My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Monday, May 23, 2011

ဆင်းရဲခြင်း လွတ်ကင်းအောင်





အခုတလော ကျွန်မ စိတ်အဝင်စားဆုံး ကိစ္စတစ်ခု ဖြစ်နေတာကတော့ သမ္မတကြီးရဲ့ ဆင်းရဲမှု တိုက်ဖျက်ရေး ဆိုတာပါပဲ။ ဖွံဖြိုးရေးလုပ်ငန်းကို စိတ်ဝင်စားတဲ့ ကျွန်မအတွက် စိတ်ဝင်စားစရာဖြစ်သလို ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံကြီး အဖြစ် တစ်နေ့ တစ်နေ့ ကြားနေရရာကနေ ခုလို ဆင်းရဲမှုတွေကို ဖော်ထုတ်တိုက်ဖျက်ဖို့ လိုနေပါပြီ ဆိုတဲ့ စကားကြားရတော့ သူငယ်ချင်းတစ်ယောက်နဲ့ ရယ်စရာ တောင် ပြောဖြစ်သေးတယ်။ အရင်က ငါတို့ နိုင်ငံကြီး တိုးတက်ခေတ်မီဖွံဖြိုးတိုးတက်နေတဲ့အကြောင်းကြားနေကြက ခုလို ကြားရတော့ ချက်ချင်းကြီး အားတောင်ငယ်သွားတယ်လို့.. :D. ဒါပေမယ့် ဒါကောင်းတဲ့ အချက်ပါပဲ။ အနာသိမှ ဆေးရှိတော့မပေါ့နော်။


သမ္မတကြီးရဲ့ မိန့်ခွန်းစကားတွေကို ကြားရတာ တော်တော်ကို ကောင်းပါတယ်။ အားရှိစရာ အားတက်စရာလည်း သိပ်ကောင်းပါတယ်။ တစ်ခုပါပဲ အကောင်အထည် ဖော်နိုင်ဖို့ပါပဲ။ အပြောကတော့ ပြီးသွားပြီ အလုပ်ပဲ ကျန်တော့တယ်။ အပြောထက် အလုပ်က ခက်တာပေါ့.. ဒါပဲ စောင့်ကြည့်ကြရမှာပါ။ ဆင်းရဲမှုတိုက်ဖျက်ရေး လုပ်ငန်းတွေကို ဘယ်လိုစီမံကိန်းချမလဲ။ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ဆိုရင် ဖြေရှင်းရမယ့် ကိစ္စတွေက ဘက်ပေါင်းစုံက မနည်းမနောပါပဲ။ ဘယ်လို လုပ်ဆောင်မှာလဲ။ ကျွန်မ စိတ်ဝင်စားနေမိပါတယ်။


ဒါပေမယ့် ဒီနေရာ တွေးမိတာက နိုင်ငံဖွံ့ဖြိုးရေး ဆိုတာ နိုင်ငံသားတိုင်းရဲ့ တာဝန်မဟုတ်ဘူးလား။ ကျွန်မတို့ စောင့်ကြည့်နေရုံနဲ့ တော့ မလုံလောက်ပါဘူး။ နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ်နိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှုကို တစ်ထောင့်တစ်နေရာက ပါဝင်ရမှာ ကျွန်မတို့ တာဝန်တစ်ခုပါပဲ။


ဒါ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ နိုင်ငံသားတစ်ယောက်ရဲ့ အလေ့အထပါပဲလို့ ကျွန်မဆိုချင်ပါတယ်။ ဒါကြောင့် ကျွန်မတို့လည်း ဒီဆင်းရဲမှုတိုက်ဖျက်ရေးနှင့် ဖွံဖြိုးရေးလုပ်ငန်းအကြောင်းနဲ့ သဘောသဘာဝတွေကို တီးမိခေါက်မိဖြစ်ဖို့ လိုတယ်လို့ ထင်မိပါတယ်။











၁။ နိုင်ငံတော်နှင့် လူမှုအဖွဲ့အစည်းများ၏ အရေးပါမှု နှင့် အဆက်အစပ်

ဆင်းရဲအကြောင်းပြောရင် အောက်ခြေလက်လုပ်လက်စားတွေရဲ့ ဘဝကပဲ စရမယ်ထင်ပါတယ်။ လူတစ်ယောက်ဟာ အခြေခံလိုအပ်ချက် စား၊ ဝတ် ၊နေရေး အပြင် ရေအသက် တစ်မနက် ဆိုသလို သန့်ရှင်းတဲ့ ရေနဲ့ အသက်ရှင်ဖို့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အတွက် အဟာရပြည့်အောင် မစားနိုင်ရင် ၊ သူ့အနာဂတ်အတွက် ပညာသင်ခွင့် မရဘူး ဆိုရင် အဲဒီလူက ဆင်းရဲတဲ့ သူပဲပေါ့။ နောက်တစ်ချက်က လူတွေရဲ့ စိတ်ပျော်ရွှင်မှုနဲ့ ကျေနပ်မှုမရှိဘူး ဆိုတာကိုလည်း ဆင်းရဲခြင်းပဲလို့ အဓိပ္ပါယ် ကောက်ယူလို့ရပါတယ်လို့ ပညာရှင်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေမှာ တွေ့ရပါတယ်။



မတွေ့တာ ကြာတဲ့ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာတယ်။ သူက ကျွန်မဆီ လာလည်တော့ အိမ်အောက်က ကော်ဖီဆိုင်လေးမှာ စကားပြောဖြစ်ကြတယ်။ သူက သူ့နယ်မှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ပြန်လုပ်နေတဲ့ MPH ရပြီးသား ဆရာဝန်တစ်ယောက်ပါ။ သူက အခု သူလုပ်နေတဲ့ ကျောင်းမနေနိုင်တဲ့ ကလေးတွေအတွက် သူလုပ်နေတဲ့ ပရောဂျက်လေးအကြောင်း ပြောပြတယ်။


အဲဒီမှာ သူပြောတာ စိတ်ဝင်စား စရာကောင်းတာက သူနယ်က ကလေးတွေအတွက် တခြား သူလုပ်နိုင်တာအပြင် ဒီပညာရေးကိစ္စကိုပါ သူလုပ်မယ်လို့ အစောကြီးကတည်းက စိတ်ဝင်စားပြီးသားမို့ သူတို့မြို့မှာရှိတဲ့ ပညာရေးဘက်က အကြီးအကဲကို ပြန်ပြန်လာချင်း တွေ့ပြီး သူလုပ်ချင်တာလေးကို ပြောပြပါတယ်တဲ့။ အဲဒီတုန်းကတော့ ကောင်းသားပဲ ဆိုပြီး လုပ်လေ ဆိုတော့ သူလည်း စလုပ်တော့တာပေါ့။ သူက အလုပ်ကို သေချာလုပ်တတ်တော့ စစ်တမ်းတွေ ဘာတွေ သေချာကောက်ကြည့်တော့ ကျောင်းမနေနိုင်တဲ့ ကလေးအရေအတွက်ဟာ ၁၅၀ ကျော်တောင် ထွက်လာတယ်တဲ့။ အဲဒီမှာ ပြဿနာက စတော့တာပဲ။ အဲဒီလို ပေါ်လာတော့ အဲဒီ အကြီးအကဲက မကြိုက်တော့ဘူး သူက ကျောင်းမနေနိုင်သူမရှိ ဆိုတဲ့ အစီရင်ခံစာပိုင်ရှင် ဖြစ်နေတော့ ဒီလိုမျိုး ထွက်လာတာကို မကြိုက်တော့ မလုပ်နဲ့တော့ ဖြစ်ပြန်ရောတဲ့။ ကျွန်မ သူငယ်ချင်းကလည်း တကယ်လိုနေတဲ့ သူတွေရှိတာ လုပ်မှာပဲ ဖြစ်တော့ ။


အရာရှိကြီးက အထက်ကို ဦးအောင်တိုင်စာပို့တော့တာပဲတဲ့ … သူငယ်ချင်းက တော်သေးတာက အခုအပြောင်းအလဲတွေ ကြားမှာဆိုတော့ အထက်က လူတွေက ဒီလိုကျောင်းမနေနိုင်တဲ့ ကလေးတွေရှိနေတာ သူတို့အတွက်မကောင်းဘူး၊ ဖြေရှင်းနိုင်တာ မဖြေရှင်းနိုင်တာထက်ကောင်းတာပေါ့ ဆိုပြီး ရပ်ကွက်ဥက္ကဌကို သူငယ်ချင်းတို့ရဲ့ အဖွဲ့ဝင်အဖြစ်ထည့်ပြီး ဆက်လုပ်ပါ။ သူတို့လည်း လာလာကြည့်မယ်ဆိုပြီး ရယ် နောက် သူငယ်ချင်းရဲ့ ကလေးတွေ စာသင်တဲ့ ကျောင်းကို သူတို့ ကိုယ်တိုင် တစ်ပတ်တစ်ခါ လာလာကြည့်ကြပါတယ်တဲ့။




အဲဒီတော့ ဆင်းရဲမှု တိုက်ဖျက်ဖို့ ဆိုရင် နိုင်ငံတော်နဲ့ လူမှုရေး လုပ်တဲ့ အဖွဲ့တွေ ၊ဖွံဖြိုးရေး လုပ်တဲ့ အဖွဲ့တွေ ၊လူမှုရေးအသင်းအဖွဲ့ တွေဟာ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှု ( Good Governance ) အတွက် အပြန်အလှန် လိုအပ်ကြတယ်ဆိုတာ ဒါအကောင်းဆုံး ဥပမာပါပဲ.. သူငယ်ချင်း လုပ်တဲ့ အလုပ်ဟာ လိုနေတဲ့ ပညာရေးလိုအပ်ချက်၊ ပေါက်နေတဲ့ အပေါက်ကို ဖြည့်တဲ့ အလုပ်ပါပဲ။ ပထမ လူုကြီးက သူ့ရဲ့ အားကို မယူဘဲ သူ့အားနည်းချက် ပေါ်မှာ ကြောက်လို့ဆိုပြီး ခွင့်မပြုချင်ပေမယ့် ၊ ဒုတိယ လူကြီးကတော့ နားလည်သဘောပေါက်တဲ့ သူဆိုတော့ အဲဒီအားကို သူ့အားအဖြစ်သုံးလိုက်တာပေါ့။ တကယ်လည်း အဲဒီနယ်မှာ ကျောင်းမနေရတဲ့ ကလေးငယ် တကယ်မရှိဖြစ်သွားမှာပဲလေ။ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အလုပ်ပေါ့။


တကယ်လို့သာ ခွင့်ပြုချက် မရခဲ့ဘူးဆိုရင်တောင် သူငယ်ချင်း လုပ်တဲ့ အလုပ်က တရားမဝင်ဖြစ်နေရင် သူ့လုံခြုံရေးအတွက်လည်း မကောင်းတဲ့အပြင် အလုပ်ကလည်း တွင်ကျယ်သင့်သလောက် တွင်ကျယ်မှာ မဟုတ်၊ ရပ်လိုက်ရင်လည်း မြေစာပင် ကလေးတို့ ပညာမရ။ အဲဒီနယ်အတွက် စာမတတ်သူ ပပြောက်ဖို့ကလည်း မဖြစ်နိုင်နဲ့ ကောင်းတဲ့ အချက် တစ်ခုမှ မရှိဘူးမဟုတ်ပါလား။


ဒါကြောင့် အစိုးရအနေနဲ့ အသင်းအဖွဲ့တွေရဲ့ လွတ်လပ်စွာ လှုပ်ရှားမှုကို အားပေးပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ သူဖြစ်ရင် သူဟာ လူထုထောက်ခံမှုကိုလည်း ရလာမှာပါပဲ။ ဒါ သဘာဝပါပဲ။ တစ်ဘက်ရဲ့ အားကို တစ်ဘက်က အပြန်အလှန် လိုအပ်နေကြတာပါပဲ။ ဒါဟာ Civil Society နဲ့ Sate နဲ့ ကြားက ဆက်သွယ်မှုမှာ အရေးကြီးတဲ့ အချက်တစ်ခုပါပဲ။



နောက်ထပ် ဆင်းရဲမှုဆိုတာ စီးပွားရေးမပြည့်စုံမှု၊ အရပ်စကားနဲ့ ပြောရရင် ပိုက်ဆံမရှိတာ ဝင်ငွေနည်းတာ အဓိက ပြဿနာပဲပေါ့။ ဒါဆို စီးပွားရေး တိုးတက်မှုက ဒီနေရာမှာ အရေးပါတဲ့ အချက်တစ်ခု ဖြစ်နေပါပြီ။ စီးပွားရေး တိုးတက်ဖို့ ၊ လူမှုအခြေအနေ တိုးတက်လာဖို့ ဘယ်လိုလုပ်ကြမလဲ။ စီးပွားရေး ရေးဖို့ဆိုရင် အရင်းအနှီးတွေ လိုတာ လူတိုင်းသိတာပါပဲ။ ဆင်းရဲတဲ့သူတွေပြောတတ်ကြတဲ့ စကားတစ်ခွန်းကို သတိရမိတာက ငါတို့မှာ လူကလွဲလို့ ဘာမှမရှိပါဘူးတဲ့ ။ ရင်းစရာ လုပ်အားပဲ ရှိပါတယ်လို့ ပြောတတ်ကြတာကို သတိရမိတယ်။




၂။ လူမှုအရင်းအနှီး ( Social Capital )




ဒီနေရာမှာ လူမှုတိုးတက်မှု ( Social Development ) အတွက်ရော ၊ စီးပွားရေး တိုးတက်မှု (Economic Development) အတွက်ရော အရေးပါတဲ့ အချက်တစ်ခုကို သတိပြုမိစေချင်ပါတယ်။ အဲဒါက လူတွေပဲ ရှိပါတယ် ဆိုတဲ့ လူမှုအသိုက်အဝန်းထဲမှာ ရှိနေတဲ့ လူမှုအရင်းအနှီး( Social Capital ) ပါပဲ။ လူမှုအရင်းအနှီးဆိုတာကို စကားလုံး တစ်လုံးထဲနဲ့ ပြောရရင် “အဆက်အသွယ်” ( Relationship ) ပါပဲ။


လူတွေဟာ သူတို့ဆီမှာ ရှိနေတဲ့ အဆက်အသွယ်တွေကို အသုံးပြုပြီး သူတို့ရဲ့ ဘဝတွေကိုတိုးတက်အောင်၊ မြင့်မားအောင်၊ ကောင်းမွန်အောင် လုပ်ဆောင်တတ်ကြတာကလည်း လူ့သဘာဝပါပဲ ကျွန်မတို့ ကိုယ်တိုင် လုပ်ဆောင်ခဲ့ကြဖူးပါတယ်။ စာဖတ်သူ ကိုယ်တိုင်လည်း လုပ်ဆောင်ဖူးမယ်လို့ ထင်ပါတယ်။ ဆင်းရဲမှုတိုက်ဖျက်ရေး စီမံကိန်းတွေမှာ အအောင်မြင်ဆုံး စီမံကိန်းတစ်ခု အသေးစားငွေစုငွေချေး စီမံကိန်းလို စီမံကိန်းမျိုးတွေဟာ ဒီ လူမှုအရင်းအနှီးကို အဓိကထားပြီး လုပ်ဆောင်ခဲ့လို့ အောင်မြင်ခဲ့တာတွေ လက်တွေ့မြင်နိုင်ပါတယ်။




လူမှုအရင်းအနှီးဆိုတာကို ရိုးရိုးလေး မြင်ကြည့်လို့ရပါတယ်။ လူတွေဟာ သူ့နေ့စဉ်ထိတွေ့ ဆက်ဆံနေကြသူတွေကို ယုံကြည်မှုပိုရှိတယ်။ သူနဲ့ ငါနဲ့ကတော့ ကျောင်းနေဖက်၊ ရင်ပြင်တော် တံမျက်လှည်း အသင်းမှာ အတူတူ လုပ်အားပေးဖူးတယ်။ သူက ငါ့ သူငယ်ချင်းရဲ့ သူငယ်ချင်း စတာတွေကြောင့် ပိုရင်းနှီးတယ်။


ရင်နှီးမှုကနေ ယုံကြည်မှုဆိုတာ ဖြစ်လာပြီး သူကိုတော့ ယုံတယ် ငါနဲ့ တွဲလို့ရတယ်။ အလုပ်အတူလုပ်လို့ရတယ် ဆိုတာမျိုးတွေကိုလည်း ကျွန်မတို့ ကိုယ်တိုင် ဖြတ်သန်း နေတဲ့ နေ့စဉ်ဘဝမှာ ကြုံနေကြားနေရတာပဲ မဟုတ်လား။ အဲဒါဟာ လူမှုအရင်းဆိုတာပါပဲ။


လူတွေကြားက တစ်ဥင်္ိးနဲ့တစ်ဦး ဆက်သွယ်နေပြီး ယုံကြည်မှုနဲ့အတူတကွ ပူးပေါင်းဆောင်ရွက်လာမှုဟာ အဲဒီ လူတွေအတွက် လူမှုအရင်းအနှီးပါ။

(၃) ဖွံဖြိုးရေးစီမံကိန်းရဲ့အောင်မြင်မှုအတွက် အဓိကသော့ချက်



စစ်မှန်သော ဖွံဖြိုးမှု ပေါ်လာလာဖို့နဲ့ ပေါ်ပေါက်လာတဲ့ ဖွံဖြိုးရေးဟာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေး (Sustainable Development ) ဖြစ်လာဖို့ ဟာ လူသားဖွံ့ဖြိုးမှု (Human Development)၊ နိုင်ငံရေး ဖွံ့ဖြိုးမှု (Political Development )၊ စီးပွားရေးဖွံ့ဖြိုးမှု ( Economic Development ) နှင့် လူမှုရေး ဖွံ့ဖြိုးမှု ( Social Development ) ဆိုတာတွေ အချိုးညီညီ ပေါင်းစပ်နိုင်ဖို့လိုအပ်ပါတယ်။ ဒီလို ပေါင်းစပ်ဖို့ ကြိုးစားကြတဲ့ နေရာမှာ အဓိကသော့ချက်ကတော့ လူထုပါဝင်မှု ( Community participation ) ပါပဲ။


သဘောတရားကတော့ ရှင်းရှင်းလေးပါ ဖြစ်နေတဲ့ပြဿနာကို ကိုယ်တိုင် ခံစားရတဲ့ သူလောက် ဘယ်သူမှ သိမှာမဟုတ်သလို။ ပြဿနာရဲ့ အဖြစ်အပျက်တွေကိုလည်း ကိုယ်တိုင်ဖြတ်သန်းရတဲ့ သူကပဲ အသိဆုံးဖြစ်ပါတယ်။ အဲဒီတော့ လူထုရဲ့ ကြုံတွေနေရတဲ့ ပြဿနာအရပ်ရပ်ကို ဖြေရှင်းပေးဖို့ဆိုရင် လူထုပူးပေါင်းပါဝင်မှု ရှိကိုရှိမှ ဖြစ်မှာပါ။




လူတွေရဲ့ ပူပေါင်းဆောင်ရွက်မှုနဲ့ လူတွေရဲ့ ပူပေါင်းဆောင်ရွက်မှုအလေ့အထကို ရရှိနိုင်ဖို့အတွက် ရပ်ရွာထပ်မှာ ရှိနေတဲ့ လူမှုအရင်းအနှီးတွေကို ဘယ်လို သုံးမလဲ၊ ကိုယ် ဖွံဖြိုးရေး လုပ်မယ့် နယ်ပယ်ရဲ့ လူမှုအရင်းအနှီးတွေကရော ဘာတွေလဲ ဆိုတာတွေကို သိထားဖို့လိုပါတယ်။ နောက်တစ်ချက်က ဒီလို လူမှုအရင်းတွေကို တိုးပွားအောင် လုပ်ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် Social capital formation လူမှုအရင်းအနှီး တို့ပွားအောင် ပြုလုပ်ရေးဟာလည်း ဆင်းရဲမှု တိုက်ဖျက်ရေး မှာ နိုင်ငံတော် ( State ) အတွက်၊ လူထုအတွက် အရေးထားလုပ်ရမယ့် အချက်တစ်ခုပါပဲ။





ဒါကြောင့် ဆင်းရဲမှုတိုက်ဖျက်ရေးအတွက် ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုပေါ်ပေါက်လာရေး နဲ့ ပြည်သူလူထုကိုယ်တိုင်ပူးပေါင်း ပါဝင်လာရေးတို့ဟာ အရေးကြီးတဲ့ အချက်တွေဖြစ်တယ်လို့ ကျွန်မတော့ ယူဆမိပါတယ်။


နောက်ထပ်သလို လူမှုအရင်းအနှီးအကြောင်း နဲ့ တိုးပွားအောင် ဘယ်လို လုပ်မလဲ ဆိုတာလေးကို ကျွန်မ တီးမိခေါက်မိသလောက်လေး ဝေမျှ ချင်ပါသေးတယ်။ ဒီနေ့တော့ အိပ်ငိုက်နေပြီ။ မနက်စောစောလည်း ထရဦးမှာမို့ ..

ဒီမှာပဲ ရပ်လိုက်တော့မယ်နော်..။



မျက်စိအညောင်းခံ ဖတ်ပေးမယ့် သူငယ်ချင်းတွေကို ကျေးဇူးပါ… ကိုယ့်အယူအဆလေးတွေကိုလည်း ဝေမျှပြီး ဖြည့်စွက်ဆွေးနွေးပေးပါလို့ …



ခင်မင်စွာဖြင့်
အလွမ်းပြေ

0 comments: