My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Wednesday, May 25, 2011

ကိုယ်ပိုင် ဒီမိုကရေစီ

ပထမနှစ်ကျောင်းသူဘဝတုန်းက ချင်းမိုင်မှာ မြန်မာအလုပ်သမားနှစ်ယောက်က သူတို့ ကျောင်းသူကို အဓမ္မကျင့်ပြီး သတ်သွားတဲ့ ကိစ္စအတွက် မကျေနပ်လို့ ကျောင်းသားတွေ ဆန္ဒပြတာတဲ့အကြောင်းလေးကို သတိရမိပါတယ်။အဲ့ဒီတုန်းက ဆန္ဒပြရုံသာမက အလုပ်သမားတန်းလျား ကိုပါ သွားဖျက်လိုက်ကြပါတယ်။ ဒါပေမယ့် အဲဒီ အချိန်ထိ ချင်းမိုင်ရဲတပ်ဖွဲ့က နောက်သက်ဆိုင်ရာက မြန်မာအလုပ်သမားနှစ်ယောက်ရဲ့ လုပ်ရပ်ပါလို့ အတည်မပြုရသေးပါဘူး။ သူတို့ ဒေါသထွက်သလို ကျမကလည်း တန်းလျားကို ဖျက်တယ်လို့ကြားရတော့ ဒေါသထွက်ပါတယ်။


သူတို့ဒေါသထွက်သင့်သလို ရဲတောင် အတည်မပြုသေးဘဲ အလုပ်သမားတန်းလျားတွေကို ဖျက်လိုက်တော့ ကိုယ့်လူတွေ နေစရာ မရှိဖြစ်ပါပြီလို့ တွေးပြီး ကျမလည်း စိတ်ဆိုးပါတယ်။ ကျောင်းကို စိတ်ဆိုးဆိုးနဲ့ ထွက်လာပြီး အတန်းထဲမှာ စူပုတ်ပုတ်နဲ့ သွားထိုင်နေတုန်း ထူးထူးခြားခြား အလုပ်များတဲ့ ကျမတို့ ထိုင်းပရော်ဖက်ဆာက စောစော အတန်းဆီရောက်လာပါတယ်။


ဆရာက ကျမရဲ့ မျက်နှာကို ကြည့်ပြီး မင်းနေကောင်းရဲ့လားလို့ မေးလာတော့ ပြောစရာ လူရှာနေတဲ့ ကျမထွက်ပေါက်ရသလိုဖြစ်ပြီး ဆရာ ဟိုဘက်ကျောင်းမှာ ဆန္ဒပြနေတာ သိလား။ ဒီနေ့ သူတို့ အလုပ်သမားတန်းလျားကို ဖျက်လိုက်တယ် အဲဒီ အလုပ်သမားတွေ ဘယ်လိုနေမလဲ ကျမ စဉ်းစားနေတာ နောက် သူတို့ရဲ့ ကလေးတွေ ။ ကျမ စိတ်မကောင်းဘူး။ နှစ်ဖက်လုံးအတွက် စိတ်မကောင်း ပါဘူး ဆရာလို့ ပြောတော့ သူက ငါလည်း မင်းလိုပဲ စိတ်မကောင်းပါဘူးတဲ့။


နောက် သူနဲ့ ကျမ စကားတွေ အများကြီး ဆက်ပြောမိတယ်။ စည်းကမ်းကြီးတယ်လို့ နာမည်ကြီးတဲ့ သူ့အတန်းမှာ ကျောင်းသားက ကျမ အပါအဝင် ၃ ယောက်ပဲ ရှိပါတယ်။ အဲဒီနေ့ အတန်းကို ဦးဆောင် ဆွေးနွေးရမယ့်သူက ကျမပါ အဲဒီတော့ ဖတ်ရတဲ့ ပေပါက ပေးထားတဲ့ Concepts တွေ ဆွေးနွေးတဲ့အခါ ကျမ စိတ်ထဲ ရောက်နေတဲ့ဆီ ကျမ ပြန်ရောက်သွားတာပါပဲ။ ကျမတို့ အဲဒီနေ့က အဓိက ပြောဖြစ်တဲ့ အကြောင်းရာက Ideology လွှမ်းမိုးမှုတွေအကြောင်းပါ။ အဲဒီမှာ ဆက်စပ်ပြောတဲ့ အကြောင်းအရာတွေ အများကြီးနဲ့ အတန်းပြီးချိန်အထိ ကျမတို့ ဆွေးနွေးလို့ မပြီးကြပါဘူး။


အခြားအတန်းဖော် နှစ်ယောက်က တရုတ်မလေးရယ် ကမ္ဘောဒီးယားရယ် ဆိုတော့ ကိုယ်တိုင်းပြည်က အကြောင်းတွေနဲ့ ဥပမာပေးပြီး ဆွေးနွေးလို့ မကုန်အောင်ပါဘဲ။ အဓိက ကျမပြောဖြစ်တဲ့ အကြောင်းက အခု ဆန္ဒပြရုံသာမက အလုပ်သမားတန်းလျား ကိုပါ သွားဖျက်ကြတဲ့ အကြောင်းက သူတို့ဆီမှာ ရှိနေတဲ့ မူရင်း ဗမာမုန်းစိတ်ကြောင့်ပါ။ အတည်မပြုခင် ဒီလိုလုပ်ရတဲ့ အကြောင်းက သူတို့မှာ ရှိနေတဲ့ အငုံ့စိတ်ရဲ့ လှုံ့ဆော်မှုကြောင့်ပါ။ ဒါပေမယ့် ဒီကျောင်းသားတွေဟာ ငယ်လွန်းပါတယ်။


တက္ကသိုလ်ကျောင်းသားလေးတွေရဲ့ စိတ်ထဲက မုန်းစိတ်ကတော့ စနစ်တကျ သွင်းပေးခံခဲ့ရတာပါ ဒါပေမယ့် ကျမတို့ ရဲ့ ရွေ့ပြောင်းလုပ်သားတွေ မရှိခဲ့ရင် ထိုင်းနိုင်ငံရဲ့ စီးပွားရေးက ဘယ်လို ဖြစ်မယ် ထင်ပါလဲ ဆရာလို့ ကျမမေးခဲ့ပါတယ်။ နောက် အခြေခံအကျဆုံး သူတို့ သုံးနေတဲ့ လျှပ်စစ်မီးဟာ သူတို့အစိုးရ ဘယ်နိုင်ငံက ရလဲ သူတို့ မသိကြဘူးလားဆရာ။ ဒီအခြေအနေကိုတော့ သူတို့ မမြင်ပါဘူး။ ဒါလက်ရှိ မျက်စိနဲ့ မြင်နိုင်တဲ့ လက်ရှိ အခြေအနေပါ။


မုန်းစရာ ကောင်းတဲ့ အကြောင်းအရာတွေက ရှေးရှေးတုန်းကပါ သူတို့ အဖိုးအဖွားတွေတောင် လက်တွေ့ ကြုံခဲ့ရမယ် မထင်ပါဘူး ဒါကိုတော့ သူတို့ စိတ်ထဲစွဲနေတယ်လေလို့ ကျမစပြောခဲ့ပါတယ်။ အဲဒီနေ့က ကျမတို့ ကျောင်းသားသုံးယောက်နဲ့ ဆရာနဲ့ အကြောင်းအရာ ဆက်စပ်ပြီး ဆွေးနွေးကြတာ အများကြီး ပေမယ့် ကျမ စိတ်ထဲမှာ စွဲနေတဲ့ ဆရာပြောခဲ့တဲ့ စကားတစ်ခု ရှိပါတယ်..“ လူက ကျွန်ပြုခံရတာ အဓိကမဟုတ်ပါဘူး.. လွတ်နိုင်သေးတယ်.. စိတ်ကို ကျွန်ပြုခံရရင် လွတ်ရကောင်းမှန်းမသိတော့ တစ်သက်လုံး လွတ်မှာမဟုတ်ဘူး.. ” အဲဒီအချက်ကို နားလည်ဖို့လိုတယ်။ လွှမ်းမိုးမှာလား လွှမ်းမိုးမှုက ရုန်းထွက်ချင်တာလား..။ အဲဒီအချက်ကို သတိထားမိဖို့လိုတယ်တဲ့။


အခု ကျမတို့ မြန်မာနိုင်ငံသူ၊နိုင်ငံသားတွေအားလုံး ဒီမိုကရေစီလိုချင်ကြပါတယ်။ နှစ်ပေါင်းများစွာ တိုင်းပြည်အတွက် ကြိုးစားပေးခဲ့တဲ့ လူတွေကလည်း အသက်တွေ၊ သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ… နောက် များစွာသော စတေးမှုတွေနဲ့ ကြိုးစားခဲ့ကြတာလည်း အားလုံးအသိပါပဲ..။ ကြိုးစားနေသူတွေ ကြိုးစားနေကြပေမယ့် ကျမတို့ ပြည်သူတွေ ဘက်ကရော.. နှစ်ပေါင်းများစွာ စနစ်တစ်ခုရဲ့ လွှမ်းမိုးမှုအောက်မှာ နေခဲ့ရတာ အခုဆို နှစ်ပေါင်း များစွာရှိနေပါပြီ။ ကျမတို့ မသိစိတ်ထဲမှာ လွှမ်းမိုးနေတဲ့ ကျမတို့တောင် မသိတဲ့ အရာတွေ ဘယ်လောက်ရှိနေပြီလဲ… ဒါတွေကိုရော .. ဘယ်လို လုပ်ရမလဲ .. ကျမ အတွေးလွန်တယ်ဘဲပြောပြော.. ကျမ အခုတလော တွေးနေမိပါတယ်။


ဒီမိုကရေစီ ရတာ မရတာထက် ရလာတဲ့အခါမှာ သူ့တန်ဖိုးကို သိပြီးကျင့်သုံးတန်ဖိုးထားတတ်ဖို့ လိုပါတယ်။ တန်ဖိုးထားမှလဲ စနစ်က တည်တန့်မှာပါ။ ကျမ စဉ်းစားမိတယ်.. ကျွန်မကိုယ် ကျမ မေးခွန်းတွေ မေးမိပါတယ်။ ဒီမိုကရေစီကဘာလဲ..။ သူ့ရဲ့ အနှစ်သာရက ဘာလဲ။ ငါဘာလို့ လိုချင်လဲ။ •


ဒီမိုကရေစီစနစ်ဆိုတာ ဘာလဲ။


ကျွန်မဖတ်သမျှထဲက မြန်မာ ဝီကီထဲမှာ ဖွင့်ဆိုထားတာလေးကို မျှဝေချင်ပါတယ်..။ မြန်မာဝီကီမှာ.. “ ဒီမိုကရေစီဟူသော စကားရပ်သည် ရှေးဟောင်း ဂရိ စကားလုံး demos (ပြည်သူလူထု) နှင့် kratos (အင်အား) မှ ဆင်းသက်လာခြင်းဖြစ်သည်။ ပြည်သူအများ အာဏာပိုင်စိုးသော စနစ်ကို ခေါ်ဆိုသည်။ ဒေမိုး (လုပ်သားပြည်သူ/တိုင်းသူပြည်သား) နှင့် ကရေးစီးယား (အုပ်ချုပ်မှုအာဏာ/အာဏာပိုင်စိုးမှု) ပေါင်းစည်းပြန်ဆိုသော် ပြည်သူအများစုပေါင်းပါဝင် အာဏာပိုင်စိုးသော စနစ်ဟု ဆိုနိုင်ကြောင်းလည်း ဖွင့်ဆိုချက်ရှိသည်။ တိုင်းပြည်ရှိ လူအများ၏ ဆန္ဒကို အလေးထားကာ တိုင်းပြည်၏ အာဏာသည် ပြည်သူ့လက်ထဲတွင်ရှိသောစနစ်ဟု ဆိုနိုင်ပါသည်။ နိုင်ငံရေးအာဏာသည် အရွယ်ရောက်ပြီးဖြစ်သော ပြည်သူလူထု တစ်ရပ်လုံး၏ လက်တွင်း၌သာရှိသည့် စနစ်ဖြစ်ပါသည်။”• လို့ ဆိုထားပါတယ်။


ဒီမိုကရေစီရဲ့ အနှစ်သာရကဘာလဲ ..။


လွတ်လပ်စွာ တွေးခေါ်မှု။လွတ်လပ်စွာ ပြောဆိုမှု ။လွတ်လပ်စွာရေးသားခွင့် ။လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့်။ လူထုဆန္ဒ။ဒီအချက်တွေကို ကြည့်ရင် အများဆန္ဒကို အဓိက ထားတဲ့ စနစ်လို့ ဆိုလိုတာကို တွေ့ရပါတယ်။ ဒီအခြေခံ အချက်တွေထဲမှာ လွတ်လပ်မှုကို အလေးထားတာ အထင်အရှားတွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒီလွတ်လပ်မှုရဲ့ သော့ချက်က အများ ဆန္ဒ နဲ့ ကိုက်တဲ့ လွတ်လပ်မှုလို့လဲ ဆက်ပြီးယူဆလို့ရပါတယ်။ အများကောင်းကျိုးကို လိုလားတဲ့ လူအများကို လေးစားတဲ့ လွတ်လပ်မှုမျိုး ကိုယ်ကျိုးရှာတဲ့ လွတ်လပ်မှုမျိုးမဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ အဲဒီတော့ ကျမ ခံစားမိတာက အကျင့်သီလကို အလေးထားတဲ့ တကယ့် လွတ်လပ်မှု အစစ်အမှန်သာ ဒီစနစ်ရဲ့ အနှစ်သာရ လို့ ခံစားမိပါတယ်။ ဒီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံရဲ့ အစိုးရဟာ သူ့တိုင်းသူပြည်သားအပေါ် လေးစားရမယ် ရိုးသားပွင့်လင်းမှု ရှိရပါမယ်။ အဲလိုမှ မရိုးသားဘူး ပြည့်သူ ဆန္ဒကို မလေးစားဘူးဆိုရင် စနစ်နဲ့ မကိုက်ညီလို့ ပြည်သူက သူ့ကို ဖြုတ်ချမှာပဲ ဖြစ်ပါတယ်။ ပြည်သူ့တွေရဲ့ လွတ်လပ်ခွင့် ပြည်သူ့ ဆန္ဒ ပါပဲ။ •


ကျမ ဘာလို့လို ချင်တာလဲ။


ကမ္ဘာပေါ်မှာ ခေတ်တွေ စနစ်တွေ အဆင့်ဆင့် ပြောင်းလဲ လာကြတာဟာ။ လိုအပ်လို့ ပြောင်းလဲ လာကြတာပါ။ ဘာလို့ လိုအပ်လာလဲ ဆိုရင် တိုးတက် ဖို့ ကမ္ဘာပေါ်မှာ နေရတာ ပိုအဆင်ပြေဖို့ လူသားတွေပြောင်းလဲမှုကို လုပ်ကြတာပါ။ လက်ရှိ အချိန်ရဲ့ တောင်းဆိုချက်လို့ ပြောလို့ရပါတယ်။ ကျမလည်း ကိုယ့်တိုင်းပြည်ကို အများနည်းတူ တိုးတက်အောင်၊ ကောင်းမွန်အောင် ဆောင်ရွက်ချင်တယ်။ ကျမတို့ တိုင်းပြည်က လူတွေ ဒီထက် ပိုကောင်းတဲ့ လူနေမှု ဘဝ၊ လူနေမှု ပတ်ဝန်းကျင် ဖြစ်စေချင်တာပါ။ အဲဒီတော့ ကိုယ့်ရင်ထဲက ဆန္ဒတွေက။ လူတိုင်းရင်ထဲက ဆန္ဒတွေကို တောင်းဆိုမှုတွေကို အသိမှတ်ပြုပေးမယ့် နားထောင်ပေးမယ့် စနစ်မျိုး၊ အစိုးရမျိုး ကိုယ့်တိုင်းပြည်မှာ ရှိစေချင်ပါတယ်။ ပြည်သူလူထုရဲ့ ဆန္ဒဆိုကတည်းက သူတို့ အမှန်တကယ် တွေ့ကြုံနေရတဲ့ ဘဝထဲက လိုအပ်ချက်တွေပဲလေ။ အရှင်းဆုံး ပြောရရင် ကိုယ့်တိုင်းပြည်ကို ကိုယ်ပိုင်ချင်တယ်။ ကိုယ့်ကို တိုင်းသူပြည်သားတစ်ယောက်အနေနဲ့ Respect ထားတဲ့ အုပ်ချုပ်သူကိုလိုချင်လို့ ဒီလို ကျင့်သုံးတဲ့ ဒီမိုကရေစီ စနစ်ကို လိုချင်တာပါ။


ဒီမိုကရေစီရဲ့ အနှစ်သာရကို သိရင် တောင်းဆိုနေရုံနဲ့ မပြီးဘဲ တကယ်ကျင့်သုံးနိုင်ဖို့ အရေးကြီးပါတယ်။ ဒီမိုကရေစီရတဲ့အချိန်မှာ အနှစ်သာရကို သိရှိ ကျင့်သုံးနိုင်မှုမရှိရင် ကျမတို့အတွက် နိုင်ငံအတွက် ကြိုးစားပေးခဲ့တဲ့သူတွေရဲ့ ကျေးဇူးကို မသိတတ်ရာရောက်သလို ကြာရှည်လည်း ခံမှာမဟုတ်ပါဘူး။နောက်ပြီး လူတွေရဲ့ စိတ်ထဲမှာ ဒီစနစ် တကယ်မရှိနေရင် အစိုးရပြောင်းပေမယ့် ဒီမိုကရေစီမရသလို ဖြစ်နေပါလိမ့်မယ်။ အဲဒီအတွက်..ကျမတို့လို ပြည်သူတွေက ဒီမိုကရေစီရဲ့ အနှစ်သာရကို တကယ်သိပြီး တကယ်ကျင့်သုံးဖို့လိုပါတယ်။


ကျမတို့ စိတ်ထဲမှာ တကယ်လိုချင်ရင် တကယ်ကျင့်သုံးလို့ရပါတယ်။ ကျမ ဆရာပြောခဲ့တဲ့ စကားကို ဒီနေရာမှာ ပြန်ကောက်ရရင်.. “ လူက ကျွန်ပြုခံရတာ အဓိကမဟုတ်ပါဘူး.. လွတ်နိုင်သေးတယ်.. စိတ်ကို ကျွန်ပြုခံရရင် လွတ်ရကောင်းမှန်းမသိတော့ တစ်သက်လုံး လွတ်မှာမဟုတ်ဘူး.. ” ဆိုသလိုမျိုး… အစိုးရပြောင်းတာမပြောင်းတာ .. နိုင်ငံမှာ ကျင့်သုံးရသေးတာ မရသေးတာက နိုင်ငံတစ်ခုလုံးနဲ့ ဆိုင်ပါတယ်..။ ကျမတို့တစ်ဦး တစ်ယောက်နဲ့ ချက်ချင်းပြောင်းလဲမှုတွေ လုပ်လို့မရပါဘူး.. ဒီစနစ်ကို အသုံးပြုနိုင်ဖို့ .. လူပေါင်းများစွာဟာ အခု ချိန်ထိ နှစ်နဲ့ချီပြီး ကြိုးစားနေရဆဲပါပဲ.. ။အခု ကျမတို့ ဘာလုပ်နိုင်လဲ ..နိုင်ငံတစ်နိုင်ငံရဲ့ အသေးဆုံး ယူနစ်ဖြစ်တဲ့ ပြည်သူပြည်သားတွေ ဖြစ်တဲ့ ကျမတို့တွေ တစ်ယောက်ချင်းစီဟာ ဒီစနစ်ရဲ့ အနှစ်သာရကို သိရှိပြီး နေစဉ်ဘဝထဲမှာ သုံးစွဲကျင့်သုံးနိုင်အောင် ကြိုးစားလို့တော့ ရနိုင်တယ်ထင်ပါတယ်။


ဒါဟာ ကျမတို့ စိတ်မှာ ဒီမိုကရေစီကို တကယ် လက်ခံထားရမှာ ဖြစ်ပါတယ်..။ပြည်သူတွေ မသိဘူးလေ၊ သူတို့ လွတ်လပ်ခွင့်ကို မသိကြဘူး၊ ယူရကောင်းမှန်း တောင်းရကောင်းမှန်း မသိဘူးလေတို့ …လွတ်လပ်မှုတွေရရင် လေးစားမှု ရှိကြမယ့်သူတွေ မဟုတ်ဘူး.. မတန်သေးပါဘူးလို့ တို့ အပြစ်မတင်ပါနဲ့ .. အခုသိတဲ့သူက စပြီး ကျင့်သုံးပြရမှာပါ.. ရှေ့က ဦးဆောင်ပြီး သွားပြရမှာပါ။


ဒီနေရာမှ ကျမ သတိရမိတဲ့ .. နောက်ထပ်စကား တစ်ခွန်းက .. ကျမ ဆုံဖူးတဲ့ ဒိန်းမတ်နိုင်ငံက Ms Britta Lissner ဆိုတဲ့ social worker အဖွားကြီးတစ်ယောက်ရဲ့ စကားပါ။ သူက Family ပြဿနာတွေအတွက် အကြံပေးလည်းလုပ်တဲ့သူပါ..။ သူနဲ့ ဟိုဟိုဒီဒီစကားပြောရင်း ကျမကို သူပြောခဲ့တဲ့ စကားလေးတစ်ခွန်းက သူ လူငယ်တွေကို ပြောလေ့ရှိတဲ့စကားတစ်ခွန်းက .....“လူ့လောကမှာ အရေးအကြီးဆုံးက “Honesty and Respect” ပဲ ကိုယ့်ကိုကိုယ်အပေါ် ကိုယ့်လက်တွဲဖော်အပေါ်ရိုးသားပါ၊ လေးစားမှုရှိပါ ၊ မိသားစုဝင်တိုင်းလည်း တစ်ဦးအပေါ် တစ်ဦး ရိုးသားပါ လေးစားပါ..။ ဒါဆို ဝမ်းနည်းစရာ အဆုံးသတ်တွေဆိုတာ ရှိလာမှာမဟုတ်ဘူး.. မင်းသိလား ဒါ ဒီမိုကရေစီရဲ့ အနှစ်သာရပဲ… ။”“


Honesty and Respect” ဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပါတဲ့..။ကျွန်မဟာ ပြည်သူတစ်ယောက်အနေနဲ့ ကျမ နားလည် ခံစားမိသလောက် ရိုးရိုးလေးပဲ တွေးကြည့်မိတာက ကဲ.. ကျမတို့လည်း ဘာဖြစ်ဖြစ်.. ကိုယ့် ဒီမိုကရေစီကိုယ်ရအောင်.. ကိုယ်က စပြီး ကျင့်သုံးလိုက်ကြရအောင်.. စိတ်ထဲမှာ ဒီမိုကရေစီ ကိန်းဝပ်အောင် ကြိုးစားကြရအောင်လို့ ကျမ ပြောချင်ပါတယ်။ ကိုယ့်မိသားစုထဲမှာပဲ ဖြစ်ဖြစ်၊ ကိုယ့် ချစ်သူနဲ့ပဲ ဖြစ်ဖြစ်၊ အလုပ်ထဲမှာပဲဖြစ်ဖြစ် ၊ နေ့စဉ် တွေဆုံ ဆက်ဆံနေကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကြားမှာပဲ ဖြစ်ဖြစ်..တစ်ဦးကိုတစ်ဦး… တစ်ယောက် ဆန္ဒကိုတစ်ယောက်လေးစားတဲ့ ပွင့်လင်းလွတ်လပ်တဲ့ ” ရိုးသားမှုနဲ့ လေးစားမှု ” ကို အခြေခံတဲ့ ဆက်ဆံရေးမျိုးကို စတင်တည်ဆောက်ကြပါစို့လား..ဒါဆိုရင်.. အကျင့်သီလလည်း ပြည့်စုံလာတယ်လို့ တနည်း ဆိုနိုင်ပြီး.. လူဘဝမှာ ပိုပြီနေပျော်လာမှာလဲ မလွဲပါဘူး။ ကုသိုလ်ဖြစ်ပါတယ်။


အပြောင်းအလဲ ကြီးကြီးမားမားဖြစ်ဖို့ဆိုတာ.. အသေးလေးတွေက စရတာပါ.. အပြောင်းအလဲ အကြီးအတွက် အချိန်တွေ အကျိုးအကြောင်းတွေ ပေါင်းစုံလာအောင် စုရပါတယ်.. အလွယ်တကူ မဖြစ်နိုင်ပါဘူး… ဒီလိုလုပ်နိုင်ဖို့ကို ..ကိုယ့်စိတ်ကိုယ်မှ စပြီး မပြောင်းနိုင်ရင် တတ်နိုင်မယ် မထင်ပါဘူး.။


ဒါကြောင့် .. ဒီနေ့ ..ကျမတို့ တတ်နိုင်တဲ့ .. ကိုယ့်ကိုကိုယ်က စပြီး…ကိုယ်ပိုင် ဒီမိုကရေစီ.. စပြီး ယူလိုက်ကြရအောင်…. ကိုယ့်ရဲ့ ကိုယ်ပိုင် ဒီမိုကရေစီကို ကိုယ့်ပတ်ဝန်းကျင်.. ကိုယ့်မျိုးဆက်တွေဆီကို လက်ဆင့်ကမ်းရအောင်.. ပွင့်လင်းရိုးသားမှုနဲ့ လေးစားမှုတွေ လက်ဆင့်ကမ်းရင်း ကိုယ်ပိုင် ဒီမိုကရေစီရဖို့ ကျင့်ယူကြရအောင်…


ဒီလိုဆိုရင် အနည်းဆုံး ကိုယ့်ပတ်ဝန်းကျင်မှာ မိုးခါးရည်သောက်တာတွေ၊ လူမှုရေးပြဿနာတွေ၊ အဂတိလိုက်စားမှုတွေ၊ ကြီးနိုင်ငယ်ညှင်းမှုတွေ.. စတာတွေလောက်တော့ လျှော့နည်းလာမှာပဲ။ နောက်ဆုံး တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိတယ်ဆိုရင် အချင်းချင်း ဆက်ဆံရေးမှာ အမြင်မတူတာတွေရှိလာရင်တောင် အေးအေးဆေးဆေးနဲ့ ဖြေရှင်းနိုင်လာပြီး ရန်ဖြစ်ကြတာတွေ၊ စောင်းမြောင်းပြောဆိုကြတာတွေ မဆိုပဲ အေးအေးချမ်းချမ်းလောက်တော့ ရှိလာမယ်လေ။ ဘဝကပိုနေပျော်စရာ ကောင်းလာမှာပါပဲလို့တွေးမိတယ်။


စနစ်တွေ ပြောင်းလာရတဲ့ အကြောင်းက ကမ္ဘာပေါ်မှာ နေထိုင်ရတာ ပိုမိုကောင်းမွန်လာအောင်၊ ပိုကောင်းတဲ့ ဘဝရလာအောင်ဆိုတဲ့ အခြေခံအချက်ပဲ မဟုတ်လား။ ကိုယ်ကနေ စ.. ကိုယ့်မိသားစု.. နောက် တခြား မိသားစုတွေကနေ .. အသိုင်းအဝိုင်းတစ်ခု .. အဲဒီကနေ ..တစ်တိုင်းပြည်လုံးအထိပေါ့…ဘာဖြစ်ဖြစ်.. ကိုယ်ပိုင် ဒီမိုကရေစီရဖို့ ..နောက်မကျသေးပါဘူး… ဒီနေ့ကပဲ စလိုက်ကြရအောင်…း)


ခင်မင်စွာဖြင့်


အလွမ်းပြေ( ၆.၄.၂၀၁၀)

0 comments: