My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Sunday, February 10, 2013

နွေဦး ရဲ့ အလွမ်း ညနေ


 ညနေသည် ထင်ထားတာထက် သာယာနေပါသည်။ နေလုံး နီနီ ဘေးတွင် တိမ်မျှင် ရောင်စုံတို့က လွင့်ပါး နေကြတာက တိမ်ညို မိလ္လာ တိမ်ပြာရောယှက် မရမ်းဖက်သို့ ဆိုတဲ့ ကဗျာ စာသားလေးကို သတိရစေ ပါသည်။ ကျွန်မရဲ့ ခံစားချက်ကို ကြောက်သော ရောဂါက ကျွန်မကို ဘာကိုမှ အသေအချာ မခံစားစေပဲ အလုပ်ပဲ စွတ်များစေခဲ့တာ ကြာပြီ။ ဒီနေ့တော့ လူသား ဆန်ဆန် ကျွန်မ ပြန်ခံစားမိပါတယ်။

တကယ်တော့ လူ့ဘဝဆိုတာ ခံစားချက် ရှိမှ နေပျော်တာ။ ချစ်ခြင်း၊ မုန်းခြင်း ကင်းခြင်းသည် ချမ်းသာခြင်း တစ်မျိုး ဟု ဆိုကြသော်လည်း ချစ်ခြင်း၊ မုန်းခြင်း သည်ပင်လျှင် တစ်ဖက်မှာ လောကရဲ့ ရသတွေမို့  လူ့ဘဝ အရသာလို့ ခံယူတတ် လျှင်တော့  ဘဝ အရသာကို ခံစားရပေ လိမ့်မည်။  အခုလည်း ညနေက ကျွန်မကို ခံစားချက်တွေ ပေးနေပြီ ကျွန်မ ယူမလား ဖော့ချလိုက်မလား ကျွန်မ သဘော ကျွန်မ ပိုင်တဲ့ ဘဝပင်။

ဒီအချိန် နွေဦးမို့ ရွက်နုဝေ ချိန်မို့ အပင်လေးတွေကို ကြည့်လျှင် နီကျင်ကျင် ပရစ်ဖူးတို့နဲ့ တစ်မျိုးလှနေ သည်။ ကျွန်မ မြင်နေရသော နေဝင်ချိန် နေဝန်းနှင့် တိမ်တိုက်ရောင်စုံ တို့သည်။ ပုရစ်ဖူး စီနေသော ဗန်ဒါပင်ကိုင်း ကျဲကျဲကို  ဖြတ်ပြီး မြင်နေရတာမို့ အရောင်ချင်းဟပ်ပြီး ပိုလှနေသရောင်ရောင်ပါ။ 

ခြံထဲက နွေဦးလေ သယ်ဆောင်လာတဲ့  ယုဇနပန်းရနံ့ကလည်း ရင်ထဲကို အေးစေသလို
ဆွေးဆွေး မြေ့မြေ့ ဥသြသံကလည်း တစ်ချက် တစ်ချက် ပျံ့လာတော့  အလွမ်းဓါတ်ကို ဖြည့်စွက်လိုက် သလိုလိုပေါ့။ 

 ညနေချိန်ကို ဆုံဆည်းရာ အချိန်လို့ ကျွန်မက ခေါ်ချင်သည်။ မနက်ဆိုလျှင် မိသားစုဝင်တွေဆို အလုပ်သွား ကျောင်းသွား ညနေချိန်ဆို ပြန်ရောက် လာကြပြီ။ သူငယ်ချင်းတွေ မိတ်ဆွေတွေ တွေ့ဖို့ ချိန်းဆို ကြပြီ ဆိုရင်လည်း ညနေပိုင်း အလုပ်ပြီးချိန် အေးအေးလူလူ တွေ့ဖို့ ချိန်းကြတယ် မဟုတ်လား။ ချစ်သူတွေ ဆိုရင်လည်း  ညနေခင်းတွေဆိုရင် ညနေကို အတူခံစားရင်း တွေ့ဖြစ်ကြတာ များတယ်လို့ ကျွန်မ ထင်မိတယ်။ 

အခုပဲ ကြည့်လေ  ခြံထဲကနေထွက် အိမ်ရှေ့ လမ်းကလေးကနေ လမ်းမကြီးဘက် တစ်ယောက်တည်း အေးအေး လမ်းလျှောက်လာရင်း လူလူ တွေးချင်ရာ တွေးနေတဲ့ ကျွန်မ အနားက လက်တွဲ ပြီး ချစ်သူ စုံတွဲ တစ်တွဲ ဖြတ်လျှောက် သွားလေရဲ့။ ကြည်နူး စရာပါ။ ညနေချိန်တွေဟာ ကြည်နူးမှုကို လည်းပေးစွမ်းပါတယ်။

ကျွန်မက ညနေချိန် ကမ်းနားလို နေရာမျိုးမှာ နေဝင်ချိန်ကို စောင့်ကြည့်ရတာ နှစ်သက်တယ်။ ကျွန်မ နယ်တွေကို သွားတဲ့အခါမျိုး မြစ်နား ချောင်းနား နီးတဲ့ နေရာဆိုရင် အမြဲ နေဝင်ချိန်ဆို မြစ်နား  ရောက်အောင် သွားလေ့ရှိတယ်။ အဲလို သွားမိတိုင်း ဝင်းဦးရဲ့ ရေချိုးဆိပ် ဆိုတဲ့ သီချင်းလေးကို  မြင်ရောင်မိတယ်။ တကယ်ပဲ အဲဒီ သီချင်းလေး အတိုင်း လူတွေရဲ့ လှုပ်ရှားမှု လေးတွေကို တွေ့ရတာကိုး ။ 

အင်း အမှန်ပြောရရင် ကျွန်မ တောင်ပေါ်ကနေ နေဝင်ချိန်ကို ကြည့်ရတာလည်း ကြိုက်တာပဲ။ နေက ဒီတောင်နဲ့ ကွယ်ပြီး ဝင်တော့မလိုလိုနဲ့ ဟိုတောင်ကြားက ပြန်ပေါ်လာလိုက် နဲ့ တောင်ပေါ်ရဲ့ နေဝင်ချိန်က တစ်မျိုးလေး စိတ်လှုပ်ရှားစရာ ကောင်းတယ်။ တစ်မျိုး ချစ်စရာ ကောင်းတယ်။ 


အကြိုက်ဆုံး နေဝင်ချိန်ကို ကြည့်ရတဲ့ နေရာက ကမ်းခြေပါပဲ။ ရေပြင်ထဲကို အတားအဆီးမရှိ ဝင်ရောက်သွားတဲ့ နေဝန်းကြီးကို ကြည့်ရတာ နေဝန်းက ကိုယ်နဲ့ တစ်သားထဲ ဖြစ်သွားသလိုလို။  တိမ်ရောင်စုံတွေအပြင် ရေမှာ ထင်နေတဲ့ အရိပ်တွေနဲ့ ရောစွက်ပြီး အလှပိုနေတဲ့ နေက အရှိန်ငြီးငြီး တောက်ခဲ့တုန်းကလို ပူလောင်တဲ့ အလှမျိုး မဟုတ်ဘဲ တည်ငြိမ်မှု စွက်တဲ့ အေးချမ်းတဲ့ အလှမို့ ကြည့်လို့ မဝ ချင်စရာ။ ဖြူမွမွ သဲသောင်ပေါ် လွတ်လွတ်လပ်လပ် ထိုင်ရင်း၊ နူးညံ့တဲ့ သဲလေးတွေကို ထိတွေ ကစားရင်း၊ ရေလှိုင်းသံကို နားထောင်ရင်း  နေဝင်တာကို ကြည့်ရတာကလည်း လွတ်လပ်ငြိမ်းချမ်းတဲ့ ခံစားချက်ကို ပေးစွမ်းပါတယ်။

ရေပြင်အလယ်ကနေ နေဝင်တာကို စောင့်ကြည့်ရတဲ့ အရသာကိုတော့ သင်္ဘောစီးပြီး ခရီးသွားရတဲ့ အချိန်ရယ်။ ကန်ရေပြင် အလယ်ကို ရောက်နေရတဲ့ အချိန်ရယ်မှာ ခံစားကြည့်ဖူးသေးပါရဲ့။ အဲဒီလို အချိန်မျိုးဆိုရင် နေဝင်တာကို ကိုယ်က ပြေးလိုက်ဖမ်းနေ သလိုလို မျိုးပေါ့။ 

အခုလက်ရှိအချိန်ကတော့  တက္ကသိုလ် နယ်မြေ တစ်ခုရဲ့  တိတ်ဆိတ်တဲ့ လမ်းမပေါ်မှာ ကျွန်မ တစ်ယောက်တည်း နေဝင်ချိန်ကို ခံစားရင်း အတွေးနယ်ချဲ့ နေတာပါ။  နောက်ပြီး နေဝင်ချိန် ညနေခင်းတွေမှာ စကားဖောင်ဖွဲ့ပြီး အခုလို ခံစားရသမျှ တစ်ယောက်သော သူကို ပြောပြရင် နားထောင်မှာလားလို့ တွေးမိပြီး ပြုံးမိတယ်။ ရင်ဘတ်ချင်း နီးစပ်သူဆိုရင်တော့ နားထောင် ချင် မှာ ကိုယ့်ကိုလည်း ပြန်ပြောစရာ စကားတွေ ရှိမှာပေါ့နော်။ ကျွန်မ လမ်းလျှောက်ရင်း စကားပြောချင်စိတ် ဖြစ်မိတယ်။ အမှန်ပြောရရင် လွမ်းမိတယ်။ အလွမ်းဟာ ဝေဒနာနှောတဲ့ ဘဝရဲ့ ရသတစ်မျိုးဆို ဒီညနေဟာ လှပတဲ့ အလွမ်း ညနေခင်းပါပဲ။ နွေဦးရဲ့ အလွမ်း ညနေလေးပေါ့။







1 comments:

Unknown said...

အိပ်​မက်​တခုကို အ​ကောင်းထည်​​ဖေါ်ဖို့

ကြိုးစားခွင့်​ရှိ​နေသူတယာက်​က

မ​သေချာမ​သေရာတဲ့သရုပ်​ဟန်​ပြ​တွေထက်

ပိုပြီးဟန်​ချက်​ညီ​အောင်ရင်​ခုန်​သံကြားမှာ

ကိုယ်​ချစ်​သူအ​ပေါ်မှာထားရှိခဲ့ ချစ်​ခြင်းများနှင်​အတူ

ကြင်​နာမှုစစ်​ခင်းပြီးနှစ်​​ယောက်​အတူ

ပျော်​ကြူးလို့အ​ဖော်​ပြုရင်းကြိုးစားကြည့်

စေချင်​တယ်​.........!