My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Tuesday, February 12, 2013

ထာဝရ အချစ်ခရီးရှည်


ဦးကျော်သူနဲ့ သူ့ ချစ်ဇနီး ဒေါ်ရွှေဇီးကွက်တို့ရဲ့ ငယ်ငယ်က ပုံနဲ့ အခု အရွယ်ပုံကို ယှဉ်တွဲ ပြထားတဲ့ ပုံလေးကို Facebook ပေါ်မှာ တွေ့တော့ ကြည်ကြည်နူးနူး ကြည့်ဖြစ်ပါတယ်။ ကံကောင်းလိုက်တာလို့လည်း တွေးမိပါတယ်။ ထာဝရ အချစ်ခရီးရှည်ကို သူတို့ ဒီလို ကံကောင်းအောင် ဘဝကို ဘယ်လိုတွေ ရင်ဆိုင် ဖြတ်သန်းခဲ့လည်း ဘယ်လို ခံယူချက်တွေနဲ့လည်း ဘယ်လို ဆက်လက် ချီတက်နေကြလည်း ဆိုတာတွေကို ဆက်တွေးကြည့် နေမိပါတယ်။ 
သူတို့ နှစ်ယောက်ရဲ့ ငယ်ဘဝကို ကျွန်မ အမှန်ပြောရရင် သေသေချာချာ မသိပါဘူး။ တက္ကသိုလ်မှာ သိပ်လိုက်ဖက်ညီတဲ့ စုံတွဲ ဖြစ်ခဲ့ကြတယ် ဆိုတာလောက်ကိုပဲ သိပါတယ်။ ဒါပေမယ့် ဒီနေ့ အချိန်မှာတော့  သူတို့ စုံတွဲရဲ့ လိုက်ဖက်ညီမှု၊ တစ်ဦးအပေါ် တစ်ဦး ပါရမီ ဖြည့်မှုတွေ၊ နားလည် ချစ်ခင်မှုတွေကို သူတို့ရဲ့ အလုပ်တွေကတဆင့် ကျွန်မတို့ မြင်နိုင်ကြပါတယ်။ သူတို့ကို အားကျဖွယ် စံပြ စုံတွဲလိုမျိုး အများက ခံယူထားကြတာကိုလည်း သိသာမြင်သာ တွေ့နိုင်ပါတယ်။ 
အခု ဖေဖော်ဝါရီ ချစ်သူများနေ့ ရောက်ကာနီးမို့ ဘယ်ကို ကြည့်ကြည့် ဘယ်သွားသွား အချစ်နဲ့ ပြေးမလွတ် ဖြစ်နေပါတယ်။ သွားလေရာ နေရာတွေမှာ အနီရောင် အသဲပုံတွေနဲ့ မွမ်းမံ အလှဆင် ထားတာတွေပဲ တွေ့တွေ့ နေရလို့ ကိုယ်ပါရောပြီး ကဗျာဆန်နေရပါတယ်။ 
သူများတွေများ အချစ်ရေး ကံကောင်းလိုက်တာလို့ တွေးမိရင်။ ကံဆိုတာ အလုပ်ပဲလို့ ကိုယ့်ဘာသာ ကိုယ်ပြန်တွေးမိပါတယ်။ တကယ်တော့ ကံဆိုးမှုတွေ၊ ကံကောင်းမှုတွေ အားလုံးကို ကျွန်မတို့ ကိုယ်တိုင် ဖန်တီးယူခဲ့ ကြတာပါပဲ။ ဒါကြောင့် အချစ်နဲ့ ပတ်သက်တဲ့ ကံဆိုး၊ ကံကောင်းမှုတွေကလည်း ကျွန်မတို့ အလုပ်နဲ့ သက်ဆိုင် နေတယ်လို့ ကျွန်မတို့ ယူဆမိပါတယ်။ 



လောကမှာ လူတွေ တစ်ယောက်နဲ့ တစ်ယောက် လာဆုံကြတယ် ဆိုတာက ဗုဒ္ဓဘာသာ အယူအဆ အရဆို ရေစက်ရှိလို့ပါ။ အဲဒီ ရေစက်ရှိတဲ့ လူတွေထဲကမှ ဘယ်သူ ကိုယ့်ချစ်သူ ဖြစ်မလဲ ဆိုတာကတော့ ကိုယ့်ရဲ့ ရွေးချယ်မှု ကိုယ့်အလုပ်ပါ။ အဲဒီမှာ ကိုယ်ဘာကို အဓိကထားပြီး ရွေးချယ်လဲ ဆိုတာ ကိုယ့်ရဲ့ ကိုယ်ပိုင် အသိဥာဏ် တနည်းပြောရရင် ကိုယ် ဥာဏ်မီသလောက်နဲ့ ဆုံးဖြတ်ကြတာပါ။ 
ဆုံးဖြတ်ပြီးလို့ ရွေးချယ် ပြီးပြီဆိုရင်တော့ သူနဲ့ကိုယ် အဆင်ပြေအောင်၊ လက်တွဲ မဖြုတ်ရအောင် ညှိယူ ကြိုးစားရတဲ့ အပိုင်းမှာလည်း ကိုယ့်ရဲ့ အသိဥာဏ် ပညာ၊ ကျွမ်းကျင်မှု၊ လိမ္မာမှု ၊ ထိမ်းသိမ်းနိုင်စွမ်း စတာတွေနဲ့ အများကြီး ဆိုင်သွားတာမို့ ကိုယ့်အလုပ်ပါပဲ။
ချစ်သူ ရွေးချယ်ခြင်း၊ အိမ်ထောင်ဘက် ရွေးချယ်ခြင်းဟာ အပျော်အချစ်တွေကတော့ ဒီလောက် အရေးကြီးကြီး တွေးစရာ မလိုပေမယ့် ထာဝရ သက်ဆုံးတိုင်ကို ရည်ရွယ်ရင် သိပ်ကို အရေးကြီးတဲ့ အလုပ်လို့ ထင်မိပါတယ်။ နောက်ဘဝကို ယုံကြည်တဲ့ ဗုဒ္ဓဘာသာ အရ ပြောရရင် ပါရမီ ဖြည့်ဘက်လို့ ဆိုတဲ့ အတိုင်း အရွေးမှားရင် အနီးဆုံးသူမို့ သူ့ကုသိုလ် အကုသိုလ် မှန်သမျှ ကိုယ့်ဆီလည်း တနည်းတဖုံ ဆက်နွယ်နေတာမို့ နောက်သံသရာ ဘဝ အတွက်ပါ မကောင်းနိုင်တဲ့ အရာလို့တောင် ဆိုချင်ပါတယ်။
အခုထက်ထိ ကျွန်မ ပြောခဲ့တာ အချစ်အကြောင်း မပါသလောက်ဘဲမို့ ဦးကျော်သူတို့ စုံတွဲ အကြောင်းလည်း ပြောသေး သူတို့ရဲ့ ချစ်ခြင်းကို ချီးမွမ်းသလိုလိုနဲ့ ဦးနှောက် အကြောင်းကိုပဲ ပြောနေတယ်လို့ မထင်လိုက်ပါနဲ့။ 
ကျွန်မ စောစောပိုင်းက ပြောခဲ့သလိုပါပဲ။ လူတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ နှလုံးသားက ကိုယ့်ကို အချက်ပေးလာတဲ့ သူ ကတော့ နဲနဲလေးပဲ ရှိပါတယ်။ ဒါပေမယ့် အဲဒီ နဲနဲလေးကတည်းကမှ ကိုယ့်ရဲ့ ရွေးချယ်မှု အကြောင်းပြောတာပါ။ 
ပထမ အဆင့် အနေနဲ့ အကြိုက် နဲ့ အချစ်၊ အချစ်နဲ့ သင့်တော်မှု စတာတွေကို ချိန်ဆ နိုင်စွမ်းရှိတဲ့ ဥာဏ်ပညာပါ။ ဒီလို အစကတည်းက ချိန်ဆနိုင်မှ ခဏတာ ရင်ခုန်ပျော်ရွှင်ရုံ နောက်ပိုင်း ဘယ်လိုမှ ပေါင်းစပ်မရတဲ့ သူမျိုးနဲ့ မတွေ့ဘဲ ရေရှည်တည်တံ့တဲ့ အချစ်ကို ရနိုင်မှာလေ။ ကျွန်မ ကိုယ်တွေ့ အတွေ့အကြုံအရရော ပတ်ဝန်းကျင်မှာ မြင်တွေ့ရသမျှ ကို လေ့လာကြည့်တဲ့ အခါ ကွဲကွာခဲ့ရဖူးတဲ့ ချစ်သူတွေကို ဥာဏ်မီသလောက်နဲ့ ရွေးချယ်ရတဲ့အခါ ဥာဏ်ပညာ မပြည့်စုံ၊ ရင့်ကျက်မှု မရှိတာတွေ ကြောင့် အစကတည်းက မကောင်းတော့ အနှောင်းမှာ အဆုံးသတ်သွားတော့ တာပဲ။ရေရှည်တည်တံ့တဲ့ အချစ်ဖြစ်ဖို့ နောက်တစ်ချက်က ကိုယ့်ချစ်သူ၊ ခင်ပွန်းနဲ့ ကိုယ့်ရဲ့ ဆက်ဆံရေးကလည်း အရေးကြီးသေးတယ် မဟုတ်လား။ 
ဒုတိယ အဆင့် ချစ်သူ အချင်းချင်း ဆက်ဆံရေးမှာ သူဟာ လူ တစ်ယောက်ပဲဆိုတာနဲ့ လူတွေရဲ့ သဘာဝကို မြင်တတ်ဖို့နဲ့ နားလည် သဘောပေါက်တတ်ဖို့၊ ကိုယ့် သဘာဝကိုလည်း ကိုယ်တိုင် သဘောပေါက်ပြီး ဟာမိုနီဖြစ်အောင် ရပ်တည်တတ်ရင် ရေရှည် တည်တံ့တဲ့ ဆက်ဆံရေးမျိုးကို ဖန်တီးနိုင်မှာပဲ။  
ဆရာမကြီး ကြည်အေးရဲ့ မောင်၊ကိုကိုနဲ့ မြနန္ဒာ ဆိုတဲ့ ဝတ္ထုကို ကျွန်မ ပြီးခဲ့တဲ့ ၃ ရက် လောက်ကမှ ဖတ်ဖူးပါတယ်။ အဲဒီ ဝတ္ထု ကောင်းတယ်ဆိုတာ အညွှန်းကြားဖူးပေမယ့် ရှာမရလို့ မဖတ်ခဲ့ရပါဘူး။ အခုမှ တိုင်တိုင် ဆိုင်ဆိုင် ဖတ်ခွင့်ရလိုက်တာပါ။
အဲဒီ ဝတ္ထုရဲ့ ထူးခြားချက်က ဇာတ်ကောင်စရိုက်တွေ သဘာဝတွေ ရုပ်လုံးကြွ ပီပြင်လွန်းတာရယ် တစ်ချိန်တည်း တစ်နေရာ တည်းမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက် တစ်ခုကိုပဲ ဇာတ်ကောင်တိုင်းရဲ့ သူ့ရှုထောင့်နဲ့ သူ့အမြင် ဘယ်လိုရှိတယ် ဆိုတာကို ဇာတ်ကောင်တစ်ကောင်စီရဲ့ ဘဝ နောက်ခံနဲ့ သူတို့ ဥာဏ်ပညာအလျှောက် ဘယ်လို တွေးခေါ်တယ်။ အခြေအနေတွေကို ဘယ်လို တုန့်ပြန်ရင်း ဘဝတွေကို ဘယ်လို တည်ဆောက် သွားတယ် ဆိုတာကို ပီပြင်အောင် ဖော်ပြသွားနိုင်တာကြောင့် နာမည်ကျော်ရတာပဲလို့ ကျွန်မ မှတ်ချက်ချမိပါတယ်။ 
လူ့ဘဝတွေမှာ ကိုယ်တွေအားလုံးက ဝတ္ထုထဲက ဇာတ်ကောင်တွေပါပဲ။ ဇာတ်ကောင်တွေဟာ သူ့နည်း သူ့ဟန် နဲ့တော့ အမှန်တရားကို ရှာဖွေပြီး သူ ဥာဏ်မီသလောက် ဘဝကို ဖြတ်သန်းကြပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ သူ့နေရာက ဝင်ကြည့်နိုင်စွမ်းတဲ့ ဥာဏ်ပညာ ၊ ကိုယ်ချင်းစာ နိုင်စွမ်း ရှိရမယ့် အပြင် ကိုယ့်ချစ်သူ ဆိုတဲ့ ဇာတ်ကောင်ရဲ့ သဘာဝကို နားလည်နိုင်စွမ်းရှိရပါမယ်။ ရေရှည်တည်တံ့တဲ့ ဆက်ဆံရေး ဖြစ်ဖို့ဆိုရင် ကိုယ်ဆိုတဲ့ ဘဝ ဇာတ်ကောင်နဲ့ သူဆိုတဲ့ ဘဝ ဇာတ်ကောင်တို့ရဲ့ အတ္တတွေကို ဘယ်လို ထိန်းညှိ တည်ဆောက်သွားမလဲ ဆိုတဲ့ ဇာတ်ညွှန်းရေး နည်းပညာကို သိမ်မွေ့စွာ ရေးဆွဲနိုင်စွမ်းရှိရပါမယ်။ မဟုတ်ရင်တော့ ဇာတ်သိမ်းမလှနိုင်တော့ပါဘူး။


ဒါကြောင့် ထာဝရ အချစ်ခရီးရှည်ကို အမှန်တကယ် တည်ဆောက်ချင်တဲ့ သူတွေအတွက် ကိုယ့် ချစ်သူဟာ ဖတ်စာအုပ်တစ်အုပ် ကိုယ်လေ့လာရမယ့် ဘာသာရပ် တစ်ခုလို သဘောထားပြီး နားလည်အောင်ကြိုးစား ရမယ့် အရာလို့ ထင်ပါတယ်။ ကိုယ့်ကိုကိုယ်ပဲ လေ့လာ ကိုယ်လိုချင်တာပဲ ကိုယ်သိ ကိုယ့်အတ္တကိုပဲ ကိုယ်ပုံဖော် လို့ မရသလို ကိုယ်ဘာလိုချင်လို့ ဘာလိုချင်မှန်းမသိ ကိုယ့်ကိုကိုယ်တောင် ဥာဏ်မမီရင်တော့  ထာဝရ အချစ် ကိုယ့်မှာ မရှိနိုင်တာ ကိုယ့် အားနည်းချက်ပဲလို့ သုံးသတ်ရမှာပါပဲ။
အဓိက ချစ်ခြင်းကို မေတ္တာ၊ နားလည်မှုနဲ့ အတ္တတွေကို ထိန်းချုပ်နိုင်ပြီး ဥာဏ်ပညာပြည်စုံမှု ရှိရင် ထာဝရ အချစ်ခရီးရှည်ကို ဆက်လက် လျှောက်လှမ်းနိုင်ကြမှာပါ..။
ချစ်သူမရှိသေးတဲ့ သူတွေလည်း ထာဝရ အချစ်ကို ရွေးချယ်နိုင်ပါစေ.. ချစ်သူ ရှိပြီးသူတွေလည်း ထာဝရ အချစ်ကို တည်ဆောက်နိုင်စေချင်မိပါတယ်။
ချစ်ခြင်း မေတ္တာက ကမ္ဘာကြီး လှစေ အသက်ဝင်စေတဲ့ အရာပဲမဟုတ်လား။ 

0 comments: