My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Thursday, February 7, 2013

ကျွန်မ ကိုလတ်ငြိမ်းနဲ့ မတွေ့ခဲ့ပါ

ဆေးရုံလေးကနေ မျှော်ကြည့်ရင်
             
ဒီနေ့ ညနေပိုင်း နယ်ကနေ ရန်ကုန်ကို လာမယ့် ကျွန်မ အမေကို သွားကြိုရမှာရယ်၊ အစည်းအဝေးတစ်ခု ရှိနေတာရယ်ကြောင့် အခု ထမင်းစားချိန်လေးပဲ ပို့စ် ရေးလိုက်ဦးမှ ဘာအကြောင်းရေးရရင် ကောင်းမလဲ တွေးတော့ မနေ့က ကျွန်မ Facebook မှာ ကွန်မန့် လာရေးတဲ့ အထဲမှာ လတ်ငြိမ်းဆိုတဲ့ သူတစ်ယောက်ကို တွေ့လို့ ချင်းတောင်လတ်ငြိမ်း ကို သတိရမိပါတယ်။ 
ဆရာအလင်္ကာရည်ကျော် ရဲ့ ဝတ္ထု ကို ဇင်ယော်မောင်မောင် ရိုက်ကူးတဲ့ ကြိုးကြားတောင်ပံခတ်သံ ထဲက ချင်းတောင်မှာ တာဝန်ထမ်းဆောင် ခဲ့တဲ့ စေတနာ ဆရာဝန် ဒေါက်တာလတ်ငြိမ်းကို သတိရ မိတာပါ။
ကျွန်မ ပြီးခဲ့တဲ့ နှစ်လ ကျော်လောက်က ရောက်ခဲ့တဲ့ ချင်းပြည်က ဆေးရုံလေး တစ်ခု ရောက်ပြီး ပြန်လာတော့ အော် ကျွန်မ ကိုလတ်ငြိမ်းနဲ့ မတွေ့ခဲ့ပါလားလို့ တွေးမိခဲ့တဲ့ အကြောင်းကို သွားသတိရမိပါတယ်။ 
                   ကျွန်မက Civic Education Trainer တစ်ယောက် အနေနဲ့ ခရီး တော်တော် ထွက်ဖြစ်ပါတယ်။ ကျွန်မရဲ့ ချင်းပြည် မြောက်ပိုင်း ဒုတိယ ခရီးစဉ်က တီးတိန်မြို့နယ်က ရွာလေး တစ်ရွာကိုပါ။ အဲဒီ ရွာကလေးက အိမ်ချေ ၁၄၀ လောက်တောင် ရှိတာမို့ ချင်းပြည်အနေနဲ့ ပြောရရင် တကယ့် ရွာကြီး တစ်ရွာပါ။ ရွာ အင်္ဂါရပ်တွေ အရ  ရွာမှာ အထက်တန်းကျောင်းရော ဆေးရုံရောအပြင် ခရစ္စယာန်ဘုရားရှိခိုးကျောင်း ၊ အဲဒီ အပြင် ချင်းဒေသ ကိုးကွယ်ရာ တစ်ခုဖြစ်တဲ့ ပေါ်ကျင့်ပေါက် ဘာသာ ဘုရားရှိခိုးကျောင်း ၊ ဈေးဆိုင်ကြီး ၃ -၄ ဆိုင်လောက်လည်း ရှိတာကြောင့် ရွာကြီး တစ်ရွာ လို့ ကျွန်မက ဆိုရတာပါ။
       ကျွန်မက တစ်နေရာရောက်ရင် အဲဒီနေရာရဲ့ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှု အခြေအနေတွေကို လေ့လာရတာ ဝါသနာ ပါလို့ အငြိမ်မနေ လျှောက်သွားတတ်ပါတယ်။ အဲဒါကြောင့် ကျွန်မနဲ့ ခရီး အတူ သွားလေ့ရှိတဲ့ အဖွဲ့သား တွေကဆိုရင် အစ်မ ခရီးပန်းပေမယ့် အငြိမ်ကို မနေဘူးနော် ဆိုပြီး မှတ်ချက် ချတတ်တယ်။ ကျွန်မ စိတ်ထဲမှာတော့ ရောက်တုန်း ရောက်ခိုက် လေ့လာရတာကိုးနော်။
                  အဲဒီရွာက ဆေးရုံလေးက ကျွန်မတို့ တည်းခိုရတဲ့ ခရစ္စယာန် ဘုရားရှိခိုးကျောင်းနဲ့ ဆိုရင် ၁၅ မိနစ်လောက်တော့ လျှောက်ရတယ်။ အဲဒီနေ့က ကျွန်မရဲ့ သင်တန်းချိန်ပြီးတော့ အဖွဲ့ထဲက ညီမလေး တစ်ယောက်နဲ့အတူ ဆေးရုံဘက် လမ်းလျှောက်ရအောင် ဆိုပြီး လျှောက်ခဲ့ကြတယ်။ 
ကိုလတ်ငြိမ်းမရှိတဲ့ ဆေးရုံလေး

    ထင်းရှူးပင်လေးတွေ အစီအရီ ခြံရံနေတဲ့ လမ်းကလေးကို ကျော်လာတဲ့ အခါ တောင်ကုန်းလေးပေါ်က ဆေးရုံလေးကို တွေ့ရပါတယ်။ ဆေးရုံရဲ့ ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ် ငြိမ်သက်နေပါတယ်။ ကျွန်မ စိတ်ထဲမှာ အော် ကျွန်မ ရောက်ဖူးတဲ့ ဆေးရုံတွေနဲ့ ကွာခြားလိုက်တာလို့။ ဆေးရုံတို့ ရဲစခန်းတို့ ဆိုတာ လူမစည်လေ ကောင်းလေ လို့ ကျွန်မ အမေ မှတ်ချက်ချ ဖူးတာ သတိရမိပါတယ်။
ဒါပေမယ့် အခု ဆေးရုံကလေးကတော့ တိတ်ဆိတ်လွန်းလှပါတယ်။ ကျွန်မနဲ့ ပါလာတဲ့ ညီမလေးက ဘေးက ရှုခင်းတွေ ဓါတ်ပုံရိုက်နေတုန်း ကျွန်မ ဆေးရုံကို ဝင်ကြည့်တော့ အခန်းအားလုံးက သော့ခတ်ထားတာချည်းပဲ ။ ဘယ်ဘက် ကော်ရစ်ဒါ ထောင့်က အခန်းလေး တစ်ခုတော့ ပွင့်နေတယ်။ ကျွန်မလည်း အဲဒီ အခန်းလေးထဲ ခေါင်းပြူကြည့်လိုက်တဲ့အခါ အသက် ၄၀ နှစ်လောက် ရှိမယ့် အမျိုးသမီး နှစ်ယောက်နဲ့ အသက် ၁၀ နှစ် အရွယ် ယောင်္ကျားလေး တစ်ယောက်ကို တွေ့ပါတယ်။ ဒါနဲ့ ကျွန်မကပဲ စပြီး ကျွန်မ ဒီရွာကို သင်တန်းလာပေးတဲ့ အဖွဲ့က သင်တန်းဆရာမပါ ဟိုဟို ဒီဒီ လျှောက်ကြည့်ရင်း ဒီနား ရောက်လာတာပါ လို့ မိတ်ဆက်လိုက်တော့ ဒရစ် သွင်းပေးဖို့ ပြင်ဆင်နေတဲ့ အမျိုးသမီး တစ်ယောက်က လာဝင်ထိုင်ပါလို့ ပြောပါတယ်။ သူ့ကိုယ်သူလည်း ကျွန်မ ဒီဆေးရုံးက သူနာပြု ဆရာမပါလို့ ပြောပါတယ်။ ကလေးလေးကတော့ ဆေးရုံကို လာပြတဲ့ အမျိုးသမီးရဲ့ ကလေးလေးပါ။ အမျိုးသမီးကလေး အမျိုးသမီး ရောဂါနဲ့ အားနည်းတာလို့ပဲ ဆိုပါတယ်။ 
             ဒါနဲ့ ဒီရွာက လူတွေက ကျန်းမာတယ်နော် ဆေးရုံမှာ လူမရှိဘူးနော်လို့ ကျွန်မက စကားစတော့ နာ့စ် အမျိုးသမီးက ဆရာမရယ် ဒီရွာမှာလေ ငှက်ဖျား ဖြစ်တဲ့သူ သိပ်ပေါတာ.. တစ်နှစ်ထက် တစ်နှစ် ပိုပို များလာတယ်။ ဆိုင်ကယ် အက်ဆီးဒင့် ဆိုလည်း ခဏခဏ ဖြစ်တာပေါ့။ တခြား ဖျားတာ နာတာတွေလည်း ဖြစ်ကြတာပါပဲ။ ဒါပေမယ့် ဆရာဝန်ကလည်း မရှိ ဆေးကလည်း အခု မြင်ရတဲ့ ခုံပေါ်က ဆေးကလွဲလို့ ဘာမှ ရှိပါဘူး။ ဆရာမ တွေ့ခဲ့တဲ့ ခွဲစိတ်ခန်း တို့ စတိုခန်းတို့က သော့ခတ်ထားပေမယ့် အထဲမှာ ဘာဆို ဘာမှ မရှိပါဘူး ဆရာမရယ် အဲဒီတော့ လူတွေက ဖြစ်ပြီဆို မြို့ဘက် ပြေးကြရတာပါပဲ။ ဒီမှာတော့ ခရီးမှာ ခံနိုင်ရုံ လုပ်ပေးရတာတို့ အားနည်း၊ ဖျားနာတာ လောက်ပဲ လာကြတယ်။ ဒါတောင် ခဏပဲ ဆေးရုံမှာ ဘာမှ မရှိတော့ ဆေးရုံ လာမတက် ချင်ကြပါဘူးလေ။ နောက် တစ်ချို့ကတော့ ဆေးရုံ ကြောက်တယ်။ ကျွန်မကို အိမ်တွေကို လိုက်ဖို့ လာခေါ်ကြတော့လည်း လိုက်ရတယ်။ ဆရာဝန်လေး တစ်ယောက်လောက် ရှိရင်တော့  ဆေးရုံလေး စိုစိုပြေပြေရှိပြီး သူများတွေ အားကိုးလာမယ် ထင်ပါတယ် ဆရာမရယ်လို့ ကျွန်မကို ချင်းသံ ဝဲဝဲလေးနဲ့ ငြီးပြရှာပါတယ်။ ကျွန်မကလည်း မိသားစုက ဒီရွာက မဟုတ်ဘူး ဆရာမရဲ့ ဒီရွာကလေ ဆိုင်ကယ်နဲ့ နေ့တစ်ဝက်လောက် သွားရတဲ့ ရွာကလေ  ကျွန်မ ရွာကိုလည်း တစ်လ တစ်ခါလောက် ပြန်ဖြစ်တယ်။ အဲဒီကြတော့ တစ်ခြား ဆရာမ နှစ်ယောက် က အလှည့်ကျ လာပေးပါတယ်။ အခု သူတို့တွေက တခြား ရွာတွေမှာလေ လို့ ပြောပါတယ်။ 
ဆရာဝန်လာရင် နေဖို့အိမ်

                ဆေးရုံရဲ့ နဘေးမှာတော့ ဝန်ထမ်း အိမ်ရာလေးတွေ ၊ ဆရာဝန် အတွက် အိမ်လေး ကိုလည်း လှလှ ပပ သပ်သပ်ရပ်ရပ်လေး ဆောက်ထားတာ တွေ့ရတယ်။ ကျွန်မလည်း ဆေးရုံရှေ့ကနေ ကြည့်လိုက်ရင်း အဝေးက မြင်နေရတဲ့ တောင်တန်းကြီးကို ငေးရင်း ထင်ရှူးတောလေး အလည်က ဒီဆေးရုံလေးအတွက် ဒေါက်တာ လတ်ငြိမ်းကို တမ်းတမိပါတယ်။  အခုတော့ နာ့စ် တစ်ယောက်သာ ရှိတဲ့ ဆေးရုံ လူတွေ အားသိပ်မကိုးတဲ့ ဆေးရုံလေးက အဆင်းတော့ လှပြီး အချင်း မပြည့်စုံ ဖြစ်နေရှာတယ်။
         တစ်ဘက်က စဉ်းစားရင် ရောဂါတစ်ခုခု ဖြစ်လာရင် ဒီဝေးလံတဲ့ ဒေသကနေ့ မြို့ကို ဆေးသွားကုဖို့ သုံးရမယ့် ငွေကို အဆင်းရဲဆုံးကို နာမည်တတ်ခံထားရတဲ့ဒေသခံတွေ တတ်နိုင်ပါရဲ့လား။ ရှိတာလေးတွေ ရောင်းချ ပေါင်းနှံပြီး လုပ်ကြရမလား။ မလုပ်နိုင်ရင်  ရိုးရာဆေးတွေနဲ့ကု ၊ ကုလို့ မနိုင်ရင် အသက်ဆုံးရုံလား တွေးပြီး ရင်ပူလာမိပါတယ်။ 

ပိတ်ထားရတဲ့ တံခါးများ

      တကယ်တော့  ကျွန်မ ရွာရောက်စက ကျောင်းရှိတယ်၊ ဆေးရုံရှိတယ် ဆိုတဲ့ ကျွန်မရဲ့ ဖွံ့ဖြိုးမှုရှိသား ဆိုတဲ့ အတွေးက အခုဆို အဝေးလွင့်လို့ ပြေးပါပြီ။ ဆေးရုံရှိပေမယ့် ဆရာဝန် မရှိတဲ့ ဆေးရုံ ကျေးရွာလူထု အပြည့်အဝ ယုံကြည် အားကိုးလို့မရတဲ့ ဆေးရုံဟာ ဗလာဖြစ်လို့ နေပါတယ်။
    ဆရာဝန်လေးတွေ နေရာက နေကြည့်ရင်လည်း ဒီလို ခေါင်တဲ့နေရာ အစားအသောက်၊ အနေအထိုင် ခက်ခဲ လူသူ အရောက်နည်းတဲ့ ဒီနေရာကို သူရောက်လာတယ်။ စေတနာအလျှောက် သူတကယ် ရောက်လာတယ် ထားဦး ဆေးမရှိရင် သူလည်း ဘာမှ လုပ်လို့ မရ စိတ်ဓတ်ကျနေရ ဦးမှာပဲ။ အဲဒီ အပြင် ရတဲ့ လခက နည်း ဦးမယ် မြို့ပေါ်မှ နေသလိုမျိုး တခြား သူလေ့လာချင်တာတွေလည်း ဆက်လေ့လာခွင့် မရဘဲ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်နေသလို ဖြစ်နေမယ်။ မိသားစုအသိုက်အဝိုင်းနဲ့လည်း အဝေး ကိုယ်နဲ့ ယဉ်ကျေးမှု မတူတဲ့ သူတွေ ကြားမှာ လာနေရမယ် ဆိုရင် လက်တွေ့ကျကျ စဉ်းစားကြည့်မယ် ဆိုရင် တကယ့်ကို မတွေးကြည့်ချင်စရာလေ။ သူတို့လာနေနိုင်လောက်တဲ့ အခြေအနေတစုံတရာဖြစ်အောင် ဘယ်လောက် ဘယ်လို ဖန်တီးမလဲ  နောက်တစ်ခုက ဆရာဝန်တွေကို ကိုလတ်ငြိမ်းလို စိတ်မျိုးဝင်လာအောင် ဘယ်လို ပြုစု ပျိုးထောင်မလဲ ဆိုတာကိုပါ ဆေးပညာသင်တဲ့ ကျောင်း တက္ကသိုလ်တွေ အတွက် မေးခွန်းပါပဲ။
    ကဲ ဖွံ့ဖြိုးရေး တကယ်လုပ်မယ် ဆိုရင် ကျွန်မတို့ တွေးစရာ အများကြီးပါ။ တစ်ခုပျက်လို့ တစ်ခုပြင်လိုက် ရုံနဲ့ လုံလောက်မှုမရှိပါဘူး။ ဆက်စပ်နေတဲ့ အရာတွေကို ထည့်မတွေးလို့ မရနိုင်ပါဘူး။
ပြည်သူတွေ ကျန်းမာရေးအတွက် ဆေးရုံလိုတယ်။
 ဆေးရုံတစ်ရုံ ရှိနေရုံဟာ မြို့ရွာ အင်္ဂါရပ်နဲ့ ညီပေမယ့် ဆရာဝန်နဲ့ ဆေးကို ဖြည့်ဆည်းမပေးထားရင် တကယ်လက်တွေ့ကျတဲ့ ကျန်းမာရေးကတော့ ပြည့်စုံလာမှာ မဟုတ်ပါဘူး။ ဆရာဝန်တွေ ရောက်လာအောင် ဘယ်လိုလုပ်မလဲ၊ ဆေးတွေ ပြည့်စုံလာအောင် ဘယ်လို လုပ်မလဲ ဆိုတဲ့ အစီအစဉ် မရှိရင် အဟောသိကံပါပဲ။ ကျန်းမာရေး ကဏ္ဍအတွက် ပြောရရင် ကျန်းမာရေး ဆေးပေးခန်း၊ ဆေးရုံတွေအပြင်  ပြည့်စုံတဲ့ ဆေးဝါးထောင့်ပံ့မှု တွေရဖို့ ကျောင်းတွေကလည်း ဒေါက်တာလတ်ငြိမ်းလေးတွေ မွေးထုတ်ဖို့ အပြင် ဒေါက်တာလတ်ငြိမ်းလေးတွေရဲ့ အနာဂတ်ကိုပါ ထည့်သွင်းစဉ်းစားပြီး တကယ်  တစ်ပတ်လည် ဖွံ့ဖြိုးစေချင်မိပါတယ်။ 

ဒေသခံ ချင်းတိုင်းရင်းသားတွေ..

အခုဆိုရင် ကမ္ဘာ့ဘဏ်ကရော တခြား နိုင်ငံတကာကရော မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် အကူအညီတွေ  ချေးငွေတွေ ပေးနေကြပါပြီ။ သူတို့ ကူညီသူတွေကလည်း သူတို့ ပေတံတွေနဲ့ ဖွံ့ဖြိုးရေးကို တိုင်းတာ ပြီး ကူညီပေးကြမှာပါ။ ဒါပေမယ့် ကျွန်မတို့ ရေမြေ ဒေသနဲ့ ကိုက်ညီတဲ့ ဘယ်လို အကူအညီ လိုသလဲ ဆိုတာကတော့  ကျွန်မတို့က ပြောပြတတ်ရပါမယ်။ မဟုတ်ရင် အခုလိုပဲ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံရုံ ဖြစ်ပြီး တကယ့် လက်တွေ့ လည်ပတ်မှု မရှိတဲ့ အရာတွေ ဖြစ်လာရင် ငွေကုန် လူပန်း ထုံးစံအတိုင်း အကျွေးတင် ကျန်ပြီး တကယ့် ဖြွုံ့ဖိုးမှုတော့ မရနိုင် ဖြစ်လာနိုင်ချေတွေ အများကြီး ရှိနေတာမို့  ဖွံ့ဖြိုးရေး ကြိုးပမ်းမှုတွေမှာ နိုင်ငံသားတိုင်းက ပါဝင်ပြီး ကိုယ် နိုင်ငံရဲ့၊ ဒေသရဲ့ တကယ့် လိုအပ်ချက်တွေကို ဖော်ထုတ် ပြောပြ တောင်းဆို ညွှန်ပြနိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုပဲ ဖွံ့ဖြိုးရေး လုပ်တဲ့ သူတွေကလည်း ကိုယ့်တာဝန်ယူတဲ့ အလုပ်ပြီးရုံ မဟုတ်ဘဲ တပတ်လည်အောင် လူထုအတွက် တိုင်းပြည်အတွက် စဉ်းစားပြီး လုပ်ဆောင်နိုင်မှ တကယ့် အဓိပ္ပါယ် ပြည့်စုံတဲ့ ဖွံ့ဖြိုးရေး အကာရော အနှစ်ပါ ပြည့်စုံတဲ့ ဖွံ့ဖြိုးရေး ဖြစ်နိုင်မှာပါ။
ဒီလို တစ်ပတ်မလည်ဘူးဆိုရင်ဖြင့် ဆေးရုံရှိပေမယ့် တစ်ခုခုဆို မြို့ပေါ်တက်ပြေး ရှိသမျှဟာလေးတွေ ရောင်းချရင်း ဆင်းရဲတွင်း တပတ်လည် နေတဲ့ ဒေသခံတွေရဲ့ ဘဝပဲ ဆင်းရဲကျော့ သံသရာ တပတ်လည်မဆုံးနိုင်ပဲ ဖြစ်နေတော့ မှာလေ။  

0 comments: