My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Friday, May 20, 2011

ချစ်တတ်အောင် သင်ကြစို့



ဒီမနက် စောစော ဖလန်းဖလန်းထ ခရီးထွက်မယ့် သူငယ်ချင်း ပဲများဖို့ သူမှာထားတာလေးတွေကို လူကြုံသွားပေးပါတယ်။
အား.. မနက်စောစောပဲ ရှိသေးတယ် နေက အရမ်းကို ပူလိုက်တာ.. စပ်နေတာပဲ..။ လမ်းပေါ်ရောက်တာနဲ့ ပါးတွေ ပူတက်လာတယ်.. ဘယ်လိုမှ မခံနိုင်အောင်ပဲ။ အမလေး ကမ္ဘာကြီးကို အောက်က မီးများ ဘယ်သူရှို့နေလည်းမသိဘူး..လို့ နောက်မိတယ်။
တစ်နှစ်ထက် တစ်နှစ် ပိုပို ပူလာပြီ နောက် ဘာတွေ ထပ်ဖြစ်ဦးမှာလဲ ..အခုကျမ နေနေတာ တောင်ပေါ်မြို့မို့ပါပဲလား..ပူလိုက်တာ.. ကြောက်စရာကြီးနော်လို့ အတူတူ ရှိတဲ့ သူငယ်ချင်း အမကြီးကို ပြောမိပါတယ်။

အဲဒီ လူကြုံတည်းတဲ့ ဟော်တယ်ရှေ့လည်းရောက်ရာ စံပယ်ရုံတွေတစ်တန်းကြီးပဲ ရေနိုင်လို့ ထင်ပါရဲ့ ပွင့်နေတာလဲ ဖွေးလို့ လှလည်းလှ မွေးလည်းမွေးလိုက်တာ ကျမ စိတ်ထဲ လှိုက်ကနဲဆို ပျော်ပြီး ရင်ထဲ အေးသွားတာပဲ။ အပြန်လမ်းမှာ ပြန်တွေးမိတာက
အော် အဲဒီ စံပယ်ရုံလေးတွေ့တော့ ငါ ငယ်ငယ်က မနက်ဆို စံပယ်တွေ ခူး၊ စီးပြီး ဘုရားတင်ရတဲ့ အပျော်ကို ချက်ချင်းပြန်သတိရပြီး ပျော်သွားတာကိုးလို့။

နောက်ဆက်ပြီး ပြီးခဲ့တဲ့ နှစ် ကျမဆွေးနွေးပွဲ တစ်ခုမှာဆုံတဲ့ အန်ကယ် တစ်ယောက်ရဲ့ စကားကို ပြေး အမှတ်ရမိတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးအကြောင်းတွေ ဆွေးနွေးရင်း ပတ်ဝန်းကျင်ထိန်းသိမ်းမှု အပိုင်းရောက်တော့ သူက ပြောတယ် ..

“ ဖိုးမူရဲ့ လူတွေက ချစ်မှ ထိန်းသိမ်းတတ်မှာကွ.. မင်း စဉ်းစားကြည့်လေ မင်း အိမ်မှာ မင်းကြိုက်တဲ့ မြတ်နိုးတဲ့ ပစ္စည်းတွေဆို မင်း မပျောက်အောင် မပျက်စီးအောင် သေချာထားတယ် မဟုတ်လား။ ခု ငါ့ ကလေးတွေ ငါကြည့်တယ်ကွာ.. ဒီကောင်တွေ အိမ်ရောက်ရင် ကွန်ပျူတာထဲမှာ ဆော့တယ်။ ကွန်ပျူတာထဲမှာ စကားပြောတယ်။ အပြင်သွားတော့ ကားနဲ့သွားတယ်။ ဆိုင်တွေမှာ ဈေးဝယ်တယ်။ ကျောင်းသွားတယ် ကွန်ပျူတာနဲ့ အွန်လိုင်းထဲဝင်တယ်။ ဒီကောင်တွေ အတွက် သူငယ်ချင်းက ကွန်ပျူတာထဲမှာ။ ကစားစရာတွေက ကွန်ပျူတာထဲမှာ ။ အရွက်တွေ အသီးတွေ ဆန်တွေက ဈေးထဲကရတာ။ ဒါပဲလေ။

ဒီကောင်တွေ သဘာဝပတ်ဝန်းကျင်ကို ချစ်တတ်ဖို့ဆိုတာ သူတို့နဲ့ သိပ်ဝေးနေတယ်ကွ.. သူတို့ အနားက မဟုတ်သလိုပဲလေ။ သူတို့ လက်ထက်ရောက်ရင် ဒီထက် ပိုမဆိုးဖို့ တကယ့် အနှစ်သာရဆိုတာ ဘယ်မှာလဲ ဆိုတာ သူတို့ မြင်အောင် လုပ်ရမယ်ကွ။ သူတို့ကို ထိတွေ့စေရမယ်။ ထိန်းသိမ်းကြပါ။ ထိန်းကြပါလို့ အော်နေတာထက် သူတို့ ဘာသာ ချစ်တတ်လာအောင် သင်ပေးရမှာ။ ချစ်လာရင် အလိုလို ဂရုစိုက်ထိန်းသိမ်းလာလိမ့်မယ်။ ဆုံးရှုံးရမှာ ကြောက်လာလိမ့်မယ်ကွ..”

ကျမ သူ့စကားကို ပြန်တွေးမိတယ် တကယ်ပါပဲ.. ကျမ တို့ ငယ်ငယ်က ဘဝကို ပြန်တွေးရင် သိပ်ပျော်စရာကောင်းပါတယ်။ ကျမက ကံကောင်းတယ်ပဲ ပြောရမလား။ မြို့ပေါ်မှာရော နယ်မှာပါ နေဖူးတဲ့ သူမို့ သဘာဝနဲ့ ပိုထိတွေ့ခွင့်ရပါတယ်။ တလင်းကျယ်ကျယ်မှာ ပြေးလွှားကစားခွင့် ရတယ်။ ခြံထဲက အသီးအရွက်တွေကို ကိုယ်တိုင်ခူးပြီး ဟင်းချက်ဖူးတယ်။ ခြံထဲက ပန်းတွေကို ကိုယ်တိုင်ခူးပြီး ဘုရားကပ်ဖူးတယ်။ အဲဒီလိုပဲ ကလေးလေး ဘဝမှာ ခြံထဲကအပင်တွေကို ခူးပြီး ဟင်းချက်တန်းကစားဖူးသလို .. ကိုင်းချုပ်နီ လို့ ခေါ်တဲ့ ကပ်စေးကပ်စေး ပန်းပွင့်လေးတွေနဲ့ လက်စွပ် လက်ကောက်လုပ်ကစားဖူးသလို၊ ငှက်ပြောရွက်တွေနဲ့ နာရီလုပ်ဖူးတယ်။ ကြာရွက် ထီးမိုးဖူးသလို ကြာပုတီးလည်း လုပ်ဖူးတယ်။

ဝါးဘောင်ဘောင်လည်း ကစားဖူးတယ်။ ခရေပန်းတွေ ကောက်ပြီး သီဖူးတယ်။ သခွပ်ပွင့်၊ လက်ပံပွင့်တွေ လေမှာ ဝဲကျလာတာကို မြေပေါ်မရောက်ခင်လိုက်ဖမ်းဖူးတယ်။ သစ်ပင်တက်လွန်းလို့ အရိုက်ခံရဖူးတယ်။ လေးခွနဲ့ ငှက်ပစ်ပြီး ငှက်ကလေး မြေပေါ်ဖုတ်ကနဲ့ ကျလာတာကြည့်ပြီး အတောမသတ်အောင် ငိုဖူးတယ်။ မိုးရွာထဲ ခိုးဆင်းပြီး ခြံထောင့်က ချောင်းလို့ခေါ်မရတဲ့ မြောင်းသာသာ ရေချောင်းကလေးမှာလဲ ဖားပေါက်စ ငါးပေါက်စတွေ လိုက်ဖမ်းလို့ အရိုက်ခံဖူးတယ်။ မိုးတိတ်စမှာလည်း စက္တူ လှေလွှတ်ဖူးတယ်။

နွေရာသီ ကျောင်းပိတ်ရက်မှာ သစ်ပင်ရိပ်အေးအေးအောက်မှာ စာထိုင်ဖတ်ရ၊ အသုတ်ရောင်းတိုင်းကစားရတဲ့ အရသာကိုလည်း ခံစားဖူးတယ်။

အခု ထိုင်းမှာကျောင်းတက်တော့ အတန်းဖော်တွေထဲမှာ ကျမရယ် ၊ ကမ္ဘောဒီးယားက သူငယ်ချင်းရယ်၊ ဂျပန်က သူငယ်ချင်းရယ်က ရွယ်တူတွေမို့ ပိုခင်ကြတယ်။ တယောက်အိမ် တစ်ယောက် တလည့်စီ ထမင်းစားကြတယ်။ ကျမတို့ ကျောင်းထဲမှာ စားလို့ရတဲ့ အပင်တွေ အများကြီးရှိပေမယ့် ဘယ်သူမှ ခူးမစားပါဘူး။ တခါတလေ ကျ အသည်းယားလို့ မန်ကျည်းရွက်တွေ ခူးပြီး ချက်မိတယ်း) ။

သူတို့ကို ဒါ ကျောင်းထဲက အပင်ကလေလို့ ပြောရင် ဂျပန်မက အံ့သြတကြီး .. ဟယ.်.. နင် ချက်စားလို့ရတာ ဘယ်လို သိလဲ ဆိုပြီး ပြန်မေးတယ်..။ ကျမက ငါက ကျွမ်းပြီးသားလို့ ပြန်ကြွားတော့ ကမ္ဘောဒီးယားသူငယ်ချင်းက ဂျပန်မကို နင်တော့ တောထဲမျက်စိလည်ရင် သေမှာ သူကတော့ သေမှာ မဟုတ်ဘူး မိန်းမတာဇံဖြစ်မှာလို့ နောက်တယ်။

ကျမ ငယ်ဘဝကို ပြန်တွေးရင် သဘာဝပတ်ဝန်းကျင်နဲ့ ကင်းကွာတာမရှိလို့ ..အဲဒီပျော်စရာလေးတွေကို ပြန်တွေးမိတိုင်း ရဖူးတာတွေ မရတော့တဲ့အခါ ဆုံးရှုံးမှုကို ခံစားတတ်ပါတယ်။ မဆုံးရှုံးချင်တဲ့ စိတ်က ကျမကို သဘာဝပတ်ဝန်းကျင်ကို ထိန်းသင့်ပြီးဆိုတာ အလိုလို ခံစားရစေပါတယ်။

ကျမတို့ သား၊သမီးလေးတွေ၊ တူတူမလေးတွေကိုလည်း တိုးတက်မှုနောက်ကိုလည်းလိုက်ရင်း သဘာဝနဲ့ ကင်းကွာမသွားအောင် လုပ်ပေးဖို့ ကျမတို့မှာ တာဝန်ရှိတယ်လို့ ခံစားရပါတယ်။

သဘာဝကို ချစ်ပါ ထိန်းသိမ်းပါလို့ ပြောမယ့်အစား ချစ်တတ်လာအောင် သင်ကြားပေးဖို့ ကျမတို့မှာ တာဝန်ရှိတယ်လို့ ခံစားမိပါတယ်။ သူတို့ကို သဘာဝအလှတွေနဲ့ ထိတွေ့ပြီး ရင်းနှီးချစ်ခင်တတ်လာစေဖို့ လမ်းပြပေးဖို့ တာဝန် ကျမတို့မှာ ရှိသလို သူတို့ကို သင်ရမယ့် ကိုယ်တိုင်လည်း တကယ် ချစ်တတ်ရပါမယ်..။

ကမ္ဘာကြီးကတော့ ပူသထက်ပူလာပါပြီ.. ကျမတို့ ချစ်ခြင်းတွေနဲ့ တတ်နိုင်သလောက် အေးအောင် ပြန် ကြိုးစားကြဖို့လည်း အချိန်တန်ပါပြီ..။

ကမ္ဘာမြေကို ချစ်တတ်အောင် သင်ကြားကြပါစို့လို့..

ခင်မင်စွာဖြင့်

အလွမ်းပြေ
( ၃.၄.၂၀၁၀ )

0 comments: