My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Thursday, February 7, 2013

ချစ်ခြင်းတရား

(၁)

နက်ပြာရောင်သန်းနေသော ကောင်းကင်ပေါ်တွင် ဖြိုးဖြိုးဖျောက်ဖျောက် ကြယ်လေးများ နှုတ်ခမ်းများ ဖွင့်သီချင်းတွေ ဆိုနေသလို တဖျပ်ဖျပ်နဲ့  တလက်လက်၊ သူတို့ကြားမှာ အိနြေ္ဒကြီးကြီးနဲ့ ပြုံးနေသော လပြည့်က မေ့ကို ပြုံးပြီး ငုံ့ကြည့်နေသလိုပင်။ လပြည့်ညသည် မေ့ကို သူကလွဲပြီး တခြားအရာတွေကို ဘာမှ ဂရုမစိုက်ချင်တော့အောင် ဆွဲဆောင် နိုင်ပါသည်။ လွမ်းမောခြင်း၊ ဆွတ်ပျံ့ကြည်နူးခြင်း၊ ရင်ခုန်လှိုက်မောခြင်း နှင့် မြတ်နိုးမှုကို ပေးစွမ်းရင်း စွဲလမ်းစေပါတယ်။ လပြည့် ဆိုသော လူငယ်လေးတစ်ယောက်သည်လည်း တို့ကဲ့သို့ အတူတူပင်… လပြည့်ကြောင့် လပြည့်ညတွေကို ချစ်တတ်ခဲ့သလား.. ဒါလည်းဖြစ်နိုင်ပါတယ်…ဒါပေမယ့် ငယ်စဉ်ကတည်းကတော့  ညကောင်းကင်ကြီးကို  မြတ်နိုးစွာ မော့ကြည့်တတ်သူတော့ အမှန်ပါ…။ ဟိုး ငယ်စဉ် ဘဝကတည်းကပေါ့..
ဆယ်ကျော်သက် အရွယ်က သစ်ရွက်လှုပ်တောင် ရယ်တတ်သတဲ့ လူတွေက ပြောကြတယ်။ အိနြေ္ဒ မရတာကို ပြောတာလို့ ထင်ရပေမယ့် တဖက်မှာတော့ ခံစားလွယ်တဲ့ သဘောကို ပြောချင်တာလို့ မေတော့ ယူဆမိတာပဲ။ မေ့ စိတ်ထဲမှာ နူးညံ့တဲ့ ခံစားမှုတွေ အရင်ကထက် ပိုရောက်လာသလိုပဲ။ လသာတဲ့ ညမို့ ခြံထဲ ဆင်းထိုင်မိတယ်.. အခုလည်း ဗန်ဒါပင်ရိပ်အောက်က ခုံတန်းမှာ ထိုင်ရင်း ဗန်ဒါရွက်ကလေးတွေကို ဖြတ်လာတဲ့ လရောင်ကို မော့ကြည့်ရင်း မေ ကဗျာစပ်ချင်လာတယ်။  ပျံ့လွင့်လာတဲ့ ဂစ်တာသံကို လက်နဲ့ ဆော့ကစားတဲ့ အသံကို ကြားတော့ မေ နားစွင့်လိုက်မိတယ်။ နောက်တော့ ဘာသီချင်းသံမှ မပါဘဲ ဂစ်တာသံ သက်သက် တီးခတ်နေလေရဲ့  ခင်မောင်တိုးရဲ့ ပန်းချစ်သူသီချင်းလေး…. မေ့ လိုပဲ တစ်ဦးတည်း လရောင်ကို ခံစား နေသူထင်ပါရဲ့ …

“ လရိပ်ရောင်သွေး
 ထိုင်ကာတွေး
ဆွေးလို့
မေ့တစ်ကိုယ်
ထိုစဉ်အခါ
ဂီတယာဉ်နဲ့
လိုက်မလား ခေါ်ငင်
မောင်နဲ့ ယှဉ်လို့
အတူသွားစို့
လရိပ်ကြယ်ရိပ်
နှစ်ကိုယ်တူ
ဖမ်းယူကြည်မွေ့
ချစ်သူဓလေ့
အဆွေးလွင့်ပျယ်
ကြည်နူးခြင်းတို့
မောင် ယူဆောင်လာခဲ့တယ်။”

မေ တစ်ယောက် ကိုယ့်ဘာသာ စိတ်ထဲမှာ ကဗျာစပ်ရင်း ရှက်သွားမိပါတယ်။ အော် မေစိတ်ကူးယဉ် မိနေပါလား… ထိုစဉ်က  တစ်ဘက်ခြံမှ ဂစ်တာသံ ပိုင်ရှင်က လပြည့်မှန်း မေ မသိခဲ့ပါ။ ထိုကဗျာလေးကိုတော့ မေ့စာအုပ်ထဲမှာ ထိုညက ချရေးဖြစ်ခဲ့ပါတယ်။

(၂)

မေစံပယ်ဖြူ ဆိုသည့် မေ့ နာမည်နဲ့ လိုက်အောင် မေက စံပယ်ပန်းလေးတွေကို ကြိုက်ပါတယ်။ တကယ်တော့ မေစံပယ်ဖြူ ဆိုတဲ့ နာမည်ကို ပေးခဲ့တဲ့ မေမေက စံပယ်ပန်း အကြိုက်ဆုံး မေ့ကိုလည်း စံပယ်တွေ လှိုင်လှိုင်ပွင့်တဲ့ မိုးဦးမှာ ဖွားမြင်ခဲ့တာကြောင့်  မိုးဦးကျ မှ မဟုတ် အချိန်ပြည့် ပွင့်နိုင်သည့် စံပယ်မျိုးကိုပါ ရှာပြီး ခြံထဲမှာ မေမေနှင့် မေတို့ စိတ်ပျိုးထားကြ တာကြောင့်  မေတို့ ခြံဝန်းလေးမှာ စံပယ်ပန်းတွေနဲ့ လှလို့ နေပါတယ်။ စံပယ်နဲ့ အတူ သဇင်၊ နှင်းဆီ၊ သစ်ခွ တွေကိုလည်း  စိုက်ထားတာကြောင့် ပန်းခြံလေးလို ဖြစ်နေပါတယ်။ မေမေက သူ့သမီးလေးကို ပန်းပွင့်လေးကို ဖြူစင်တဲ့ မိန်းကလေး ဖြစ်အောင် ချစ်ခြင်းနဲ့ မွေးဖွားခဲ့ပေမယ့်  စံပယ် ဆိုတဲ့ အတိုင်း သဇင်တို့ နှင်းဆီတို့ သစ်ခွတို့လို့  ပေါ်လွင် ထင်ရှားအောင် လှသူမဟုတ်တော့ မေက သာမာန်ပါ။ ဒါပေမယ့် လပြည့် ဆိုတဲ့ ဘေးခြံကို ပြောင်းလာတဲ့ ကောင်းလေးကတော့ တစ်ချိန်မှာတော့ လမင်းတစင်းလို ထင်ပေါ်သူ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ညတိုင်း ကြားကြားနေရတဲ့ ဂီတာသံ နဲ့ သီချင်းသံ ချိုရှရှကြောင့်ရယ် မေကျောင်းသွားချိန်မှာ ဘေးအိမ်ကို လူသစ်တွေ ပြောင်းလာတယ် ဆိုတာရယ်ကြောင့်  စပ်စုမလေး မေ ဟိုဘက်ခြံကို စိတ်ဝင်တစား ကျောင်းပိတ်ရက် မနက်ခင်းကတည်းက ချောင်းချောင်းကြည့်နေမိတော့ ညနေပိုင်းမှာ ကောင်လေးတစ်ယောက် အားကစား ဝတ်စုံလို မျိုးနဲ့ ခြံထဲ ဆင်းလာခဲ့တယ်။ သူဘေးမှာ အမွေးပွပွ ခွေးလေးတစ်ကောင် လိုက်ပြီး ပြေးထွက်လာခဲ့တာကို မေ  တွေ့လိုက်ရတယ်။  ရပ်မြင့်မြင့် နဲ့ ခွေးကလေးနဲ့ အတူတူ ဘောလုံး ဆော့နေတဲ့ သူ့ကို ကြည့်ရင်း ညက ကြားနေရတဲ့ ဂစ်တာသံကို နားထဲ ပြန်ကြားယောင်လာတော့ မေ သူ့မျက်နှာကို မြင်လိုစိတ် မထိန်းနိုင်ဘဲ ဖေဖေ့ရဲ့ မှန်ပြောင်းကို ယူပြီး ချောင်းကြည့်မိတော့  မေးရိုးနဲ့ နှာတံ ပေါ်ပေါ် လူတစ်ယောက်ဘဲ မျက်ခုံးလည်း ကောင်းလောက်တယ်။ အသားလည်း ဖြူမယ့် ပုံပဲ အရပ်မြင့်မြင့်နဲ့ ချောမှာ ဆိုပြီး တစ်ယောက်တည်း ပြုံးမိတယ်။ ပြီးတော့မှ ယောကျာင်္းလေး တစ်ယောက်ကို မှန်ပြောင်းနဲ့ ခိုးကြည့် နေတဲ့ ကိုယ့်အဖြစ်ကို ကိုယ်ရှက်ပြီး တစ်ညနေလုံး စိတ်မလုံမလဲနဲ့။ ဒါပေမယ့် မေကတော့ သူ့ကို စိတ်ထဲက ရင်းနှီးနေရသူ အဲဒီ အချိန်ကတည်းက အဖြစ်သည်း မိသူလေ။

 (၃)


မိုးရွာထဲမှာ လွတ်လွတ်လပ်လပ် လမ်းလျှောက်ရတာ မေ အနှစ်သက်ဆုံး တစ်ခုပါ ဒါပေမယ့် အခုလို ကျောင်းက အပြန် မိုးရွာတာကိုတော့ စာအုပ်တွေ စိုးမှာ စိုးရိမ်လို့ မေ မနှစ်သက်နိုင်ပါ။ ဒါကြောင့် ခပ်သွက်သွက် လျှောက်လာခဲ့တယ်။ လမ်းထဲ ချိုးဝင်ကာနီးမှာ …
“ဟိတ်… ဟိတ်.. မေ”
ကောင်လေး တစ်ယောက်က လှမ်းခေါ်သံ… အသံကိုလည်း ရင်းနှီးတော့ မေ  လှည့်ကြည့်လိုက်မိတယ်။
လပြည့်..
“ ကျေးဇူး ပြုပြီး လမ်းကြုံလိုက်လို့ ရမလား.. ငါ နဲနဲ အရေးကြီးနေလို့ပါ”
လက်ဖက်ရည်ဆိုင်ထဲကနေ လှမ်းခေါ် နေတာမို့ မေလည်း မြန်မြန် ခေါင်းငြိမ့်လိုက်မိတယ်။
သူက မေ့ ထီးအောက်ထဲ အပြေးလေး ဝင်လာပြီး…. ကျေးဇူးပါဟာ… ငါ ဒီမှာ မိုးမိနေတာ ကြာပြီ.. ဆိုင်မှာ လူတောင် သိပ်မရှိတာ သာကြည့်တော့ဟာ… တခြား သူတွေက ဆိုင်ရှင်ဆီက ထီးငှားပြီး ပြန်တဲ့သူ ပြန်နဲ့ ဆိုတော့ ဆိုင်မှာလည်း ငှားစရာ ထီးမကျန်တော့ဘူး… ဘယ်သူ ပြန်လာပေးမလဲ စောင့်နေတာ.. တော်သေးတယ် နင့်ကို တွေ့လို့.. မဟုတ်ရင် ငါ အိမ်ပြန်ရပါတော့မလား မသိဘူး ဟ .. ပေး ထီးကို ငါကိုင်ခဲ့မယ်နော်..
မေ့ အရပ်က သူ့ထက် ပုတော့ သူ ဆောင်းရ အဆင်မပြေတာကြောင့် ထင်ပါရဲ့ မေ လက်ထဲက ထီးကို သူက တောင်းတော့ မေ ပေးလိုက်မိတယ်။ သူက မေနဲ့ သူပဲ  အရင်က စကားပြောခဲ့ ဖူးသူတွေလို သူ့ခေါင်းက ရေစက်လေးတွေကို ခါရင်း တရင်းတနီး ပြောလို့။
မေက ရပါတယ်… အိမ်နီးနားချင်းတွေပဲ လို့ ပြန်ပြောရင်း သူ့ကို မော့ကြည့်မိတယ်။           
အနီးကပ် ကြည့်မှ သူ့ က ပိုချော လာသလိုလို… ပြုံးလိုက်တော့ နုပျိုမှုက ပို ပေါ်လွင်လာသည်။
သူ့ဆီမှာ အမွေးနံ့ တစ်ခု က မေ့ဆီ ပြန်လွင့်လာသည်။
မေရင်တွေ ခုန်လာသလားလို့ ကိုယ့်ကိုကိုယ် အထိတ်တလန့် ဖြစ်မိလာသည်။
မိုးစက်လေးတွေက ပိုဖွဲလာသလိုလို…  သစ်ပင်လေးတွေကလည်း လေ အဝေ့မှာ ယိမ်းလို့..
လမ်းထဲမှာ မိုးရွာနေတာကြောင့် လူမရှိ …. မေတို့ နှစ်ယောက်တည်းသာ။
မေသည် သူ့ကို စကားပြောချင်သော်လည်း စကားလုံးများ လည်ချောင်းဝမှာ တစ်ဆို့နေသလိုပင်။
ဟော… တစ်ကွေ့ဆိုရင် မေတို့တွေရဲ့ အိမ်ရောက်တော့မယ်…
မနေ့ညက ဖတ်ထားသော ဆရာ ဒဂုန်တာရာရဲ့  ချစ်သူနှစ်ဦး မိုးရေထဲမှာ လမ်းလျှောက်ကြတဲ့ အကြောင်းကို မိုးရိပ်ရော လေရိပ်ရော.. ပတ်ဝန်းကျင် အလှအပြင် ချစ်သူနှစ်ဦးရဲ့ ရင်ခုန်နွေးထွေးတဲ့ ခံစားချက်ကို ဖွဲ့ထားတဲ့ “မိုးရေထဲ လမ်းလျှောက်ခြင်း” ကဗျာလေး နောက်ဆုံးပိုဒ်လေး ကို မေ ပြန်သတိရလာမိတယ်.. 

လမ်းဆုံးမှာသာ
ရှိုက်ကာစိုးရွံ့၊ ပုခုံးတွန့်မိ
မြူကွန့် လျှပ်ပြက်၊ မှောင်တစ်ဝက်မှာ
ဟိုဘက်ကမ်းပါး၊ ရောက်သွားပစေ
မိုးသက်လေပက်၊ အေးစက်စက်မှာ
မောင့်လက်နွှေးက နွေးလိမ့်မည်။ 

သူတို့ ခြံရှေ့ရောက်တော့ သူက ကျေးဇူးပါဟာ… ငါ အိမ်ထဲ ပြေးဝင်လိုက်မယ်…  ဒါနဲ့မေ နင် သီချင်းနားထောင်လား။
မေ ခေါင်းငြိမ့်ပြလိုက်တော့…  သူက  ဒါဆို နင့်ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ငါ ဒီည ဆယ်နာရီလောက် သီချင်းဆိုပြမယ် နားထောင်နော်။ ဘာသီချင်း နားထောင် ချင်လည်း။
မေ ရုတ်တရက်မို့ ဘာပြောရမှန်း မသိ…
ဆိုချင်တာ ဆိုပြပါ… မေက နင် တိုတဲ့ သီချင်းတွေ အကုန်ကြိုက်ပါတယ်။
သူက … ဟား… နင် ငါ သီချင်းဆိုတာကို နားထောင် ဖူးတယ်ပေါ့… အေးပေါ့လေ ဘေးအိမ်ကဆိုတော့  နားမထောင်လည်း ကြားနေရမှာပေါ့… နားငြီးလား.. လို့ ပြုံးစစနဲ့ ပြန်မေးသည်။
ဟင့်အင်း.. ငါ နင့် သီချင်းဆိုတာရော .. ဂစ်တာသံကိုပါ ကြိုက်ပါတယ်…
အေး ကျေးဇူးပါဟာ.. ငါ ညကြ သီချင်းဆိုပြမယ်နော်… နင် နားထောင်ပေး.. ကဲ ငါ  လစ်ပြီ ..
ပြောလည်း ပြော .. ပြေးလည်း ပြေး သွားသော သူ့ကို ငေးကြည့်မိသည်။
မိုးရွာသော နေ့များသည် ထို အချိန်မှ စပြီး မေ့အတွက် သတိရ စရာ တစ်ခု တိုးခဲ့လေသည်။
ထိုစဉ်က မေ တက္ကသိုလ် ပ ထမနှစ် အရွယ်… မေ့ကို နင်နဲ့ငါ ပြောသွားသော လပြည့်က ဆယ်တန်း ဖြေပြီးစ..

(၄)

ဂစ်တာသံ ကြားတော့ မေ ပြူတင်းကို ဖွင့်ကြည့်မိတယ်။ လပြည့်က သူတို့ ခြံထဲက ပိတောက်ပင်မှာ ထိုင်ပြီး ဂစ်တာကြိုးညှိ နေသည်။ ခဏကြာတော့ မေတို့ အိမ်ဘက် လှည့်ကြည့်လိုက်သည်။ မေသည် သူ မြင်လို မြင်ငြား လက်ပြန်ပြတော့ သူကလည်း လက်ပြန်ပြသည်။ ထိုည… သည် မေနှင့် လပြည့်၏ ဂီတညပင်..
မေ ပြူတင်းပေါက်ကို မှီကာ သီချင်းထဲမှာ စီးမြောရင်း အားပေးခဲ့သလို…
လပြည့်ကလည်း  သီချင်း တစ်ပုဒ်ပြီး တစ်ပုဒ် ဆိုသည်….
ဂီတသည် နှလုံးခြင်း စကားကို ဆိုစေသော အရာပင် …
 မေနဲ့လပြည့် စကားတွေ အများကြီး ပြောခဲ့ သလိုမျိုးကို နီးကပ်စေခဲ့ပါတာ။

ဂီတ ဆိုတာ
နှလုံးသားခြင်း
နီးစေတဲ့ ဘာသာစကား
တံတိုင်းတွေ အားလုံးကို
ကျော်ဖြတ်
နီးကပ်စေတဲ့ မှော်ပညာ
အရာရာကို သိမ်းပိုက်စွမ်းစေတဲ့ အရာ
အဖြူစင်ဆုံး နှလုံးသားရဲ့ ကဗျာ

မေ နှစ်သက်သော ဂစ်တာသံနှင့် လပြည့် ဆိုသော သီချင်းတို့ကို မေ ပိုင်ဆိုင်ခွင့် ရသလို ခံစားမှုမျိုးဖြင့် ထိုညက အိပ်မက်ထဲအထိ လှပ နေခဲ့ပါသည်။ မေသည် စိတ်ကူးဖြင့် လပြည့်အတွက် သီချင်းစာသားတွေ ရေးဖွဲ့ သီနေခဲ့သည်။ မေ့ အတွက်က ကဗျာ လပြည့်ရဲ့ သံစဉ်နဲ့ ပေါင်းရင် သီချင်းပေါ့။

(၅)



ရက်မှ နှစ်သို့ပြောင်းခဲ့ပြီ….. မေတို့ နှစ်ယောက်ရဲ့ ခင်မင်မှုသည် ပိုပို ခိုင်မာလာခဲ့သည်။ သံယောဇဉ် နွယ်ပင်သည်လည်း အမြစ်တို့ခိုင် အပင်တို့ ကြီးထွား သန်မာလှစွာ… မေ့ကို ရစ်ပတ် နှောင်ဖွဲ့ ခဲ့သည်။
မေတို့ နှစ်ယောက်ရဲ့ ခင်မင်မှုကို အကြောင်းပြုကာ နှစ်ဘက် အိမ်ရဲ့ ခင်မင်မှုကလည်း ထို့အတူပင်…
မေနဲ့ လပြည့်… လပြည့်နဲ့မေသည် တစ်ဦးကို တစ်ဦး မရှိမဖြစ်လို့  ပြောစရာမလိုအောင် သဘာဝအတိုင်း ယူဆ ထားသူများ အဖြစ် ပတ်ဝန်းကျင်က သတ်မှတ်ထားကြသည် အထိ။
မေသည်… လပြည့် မျက်နှာညှိုးမှာကို မခံနိုင်သူ… ဖြစ်မှန်း ကိုယ့်ကိုယ်ကိုယ် သိလာသည်။
သဘာဝချင်း တူသူ နှစ်ဦးလို့ ပြောလို့ ရတဲ့ မေနဲ့ လပြည့် ဟာ ကိုယ် ဝါသနာ ပါရာမှာ စီးမြောရင်း ကိုယ့် နှလုံးသားကိုယ်  ဘာသာပြန်ဖို့ ဂရုမစိုက်ခဲ့ မိကြတာ အမှန်ပါ…
လပြည့်က သူ့ ဂီတမှာ စီးမြောသလို မေကလည်း သူမ ဝါသနာပါရာ ကလေးများ ပြုစုပျိုးထောင်ပေးတဲ့ မူကြို ဆရာမ ဘဝထဲ နစ်မြုပ်နေသူ.. ကဗျာလေးများဖြင့် ပျော်မွေ့နေသူ…
လပြည့်အတွက် မသိပေမယ့် … မေ အတွက်ကတော့ ဘာသာပြန်စရာ မလိုတာ မေ့ကိုယ်မေ အသိပါ…
 စွဲလမ်းမှု အရောင်တွေ အကြောင်း မေ  နားလည်ခဲ့ပြီးသားလေ… ဒါပေမယ့် .. အချိန်နှင့် အတူ ပြောင်းလဲမှုသည် ကပ်ပါလာစမြဲပင်။
လပြည့်ရဲ့ Facebook စာမျက်နှာမှာ တင်တဲ့ သီချင်းတွေကို လပြည့် အတန်းဖော် ကောင်မလေးက နားထောင်ဖြစ်သွားပြီး လပြည့်ကို သူမရဲ့ အဖေ တေးသံသွင်း ပိုင်ရှင်နဲ့ မိတ်ဆက်ပေးရာက စပြီး
တက္ကသိုလ် ကျောင်းပြီးကာစ လပြည့်.. ဂီတလောက ထဲကို ခြေစုံပစ် ဝင်တော့သည်…
လပြည့်  သီချင်းစသွင်းရတော့မယ် ဆိုတဲ့ နေ့က လပြည့်နဲ့မေ ဝမ်းသာလွန်းလို့ တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ထားမိတဲ့ အထိပင်…
အဆိုတော် တစ်ယောက် ဖြစ်ဖို့ .. ပြိုင်ပွဲတွေ ဝင်ခဲ့ပြီး ဇကာတင်နဲ့ ပြုတ်ခဲ့ရတိုင်း မေ မှာ လပြည့်ကို နှစ်သိမ့်နေခဲ့ရတာ အကြိမ်ကြိမ်… ခုတော့ တကယ် ခြေလှမ်းစခွင့် ရပြီလေ..။
သို့သော် ထို အရာကပင် သူတို့ နှစ်ဦး ဝေးဖို့ ခြေ လှမ်း အစ… ဒါကို မေ မျှော်လင့် မထားခဲ့မိပါ။  
အစပိုင်းမှာ ..  လပြည့်က သူ့ သွင်းတဲ့ သီချင်းတွေ ကို ဝေဖန်ပေးဖို့ မေ့ကို ယူလာ နားထောင် စေခဲ့ပေမယ့်..
တဖြည်း ပရိတ်သတ်ရှေ့ ထွက် ပွဲတွေ ဆိုရ၊ သီချင်း သွင်းရ၊  နယ်ထွက် သီချင်းဆိုရနဲ့ … လပြည့် အလာကျဲလာ တော့… မေတို့  နှစ်ဦးကြားမှာ … ဝေးကွာခြင်းဟာ တိတ်တဆိတ် ကြီးထွားရင်း ဝေးသထက် ဝေးလာခဲ့ပါတယ်။
လပြည့် ဆိုသည့် နာမည် သည် ဂျာနယ် ၊ မဂ္ဂဇင်းများတွင် တွေ့ရ စိတ်လားပြီး ကောင်မလေးတွေ အကြား ရေပန်းစား လာသည်။
အခွေမထွက် သေးခင်ကပင် Facebook စာမျက်နှာများတွင် လပြည့် သီချင်းများ နေရာယူလာကြသည်..
အခွေထွက်ပြီး သည့် နောက်တွင်တော့ ဆယ်ကျော်သက်မလေးများ အသဲစွဲ … လူငယ်များ ပါးစပ်ဖျားက သီချင်းများ ပိုင်ဆိုင် လပြည့်… ဖြစ်လာတဲ့ အပြင် Show များ အရောင်းမြှင့် တင်ပွဲများ နှင့် လပြည့်မှာ  မအားနိုင်တော့…
ဒါ့အပြင် ကုန်ပစ္စည်း ကြော်ငြာများတွင်လည်း လပြည့်မှ လပြည့် ဖြစ်လာတော့သည်။
တဆက်တည်း…. ထုတ်လုပ်သူ ရဲ့ သမီး  ကောင်မလေးနဲ့ လပြည့် အကြောင်း တစွန်းတစ ထွက်လာတော့…
မေ အဲဒီ အချိန်မှ သူမကိုယ် သူမ အသည်း တဖြည်းဖြည်း ကွဲနေကြောင်း ကောင်းကောင်း သဘောပေါက်လာတော့သည်လေ။
ထိုသို့  တစ်စ တစ်စ ဝေးကွာမှပင်… မေ ကိုယ့်အဖြစ်ကို ကိုယ် ပြန် သတိထား မိလာရတော့ ..
ကြည်အေး ကဗျာလေးအတိုင်း နောက်ကျ ခဲ့လေပြီလား..

မောင်နှင့်တွေလျှင်
ချမ်းမြေ့ပျော်လည်း ၊ သူဝမ်းနည်းပြန်
မသဲမကွဲ ၊ နှစ်ယောက်ထည်း (ထဲ) ပင်
မိုးဖွဲနုညက် ၊ ဆံနွယ်ခက်ကြား
 တစ်စက်တစ်စက် ၊ လျောသက်တွယ်ခို
 ညိုညိုလဲ့မှောင် ၊ ကော့မျက်တောင်မှ
 ဝေ့ယောင်သီဝဲ ၊ မျက်ရည်ပဲလား
 မသဲမကွဲ ၊ မိုးရေပဲလား
 ဆိုရဲခက်ခက် ၊ မမေးရက်လို့
 ပင့်သက်ပူနွေး ၊ မှိုင်မောငေးဆဲ
 နွဲ့ထွေးနှမ ၊ ပြုံးအေးမြတော့
 နောင်တ နောက်ကျရပြန်သည် ။

(၆)



မေ တစ်ယောက် နွေဦးလေဖြင့် တဖွဲဖွဲ ကြွေကျနေသော ဗန်ဒါရွက်တွေကို ငေးကြည့်နေရင်း ဥသြ သံကို နားထောင် နေမိသည်။
ဂီတနယ်ထဲ လပြည့် အောင်မြင်နေတော့ သူ့သီချင်းသံတွေကို  မြို့ထဲ ဘယ်သွားသွား ဟိုမှာ သည်မှာ ကြားရတတ်ပါတယ် ဒါပေမယ့် မေ့အတွက် သီးသန့် ဆိုပြနေကြ သူ့ ဂစ်တာသံကတော့ ပျောက်ဆုံး သွားခဲ့တာ ကြာလှပါပြီ။
ထို့အတူ မေတို့ ခြံနားကနေ သူ ပြောင်းသွားခဲ့ပြီး အခုဆို ဖုန်းမဆက်ဖြစ်တာတောင် တော်တော်လေး ကြာလာပြီ..
သူမအားမှန်း သိတော့ မေလည်း မနှောက်ယှက်ရက်ပါ.. ဒါကြောင့် မေကလည်း စပြီး မဆက်ဖြစ်တာ ကြာပြီဒ
သူ့ အသံ ကြားချင်ရင် သူ့ သီချင်း ဖွင့်လိုက်လို့ ရပေမယ့် မေ့  တမ်းတမှုကတော့ မပြေမှန်း မေသိပါတယ်။

တကယ် မဝေးပေမယ့်
စံပယ်လေးတွေ ခြောက်ကုန်ပြီလေ..
မခေါ်သာ အတွေ့ခက်
နေ့ရည်တာရှည်…  
ပွင့်သစ်တို့ တဝေဝေ
ရွက်ကြွေတို့ တဖွေးဖွေး
သမုဒယတွယ်သမို့
နွယ်ဟု ခေါ်မည် …

ဆိုတဲ့ … ဆရာမောင်စိန်ဝင်း ကဗျာလေးအတိုင်း… သမုဒယ နွယ်ရစ်ပတ်မှုက မေ့ကို မွန်းကျပ်တဲ့အထိ လွမ်းစေပါသည်။

(၇)


ညလေပြေသည် မေ့ကို ကြည်စယ်သလို ဝေ့ဝဲ တိုက်ခတ်သွားသည်။ ညသည် တိတ်ဆိတ်လွန်းလေစွ။ မေ့ ချစ်သော သူ့ ဂစ်တာသံလည်း မေ့အတွက် မရှိတော့ပါ။
ညသည် နက်သထက် နက်လာသည်။ မကြာမီ ကောင်းကင်မှ လသည် မေ့ မြင်ကွင်းမှ ထွက်ခွာ သွားတော့မည်။
မေ့မြင်ကွင်းမှ ထွက်ခွာသွားသော လသည် တခြား တဖက်တွင်တော့ သာနေပေလိမ့်ဦးမယ်။
အမြဲ ပိုင်ဆိုင်ခွင့် မရလို့ မေ ငိုကြွေးနေလျှင် မေ့၏ ရူးသွပ်မှု တစ်ခုသာ ဖြစ်လိမ့်မယ်… သို့သော်လည်း လနှင့် လရောင်၊ လရောင်ရှိသော ည တို့ကို မေ ဘယ်လောက်အထိ ချစ်မြတ်နိုးလိုက်သလဲ မေသာ အသိဆုံး။ နေ့ဘက်မှာလည်း လရောင်ရှိတဲ့ ညတွေကို ဘယ်လောက် စောင့်မျှော်နေမိလဲ ဆိုတာ မေသာ အသိ ဆုံးဖြစ်ပါသည်။
လူဆိုတာ လောကထဲ ခဏတာ ရောက်တဲ့ လူသားတွေမို့ အချိန်မရွေး ပြန်ထွက်ခွာ မသွားရသေးခင်
မေ လပြည့်ကို ချစ်ကြောင်း ပြောခဲ့ ချင်ပါသေးတယ်။ ဒါပေမယ့် လမင်းကြီးကို မြေပြင်က လှမ်းအော် ပြောသလို ဖြစ်နေမှာမို့ မေ မကြိုးစား သင့်တဲ့ အရာလို့ ကိုယ့်ဘာသာ တွေးမိပါတယ်။
နောက်ပြီး မေ့ရင်ထဲက ချစ်ခြင်းဟာ ချစ်တယ် ဆိုတဲ့ စကားထက် ပိုလေးနက်တာကြောင့် ထုတ်ပြောစရာ စကားလုံးကလည်း မေ ခုထိ ရှာမတွေ့သေးပါ…
ရင်ထဲက ချစ်ခြင်းတရားကို နှလုံးသားနဲ့သာ ဖတ်မှ လေးနက်တဲ့ အဓိပ္ပါယ်ကို ကြားနိုင်မှာ မဟုတ်လား.. နှုတ်နဲ့ ပြောပြ စရာ မလိုတော့ ဘူး မဟုတ်လားနော်… ခုတော့ လပြည့် ခံစား နားလည် နိုင်ပါလိမ့်မလား.. မသေချာတော့ပါဘူးလေ..။
မေ ကိုယ်တိုင်လည်း လပြည့်ကို နားမလည်ခဲ့ပါ။ နားလည်အောင် ကြိုးစားကြည့်ဖို့ထက် သူ့ သဘာဝကိုသာ ချစ်မြတ်နိုးခဲ့ သူမို့လည်း ဖြစ်နိုင်ပါတယ်။ မေ့ အေးမြတဲ့ မေတ္တာနဲ့ ထုံမွမ်းတဲ့ အချစ်ကတော့ လပြည့် ဘယ်ရောက်ရောက် လပြည့်နဲ့ အတူ ပါရှိနေမှာ သေချာပါတယ်… မေအတွက်က အချစ်ဆိုတာ သဘာဝ အတိုင်း ဖြစ်တည်မှု သာ… တဖြည်းဖြည်း ဝေးသထက် ဝေးဦး တည်ရှိနေဦးမည်သာ…

တစ်ယောက်ကို
တစ်ယောက် တွေ့စက
ဆွဲငင်မှုတွေကြားမှာ
ခင်တွယ်ခဲ့ကြ..
နှလုံးသားချင်း
စကားလုံးမပါဘဲ
နှုတ်ဆက်စကားဆိုတဲ့
ညဟာ…
မွှေးမြ နေခဲ့တယ်။
အားထုတ်မှု မပါ
နူးညံ့ညင်သာတဲ့
တစ်ဦးပေါ် တစ်ဦး
လွှမ်းမိုးနိုင်မှုဟာ
အချစ်ရဲ့ ဘာသာတရား
တို့နှစ်ယောက်လုံး
တိုင်တည်စရာ မလိုဘဲ
ကိုးကွယ်ခဲ့ကြ။
လရောင်ရဲ့
သိမ်းပိုက်မှု
ကြယ်ရောင်ရဲ့
ညှို့ချက်တွေကြားမှာ
စကားဆို
အချစ်ရဲ့ တေးဟာ
ပိုချိုစေသလားကွယ်။
အချစ်တဲ့လား
ကမ်းစပ်က လှိုင်းတွေလို
ပြေးလာလိုက်
ပြန်ထွက်သွားလိုက်
ပုန်းရှောင်လိုက်
ပြန်ပေါ်လာလိုက်
ဘာဖြစ်ဖြစ်
အပြုံးတွေနဲ့
ကြိုဆိုဖို့ 
ကိုယ့်ကို အချစ်က
သင်ကြား စကားဆိုခဲ့တယ်။
တကယ်တော့
ကိုယ် ကိုးကွယ်တဲ့
အချစ်က..
ကိုယ်ရေးနေကြ
ကဗျာတွေလို
ရိုးရိုးလေးပါပဲ ကွယ်..။
မင်းရဲ့ သဘာဝထက်ပို
ကိုယ်လိုချင်တာလည်း
ဘာမှမရှိပါဘူး..
ကိုယ့်တို့ နှစ်ဦးရဲ့
အပြုံးတွေ အနောက်မှာ
ဘာအမှောင်ရိပ်မှ
ထိုးမထားပါဘူး
ဆန္ဒလွန် အတ္တတွေလည်း
ဘာမှ မွေးမြူမထား
ဖန်သားလို အချစ်
 ကြည်လင်ပါတယ်။
လက်ရှိ ဆိုတာ
ကိုယ်တို့ရဲ့ ယုံကြည်ခြင်းပါပဲ
မရောက်သေးတဲ့ အရာတချို့အတွက်လည်း
အိပ်မက်တွေနဲ့ မရူးသွပ်စေခဲ့ပါဘူး
အချစ်ကို ဝိုင်ချိုတစ်ခွက်လို ယစ်မူး
အသုံးချဖို့လည်း မကြိုးစားခဲ့ ပါဘူး။
 မြတ်နိုးကြစို့ရဲ့
တို့နှစ်ယောက် အချစ်စိတ်ဟာ
နှလုံးသားနဲ့ ရေးတဲ့
 ဖြူစင်ခြင်းရဲ့ကဗျာ
နှလုံးသားရဲ့
အရိုးစင်းဆုံး သီချင်းတစ်ပုဒ်
မြတ်နိုးစရာ မကောင်းဘူးလား
နှလုံးသားရဲ့ ဘာသာစကားတွေနဲ့လေ။

0 comments: