My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Wednesday, September 17, 2014

နှလုံးသားထဲက နေရာ






နေရာလေးတစ်ခု.. ထိုနေရာလေးကို စတင် ရောက်ရှိချိန်က သွားလာရ ခက်ခဲလွန်းသည်ဟု ညည်းညူမိသော်လည်း ဒီနေရာက သမိုင်းဝင်နေရာ စာရေးဆရာကြီး တစ်ဦး ဒီနေရာမှာ အမြဲစာလာရေးတာဟု ပြောကြသည်။ ထိုနေရာသည် ကျွန်မ ထိုစဉ်က သွားလေ့သွားထ သိပ်မရှိသော နေရာ တစ်ခုဖြစ်သော ရုပ်ရှင်ရုံ နှင့် ကပ်လျက်ရှိပြီး အရှေ့တွင် ကားဂိတ်၊ အနည်းငယ်မျှ လှမ်းမျှော်ကြည့်လျှင် ကုန်းကျော် တံတားတစ်ခု ရှိသည်။ ကားဂိတ်၏ အရှေ့တွင်တော့ ခရစ္စယာန် ဘုရားရှိခိုးကျောင်း တစ်ခုရှိသည်။ ထိုနေရာ၏ ဘေးတွင် လမ်းဘေးဈေးသည်… ကျွန်မ အခင်မင်ခဲ့ဆုံး အခုတော့ ဘယ်ရောက်နေမှန်း မသိသည့် ပလာတာရောင်းပြီး သားတွေကို နိုင်ငံခြား ပို့ဖို့ ကြံစည်နေသည့် ပလာတာသည်ကြီး အပါအဝင် လမ်းဘေးဈေးသည်များ ရှိသည့် မကျည်းမကျယ် လမ်းငယ် ကလေးရှိသည်။ ထိုလမ်းကလေးကို ကျော်လိုက်လျင် ထိုနေရာနှင့် အပြိုင် ခေတ်မှီ ဟိုတယ်ကြီး တစ်လုံး ရှိသည်။ ထိုနေရာသည် နိုင်ငံတစ်ခု၏ အကြီးအမှူးး ( ထိုစဉ်က ကျွန်မတို့ နိုင်ငံတွင်တော့ မရှိခဲ့သေး သော်လည်း ယခုတော့ ရှိနေပြီဖြစ်သည့် ) ဂုဏ်ဒြပ်နာမ တစ်ခုကို အစွဲပြု ခေါ်တွင်သည်။

ကျွန်မ ဘဝ အပြောင်းအလဲ များစွာကို ယူဆောင်လာသော နေရာကလေး တစ်ခုပင်ဖြစ်သည်။ ကျွန်မ အလုပ်လုပ်နေသည့် ရုံးကို ထိုနေရာသို့ ပြောင်းမည် ဆိုတုန်းက ကျွန်မ သိပ်မပျော်ပါ။ အိမ်နှင့် နောက်ထပ် လမ်းတစ်ဆ ပိုဝေးသွားသောကြောင့်ပင်။ ဟိုတယ်အဆောက်အဦတစ်ခု၏ အပေါ်ဟု ဆိုသော်လည်း အနောက်ဘက်ကို ထပ်သွားရသောကြောင့် သရဲကြောက်တတ်လွန်းသော ကျွန်မ အဖို့၊ ညအထိ ရုံးမှာ အလုပ်လုပ်တတ်သော ကျွန်မအဖို့ တစ်မျိုးခက်သည်ဟု အစကတွေးမိသည်။ နောက်တော့.. ထိုနေရာသည် ကျွန်မတို့ ရုံးအပြင် နောက်ထပ် ကျောင်းဆိုသော နာမဝိသေသန တစ်ခု တိုးလာသောအခါ သာယာဖွယ် လူစည်ကားသော အရပ် ဖြစ်လာခဲ့သည်။ ထိုနေရာ စည်ကားလာသည်နှင့် အမျှ အတက်အကျမရှိ တည်ငြိမ်သော ကျွန်မ ဘဝသည်လည်း လှုပ်ရှားလာခဲ့သည်။ အမှန်တော့ ကျွန်မ ဘဝ ထိုအချိန်ကမှ စတာ ဖြစ်ပါလိမ့်မည်။ ကျွန်မ ဦးနှောက်ရော နှလုံးသားကိုပါ လှုပ်နှိုးခဲ့သော နေရာ တစ်နေရာလည်း ဖြစ်သောကြောင့် ဖြစ်ပါသည်။
ဟိုတယ်လှေကားကို ဖြတ်တက်သွားရင်ဖြင့် လှေကားနဲ့ မျက်နှာချင်းဆိုင်မှာ ပန်းချီပြခန်း တစ်ခု ရှိသည်။ အမှန်ပြောရရင် ကိုယ့်ဘာသာ ပထမဆုံး ရင်းနှီးခဲ့သော ပန်းချီးကားများမှာ ထိုပြခန်းမှ ပန်းချီများသာဖြစ်သည်။ သို့သော် ဘာတွေ ဆွဲထားမှန်းမသိ။ ဘာတွေ ဆွဲထားမှန်း မသိလို့လဲ စိတ်ဝင်စားတာ ဖြစ်မည်။ ရယ်စရာ ကောင်းသည်က ကိုယ်ဘာမှန်း မသိသောကြောင့် တစ်စိမ့်စိမ့် သိလာမလား သွားကြည့် နေသည်ကို မြင်သော ကျွန်မ ဆရာက ခင်ဗျား ပန်းချီတွေကို တော်တော် စိတ်ဝင်စားတာပဲကိုးလို့ အနောက်ကနေ လာရပ်ပြီး မှတ်ချက်ချသည်။ ဘာမှန်းမသိလို့ ကြည့်တာပါဆရာ ဆရာသိရင် ရှင်းပြပါလားလို့ပြန်ပြောလိုက်တော့ အေးဗျ ဘာမှန်းမသိတာကို လစ်လျူမထားပဲ စေ့စေ့စပ်စပ် လေ့လာတာ ကောင်းတာပေါ့ဗျာ ဒါပေမယ့် ပန်းချီဆိုတာ ပြောပြလို့ ကောင်းတာမဟုတ် ခံစားသူ့ မျက်စိအတိုင်းပဲ ကောင်းတာဟု ဆိုသည်။ နောင်တော့မှ ပန်းချီ သဘောတရားတွေ နဲနဲ တီးမိခေါက်မိလာမှ ကျွန်မ တစိမ့်စိမ့် ကြည့်သော ပန်းချီကားသည် အမျိုးသားနှင့် အမျိုးသမီး နမ်းရှုပ်နေသော Nude ပန်းချီမှန်းသိလာသည်။ ဒါပေမယ့် အဲဒီ အချိန်ကစလို့ ပန်းချီတွေကို စိတ်ဝင်စားတတ်လာခဲ့သည်။ အနုပညာတစ်ခု ရင်ထဲ ရောက်လာသည်။
အရင်ရုံးမှာ တုန်းက စာကြည့်တိုက်ရှိသည် ဆိုသော်လည်း စာအုပ်စင်မျှသာမို့ စာကြည့်တိုက် ထိုင်ရသည့် အရသာကို လုံးလုံးမသိ၊ မြန်မာနိုင်ငံမှာ စာကြည့်တိုက်ထိုင်သည့် စနစ်က မရှိသလောက် မဟုတ်လား။  ကျောင်းနှင့်အတူ ပေါ်လာသော စာကြည့် တိုက်ကလေးသည် ကျွန်မအတွက် စာပေကို ထိတွေ့ခွင့် ပေးလိုက်သည်။ ဆရာ ဖတ်ခိုင်းသော စာအုပ်များကို နားမလည်သော်လည်း သူပြန်မေးလေ မလားဆိုပြီး စဖတ်ရင်းက လက်က မချနိုင်ဖြစ်တတ်သည်။ “သခင်သန်းထွန်း နောက်ဆုံး နေ့များ” ဆိုသည့် စာအုပ်အထူ အတွဲလိုက်ကို လက်ကမချ မုန်းလည်းမုန်း ဆက်မဖတ်ဘဲလည်း မနေနိုင်နှင့် ညဘက်တွေ ဆက်တိုက်ဖတ်ပြီး မနက် ၃ နာရီလောက် ဖတ်အပြီး ရင်တုန်ပန်းတုန်နှင့် အိပ်မရလို့ ခေါင်းတစ်နေကုန် မူးနောက်နောက်နှင့် ရုံးအတက်လှေခါးတစ်ဝက်မှာ ရပ်ပြီး နားနေရသည့် ကျွန်မကို ဆရာတွေ့သော အခါတုန်းက သူ့ရုံးခန်းထဲ သွားအိပ်နေချည်ဟု ပြောခဲ့တာ အမှတ်ရဖူးသည်။ ဦးနှောက်သည် စာဖတ်ခြင်းကြောင့် အနည်းငယ် ဖွံ့ဖြိုးလာသည်။
ထိုကျောင်းလေး၏ စာသင်ခန်းမှ သင်ခန်းစာများသည် အစက ဘာပြောနေမှန်းကို မသိ၊ မသိလို့ ကျိုးစား နားထောင်ရင်း ထပ်သိချင်လာသည် ဒီလိုနှင့် လူတွေရဲ့ ဘဝတွေ အကြောင်း စိတ်ဝင်စားတတ်သော ကျွန်မ စိတ်ဝင်စားမှုနှင့် ကိုက်ညီသော ဘာသာရပ်ကို ပညာရေးတွင် ရှာဖွေ တွေ့ရှိလာသည်။ ကျွန်မတို့ ဖြတ်သန်းလာခဲ့သော အဖိနှိပ်ခံ ခေတ်၏ ထိုးနှက်မှုကြောင့် ငုံလျိုး ပျောက်ကွယ်ခဲ့ရသော မိမိ သင်ယူချင်တာ ဘာလဲ ဆိုတာကို ရှာဖွေပြီး သင်ယူခွင့်ရနိုင်မှု ဆိုတာကို လမ်းပြပေးခဲ့သည်။ နောက်ပြီး ကိုယ်နေထိုင်ရာ တိုင်းပြည်အတွက် လူမျိုးအတွက် ကိုယ့်မှာ တာဝန်ရှိသလို စွမ်းအားလည်း ရှိတဲ့ အကြောင်း တွေးမြင်မိလာအောင် မျက်စေ့ဖွင့်ပေးနိုင်ခဲ့သည်။ ခေတ်၏ လစ်ဟာလိုအပ်နေသည့် ကွက်လပ်ကို ကျောင်းကလေးက ဖြည့်ပေးခဲ့သည်။ 
ထိုကျောင်းကလေးမှ မောင်နှမနည်းပါးသော ကျွန်မ အတွက် ညီအစ်မ၊မောင်နှမများကိုပါ ပေးသည်။ လူမှုဘဝတွေကို စနစ်တကျလေ့လာသော လူမှုရေး သိပ္ပံဘာသာရပ်။ ထိုဘာသာရပ်သည် ကျွန်မ အမှန်တကယ် စိတ်ဝင်စားသော ဘာသာရပ်ဆိုတာ ကျွန်မ သိလာခဲ့သလို ထိုဘာသာရပ်ကို နိုင်ငံရပ်ခြား ဒေသ ၊ ကျွန်မ ဘဝမှာ ကိုယ့်နိုင်ငံပြီးလျှင် ဒုတိယ အခင်တွယ်ဆုံးမြို့ကလေး ဆီသို့ စာသင်သွားပြီး ပြန်လာတော့ ထိုကျောင်းကလေးဆီ ကျွန်မ ပြန်ရောက်လာခဲ့သည်။ ပြန်လည် ဝေမျှဖို့ ထိုကျောင်းကလေးသို့ တပည့်မှ ဆရာမပေါက်စ ဘဝဖြင့် ပြန်ရောက်လာရချိန်တွင် ခံစားချက် အသစ်တို့ကို ပေးသည်။ 
ပထမဆုံး စာသင်ရသည့် နေ့တွင် အိပ်ရေးပျက်ခံ စာဖတ်ထားသော ကျွန်မကို ကျွဲရိုင်းတစ်ပူးနှင့် စောင့်နေပြီး အေးစက်နေသော ကျွန်မ လက်ဖျားများကို ဆုတ်ကိုင်ပြီး အားပေးခဲ့သော အချစ်ဆုံး သူငယ်ချင်းသည် သွေးမတော်သားမစပ်သော ကျွန်မ၏ ထာဝရ သွေးသောက်မောင်နှမ ဖြစ်လာသည်။ ထပ်မံပြီး မြန်မာပြည်အနှံ့ချေဆန့်ခွင့်ရဖို့ အခွင့်အရေးပါ ကျောင်းမှ ပေးလာသည်။ ဘဝတွင် အနှစ်သက်ဆုံး အလုပ်များသည် စာဖတ်ခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ ခရီးသွားခြင်း၊ ကိုယ်သိသမျှ မျှဝေရင်း ပြန်လည်သင်ယူခြင်းများ၊ ချစ်ခြင်းမေတ္တာနှင့် ခင်မင်မှုကို မျှဝေခံစားရခြင်းများ ဖြစ်သည် ဆိုသည်များကို ခံစားသိရှိရသည်။ ခရီးဘယ်လောက်ပဲ ဝေးဝေး ကျောင်းကလေးဆီကို ပြန်လာရသည့် ခံစားချက်နှင့် ကျောင်းပျော်များနှင့် အတူ ပျော်ရွှင်ရသော ခံစားချက်၊ ကျောင်းဆင်းပွဲတိုင်း မိသားစုဝင်တွေ တိုးလာသော ခံစားချက်များသည် ရင်နှင့်အမျှ။ ဒီလိုနှင့် ကျောင်းလေးနှင့် ကျွန်မ တစ်ဦးကို တစ်ဦး ဖန်ဆင်းခဲ့ကြသည်။
 ကျောင်းလေး၏ အရှင်သခင် ကျွန်မ ဆရာဆုံးသွားသည့် နောက်ပိုင်းတွင် ကျောင်းလေးသည် အေးစက်စက် ဖြစ်လာသည်။ ကျောင်းလေး၏ ဝိဥာဉ် အခြား ခန္ဒာတစ်ခုသို့ ပြောင်းချိန်တွင် ရေကြည်ရာ မြက်နုရာ ကျွန်မတို့ ဘဝများသည်လည်း ကျောင်းလေးနှင့် ဝေးလိုက်နီးလိုက်။
နေရာတစ်နေရာသည် ကျောင်းတစ်ကျောင်း ဖြစ်လာသောအခါ အဖိုးတန်လှသည်။ လူတွေရဲ့ ဘဝများစွာကို လှပအသက်ဝင်လာအောင် ဖန်တီးပေးနိုင်သည်။ ကမ္ဘာပေါ်မှာ အလှပဆုံး နေရာများသည် စာသင်ကျောင်းများ ဖြစ်သော်လည်း ကျောင်းတိုင်းကတော့ မလှပပါ။ အလှပဆုံး ကျောင်းတစ်ခုကို ဖန်ဆင်းနိုင်ဖို့ဟာ ကျွန်မဘဝရဲ့ နောက်ဆုံး အိပ်မက်ပဲ ဆိုတာ ကျွန်မ သိလာခဲ့ပါသည်။ ကျောင်းကလေး တစ်ကျောင်းကြောင့် ကျွန်မ နှလုံးသားထဲမှာ ကျောင်းကလေးတစ်ကျောင်း ထပ်မံမွေးဖွားလာခဲ့သည်။ ကျွန်မ ဆရာဖန်တီးခဲ့သော ကျောင်းနှင့် ကျွန်မ နှလုံးသားထဲက ကျောင်းသည် ပုံစံချင်း ကွဲပြားမည် ဖြစ်သော်လည်း တစ်နေ့တော့ ကျွန်မ အိမ်မက် အသက်ဝင်လာပါဦးမည်။ ကျွန်မ နှလုံးသားထဲသို့ ရောက်ရှိလာသော ကျောင်းကလေးနှင့် ကျွန်မ နှလုံးသားမှ မွေးဖွားလာသော ကျောင်းကလေး နှစ်စလုံး နှလုံးသားနှင့် ဦးနှောက်များကို အချိုးညီညီ အသက်ဝင်စေမှုကို ဖန်တီးပေးနိုင်သည့် လှပသည့် ကျောင်းများ ဖြစ်မည် ဆိုတာကိုတော့ ကျွန်မ အာမခံနိုင်ပါသည်။

0 comments: