတ်ဝန်းကျင်ကို ပို နေပျော်စရာ ဖြစ်စေတဲ့ ဓလေ့လေးတွေကို ကျွန်မတို့ ဆက်လက် ထိန်းသိမ်းရင်း ပျော်စရာ ကမ္ဘာကို တည်ဆောက် နိုင်ကြပါစေ..
နှစ်သစ်မှာ ပျော်ရွှင်ပါစေရှင်.. ။

0 comments: