My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Thursday, September 25, 2014

စွန်လွှတ်ကြသူများ


              

 စကားလုံးတွေဟာ ဆက်သွယ်မှုအတွက် သုံးကြပေမယ့် ဆက်သွယ်မှုတိုင်းမှာ စကားလုံးတွေမလိုတာ သေချာပါတယ်။ ခံစားချက်ခြင်း ဆက်သွယ်ထားနိုင်တဲ့ သူတွေကြားမှာ စကားလုံးတွေ မလိုပါဘူး…။
              ညနေစာ ပန်းသီးတစ်လုံး၊ ဒိန်ချည်တစ်ဘူးနဲ့ ရေသန့်တစ်ဘူးကို ဘေးချလို့ ကောင်းကင်ပေါ်မှာ ပျော်နေတဲ့ စွန်ကလေးတွေကို ငေးကြည့်နေမိတယ်။ ဟိုးအရင်က တိတ်တဆိတ် ညနေစာတွေကို မုန်းမိတဲ့ အချိန်တွေကို သတိရမိသေးတယ်။ အခုတော့လည်း အားလုံး နေသားတကျပါလား။
        ကျွန်မ နဘေးမှာတော့ ၁၀ နှစ်ကျော်အရွယ် ကောင်လေးတစ်ယောက် စွန်လွှတ်နေတယ်။ သူ့စွန်လေးကို သူ ကြည့်နေတဲ့ တဖိတ်ဖိတ်လက်တဲ့ မျက်လုံးလေးတွေနဲ့ ကြည့်လို့…။ ကျွန်မ သူ့ကို ကြည့်ရင်း ပြုံးမိတယ်။ သူ့ ခံစားချက်ကို ကျွန်မ ကောင်းကောင်းသိတာပေါ့… ကျွန်မ သူ့နေရာကို ဝင်ခံစားလို့ ရတာကိုး။ သူ့ကို ကျွန်မ စိတ်ထဲမှာ ရင်းနှီးသွားသလို ခံစားမိသလို သူ့အတွက် စိတ်ပူစိတ်ကလည်း ဖြစ်လာတယ်။ ကောင်လေးရေ စွန်ကလေး ကြိုးပြတ်မသွားအောင် ထိန်းထားနိုင်ပါစေကွယ်။
        ကောင်လေးက သူ့ကို ငေးကြည့်သူ တစ်ယောက် ရှိနေတာကို စိတ်က ခံစားမိလို့ ထင်ပါရဲ့ ကျွန်မဘက်ကို တစ်ချက်လှည့်ကြည့်တယ်။ ကျွန်မ ပြုံးပြတော့ သူက ရှက်ကိုးရှက်ကန်းလေး တစ်ချက် ပြုံးပြလို့ သူ့စွန်လေးဆီ မျက်လုံးက ပြန်ရောက်သွားတယ်။ ကျွန်မလည်း သူနဲ့အတူ သူ့စွန်ကလေးဆီ နစ်မြောနေမိတယ်။
        ဟော… လေတွေ တဖြည်းဖြည်း ကြမ်းလာပြီ။ ပြောင်းလာတဲ့ အခြေအနေကို သူရော ကျွန်မပါ ရိပ်မိသလို စွန်ကလေးကတော့ လေပေါ်မှာ သိပ်ပျော်နေလိုပဲ။ စွန်ကလေးကတော့ မြင့်သထက် မြင့်အောင် ပျံချင်နေပုံပဲ။ ငေးကြည့်နေတဲ့ ကျွန်မမှာ… စွန်ကလေးကို ပြန်သိမ်းလိုက်ဖို့ ပြောလိုက်ရမှာ.. သိပ်ပျော်နေတဲ့ စွန်ကလေးကို အားနာသလို ခဏနေ ဖြစ်လာတော့မယ့် အခြေအနေ တစ်ခုကို ရိပ်မိရင်း ရင်ထဲ ခြောက်ခြားလာသလိုလို။ သူ့မျက်နှာကို ခိုးကြည့်လိုက်တော့ ဇဝေဇဝါ အရိပ်တွေနဲ့။
         ဒီအချိန်မှာပဲ သူ့စွန်ကလေး တိမ်တွေ ကြားမှာ ဖြတ်ကနဲ ပျောက်သွားတယ်။ ကျွန်မရင်ထဲ လှပ်ကနဲ။ လှုပ်ရှားနေတဲ့ သူလည်း တန့်ခနဲ ရပ်သွားတယ်။ မိနစ်ပိုင်းလောက် ငြိမ်သွားပြီး ကျွန်မ ဘက်ကို လှည့်ကြည့်တယ်။ အို… သူမျက်ဝန်းမှာ မျက်ရည်တွေ ဝဲနေသလား။ အချိန်မှီ ပြန်ဆွဲဖို့ မကြိုးစားတဲ့ သူ့ကို ကျွန်မ အပြစ်မတင်ရက်ပါဘူး။ သူ ဘာလို့ ထိန်းချုပ်ဖို့ မကြိုးစားလည်း ကျွန်မသိသလို…. အခုသူ ဘယ်လို ခံစားနေရလဲ ကျွန်မ သိတာပေါ့။ သူ့ကို ကျွန်မ ပြုံးပြဖို့ ကျိုးစားမိတယ်။ ဒါပေမယ့် ကျွန်မ ပီပီပြင်ပြင် ပြုံးမိရဲ့လား ကျွန်မကိုယ် ကျွန်မတောင် မသေချာဘူး….။ သူက အံကို ခပ်တင်းတင်း ကြိတ်ရင်း စားသောက်ဆိုင်ဘက်ကို ပြေးသွားတယ်။  
   သူနဲ့ ကျွန်မ စကားတစ်လုံးမှ မပြောဖြစ်ပေမယ့် စွန်လွှတ်သူချင်းမို့ တစ်ယောက် ခံစားချက်ကို တစ်ယောက် စကားလုံးတွေ မလိုဘဲ ရင်ဘတ်ချင်း ဖလှယ် နားလည်ခဲ့ကြတယ်။ ညအိပ်ရာဝင်ချိန် ကျွန်မ စွန်ကလေးကို မျက်စိထဲ မြင်ယောင်မိတော့ သူကလေး အိပ်ပျော်ရဲ့လားလို့ စိတ်ပူမိသေးတယ်။
အပြင်မှာတော့ မိုးတွေသည်းသည်းမဲမဲရွာနေတယ်။ မုတ်သုန်ဝင်ပြီလေ။ ကျွန်မ စိတ်ထဲကနေ ပြောမိတယ်..
   “ကလေးရယ် ဘဝလမ်းတစ်လျှောက်မှာ ဒီ ပြတ်သွားတဲ့ စွန်ကလေးနဲ့ မင်းနဲ့ ကြားက လိုပဲ ကျိုးပြတ်သွားနိုင်တဲ့ သံယောဇဉ်ကြိုးပေါင်းများစွာနဲ့ ရင်ဆိုင်ရဦးမှာကို မင်း မသိသေးလို့ပါ။ ဒီထက် အဆပေါင်းများစွာ နာကျင်ခံစားရမှာအတွက် ဒါဟာ အလေ့အကျင့်ကောင်း တစ်ခုလို ဖြစ်နေမှာမို့ စွန်လွှတ်တဲ့ ကစားနည်းကိုစပြီး တည်ထွင်ကြံဆခဲ့တဲ့ သူကို တို့တတွေ ကျေးဇူးတင်ရဦးမှာ..။ မင်း စွန်လွှတ်တမ်းသာ အားတင်းပြီး ဆက်ကစားပါနော်” လို့လေ..
  စွန်လွှတ်သူနဲ့ စွန်ကလေး ကြားမှာ ကြိုးလေးတစ်ချောင်းထဲနဲ့သာ ဆက်သွယ်ထားပြီး တိမ်ပေါ် လေပေါ်မှာ ပျော်နေတဲ့ စွန်ကလေးကို တသားတည်း ဖြစ်လာတဲ့အခါ သူ့ကို မြင့်မြင့်တက်ပြီး လွတ်လွတ်လပ်လပ် ပျော်စေချင်တာပဲမဟုတ်လား ဒါပေမယ့် တစ်ဘက်ကလည်း လက်လွှတ်လိုက်ရတဲ့အခါ ဝမ်းနည်းရပြန်ရော။ ဒါ့အပြင် ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူး ဆိုတဲ့ စိတ်က သိပ်ခံစားရခက်တာမဟုတ်လား… ဒါပေမယ့်  ပြောပြရခက်တဲ့ စွန်လွှတ်ရတဲ့ ခံစားချက်ကို စွန်လွှတ်သူ ချင်းသာသိသလို… စွန်ကလေးနဲ့ စွန်လွတ်သူ ကြားက ခံစားချက်ကလည်း…..။

0 comments: