My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Friday, September 28, 2012

မိန်းကလေးဆန်ခြင်း (သို့) မိန်းမဆန်ခြင်း




မိန်းကလေးဖြစ်ပြီး မိန်းကလေးဆန်ဆန်လေးနေလေ။ ဒီကောင် မိန်းမဆန်လွန်းပါတယ်။   ဒီစကားလုံးတွေကို ကျွန်မတို့ ပတ်ဝန်းကျင်မှာ ရင်းနှီးထားပြီးသားပါ။ ဒီမှာ ‘ ဆန်” ဆိုတဲ့ အသုံးရဲ့ အဓိပ္ပါယ်က “ လို / ကဲ့သို့” လို့ သက်ရောက်တယ်လို့ ဆိုရမှာပါ။
အဲဒီမှာ စိတ်ဝင်စားစရာ ကောင်းတာက မိန်းကလေး ဆိုတာကို ဘယ်လို စံနှုန်းနဲ့ တိုင်းတာကြတာလဲ ဆိုတာပါပဲ။
ကျွန်မ ၈ တန်း ၉ တန်း လောက်တုန်းက အမေ့ အဆူ ခံရတိုင်း ကြားရတတ်တဲ့ စကားက မိန်းကလေး ဖြစ်ပြီး မိန်းကလေး ဆန်ဆန်နေစမ်းပါ ဆိုတဲ့ စကားပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မက အဲဒီ အရွယ် အထိ သူငယ်ချင်းတွေနဲ့ ဘောလုံးကန်တုန်း မို့လို့ပါပဲ။ အဲဒီတော့ ကျွန်မ အမေ စံနှုန်းက မိန်းကလေးဆိုတာ ဒီ ကြမ်းကြမ်းတမ်းတမ်း ကစားတဲ့ ကစားနည်းတွေ မနှစ်သက်ပဲ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ပဲ နေတတ်တဲ့ သူတွေ လို့သတ်မှတ်ပြီး   ကျွန်မကို ဒီဘောင်ထဲမှာ မနေလို့ ဆူပူ သတိပေးခဲ့တာပေါ့။
ဟုတ်ပါပြီ ဒါဆို ယောင်္ကျားလေးတွေ အချင်းချင်း ပြောလေ့ရှိတဲ့ ဒီကောင် မိန်းမဆန်လွန်းတယ် ဆိုတဲ့ စကားကရော .. မိန်းမလို မိန်းမရ နဲ့ ကွာ ဆိုတဲ့ စကားကရော .. ဒါကတော့ အနှုတ်လက္ခဏာဘက် သဘော သက်ရောက်တယ်လို့ ပြောလို့ ရပါတယ်။ ကျွန်မ သူငယ်ချင်းတချို့ကို မေးကြည့်မိတယ်။ နင်တို့ ဘယ်လိုမျိုးကို ခိုင်းနှိုင်းပြောလေ့ရှိလဲဆိုတော့ စကားပြော လက်ပေါက်ကပ်တဲ့သူ၊ စကားကပ်သတ်ပြော တတ်တဲ့သူ ၊ ပလောင်းပလဲ ပြောတတ်တဲ့သူ ဆိုတာမျိုး လို့ ပြန်ပြောပါတယ်။ တခြား အဓိပ္ပါယ်တွေလည်း ရှိကောင်း ရှိဦးမှာပါ။ ဒါပေမယ့် အဆိုးမြင် ဘက်ကနေ ပြောလေ့ပြောထရှိတဲ့ စကားလုံး ဆိုတာကတော့ သေချာပါတယ်။
ဒီမှာ ကျွန်မ ပြောချင်တာက ကျွန်မတို့ “ မိန်းကလေး” ဆိုတာကို  ဘယ်လို စံနှုန်းနဲ့ တိုင်းတာကြမလဲ ဆိုတာပါပဲ။ မိန်းကလေး ( သို့) မိန်းမတစ်ယောက် ဆိုတာရဲ့  Identity  ပုံရိပ် ကို ဘယ်လို သတ်မှတ်ကြမလဲ ဆိုတာပါပဲ။  
ဟေမာနေဝင်း သီချင်းကို သတိရမိပါတယ်။ “ မိန်းမ.. မိန်းမ ဆိုတာ … ဘာလဲဗျ ..” ဆိုတာလေ.. အခုလည်း ကျွန်မ အဲဒီလိုပဲ မေးခွန်း ထုတ်မိပါတယ်။
အဆင်း နဲ့ အချင်း
ကျွန်မတို့ မိန်းကလေးတွေကို ကဗျာတွေ စာတွေ ထဲမှာ ပန်းကလေးတွေနဲ့ ခိုင်းနှိုင်းကြတယ်။ မိန်းကလေးတွေ ရဲ့ ဂုဏ်အင်ဟာ လှပခြင်း လို့ ဆိုလေ့ရှိကြတယ်။ အခု ကျွန်မတို့ မျက်မှောက်ခေတ်ဆိုရင် ပိုသာပါသေးတယ်။ ပိုက်ဆံသာ ရှိပါစေ လှချင်တိုင်း လှလို့ ရပါတယ်။ မွေးရာပါ မလှရင်တောင် လှအောင် နည်းမျိုးစုံ သုံးပြီး လုပ်လို့ရနေတော့ သီချင်းတွေ ၊ ကဗျာတွေ ထဲက ပြောသလိုပဲ တကယ်ကို  ပန်းကလေးတွေကတောင် အရှုံးပေး ရပါတော့မယ်။  
ဒါပေမယ့် ပြန်တွေးကြည့်ရင် ပန်းကလေးတွေမှာ လှပမှုအပြင် ရနံ့ ဆိုတာ မပါရင် မပြည့်စုံသလိုပဲ မိန်းကလေး တစ်ယောက်မှာ အပြင်ပန်း လှယုံနဲ့ မိန်းကလေး ဂုဏ်အင် ပြည့်စုံမယ်လို့ ပြောလို့ မရနိုင်ပါဘူး။ တခြား အရည်အချင်းတွေ  ရှိဖို့လည်း လိုအပ်ပါလိမ့်ဦးမယ်လို့ ကျွန်မ ထင်ပါတယ်။
ပုခက်လွဲသောလက်များ
မိန်းကလေး တစ်ယောက်အတွက် အမြင့်မြတ်ဆုံး ဘဝဟာ မိခင်ဘဝလို့ ပြောလေ့ ရှိကြပါတယ်။ သဘာဝတရား အရ မိန်းကလေးတွေဟာ အနာဂတ် မျိုးဆက်တွေကို မွေးထုတ်ပေးတဲ့ သူတွေပေါ့။ ကမ္ဘာမှာ ပြန်ကြည့်လိုက်ရင် လူဆိုးတွေ လူကောင်းတွေ အများကြီး ရှိသလို သူတို့ တစ်ယောက်စီ တိုင်းမှာ အမေ ဆိုတာ ရှိတာပဲလေ။ ကိုယ် ဘယ်လို လူရဲ့ အမေ ဖြစ်မှာလဲ ဆိုတာ ဘယ်လို လူကို မွေးထုတ်မှာလဲ ဆိုတာ  မိန်းကလေးတိုင်း တွေးမိစေချင်ပါတယ်။  လူကောင်းတွေရဲ့ အမေ ဖြစ်နိုင်ဖို့ကတော့ သူကိုယ်တိုင် လူကောင်း ဖြစ်ဖို့နဲ့ ပဲ့ပြင် ထိန်းကျောင်းပေးနိုင်လောက်တဲ့ ဥာဏ်ပညာ ပြည့်ဝစွာ ရှိဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလို ပြောလို့ လင်ယူ သားမွေးဖို့ကို အဓိက ထားပြီး ပြောနေတာလို့ မဆိုလို နေတာလို့ တလွဲတော့ မတွေးစေချင်ပါဘူး။
ကမ္ဘာကြီးကိုလဲ စိုးမိုးနိုင်
မိခင်ဖြစ်မှ မိခင်စိတ် ရှိတာ မဟုတ်ပါဘူး။  တကယ်တော့ မိန်းကလေး တစ်ယောက်ရဲ့ မူရင်းသဘာဝမှာ မိခင်စိတ်ဆိုတာ လွှမ်းမိုးတယ်လို့ ပြောလို့ ရပါတယ်။ လူတစ်ယောက် လူ့ဘဝထဲ မရောက်ခင်မှာ ဗိုက်ထဲမှာ သူ့ကို လွယ်ထားပေးဖို့၊ နောက် လူလား မြောက်တဲ့အထိ စောင့်ရှောက်ဖို့ လိုအပ်တာကြောင့် သဘာဝ တရားရပေးထားတဲ့ မူရင်းစိတ် လို့ ဆိုရမှာပါ။ အဲဒီစိတ်မှာ သည်းခံစိတ်၊ စောင့်ရှောက်လိုစိတ်၊ မတရားမှုများမှ ကာကွယ်ပေးလိုစိတ်၊ မေတ္တာစိတ် ၊ အနုစိတ်ရှုမြင် သုံးသတ်နိုင်စွမ်း စတာတွေ ကိန်းဝပ်နေပြီးသား ဖြစ်ပါတယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှုကို စောင့်ရှောက်လိုစိတ်တွေက မူရင်း သဘာဝ လိုရှိနေပါတယ်။ ဒါကြောင့်လည်း ဒီနေ့ ကမ္ဘာအနှံမှာ အမျိုးသမီး ခေါင်းဆောင်တွေ ပေါ်ပေါက်လာတာလို့ ပြောလို့ရနိုင်ပါတယ်။ လွတ်လပ်ပြီး ငြိမ်းချမ်းတဲ့ ကမ္ဘာကြီး ဖြစ်ဖို့ အမျိုးသမီးတွေရဲ့ မူရင်း သဘာဝစိတ်က အရေးပါတဲ့ နေရာမှာ ရှိနေတယ်လို့ ကျွန်မတော့ ယူဆမိပါတယ်။ မိန်းကလေးတွေဟာ ကိုယ့်ရဲ့ မူရင်း မြင့်မြတ်တဲ့ စိတ်နဲ့ တန်ဖိုးရှိတဲ့ ဘဝကို တကယ်ပဲ ဖော်ဆောင် နိုင်ဖို့လိုပါတယ်လို့ ကျွန်မတော့ ယူဆပါတယ်။
ပုခက်လွှဲသောလက်များ ကမ္ဘာကို စိုးမိုးနိုင်ဖို့
မိန်းကလေး တစ်ယောက်ဟာ မိသားစုတစ်ခုမှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍ မှာ ပါဝင်သလို နိုင်ငံတစ်ခုရဲ့ နိုင်ငံတည်ဆောက်ရေး၊ ကမ္ဘာနဲ့ ယှဉ်ပြောရင်လည်း ကမ္ဘာကြီး ငြိမ်းချမ်းသာယာရေးမှာ မိန်းကလေးတို့ရဲ့ အခန်းကဏ္ဍဟာ ၊ စွမ်းအားတွေဟာ အရေးပါတဲ့ နေရာမှာ ရှိနေတယ် ဆိုတာ ဒီနေ့ ခေတ်ကြီးမှာ လူတော်တော် များများက သဘောပေါက်လာကြသလို နေရာလည်း ပေးလာကြပါပြီ။ ဒါကို မိန်းကလေးတွေ ကိုယ်တိုင် ကလည်း သဘောပေါက်ဖို့ လိုပါလိမ့်မယ်။ ကိုယ့်ရဲ့ တန်ဖိုး ၊ ကိုယ့်ရဲ့ ပုံရိပ်ကို ကိုယ်တိုင် နားလည် သဘောပေါက်ရုံတင်မက ဖော်ဆောင် နိုင်သူတွေလည်း ဖြစ်ဖို့ လိုပါလိမ့်မယ်။ ဝေးဝေးက ကမ္ဘာ့နိုင်ငံ အသီးသီးမှာ အမျိုးသမီးတွေ နိုင်ငံအရေးဆောင်ရွက်သူတွေအဖြစ် အများအပြား လုပ်ဆောင်နေတာ တွေကို အသားထား ဥပမာ ပြရရင် ကျွန်မတို့ မြန်မာနိုင်ငံမှာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုပဲ အမျိုးသမီးတို့ရဲ့ စွမ်းအားအဖြစ် စံနမူနာထား ကြည့်လို့ရနိုင်ပါတယ်။
မိန်းကလေးတစ်ယောက်ရဲ့ ပုံရိပ်၊ မိန်းမဆန်ခြင်းရဲ့ ပုံရိပ်ဟာ ပုံရိပ်ကောင်း တစ်ခု ဖြစ်ဖို့ ကျွန်မတို့ မိန်းမသား တွေ ကိုယ်တိုင်ရဲ့ တာဝန်ပါပဲ။  အဆင်းရော အချင်းပါ ပြည့်စုံဖို့ ကျွန်မတို့ ကိုယ်တိုင်  ကြိုးစားရပါလိမ့်မယ်။ နူးညံ့တဲ့ နှလုံးသားနဲ့အတူ ပြည့်ဝတဲ့ ဥာဏ်ပညာပါရှိဖို့လိုအပ်နေပါပြီ။
ကိုယ်တိုင် သူများရဲ့ စံနှုန်းတွေနောက် လိုက်မိနေသလား ။
“သမီးက မိန်းကလေးလေ နိုင်ငံရေးတွေ စိတ်မဝင်စားပါဘူး။ အဲဒါ သမီးတို့ နဲ့ မဆိုင်ပါဘူး”
“ သမီးက မိန်းကလေးမို့ ဒီလောက်ကြီး ပညာတွေ သင်နေစရာ မလိုပါဘူး”
“ သမီးက မိန်းကလေးလေ အချိန်တန် ယောင်္ကျားလုပ်ကျွေးမှာပဲ အလုပ်ပင်ပင်ပန်းပန်းတွေ လုပ်နေစရာ မလိုပါဘူး”
“ မိန်းကလေးပဲ စိတ်ကောက်မှာပေါ့၊ မာယာများမှာပေါ့ ဘာဖြစ်လဲ”
အဲဒီလို ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကြားကြားနေရပါတယ်။ မိန်းကလေးတွေ ကိုယ်တိုင် သူတို့ကို သူတို့ ပုံဖော်နေတာ အဲဒီလို ပုံစံ ဖြစ်နေရင်တော့ စံလွဲနေပြီလို့ ဆိုရမှာပါ။ အဲဒီလို စံလွဲ မှုတွေ များလာခဲ့မယ် ဆိုရင် အဲဒီ လူ့အသိုင်းအဝိုင်း တစ်ခုရဲ့ အနာဂတ်ဟာ ရင်လေးစရာ ဖြစ်နေမှာပါ။
မိန်းကလေးပဲ ဆိုတဲ့ စကားရဲ့ နောက်ကွယ်မှာ ကိုယ်တိုင် ကိုယ့်တန်ဖိုးတွေကို နားမလည်တဲ့ ပုံစံ ဖြစ်နေတာကို စိတ်မကောင်းစရာ တွေ့နိုင်ပါတယ်။ ဒီလို စိတ်မျိုးရှိနေမယ်ဆိုရင် အမျိုးသမီးတွေရဲ့ တန်ဖိုးလည်း မှေးမှိန်လာနိုင်သလို နေရာပေးချင်ရင်နောင် အရည်အချင်း မပြည့်လို့ ဆိုတာမျိုးနဲ့ နေရာလည်း ပျောက်လာရင် ကျွန်မတို့  နေထိုင်တဲ့ ကမ္ဘာကြီး အတွက်ပါ ရင်လေး စရာဖြစ်နေမှာပါ။
မိန်းမဆန်ုခြင်းကို ဖြင့် ဂုဏ်တင့်တယ် စေပါစို့လား
နူးညံ့တဲ့ နှလုံးသားနဲ့ ပြည့်ဝတဲ့ ဥာဏ်ပညာ ရှိတဲ့ အမျိုးသမီး တစ်ယောက်ဟာ သူ့မိသားစု နဲ့ သူ့တိုင်းပြည်ကို ကောင်းစွာ စောင့်ရှောက်နိုင်တယ် ဆိုတဲ့ ပုံရိပ်ကို ကျွန်မတို့ ဖော်ဆောင်ဖို့ အတွက် မိန်းကလေးတွေဟာ အဆင်းရော အချင်းပါ ပြည့်စုံနေဖို့ လိုပါတယ်။ အဆင်းဟာ အလွန်အမင်း အလှပြင်ဖို့ မဟုတ်ဘဲ ကျန်းမာသန်စွမ်းတဲ့ အလှ ဖြစ်နေဖို့ဆိုတဲ့ စံနှုန်းပြည့်ဝဖို့ လိုသလို ဥာဏ်ပညာနဲ့ စဉ်းစားတွေးခေါ်မှု မြင့်မား ရင့်သန် စေဖို့ လည်း ဖြည့်ဆည်းထားဖို့ လိုပါလိမ့်မယ်။
တိုင်းပြည်နဲ့ ချီပြီး ပြောရမယ်ဆိုရင်တော့ .. တိုင်းပြည် အနာဂတ် ကောင်းဖို့ သားကောင်း ရတနာတွေ မွေးထုတ်ဖို့ မိခင်ကောင်းတွေ လိုသလို ၊ တိုင်းပြည်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ နိုင်ငံရေး စနစ်ကောင်း တစ်ခု ပေါ်ပေါက်လာဖို့ဆိုရင် နိုင်ငံရေးရာ ဆောင်ရွက်သူတွေ ထဲမှာ အမျိုးသမီးတွေရဲ့ အားလည်း လိုအပ်နေပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ ကိုယ့်တန်ဖိုးကို သိပြီး အရည်အချင်းတွေကိုလည်း ဖြည့်ဆည်း ထားဖို့ လိုအပ်ပါလိမ့်မယ်။
ဒါကြောင့် မိန်းကလေးတွေဟာ သူတို့ရဲ့ အချိန်တွေကို အလှပြင်တဲ့ နေရာ တစ်ခုတည်းမှာမဟုတ်ဘူး  နိုင်ငံအရေး မျှော်တွေးဖို့ ဘက်စုံ ကဏ္ဍစုံကို လေ့လာဖို့၊ ဗဟုသုတ ရှာမှီးဖို့  ၊ တနည်းအားစာဖတ်ဖို့လည်း အသုံးချရင်း တန်ဖိုးရှိတဲ့ မိန်းကလေးတို့ရဲ့ ပုံရိပ်ကို ဖော်ဆောင်နိုင်ဖို့ တိုက်တွန်းချင်မိပါတယ်။
မိန်းကလေးဆန်ခြင်းဆိုတာ .. နူးညံ့ခြင်း၊ သည်းခံခြင်း၊ ထိန်းကျောင်းစောင့်ရှောက်ပေးနိုင်စွမ်း ရှိခြင်း၊ ဥာဏ်ပညာ ပြည့်စုံခြင်း စတဲ့ .. ကောင်းတဲ့ လက္ခာဏာတွေနဲ့  ပုံရိပ်တွေကို ရည်ညွှန်းလာ နိုင်စေချင်ပါတယ်လို့ … ဆန္ဒပြု မိပါတယ်။
အလွမ်းပြေ
( ၂၉၊ စက်တင်ဘာ၊ ၂၀၁၂) 

0 comments: